Switch Mode

အပိုင်း (၁၁) – ပါရမီရှင်

“အရောင်အကုန်လုံးကို မြင်ရတယ် ဟုတ်လား။ အဲဒါ တွေ့ရခဲတဲ့ ပြည့်စုံလွန်းတဲ့ရောင်စဉ်ပဲ” ရှီမာလိုင်  မျက်လုံးတွေသည် တောင့်တာသောအကြည့်ကိုဖော်ပြနေပြီး ပြောလိုက်သည်။ “ဒါပေမယ့် အဲဒါ နှစ် တစ်ရာ တစ်ထောင်မှပေါ်လာတဲ့ အရည်အချင်းရှိတဲ့သူပဲ။ အဲလိုလူပေါ်လာရင် ဘယ်လို မုန်တိုင်းထန်မလဲ သိချင်သွားပြီ။ အိုး ဟုတ်သားပဲ ယူလေး ဘာလို့အဲအကြောင်းတွေမေးနေတာလဲ”

ရှီမာယူ သူ့စကားကိုကြားပြီး သူမသည် ပြည့်စုံလွန်းသော ရောင်စဉ်ဖြစ်သည်ဟု ပြောချင်မိသွားသည်၊  ပြောမိမလိုဖြစ်သွားသည်။ သို့သော် သူမ ကျင့်ကြံနိုင်သည်အထိ စောင့်ဖို့ဆုံးဖြတ်လိုက်ပြီး အဲတော့မှ အံ့သြမှုကို ပြုလုပ်မည်။

“ယူလေး အင်း သမီး လေထဲက ဝိညာဉ်ချီကို ခံစားမိနေတာလား” ရှီမာလိုင် မျှော်လင့်တကြီးနှင့် မျက်နှာကိုမော့ပြီး သူမကိုမေးလိုက်သည်။

“ဟုတ်တယ်” သူ၏ တုန့်ပြန်မှုကိုတွေ့သောအခါ သူမရယ်မိသည်။ ဒီအဘိုးဟာ အရမ်းချစ်ဖို့ကောင်းတာပဲ။

“သမီးတကယ်ပြောနေတာလား။ တကယ် ဝိညာဉ်ချီကို အာရုံခုံစားမိတာလား” သူမေးပြီး သူမအား အလွန်ပျော်ရွှင်စွာဖြင့် တင်းကျပ်စွာဖက်ထားလိုက်လေသည်။

သူမ ခေါင်းညိတ်လိုက်ပြီး အခိုင်အမာပြောလိုက်သည် “သမီးခန္ဒာကိုယ်ထဲက အဆိပ်တွေလုံးဝပျောက်သွားပြီး အားတွေ မပိတ်တော့ဘူး။ သမီး ကျင့်ကြံခြင်းခရီးစဉ်ကို မနေ့ညနဲ့ ဒီနေ့မနက်ကမှ စခဲ့တာ ဝိညာဉ်ချီရဲ့ အာရုံကို ဆုပ်ကိုင်နိုင်ပြီ”

“ဘာပြောတယ်” ရှီမာလိုင် ခဏတာမျှ ကြက်သေသေသွားပြီး ထူးဆန်းသော အကြည့်ဖြင့် သူမအားကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာပြောင်းသွားသောကြောင့် ရှီမာယူယူ စိုးရိမ်သွားသည်။

သူမ သတ္တိမွေးပြီးမေးလိုက်သည်။ “အဘိုး သမီးအာရုံခံစားနိုင်တာက ဝိညာဉ်ချီမဟုတ်ဘူးလား။ သမီးမှားနေတာ ဖြစ်နိုင်လား”

“ဟားဟားဟား” ရှီမာလိုင် နွေးထွေးသောအသံဖြင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ “ယူလေးက အမှိုက်မဟုတ်ဘူးဆိုတာ အဘိုးသိတယ်။ ယူလေးက ပါရမီရှင်ပဲ။ ရိုးရိုးပါရမီရှင်တောင်မဟုတ်ဘူး ပါရမီရှင်ထဲက ပါရမီရှင်ပဲ”

ရှီမာယူယူ အဘိုးမျက်နှာမြင်သည်နှင့် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများရဲလာပြီး ချွေးအေးများ  ပြန်လာတော့သည်။ အဘိုး သူမကို တိုက်ရိုက်မဖြေသော်လည်း သူ တုန့်ပြန်မှုအရ အဖြေကို သိလိုက်ပြီဖြစ်သည်။

ရှီမာလိုင် နောက်ဆုံးတော့ တည်ငြိမ်သွားပြီး နူးညံ့စွာကြည့်ပြီးပြောလိုက်သည်။ “ယူလေး ဝိညာဉ်ချီကို အာရုံခံနိုင်တဲ့သူတွေက တစ်ညတည်းနဲ့ အာရုံခံနိုင်တယ်ဆိုတာ မကြားဖူးဘူး။ သမီးဟာ ကြီးမားတဲ့ စွမ်းဆောင်မှုကို ပြီးမြောက်သွားတာပဲ။ အဘိုးကတော့ ပါရမီရှင်လို့ခေါ်ချင်တယ်။ ဒါပေမယ့် ငါတို့ မြင့်မြတ်တဲ့ ဝိညာဉ်ချီကို ခံစားနိုင်တယ်ဆိုတာ သေချာသွားအောင် လေး ငါးရက်လောက်အချိန်ယူရ မယ်။ ပုံမှန်လူဆိုရင် လတစ်ဝက်လောက်အချိန်ယူပြီး တချို့ဆို အဲထက်ကို နားလည်ဖို့အချိန်ယူရတယ်။ သမီးရဲ့ အစ်ကို တချို့ဆို အနည်းဆုံး အချိန်က တစ်ပတ်ပဲ ဟား ဟား သမီးဟာ ကျင့်ကြံနိုင်ရုံသာမက သမီးရဲ့ နားလည်နိုင်မှု အဆင့်က လုံးဝကို မြင့်နေပါလား”

ရှီမာယူယူ အဘိုးစကားကို ကြားသည့်အခါမှာတော့ ကြက်သေသေသွားသည်။ အစကထင်ထားသည်မှာ ဝိညာဉ်ချီကို ခံစားမိရန် တစ်ညလုံးအချိန်ယူရခြင်းသည် ကြာလှသည်ဟု သုံးသပ်မိသည်။ သို့သော် ထိုအရာနှင့် သူမ၏အံ့သြမှုသည် ဆန့်ကျင်ဘက်ဖြစ်သွားပြီး ခန့်မှန်းထားတဲ့အချိန်ထက်ပင် တိုတောင်းနေသည်။

တော်သေးတာပေါ့ သူမတွင် အရည်အချင်းရှိသည်။ အဲဒါဆိုရင် အချိန်မကုန်တော့တာပေါ့။

“ယူလေး သမီး ဘာအရောင်မြင်လဲ” ရှီမာလိုင် အလွန်အမင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးပြီး သူမ လက်ရှိအခြေအနေကို ပို၍ နားလည်ချင်သည်။

ရှီမာယူယူ အရင်ဘဝက သူမအား တစ်စုံတစ်ယောက်က မနာလိုဖြစ်မှာစိုးရိမ်၍ သူမအရည်အချင်းကို ထုတ်ဖော်မပြောခင် ခွန်အားများကို ပြည့်စုံချင်သည်။ ပြီးတော့ ရှီမာလိုင် ခုဏကပြောသလိုပင် ပြီးခဲ့သော နှစ် တစ်ရာ တစ်ထောင်အတွင်း ပင်ကို အရည်အချင်းရှိသောသူကို မတွေ့ခဲ့ ကြဖူးမလား။ အကယ်၍ သူမ အရည်အချင်းကို သိသွားကြပါက သူမမိသားစုတွင် အန္တရာယ် ကျရောက်နိုင်သည်။

“အဘိုး သမီး ဝိညာဉ်ချီကိုပဲ အာရုံခံနိုင်သေးတယ်” သူမညင်သာစွာ ပြောလိုက်သည်။ ရှီမာလိုင်နှင့် သူမ၏ အစ်ကိုများသည် မီးတောက် အရည်အချင်းရှိသူများဖြစ်ကြပြီး အကယ်၍ သူမသည်လည်း သူတို့နှင့်တူလျှင် မထူးဆန်းနိုင်ပေ။

“ကောင်းပြီ အဘိုးတို့ မိသားစုဝင်အကုန်လုံးက မီးတောက် အရည်အချင်းရှိတဲ့သူတွေဆိုတော့ သမီးလည်း အဲဒါပဲနေမှာပါ” ရှီမာလိုင် ပျော်ရွှင်စွာခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။ “ဒီနေ့တော့ သမီးအစ်ကိုတွေကို ခေါ်ပြီး ဂုဏ်ပြုပွဲလုပ်ရမှာပဲ သမီး ကျင့်ကြံနိုင်တယ်ဆိုတာ အကုန်လုံးကို အသိပေးရမယ်။ ဟမ် ဒီနေ့ည ကျော်လွန်ရင်တော့ သမီးကို ဘယ်သူက အမှိုက်လို့ခေါ်ရဲမလဲ”

“အဘိုး အဲဒါ အခုတော့ သမီးတို့အချင်းချင်းပဲ သိတာကောင်းမယ်ထင်တယ်” ရှီမာယူယူ ဖျောင်းဖျလိုက်သည်။

“ဟမ် ဘာလို့လဲ။ သမီးမပြောရင် တခြားသူတွေရဲ့ ထင်မြင်မှုကို ဂရုစိုက်နေရမှာလေ အဘိုးသိတယ်။ ခြံထဲမှာ ပုန်းပြီးငိုနေတာတွေ အဘိုးသိတယ်။ အဲဒါကြောင့်ပဲ သမီးကျောင်းမသွားချင်တာလို့ ပြောခဲ့တယ်မလား။ အဘိုး သမီးကိုတွန်းအားမပေးပါဘူး” သူ ရှုပ်ထွေးသော မျက်နှာအမူအရာနှင့် ပြောလိုက်သည်။

“သမီးဟာ ၁၄နှစ်လောက်နေလာပြီး မကျင့်ကြံနိုင်ဘူးလေ တကယ်လို့ သမီးက ကျင့်ကြံနိုင်တယ်လို့ ရုတ်တရက် ကြေညာလိုက်ရင် မလိုအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ သမီးမလိုလားဘူး အဘိုး။ လူတွေဟာ ကွယ်ရာမှာ တတွတ်တွတ်ပြောလိမ့်မယ် ပြီးရင် ဒီအချက်ကြောင့်ပဲ သမီးကို လန့်စရာကောင်းတဲ့သူအဖြစ်ထားလိမ့်မယ်။ ပြဿနာအဖြစ်မခံဘဲ အခုတော့ ဒီတိုင်းပဲ ဖုံးထားရအောင်လေ”

ရှီမာလိုင် မျက်ခုံးကို ပင့်လိုက်ပြီး ပြောလိုက်သည် “ဒါပေမယ့် သမီးက သူများအတွေးကို ဂရုစိုက်တယ်လေ သမီးက အဘိုးမြေးလေ ဘာလို့ ကိုယ့်ဘာသာ ပုခုံးဖွင့်ပြီး မနေနိုင်ရမှာလဲ”

“သမီး မကျင့်ကြံနိုင်လို့ စိတ်မကောင်းဖြစ်ခဲ့ရတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီ့အချက်ကို အခြေခံပြီး လူတွေ သမီးအကြောင်းကိုပြောမှာထက် အမှန်တကယ် မကျင့်ကြံနိုင်ခဲ့ဘူးလေ။ အခုတော့ သမီးကျင့်ကြံနိုင်ပြီ သူများတွေဘာပြောမလဲ သမီးဂရုမစိုက်ဘူး။ ဒါ့အပြင် သမီး ကျင့်ကြံနိုင်တာ မကျင့်ကြံနိုင်တာ သမီးကိစ္စလေ သူများတွေ ဝင်ရောက်စွက်ဖက်စရာမလိုဘူးလို့ထင်တယ်။ တကယ်လို့ သမီးကျင့်ကြံနိုင်တာ၊ သမီးတို့ မိသားစု အားအင်တွေတိုးလာ သူများတွေသိရင် မလိုအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ သမီးကြောက်တယ်။ အဘိုးမှာ ရန်သူတွေအများကြီးှရှိတယ်မလား။ အထူးသဖြင့် နာလန် မိသားစုလေ။ သူတို့က အမြဲတမ်း သမီးတို့နဲက ဆန့်ကျင်ဘက်ပဲ။ တကယ်လို့ သမီးရဲ့ အရည်အချင်းကို သူတို့သိသွားရင် သူတို့ ပြဿနာရှာလိမ့်မယ်” ရှီမာယူယူ အဘိုးကို ချော့လိုက်သည်။

ရှီမာလိုင် သူမအား နွေးထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဒဏ်ရာအကြီးအကျယ်ရပြီးကတည်းက သူမပြောင်းလဲသွားပုံရသည်။ သူမ မရိုင်းတော့ပါ။ စဉ်းစားချင့်ချိန်တတ်လာပြိ။

“ကောင်းပာပြီ သမီးပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်” သူ ခပ်ပြတ်ပြတ်ပြောလိုက်သည်။ “ဒီစကားကို အခုတော့ရပ်ထားမယ် ဒါပေမယ့် အစ်ကိုတွေကို ဒီညတော့ ခေါ်ရမယ် အဘိုးတို့ဘာသာ ဂုဏ်ပြုပွဲ လုပ်ရမယ်လေ” အသံနေအသံထားကို ထိန်းပြီး အနေအထားကို အားတက်သွားစေရန် သူအင်တင်တင်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သမီး ပြန်သွားပြီး အရင်ဆုံးကျင့်ကြံလိုက်ဦးမယ်။ ဒီနေ့ည အစ်ကိုတွေအကုန်လုံး ပြန်လာတဲ့အချိန်ကျ ညစာစားရင်းတွေ့ကြမယ်” သူမ ကြားဖြတ်ပြောပြီး ထွက်သွားဖို့ပြင်လိုက်သည်။

“ခဏ စောင့်ဦး” ရှီမာလိုင် သူမ လမ်းကြောင်းကို တားလိုက်သည်။

“ဘာဖြစ်လို့လဲ အဘိုး” သူမ စောဒကတက်လိုက်သည်။

“အဘိုးနဲ့ ခဏလိုက်ခဲ့” ပြောပြီးသည်နှင့် သူလှည့်ထွက်သွားပြီး သူ၏ စာကြည့်ခန်းထောင့်သို့ ဦးဆောင်ခေါ်သွားသည်။ ပြီးသည်နှင့် နံရံပေါ်က ကြွေပြားကို လက်နှင့်ထိလိုက်သည်။ သူ အားပါပါနှင့် ဖိလိုက်သော်အခါ ကလစ်ဆိုသည့် အသံကြားရပြီး စာအုပ်စင်ဘေးတွင် အပေါက်သေးတစ်ပေါက် ပေါ်လာတော့သည်။ သူဝင်သွားပြီး တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး မကြာခင်မှာပင် ဘေးတွင် ဝင်ပေါက်ငယ်တစ်ခုပေါ်လာပြီး လှေကားအတိုင်း အောက်ဆင်းသွားတော့သည်။ သူ လက်ဖြောက်တီးလိုက်သောအခါ လက်ခုတ်ထဲတွင် ပုလဲအလင်းပေါ်လာပြီး သူမအားလှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“သွားကြစို့” အဘိုးကပြောလိုက်သည်။

ရှီမာယူယူ သူနှင့် နီးကပ်စွာလိုက်သွား၍ စိတ်ဝင်စားစွာဖြင့် သူ၏နောက်မှ စပ်စုစွာ လိုက်သွားလိုက်သည်။ အဘိုးသည် သူမအား ကျဉ်းမြောင်းသော စင်္ကြံလမ်းကိုဖြတ်၍ လျှို့ဝှက်ခန်းတစ်ခုဆီသို့ ဦးဆောင်သွားပြီး မကြာခင်မှာ ဂိတ်ဆုံးသို့ရောက်ရှိတော့သည်။

“ရောက်ပြီ”

သူညင်သာစွာပြောလိုက်ပြီး သူမအား သေးငယ်သော ကျောက်တုံးအခန်းထဲသို့ ခေါ်ဆောင်သွားသည်။ သူမ လှည့်ပတ်ကြည့်လိုက်ပြီး အလယ်တွင် သေးငယ်သော ကျောက်တုံးစားပွဲရှိသည်ကိုတွေ့လိုက်သည်။ ထိုအပေါ်တွင်တော့ တစ်စုံတစ်ရာထည့်ထားသော သေတ္တာငယ်တစ်လုံးတင်ထားသည်။

သူ သေတ္တာဆီသို့ လျှောက်သွားလိုက်ပြီး  ကြေကွဲစွာပြောလိုက်သည်။ “ဒါဟာ သမီးအဖေ သမီးအမေကို ရှာမယ်ဆိုပြီးထွက်သွားတော့ ထားခဲ့တဲ့အရာပဲ။ တကယ်လို့ သမီးက ကျင့်ကြံနိုင်ခဲ့ရင် ဒီသေတ္တာကို သမီးကိုပေးဖို့ သူပြောခဲ့တယ်။ အခုတော့ အဘိုး သမီးကို ပေးရပြီ” သူ သက်ပြင်းငယ် တစ်ခုချလိုက်ပြီး သူမအား ကြည့်လိုက်သည်။

သူမ အဘိုး၏ စကားများကို နားထောင်လိုက်သောအရာများသည် အတိအကျမဟုတ်နိုင်သော်လည်း ရှီမာယူယူ ထူးဆန်းသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများသည် ခံစားချက်များနှင့်ပြည့်နှက်နေပြီး သူမအား သေတ္တာကိုပေးလိုက်သည်။ သူမသေတ္တာကိုယူ၍ ဖွင့်ရန်ပြင်သော်လည်း သူကတားလိုက်သည်။

“သွားပြီး တစ်ယောက်တည်းရှိတဲ့အချိန်မှ ဖွင့်ပါ” သူ တောင်းဆိုသောကြောင့် ရှီမာယူူယသည် လိုက်နာယုံအပြင် မရှိသောကြောင့် ခေါင်းညိတ်ခြင်းဖြင့် တုန့်ပြန်လိုက်သည်။

“ကောင်းပြီ အခုတော့ ပြန်ကြရအောင်” သူပြောလိုက်သည်နှင့် သူတို့လာရာလမ်းအတိုင်း ဦးဆောင်သွားတော့သည်။

သူမ အဘိုး၏စာကြည့်ခန်းမှ ထွက်လာသောအခါ သွက်လက်သော ခြေလှမ်းများဖြင့် သူမ အခန်းသို့ ပြန်လာခြင်းသည် အကုန်လုံး၏ အမြင်တွင် အလောသုံးဆယ်ဖြစ်နေသည်။ သူမအခန်းသို့ရောက်သော်အခါ အိမ်ရာပေါ်တွင်ထိုင်ပြီး လက်ထဲမှ သေတ္တာအား မမှိတ်မသုန်ကြည့်လိုက်သည်။

ရှီမာလိုင် ခုဏက ပြောခဲ့သည်များကို ပြန်တွေးရလျှင် ယွန်ယူနှင့် ချွန်ဂျီအန် အစေခံနှစ်ယောက်လုံးသည် သူမယုံကြည်ရသူများဖြစ်ကြသည်။ ရှီမာလိုင် သူတို့အား ကျမ်းသစ္စာဆိုခိုင်းရာတွင် သူမအား ဘယ်တော့မှ လုံး၀ သစ္စာမဖောက်ပါဟု သူတို့ ကျိန်ဆိုခဲ့သည်။ သူတို့အား ကျမ်းသစ္စာဆိုစေခြင်းဖြင့် ရှီမာယူယူ၏ သစ္စာခံအဖြစ် ရှီမာလိုင်သေချာစေသည်။  သူတို့ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များသည် ရှီမာလိုင်ကိုယ်တိုင် ရေးသားခဲ့ခြင်းပင်ဖြစ်သည်။  ဤလောကမှ ကျမ်းသစ္စာသည် မှော်အတတ်များ စိမ့်ဝင်နေသည်။ ထိုစာချုပ်သည် ကောင်းကင်နှင့်မြေကြီးကိုချုပ်ဆိုထားခြင်းဖြစ်သည်။ အကယ်၍ ကျမ်းသစ္စာကို ဖောက်ဖျက်သူသည် ငရဲကျရောက်မည်ဖြစ်ပြီး လွတ်လမ်းမရှိပေ။

ထို့ကြောင့်ပင် သူမ သူတို့အား မည်သို့ပင် ပြုမူပါစေ သူတို့သည် ဘယ်သောအခါမှ သစ္စာဖောက်မည်မဟုတ်ပေ။ ထိုအရာကို အရင် ရှီမာယူယူ မသိခဲ့ပေ။ သူမ၏ ဒေါသထွက်လွယ်သော စိတ်ကြောင့် ရှီမာလိုင် လျှို့ဝှက်ထားခြင်းဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset