အပိုင်း (၁၃) – ကျောင်းသို့ ပြန်သွားခြင်း

နောက်နေ့မနက်စောစောတွင် ရှီမာယူယူ ကျောင်းသို့သွားမည့် သားရဲရထားလုံး ပေါ်သို့တက်လိုက်သည်။ ထိုရထားလုံးသည် သူမ အရင်ဘဝမှ ရထားလုံးများနှင့်ဆင်တူသည်။ တစ်ခုကွာခြားသည်မှာ အရင်ကတော့ မြင်းများဆွဲသော ရထားလုံးဖြစ်၍ အခုရထားလုံးမှာတော့ ဝိညာဉ်သားရဲဆွဲခြင်း မှ လွဲလို့ပေါ့။

ရှီမာယူယူအတွက် ငါးဆင့်မြောက် အဆင့်နိမ့် သားရဲများဖြစ်သော မုန်တိုင်းဝံပုလွေများဆွဲသော ခန့်ညားထည်ဝါသော ဝံပုလွေရထားလုံးအား ရှီမာလိုင်ပြင်ဆင်ထားသည်။

အဆင့်နိမ့် ဝိညာဉ်သားရဲများသည် စာချုပ် သားရဲများအဖြစ် ရှာဖွေသူ များသည်။ သို့သော် ထိုအရာများသည် ရှီမာယူယူအတွက် ရထားလုံးဆွဲသော သားရဲများအဖြစ်အသုံးပြုခြင်းခံရသည်။ ထိုဇိမ်ခံပစ္စည်းများသည် လူအများဆီမှ လှောင်ရွဲ့သော အာရုံစိုက်မှုများကို ရရှိခဲ့လေသည်။

“အစ်ကိုငယ်၊ အစ်ကိုလေးဘယ်မှာလဲ” သူမ ထုထည်ကြီးမားသော ရထားလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။ သူမမြင်သည်မှာ ထိုကျယ်ဝန်းပြီး သက်တောင့်သက်သာဖြစ်သော ရထားလုံးတွင် သူမတို့နှစ်ယောက်ထိုင်နေသည်ကိုသာ။

“အော် ဒီနေ့အတွက် မစ်ရှင်ကို လုပ်စရာရှိလို့ သူ့အတန်းဖော်တွေနဲ့တွေ့ဖို့ စောစောထွက်သွားတယ်ဆိုတော့ သူ အာရုဏ်မတက်ခင် သွားလိုက်တာပဲ” သူပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။

“မစ်ရှင်အတွက် သွားတယ် ဟုတ်လား” ရှီမာယူယူ အံ့သြသော လေသံနှင့်အတူ မျက်လုံးခပ်ကျယ်ကျယ် ဖွင့်ကာ သူမအစ်ကိုအား ထပ်ရှင်းပြစေချင်သော သဘောဖြင့် တောင်းပန်သကဲ့သို့ ကြည့်လိုက်သည်။

ရှီမာယူလီ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ကြည့်ကာ စိတ်ရှည်စွာနှင့် ရှင်းပြတော့သည် “ကျောင်းက သီအိုရီတွေ လေ့လာတဲ့နေရာတင်မဟုတ်ဘူး၊ အတွေ့အကြုံအချို့ကို ရစေတဲ့နေရာလည်းဖြစ်တယ်။ ကျောင်းက တစ်ခါတစ်ရံ ကျောင်းသားတွေအတွက် မစ်ရှင်တွေကို ပြီးမြောက်အောင် စေခိုင်းစေတတ်တယ်။ သူတို့မှာ အဆင့်အမျိုးအမျိုးအတွက် မစ်ရှင်မျိုးစုံရှိတယ်၊ ပုံမှန်အားဖြင့်တော့ အဲမစ်ရှင်တွေက မခက်ပါဘူး။ ဒီတစ်ခါတော့ သူက ကွင်းပြင် မစ်ရှင်လုပ်ဖို့သွားတာဆိုတော့ ပြီးမြောက်အောင် အချိန်ယူရလိမ့်မယ်။ သူစောစောပြန်လာမှာ မဟုတ်ဘူးလို့ငါထင်တယ်”

“အဲ ဖြေရှင်းချက်က…” ရှီမာယူယူ ကျေနပ်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ကြည့်ရတာတော့ ကျောင်းတက်ရတဲ့ဘဝက ပျင်းစရာတော့ မကောင်းပါဘူး။

“ငါ မင်းကိုပြောဖို့မေ့နေတာ မနေ့ညက ကျောင်းက ဝင်ခွင့်ရွေးချယ်ပွဲလုပ်တာ နှစ်ရက်ရှိပြီ၊ ပြီးတော့ စ တာနှစ်ရက်ပဲရှိသေးတာဆိုတော့ မင်းစိတ်ဝင်စားရင် သွားကြည့်လေ။ ငါ ငါ့ဆရာနဲ့ အရေးကြီးတဲ့ ချိန်းဆိုချက်ရှိလို့ ငါတစ်မနက်လုံး အလုပ်များနေတာ မင်းကို ကူညီပေးဖို့ ငါ့မှာ အချိန်မရှိမှာ စိုးတယ်။ တကယ်လို့ မင်းသွားချင်တယ်ဆိုရင် နေ့လည်စာစားချိန်အထိ စောင့်နိုင်မလား။ အဲကျ ငါမင်းနဲ့တွေ့ပြီး အတူလိုက်ကြည့်ပေးလို့ရတယ်” ရှီမာယူလီပြောလိုက်သည်။

“အဲလောက်လည်း မစိုးရိမ်ပါနဲ့ အစ်ကို့ကို ဒုက္ခမပေးပါဘူး၊ အစ်ကိုမအားဘူးဆိုရင်လည်း ကျွန်တော့်ကို လာကြိုစရာမလိုပါဘူး။ တကယ်လို့ ကျွန်တော်စိတ်ဝင်စားရင် ကိုယ့်ဘာသာသွားလိုက်ပါမယ်” သူမ ခေါင်းရမ်းပြီး ငြင်းလိုက်သည်။

သူမ အစ်ကိုသည် သူမကို ဂရုစိုက်သည်ကို သူမသိသည်။ သူမ ပျင်းမည် သို့မဟုတ် တစ်စုံတစ်ယောက်က သူမအား ဒုက္ခပေးမည်ကို စိုးရိမ်ကြောင်းလည်းသိသည်။ သို့သော် တစ်ချိန်လုံး သူ့အပေါ်မှီခိုလို့ မရနိုင်ပါ။ ဒီအသက်အရွယ်ဆိုလျှင် သူမ မှီခိုခြင်းကင်းလောက်အောင် အသက်ကြီးပြီလေ။ ဒါ့အပြင် ခန္ဒာကိုယ်ထက် စိတ်ဝိညာဉ်က ပိုရင့်ကျက်သည်လေ။

“ယူလေး တကယ်ရင့်ကျက်လာပြီပဲ” ရှီမာယူလီ နွေးထွေးစွာ သူမကိုကြည့်လိုက်ပြီး သဘောပေါက်သည့် အနေဖြင့် ပြုံးလိုက်သည်။

အေးစက်နေသော ချွေး။

ရှီမာယူလီ၏ မှတ်ချက်သည် သူမအား ဆွံ့အသွားစေသည်။ သူသည် သူမထက် သုံးနှစ်သာကြီး၍ သူစကားပြောပုံသည် သူမထက် အများကြီး အသက်ကြီးသကဲ့သို့ပင်။ သူမသည် ခံစားရသော ကိုးရိုးကားရားနိုင်မှုကို ဖုံးကွယ်ရန် ပြတင်းပေါက်အပြင်ဘက်သို့ အလျင်အမြန်အကြည့် လွှဲလိုက်သည်။ အပြင်မှာတော့ လမ်းပေါ်တွင် ဆူဆူညံညံ လှုပ်ရှားမှုများဖြင့် အလုပ်ရှုပ်နေကြပြီး အစောက ရှီမာယူလီပြောခဲ့သည့်အတိုင်း ကျောင်းအတွက် ရွေးချယ်မှု ပြုလုပ်သည့်အချိန်ဖြစ်သည့် အလျောက် မြို့တော်သည် အထူးသဖြင့် နှစ်စဉ် ဒီအချိန်တွင် သက်ဝင်မှုှရှိလှသည်။

ဝံပုလွေ ရထားလုံးသည် ကျောင်း၏ အပေါက်ရှေ့သို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး ရှီမာယူလီမှ သူမအား သူမ အခန်းသို့လိုက်ပို့ကာ ထွက်မသွားခင် သူမ ဘာပြဿနာမှမရှိပါဟု ကတိထပ်ခါထပ်ခါပေးရတော့သည်။

သူမ အခန်းထဲသို့ဝင်သွားချိန်တွင် တိတ်ဆိတ်မှု ဖုံးလွှမ်းသွားတော့သည်။ ရှီမာယူယူ ပေါ်လာခြင်းသည် အကုန်လုံးအတွက် တုန်လှုပ်စေပြီး၊ စက္ကန့်အနည်းငယ်အကြာတွင် လှောင်ပြောင်သံများ၊ လေချွန်သံများနှင့် လှောင်ပြောင်အော်ဟစ်သံများ ရောထွေးစွာပေါ်ထွက်လာတော့သည်။

“အမှိုက်က ငါတို့အခန်းထဲ ဘာလာလုပ်တာလဲ”

“ဟားဟား လူသစ်တွေကို လာကြည့်တာနေမှာပေါ့။ ငါကြားတာတော့ ဒီနှစ်ရွေးချယ်မှုမှာ လူချောတွေပါတယ်ဆိုပဲ”

အသံနောက်တစ်ခုက ပုံကြီးချဲ့၍ အော်လိုက်သည်။

ဆိုးဝါးသော ရယ်သံများ အခန်းထဲပြည့်သွားပြီး နောက်ထပ်အသံများ ကြားဖြတ်ပေါ်လာသည်။

“ငါကြားတာတော့ သူ မူရုန်အန်းကို အနှောင့်အယှက်ပေးလို့ သူ့နောက်လိုက်တွေက သူ့ကို သတ်မိတော့မလိုဖြစ်သွားတယ်ဆိုပဲ”

“သူ သူ့ကိုယ်သူသတ်သေသင့်တယ်။ အသုံးမဝင်တဲ့အမှိုက်က မိသားစုတစ်ခုလုံးကို အရှက်ရစေတယ်။ အဘိုးက ကိုတောင် နှမြောတယ်”

“……….”

ရှီမာယူယူ သူမအားစော်ကားမှုများကို ငြိမ်သက်စွာနားထောင်သော်လည်း သူမစိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူမကို ထိုစကားလုံးများဖြင့်ကတောက်ကဆဖြစ်စေသော မည်သူ့ကိုမဆို အတိုးနှင့် ပြန်ပေးဆပ်ရမည်။ သူမ ကိုယ့်ဘာသာ လမ်းဖောက်လိုက်ပြီး နောက်ဆုံးအတန်းမှ ခုံအလွတ်တွင် ဝင်ထိုင်လိုက်ပြီး ထို ပညာမဲ့သော အရူးများကို လျစ်လျူရှုလိုက်ပြီး ပြတင်းပေါက်ကို ကြည့်နေလိုက်သည်။

ပြန်တွေးကြည့်ရလျှင် အရင် ရှီမာယူယူအား သူမ လုပ်ရပ်ကို အပြစ်တင်လို့မရပေ။ သူမ မကျင့်ကြံနိုင်သည့်တိုင်အောင် သင်ကြားမှုမှာပါ စိတ်ဝင်စားမှုမရှိတော့သည်မှာ သဘဝကျသလိုပင်။ သူမ မကျင့်ကြံနိုင်၍ သင်ကြားခြင်းတွင် စိတ်ဝင်စားမှုမရှိတော့ပေ။ သူမ ရုပ်ချောသော ယောက်ျားလေးများကို ကြိုက်သည်။ သူမသည် ငယ်ရွယ်သော မိန်းကလေးဖြစ်ခြင်းသည်လည်း နားမလည်နိုင်သော အရာဖြစ်သည်လေ။ သို့သော် သူမ၏ စွဲလမ်းမှုသည်လည်း လွန်ကဲနေသည်။ သို့သော် သူမ၏ ထင်ပေါ်သော နောက်ကြောင်းကိုကြည့်လျှင်၊ အစေခံများ တစ်ကောက်ကောက်လိုက်နေသော  အခြား ချမ်းသာသော လူကြီးလူကောင်းများသည် အားနည်းပြီး ဆင်းရဲသူများကို ဖိနှိပ်သကဲ့သို့ သူမ၏ တည်ရှိမှုကို အလွဲသုံးစားလုပ်ပြီး သူတစ်ပါးအား အနိုင်မကျင့်ပါ။

ရှီမာယူယူ အနားမှ လူများသည် သူ၏တုန့်ပြန်မှုကို မမြင်မချင်း ဆက်လက်ဆွေးနွေးနေကြသည်။ စကားလမ်းကြောင်းမှာ တဖြည်းဖြည်းနှင့် စိစစ်ရွေးချယ်ခံရသော လူသစ်များအကြောင်းကို စတင်ပြောကြလေသည်။

သို့သော် တချို့သော အတင်းပြောသူများသည် သူတို့၏ ပါးစပ်များကို မပိတ်ကြသေးပဲ လုံးဝအမှိုက်ဖြစ်နေသော သူက ဘယ်လိုလုပ်ကျောင်းကို ရောက်လာကြောင်းကို အကြောင်းအရာတစ်ခုအဖြစ် ဇာတ်လမ်းကို ပြန်လည်တူးဖော်နေတော့သည်။ ထိုအကြောင်းအရာများတွင် ရှီမာယူယူသည် ပထမဆုံးအမှိုက် ဖြစ်စေ၍ ဂုဏ်သတင်းကြီးသော ဝင်ပေါက်ကို ဘယ်လို ဝင်နိုင်သလဲဟူသော အကြောင်းအရာများပါဝင်လေသည်။

အဆောက်အဦးတစ်လျှောက်၊ လှပသော ရေကန်တစ်လျှောက်တွင် ရှီမာယူယူ ကျောင်းတွင် ပေါ်လာသော အကြောင်းအရာသည် လူငယ်အစုတို့အတွက် ဆွေးနွေးစရာများဖြစ်နေတော့သည်။

“မူရုန်၊ အဲအမှိုက်က ရှင့်ကို နောက်ကနေလိုက်နေတာ အမှန်ပဲလား” အားလုံး၏ အာရုံစိုက်ခြင်းခံရသော မူရန်အန်းအား လူငယ်တစ်ယောက်ကမေးလိုက်သည်။

မူရုန်အန်းသည် နှစ်လိုဖွယ်ကောင်းသော အသွင်အပြင်ရှိသည်။ ခေတ်စကားနှင့်ပြောရမည်ဆိုလျှင် ထိပ်တန်းအဆင့်တွင်ရှိနေသော ရုပ်ရှင်သရုပ်ဆောင်ကဲ့သို့ပင်။ ထိုလူငယ်ပြောသည်ကို ကြားသည်နှင့် မူရနု်အန်း မျက်ခုံးများပင့်လိုက်သည်။

“ဟုတ်တယ်။ ကျွန်မထင်တာတော့ အဲဒါအမှန်ပဲ ဖြစ်နိုင်တာကတော့ အဲအမှိုက်က သည်းမခံနိုင်တော့လို့ ကျောင်းအထိ ရှင့်နောက်ကိုလိုက်ခဲ့တာဖြစ်မယ်”

မူရုန်အန်းဘေးတွင်ထိုင်နေသော မိန်းကလေးသည် ရှီမာယူယူအရိုက်ခံရစဉ်က မူရုန်အန်းနှင့်အတူ စောင့်ကြည့်ခဲ့သော တစ်ယောက်ပင်ဖြစ်သည်။ ရှီမာယူယူ ကျောင်းပြန်လာကြောင်းသူမကြားသည်နှင့် မေးလိုက်သည် “မူရုန် တကယ်လို့ သူက ရှင့်ကို တွယ်ကပ်နေဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

မူရုန်အန်းသည် ထိုမိန်းကလေး၏ လက်အားဆုပ်ကိုင်လိုက်ပြီးပြောလိုက်သည် “စိတ်မပူနဲ့ ငါသူ့ကို အဲလိုလုပ်ဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး”

ရှီမာယူယူ သူမအခန်းထဲတွင် ခေတ္တ ထိုင်ပြီးနောက်တွင် ဆရာမူ၏ ရုံးခန်းသို့ ဆင့်ခေါ်ခံရတော့သည်။ သူမ ဝင်သွားချိန်တွင် ဆရာမူသည် ငယ်ရွယ် ကြော့ရှင်းသော ပညာရှင်ဆန်သော လူတစ်ယောက်နှင့် လက်ဖက်ရည် သောက်နေသည်။ အဖြူရောင် အပေါ်ဝတ် ဝတ်ဆင်ထားပြီး ထိုသူသည် အခြားသူများအား ခပ်တန်းတန်းနေရန်ခံစားမှုမျိုးပေးပြီး တည်ကြည်သောသူမျိုးဖြစ်သည်။

သူမ ဝင်လာသည်ကိုတွေ့သည်နှင့် ဆရာမူ၏ မျက်လုံးများသည် မနှစ်မြို့မှုများ ပေါ်လွင်နေသော်လည်း သူ၏ မျက်နှာသည် လျင်မြန်စွာဖြင့် အပြုံးများအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ပြောလိုက်သည် “ရှီမာယူယူ ဒီ လူကြီးလူကောင်းကတော့ ပထမနှစ်တွေအတွက် ဆရာအသစ် ဖန်ကျိရှင်းပဲ”

ရှီမာယူယူသည် ဖန်ကျိရှင်းအား လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည် “ဆရာဖန်”

ဖန်ကျိရှင် မနှစ်မြို့မှုများ၊ မကျေနပ်မှုများမရှိသော မျက်မှာဖြင့် ရှီမာယူယူအား လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည် “မင်းက ရှီမာယူယူလား။ ကြိုးကြိုးစားစားသင်ယူပါ ဒါမှမဟုတ်ရင် ဆရာမင်းကို အပြစ်ပေးရလိမ့်မယ်”

ရှီမာယူယူသည် ဖန်ကျိရှင်း၏စကားလုံးများကြောင့် အနည်းငယ် ရှုပ်ထွေးသွားပြီး ဖန်ကျိရှင်းနှင့် ဆရာမူတို့အား နားမလည်နိုင်စွာကြည့်လိုက်သည်။

“အဟွတ် အဟွတ် ဒီလိုပါ။ မင်းက အရင်က ဘယ်တော့မှ အတန်းမတက်လို့လေ မင်းအခန်းထဲက တခြားကျောင်းသားတွေနဲပ အတူနေလို့မရတော့ဘူး ပြီးတော့ ငါကျောင်းအုပ်ဆရာနဲ့ ဒီအကြောင်းကိုပြောပြီးသွားပြီ။ ဒီနေ့က ကျောင်းသားသစ်ရွေးချယ်ပွဲဖြစ်နေတယ် အဲတော့ မင်းကျောင်းသားသစ်တွေနဲပ အတူသွား သင်သင့်တယ်လို့ငါထင်တယ်။ အဲဒါ မင်းအတွက်ပိုကောင်းတယ်။ ဆိုတော့ အခုကစပြီး မင်းက ဆရာဖန်ရဲ့ကျောင်းသားဖြစ်သွားပြီ” ဆရာမူ ရှင်းပြလိုက်သည်။

ရှီမာယူူယူသည် ပျော်ရွှင်နေသော မျက်လုံးများကို ဖုံးကွယ်ရန်ကြိုးစားနေသော ဆရာမူ၏ လေးနက်သော မျက်နှာအားကြည့်လိုက်သည်။

အသုံးမကျသော စံနမူအနေနှင့်ဖြစ်နေသော ကျောင်းသားအား သူ့အတန်းတွင်ရှိနေခြင်းမှာ သူ့အတွက် ရှက်စရာဖြစ်သည့် အချက်ပင်ဖြစ်သည်။ အခုနောက်ဆုံးတော့ သူမကို ဖယ်ရှားလို့ရတော့မည်လေ သူ့စိတ်ထဲတွင် ပျော်လွန်းလို့ သီချင်းတောင်ဆိုချင်နေပြီ။ သူမကဲ့သို့ လုံး၀ သုံးမရသော၊ ဆိုးဝါးသော ကျောင်းသားတစ်ယောက်ရှိနေတာ ဘယ်လောက်တောင်အရှက်ရစေလိုက်လဲ။ ပြီးရင် အဲလိုကျောင်းသားကို လက်ခံတဲ့ ဆရာကို ကျောင်းအုပ်ဆရာကြီး မဲတာ ကောင်းကင်ကပဲသိတယ်။


Comment

Leave a Reply

Options

not work with dark mode
Reset