” အမှောင်အစေခံ ” ဆိုသည့် စကားလုံးကြောင့် အနက်ရောင်ဝတ်ရုံကြီး၏ မျက်ဝန်းများထဲရှိ သက်ဖြတ်လိုစိတ်များမှာ ချက်ချင်းဆိုသလို ပို၍ပင် အားကောင်းလာ၏။ အကယ်၍ သူသာ ဝမ်ပေါင်လဲ့၏ အဆင့်အတန်းနှင့် အမှောင်မီးတောက်၏ အဟန့်အတားကို ကြောက်ရွံ့နေခြင်း မရှိပါက ယခုချက်ချင်းပင် တိုက်ခိုက်လိုက်မည်သာဖြစ်ပြီး ဝမ်ပေါင်လဲ့အား ချုပ်တည်းကာ အမှောင်အစေခံအဖြစ် ပြောင်းလဲပစ်လိုက်မည်သာ ဖြစ်သည်။
အမှန်တွင် သူသည် ဝမ်ပေါင်လဲ့၏ အဆင့်အတန်းကို စသိခဲ့သည့် အချိန်တုန်းကပင်လျှင် သူ့အား သတ်ဖြတ်နိုင်ရန် ကြံရွယ်ခဲ့သည် ဖြစ်သည်။ သူသည် ရုပ်သေးရုပ်ကြီး၏ ကျရှုံးမှုကြောင့် နောင်တကြီးစွာရကာ မကျေမချမ်းဖြစ်နေခဲ့ရပြီး ဒုတိယအကြိမ် တိုက်ခိုက်နိုင်မည့် နည်းလမ်းကိုပင် စဉ်းစားတွေးတောနေခဲ့သည် ဖြစ်သည်။
သို့သော် သူ အစီအစဉ်တစ်ခု မရေးဆွဲနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့ကိုယ်တိုင် သူ၏ရှေ့သို့ ရောက်လာခဲ့ပြီ မဟုတ်ပါလော။
” ခဗျားက သူ့ကို ဒီကိုခေါ်လိုက်တာလား ” အနက်ရောင်ဝတ်ရုံကြီးမှာ မျက်လုံးများမှေးသွားပြီး သူ၏အောက်တွင်ရှိနေသော ချိုင့်ခွက်ကြီးအား ဒေါသထွက်နေသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်၏။ သို့သော် သူသည် ထိုစကားလုံးများကို ထုတ်မပြောဘဲ သူ၏စိတ်ထဲမှတစ်ဆင့် လှမ်းပြောလိုက်ခြင်းသာ ဖြစ်သည်။
ချိုင့်ခွက်ကြီးကမူ သူ၏စကားကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အနက်ရောင်မီးခိုးများနှင့် ဝမ်ပေါင်လဲ့အား ဆင့်ခေါ်သည့် အသံကြီးတစ်သံကို ထုတ်လွှတ်ပေးလိုက်၏။ ထိုဆင့်ခေါ်သံကြီးမှာ ယခင်အကြိမ်များတုန်းကထက် အများကြီးပို၍ အားကောင်းနေပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွား၏။
” အမှောင်ကလေးငယ်… လာ… လာ…. လာ… ”
” သူ့ကို သတ်ပစ်ကြစမ်း ” အနက်ရောင်ဝတ်ရုံကြီးမှာမူ အသက်ရှူသံများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် သူ၏ ပုံရိပ်ယောင် ညာဘက်လက်ကြီးအားမြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ ထိုဆင့်ခေါ်သံကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် အသံအောအောကြီးဖြင့် ညည်းညူကာ အမိန့်ပေးလိုက်၏။ ထိုအမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသော သားရဲကြီးများမှာ ချက်ချင်းဆိုသလိုပင် ယမ်းပုံမီးကျ ပေါက်ကွဲသွားကြပြီး အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် နောက်ဘက်သို့ လှည့်ကာ ရှောင်တိမ်းလိုက်သောအခါ အသံကုန်အော်ဟစ်နေကြသည့် သားရဲကြီးခုနစ်ကောင်မှာ အချင်းချင်း ဝင်တိုက်မိသွားကြ၏။ သို့သော် သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းနေသည့်တိုင်အောင် သစ်ရွက်လေးကြောင့် ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်လွန်းနေဆဲပင်။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို လှုပ်ရှားလိုက်ရသောအခါ သူ၏အတွင်းကလီစာများထဲ၌ နာကျင်သွားရပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာရတော့သည်။ သို့သော် သူသည် အလွန်အင်မတန် လျင်မြန်နေဆဲဖြစ်ပြီး မန္တန်လက်ကွက်များဖော်လိုက်သဖြင့် ကောင်းကင်မိုးကြိုးသွားများ ပေါ်ပေါက်လာပြီး ထိုသားရဲကြီးခုနစ်ကောင်ဆီသို့ ဦးတည်သွားတော့သည်။
သို့သော် သားရဲကြီးများ၏ အရေအတွက်မှာ များပြားလွန်းနေပြီး ၎င်းတို့အများစုမှာ အခြေတည်အဆင့်တွင် ရှိနေရုံသာမက အချို့မှာဆိုလျှင် အမြုတေအဆင့်အထိ ရောက်နေကြပြီ ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းမှနေ၍ အားကောင်းသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်၏။ ၎င်းမှာ အိပ်ပျော်နေခဲ့ရာမှ ပြန်လည် နိုးထလာသည့်ပုံပင်။
” မမလေးရာ။ ဘာလို့ အခုထိ အိပ်နေရသေးတာလဲဗျ ” ဝမ်ပေါင်လဲ့မှာ အခြားဂြိုဟ်မှ ကျင့်ကြံသူသုံးယောက်၏ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရခြင်းမှာ သူသည် ကံဆိုးနေသောကြောင့် ဖြစ်မည်ဟု မှတ်ယူထားခဲ့၏။ သို့သော် ယခု သူ ဤနေရာသို့ ထွက်ပြေးလွတ်မြောက်လာသည့် အချိန်တွင်လည်း သေရေးရှင်ရေး အနေအထားကြီးတစ်ခုနှင့် ထပ်၍ကြုံလိုက်ရဆဲပင်။
ကံကောင်းစွာဖြင့် သူသည် အနက်ရောင်ဝတ်ရုံကြီးမှာ သူ့အား တိုက်ခိုက်ရဲခြင်းမရှိကြောင်း သိထား၏။ သို့သော်ငြားလည်း ဤနေရာတွင် ရှိနေသည့် သားရဲကြီးများမှာ ဝမ်ပေါင်လဲ့အား အလွယ်တကူပင် ဝါးမျိုပစ်နိုင်စွမ်း ရှိနေကြသည် ဖြစ်သည်။ ပို၍ဆိုးသည့်အချက်မှာ သူသည် ဒဏ်ရာများလည်း ရထားသည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးထိတ်လာရတော့သည်။ ထို့အပြင် သူသည် မည်သည့်နေရာသို့ ဆက်သွားရမည်မှန်း မသိဘဲ ဖြစ်နေရ၏။ အကယ်၍ သူသည် ဤနေရာမှ လွတ်မြောက်သွားခဲ့လျှင်တောင် ဤမြေအောက်ကမ္ဘာကြီး၏ တတိယထပ်မှ ထွက်ခွာနိုင်ရန်မှာ ခဲယဉ်းနေဦးမည်သာ ဖြစ်သည်။ ထို့အပြင် သူ တတိယထပ်မှ အောင်မြင်စွာထွက်ခွာသွားပြီး ဒုတိယထပ်သို့ ပြန်ရောက်သွားလျှင်လည်း အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ ထိုအထပ်တွင် ရှိနေကြဦးမည်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်နေရ၏။ သူသည် လက်ရှိအခြေအနေကြီးထဲမှ မည်သည့်နည်းနှင့်မှ အကောင်းပတိအတိုင်း ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ…
” မဟုတ်သေးပါဘူး။ မြေကြီးအောက်မှာ ထွက်ပေါက်တစ်ခု ရှိနေတာပဲကို ” ဝမ်ပေါင်လဲ့မှာ အသက်အောင့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် အစွမ်းကုန် ကြိုးစားရန် လိုအပ်ကြောင်းကို သိထား၏။ အကယ်၍ ထိုသို့သာ မကြိုးစားပါက ဤနေရာကြီးမှာ သူ၏သင်္ချိုင်း ဖြစ်သွားမည်သာ ဖြစ်သည်။ လက်ရှိတွင် သူသည် ပေတစ်ထောင်အကွာတွင် ရှိနေသည့် ချိုင့်ခွက်ကြီးဆီသို့ ဦးတည်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ…
သူသည် သူ၏ ဝမ်းတွင်းအသိစိတ်များကို ယုံကြည်လိုက်၏။ ၎င်းတို့မှာ ထိုချိုင့်ခွက်ကြီးထဲမှ ဆင့်ခေါ်သံကြီးမှာ သူ့အား ရန်ပြုလိုခြင်းမရှိဟု အသိပေးနေ၏။ ထိုဆင့်ခေါ်သံကြီးမှာ သူ့အား ဤအနေရာအထိ ရောက်လာအောင် ဦးဆောင်လမ်းပြပေးခဲ့သည်ဖြစ် မဟုတ်ပါလော။ ယခုတွင် အခြားမည်သည့်ထွက်ပေါက်မှ မရှိတော့သောကြောင့် သူရွေးချယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လမ်းဆုံးအထိ ဆက်လျှောက်ရန်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းကာ အသံကုန် အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ အော်လံ ဓမ္မလက်နက်အား ထုတ်ယူကာ အရပ်မျက်နှာအနှံ့သို့ ချိန်ရွယ်၍ အော်ဟစ်လိုက်သည်။ ဓမ္မလက်နက်တစ်ခု၏ အားအင်ဖြည့်တင်းခြင်းကို ခံထားရသော ထိုအော်ဟစ်သံကြီးကြောင့် လေမုန်တိုင်းတစ်ခု စတင်တိုင်ခတ်လာတော့သည်။ အသံလှိုင်းများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်ကွဲထွက်ပေါ်လာကြသဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြသည့် သားရဲကြီးများမှာ ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းပြတ်သွားကြပြီး သွေးစများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်သုံးလိုက်သဖြင့် သူ၏ဒဏ်ရာများမှာ ပို၍ပင် ပြင်းထန်လာရပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာရပြန်သည်။ သူသည် အခြားကိစ္စများအပေါ် အာရုံစိုက်နေရန် မရှိသဖြင့် ချက်ချင်းဆိုသလိုပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး လက်နှစ်ဖက်စလုံးကို မြှောက်လိုက်၏။ ထိုအခါ ခြင်များ ထွက်ပေါ်လာကြပြီး ဘေးပတ်ပတ်လည်ရှိ သားရဲကြီးများဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အသုံးချ၍ သူ၏အမြန်နှုန်းအား ထပ်၍ မြှင့်တင်လိုက်ပြန်သည်။ ထို့နောက် သူသည် ဒေါသတကြီး အော်ဟစ်ကာ သူ၏ရှေ့တွင်ရှိနေသောချိုင့်ခွက်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ အနက်ရောင်ဝတ်ရုံကြီးမှာ ဝမ်ပေါင်လဲ့၏ ပန်းတိုင်သည် အမှန်တကယ်ပင် ချိုင့်ခွက်ကြီးဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူ့အား ပိတ်ပင်တားဆီးရန် ပြင်လိုက်ပါသော်လည်း သူ၏အနားသို့ မသွားရဲဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် မန္တန်လက်ကွက်အချို့ဖော်လိုက်သဖြင့် ဘေးပတ်ပတ်လည်ရှိ သားရဲကြီးများမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာကြတော့သည်။ ၎င်းတို့မှာ ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး မည်သည့်အန္တရာယ်ကိုမှ မုမနေတော့ဘဲ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။
ထို့နောက် ပေါက်ကွဲသံများ အဆက်မအပြတ် ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ထိုအချိန်တိုလေးအတွင်းတွင် အမှောင်ပညာရပ်အား ငါးကြိမ်တိတိ အသုံးပြုခဲ့၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အားအင်နုံးချည့်လာပြီး အမြင်အာရုံများမှာလည်း ဝေဝါးလာရတော့သည်။ သို့သော် သူသည် အမှောင်မီးတောက်ကို ထုတ်မသုံးရသေးပေ။
သူသည် အမှောင်မီးတောက်အား အကန့်အသတ်မရှိ အသုံးပြုနိုင်လိမ့်မည် မဟုတ်ကြောင်း ခံစားမိနေ၏။ ၎င်းအား အသုံးပြုလိုက်မည်ဆိုပါက ထူးကဲသော အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသော်လည်း ဤသားရဲကြီးများကြောင့် အမှောင်မီးတောက်အကုန်လုံးကို အသုံးပြုမိလိုက်မည် ဆိုပါက အနက်ရောင်ဝတ်ရုံကြီးမှာ အကြိုက်တွေ့သွားမည် မဟုတ်ပါလော။
လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်နေ၏။ အနက်ရောင်ဝတ်ရုံကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် သားရဲကြီးများအား သတ်ဖြတ်ရန် အမှောင်မီးတောက် ထုတ်သုံးသည့်အချိန်ကို အမှန်တကယ်ပင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ထိုအမှောင်မီးတောက်များ ဆက်တိုက်အသုံးပြုခံလိုက်ရပြီးနောက် ကုန်ဆုံးသွားသော အခါမှသာ သူသည် တိုက်ခိုက်ရဲမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ၎င်းအား လုံးဝအသုံးပြုခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ သူသည် အံ့ဩတုန်လှုပ်သွားရတော့သည်။ ထို့အပြင် သူသည် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေရ၏။ သူသည် ဝမ်ပေါင်လဲ့၏ အနားသို့ မကပ်ရဲပါသော်လည်း သူ၏ အမိန့်များကြောင့် သားရဲကြီးများ၏ အော်ဟစ်သံများနှင့် အငွေ့အသက်များမှာ ထပ်၍ ထွက်ပေါ်လာကြပြီး သူ့ဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရပြီးနောက် ပျောက်ကွယ်သွားခဲ့သည့် ကောင်ကလေးမှာလည်း ခပ်လှမ်းလှမ်းတစ်နေရာတွင် ပြန်ပေါ်လာ၏။ သူသည် အရင်ဆုံးအနေနှင့် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ သူသည် သတိဝီရီယ အပြည့်ရှိသော အမူအရာဖြင့် သူ အလွန်အင်မတန်မှ ကြောက်ရွံ့ရသည့် အရာတစ်ခုကို ရှာဖွေနေသည့်ပုံပင်။
သို့သော် ထိုကောင်ကလေးမှာ ၎င်း၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ရှိမနေကြောင်း အာရုံခံမိလိုက်သောအခါ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သူသည် အကြောက်လွန်နေရခြင်း ဖြစ်မည်ဟုသာ မှတ်ယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” ဟိုမိစ္ဆာကောင်ကြီးက ငါ ဒီကောင့်ကို ဝါးမျိုဖို့ ကြံလိုက်တဲ့အချိန်တိုင်း ပေါ်ပေါ်လာပြီးတော့ ငါ့ကို တားဆီးခဲ့တာ။ ကြည့်ရတာ သူက အဲဒီမိစ္ဆာကောင်ကြီးအတွက် အရေးပါတဲ့ပုံပဲ… အဲ့လိုဆိုမှတော့ ဒီနေ့ ငါက အတိုးပြန်ယူတဲ့ အနေနဲ့ ဒီကောင့်ကို အရင်ဆုံး စားလိုက်တာပေါ့ ”
ထိုကောင်ကလေး၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီးနောက် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာတော့သည်။ သူသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် လက်တုံ့ပြန်လိုသော အငွေ့အသက်များ ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာ အပြုံးကြီးဖြင့် ဝမ်ပေါင်လဲ့၏ အနီးသို့ ချက်ချင်းပင် ရောက်ရှိလာတော့သည်။
အနက်ရောင်ဝတ်ရုံကြီးမှာ သူ၏ ပေါ်ပေါက်လာမှုအား ချက်ချင်းပင် သတိထားမိလိုက်၏။
” ဒီအရူးကတော့ကွာ ” အနက်ရောင်ဝတ်ရုံကြီးမှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်ပါသော်လည်း သူ့အား တားဆီးရန် ကြိုးစားနေခြင်းမရှိပေ။ သူသည် အဆောင်ဝိညာဉ်သုံးခုထဲ၌ သူသာလျှင် ဉာဏ်အပြေးဆုံးဖြစ်သည်ဟု မှတ်ယူထား၏။ အခြားနှစ်ယောက်ထဲမှ တစ်ယောက်မှာ အမြဲတစေ အိပ်မောကျနေတတ်သည်ဖြစ်ပြီး ကျန်တစ်ယောက်မှာမူ အရူးတစ်ယောက်ဖြစ်နေ၏။ ထိုအရူးမှာ သူနှင့် ဝမ်ပေါင်လဲ့တို့၏ ပြောစကားများကို ကြားလိုက်ရသောကြောင့် ယခုလိုလှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ရပေမည်။
” ကိစ္စမရှိပါဘူး။ သူ့ကြောင့် ဝမ်ပေါင်လဲ့ရဲ့ အမှောင်မီးတောက် ကုန်သွားမှာပဲ ”
အနက်ရောင်ဝတ်ရုံကြီး မျက်လုံးများအရောင်လက်သွားချိန်တွင် သူ အရူးဟု ခေါ်ခဲ့သည့် ကောင်ကလေးမှာ သားရဲအုပ်ကြီးကို အလျင်အမြန် ဖြတ်ကျော်လာပြီးနောက် ဝမ်ပေါင်လဲ့၏ နောက်တွင် ပေါ်ပေါက်လာ၏။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ထိုးဖောက်ကာ သူ၏ အသက်မီးတောက်အား ငြှိမ်းသတ်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် သူ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံကြီး ချုပ်တည်းထားခဲ့သည့် ချိုင့်ခွက်ကြီးထဲမှ အော်ဟစ်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ထိုအော်ဟစ်သံကြီးနှင့်အတူ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် ပြင်းအားတစ်မျိုးမှာလည်း ပေါက်ကွဲပေါ်ထွက်လာ၏။
ထို့ကြောင့် အနက်ရောင်ဝတ်ရုံကြီး၏ အချုပ်အနှောင်မှာ ပျက်စီးသွားရပြီး အနက်ရောင်ဝတ်ရုံကြီး၏ ပုံရိပ်မှာလည်း မတည်မငြိမ်နှင့် မှုန်ဝါးဝါးဖြစ်သွားရပြီး နောက်သို့ ဆုတ်ခွာသွားရတော့သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံကြီးဆီမှ ပင့်သက်ရှိုက်သံများနှင့် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
” ဘော်ဒါဟောင်းကြီး။ ခဗျားက ခေတ်တစ်ခေတ်လုံး အမှောင်အစေခံတစ်ယောက်အဖြစ် ရှိနေခဲ့ရတာလေ။ နှစ်တွေအများကြီးကြာပြီးမှ အမှောင်ဂိုဏ်း ပျက်သုဉ်းသွားလို့ ကျုပ်တို့တွေ လွတ်လပ်ရေးပြန်ရလာတာကို ခဗျားက ကျွန်ခံချင်နေတုန်းလား။ ခဗျားရဲ့ သက်စောင့်စွမ်းအင်တွေ ကုန်ခန်းနေရတာကိုတောင် ခဗျားက အရေးမလုပ်တော့ဘူးပဲ။ ရူးနေပြီလားဗျ ”
” အဲ့တာဆိုလည်း ခဗျားတစ်ယောက်တည်း သွားလုပ်ဗျာ။ ကျုပ်ကို လာမဆွဲထည့်နဲ့ ” အနက်ရောင်ဝတ်ရုံကြီးမှာ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ၎င်းအား နောက်ထပ်တစ်ကြိမ် ထပ်၍ ချုပ်တည်းနိုင်ရန် ကြိုးပမ်းလိုက်၏။ သို့သော် ယခုအကြိမ်တွင်မူ ၎င်းတို့နှစ်ယောက်စလုံးမှာ အားအကုန်ထုတ်သုံးကာ ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အမှောင်မီးတောက်အား ထုတ်သုံးလိုက်တော့သည်။
ထို့နောက် သူသည် သူ၏ရှေ့တွင်ရှိနေသော ချိုင့်ခွက်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
တစ်ချိန်ထဲမှာပင် ကောင်ကလေးမှာလည်း သူ၏အနားသို့ ရောက်ရှိလာ၏…
ထိုကောင်ကလေးမှာ အနီးဆုံးတွင် ရှိနေသဖြင့် အမှောင်မီးတောက်ကြောင့် ပေါ်ပေါက်လာသည့် လေမုန်တိုင်းထဲမှ အမှောင်မီးလျှံကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။
ထိုအခါ ကောင်ကလေးမှာ မျက်လုံးများပြူးသွားရပါသော်လည်း ၎င်းအား ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ ထို့ကြောင့် အမှောင်မီးတောက်ကြီးမှာ သူ့အား ချက်ချင်းပင် ဖုံးလွှမ်းသွားပြီး သူသည် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ တိုက်စားခံနေရပြီဖြစ်သောကြောင့် သူသည် အသံကုန်အော်ဟစ်ကာ နောက်သို့ဆုတ်ခွာသွားရ၏။ ထို့အပြင် သူသည် အသက်ရှင်နိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်တစ်ဝက်တိတိကို ဖြတ်တောက်လိုက်ရပြီး အမှောင်မီးတောက်များ ဖုံးလွှမ်းနေသည့် နေရာထဲမှ ထွက်ပြေးလာရ၏။
ထိုကောင်ကလေးမှာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် အော်ဟစ်ငိုကြွေးနေမိတော့သည်။ သူသည် တစ်ကိုယ်လုံး တုန်ရီနေပြီး ဝမ်ပေါင်လဲ့အား ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ ယခုတွင် သူသည် မြည်းလေးကိုပင် ကျေးဇူးတင်မိနေပြီဖြစ်သည်…
သူသည် မြည်းလေးအပေါ် အပြစ်လုပ်ခဲ့မိကြောင်း ခံစားလိုက်ရ၏။ ၎င်းမှာ သူ့အား ရန်လိုစိတ်ဖြင့် ကိုက်ခဲ့ခြင်း မဟုတ်ဘဲ ကိုယ့်သေတွင်း ကိုယ်တူးမိသည့်အဖြစ်မှ ရှောင်ရှားနိုင်ရန် စေတနာဖြင့် တားဆီးခဲ့ခြင်းဖြစ်သည်…
ထိုကောင်ကလေး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ အမှောင်မီးတောက်တစ်ခုလုံးကို အပြည့်အဝ ထုတ်လွှတ်ပြီးသွားပြီဖြစ်သည်။ သူသည် ထိုအမှောင်မီးတောက်၏ ပျံ့နှံ့မှုနှုန်းကို အသုံးချကာ သူ၏ အမြန်နှုန်းအား မြှင့်တင်လိုက်၏။ ထို့နောက် သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ အသွင်ပြောင်းလဲသွားပြီး ချိုင့်ခွက်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ သူ ဖြတ်ပြေးသွားသည့်နေရာတိုင်းရှိ သားရဲကြီးများအားလုံးမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး အမှောင်မီးတောက်ကြောင့် တစ်ကိုယ်လုံးလောင်ကျွမ်းကာ ပြာပုံဘဝသို့ ရောက်သွားရတော့သည်။
👋👋👋👋👋👋