ထွက်ပေါက်တစ်ခုမှ မရှိတော့သည်ဖြစ်ရာ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ မြေအောက်ကမ္ဘာကြီး၏ ဒုတိယအထပ်တွင် ပိတ်မိနေတော့မည်ဖြစ်သည်။ သူတို့မှာ ကျင့်ကြံခြင်း အဆင့်မြင့်မားနေကြသောကြောင့် အချိန်အကြာကြီး ပိတ်မိနေကြမည်မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့ကိုမူ သတ်ဖြတ်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာဆိုလျှင် မျက်နှာပျက်နေရပြီဖြစ်သည်။ သူသည် အော်ဟစ်ညည်းတွားကာ သူ၏ ဘေးပတ်ပတ်လည်၌ ရှိနေသော ရုပ်အလောင်းကောင်ကြီးများ၏ အကြွင်းအကျန်များကို ဖယ်ရှားလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်ရှိသွားပြီး မြေပြင်ကြီးအား အားအကုန်သုံး၍ ထိုးနှက်လိုက်ပါသော်လည်း ထွက်ပေါက်ကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
” ဒီကမ္ဘာကြီးက ငါတို့ကို ရန်လိုနေတာပဲ ” သူတို့သုံးယောက်မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြတော့သည်။ သူတို့မှာ ခရီးစဉ်တစ်လျှောက်လုံးတွင် ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့စဉ်တုန်းကဖြစ်စေ ၊ ဗုဒ္ဓဟူးဂြိုဟ်၏ ကြယ်တာရာရင်းမြစ်အား ခိုးယူခဲ့စဥ်တုန်းကဖြစ်စေ မည်သည့်အတားအဆီးနှင့်မှ မကြုံတွေ့ခဲ့ရဘဲ ချောချောမွေ့မွေ့နှင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်မဟုတ်ပါလော။ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာမှသာ အခက်အခဲ အတားအဆီးများနှင့် ကြုံလိုက်ရခြင်းဖြစ်၏။
သူတို့၏ ပြိုင်ဘက်မှာ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် သို့မဟုတ် သူတို့နှင့် ကျင့်ကြံခြင်းအဆင့် တူနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့မည်ဆိုပါက ကိစ္စသိပ်မရှိပါသော်လည်း ထိုဖက်တီးလေးမှာ အခြေတည်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့သုံးယောက်မှာ အလွန်အင်မတန်မှ အရှက်ရကာ မကျေမချမ်းဖြစ်နေကြရတော့သည်။
အစပိုင်းတွင် သူတို့မှာ ဝမ်ပေါင်လဲ့အား အရှင်လက်လက် ဖမ်းဆီးချင်ခဲ့၏။ သို့သော် ဤ မြေအောက်ကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုကမ္ဘာကြီးမှာ ဝမ်ပေါင်လဲ့အား အလေးပေး၍ဆက်ဆံခဲ့သောကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အသုံးမဝင်တော့ပဲ ဖြစ်ခဲ့ရသည်။
ယခုတွင် သူတို့ကြုံနေရသည့်ပြဿနာမှာ ဝမ်ပေါင်လဲ့အား လိုက်မဖမ်းနိုင်တော့ခြင်း မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ ထွက်ပြေးလွတ်မြောက်သွားမှုကြောင့် သူတို့၏ လိုက်လံဖမ်းဆီးလိုသော အစီအစဉ်များမှာ ရပ်တန့်သွားရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူတို့ထက်အရင် ဤကမ္ဘာကြီးထဲမှ ထွက်ခွာသွားနိုင်သည်ဖြစ်ကြောင်း သူတို့က ထည့်ထွက်နေရပြီဖြစ်သည်။ အကယ်၍ သူသည် ဤကမ္ဘာကြီးထဲမှထွက်ခွာသွားပြီး သူတို့သုံးယောက်အား လိုက်လံရှာဖွေနေခဲ့သည့် ဤလူနေမှုအဖွဲ့အစည်းထဲရှိ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များကိုသာ အကြောင်းကြားလိုက်မည်ဆိုပါက သူတို့၏ ဇာတ်သိမ်းမှာ လှနိုင်တော့မည် မဟုတ်ပေ။
” တောက်ကွာ ” သူတို့သုံးယောက်မှာ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သဘောတူညီချက်တစ်ခု ရယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လိုက်မဖမ်းတော့ဘဲ ထိုနေရာမှ ထွက်ခွာနိုင်အောင် ကြိုးစားရန် ဆုံးဖြတ်လိုက်ကြတော့သည်။
သူတို့မှာ မစွန့်စားလိုကြသောကြောင့် ဤနေရာမှ အရင်ဆုံးထွက်ခွာသွားကာ သူတို့၏ မိခင်ဂြိုဟ်ဆီသို့ ပြန်ပြီးမှ ရဲဘော်ရဲဘက်များ ထပ်၍ ခေါ်ဆောင်လာရန် ကြံရွယ်ထားကြ၏။ ထိုသို့သာဆိုလျှင် ဤနေရာ၌ ရှိနေသည့်အရာအားလုံးကို သူတို့၏ မိခင်ဂြိုဟ်ကြီးမှာ ပိုင်ဆိုင်သွားမည်သာဖြစ်သည်။
ထိုအခါ သူတို့မှာ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်သွားကြမည်ဖြစ်ရာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံလိုက်ရမည်သာဖြစ်သည်။ ထိုဆုလာဘ်များကြောင့် သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို နောက်ထပ်တစ်ဆင့်သို့ မြှင့်တင်နိုင်သွားမည် မဟုတ်ပါလော။
သူတို့သုံးယောက်မှာ ထိုသို့တွေးတောကာ နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားကြတော့သည်။ သို့သော် ထိုအစီအစဉ်မှာ ကောင်းမွန်ပါသော်လည်း အကောင်အထည်ဖော်နိုင်ရန် ခဲယဉ်းနေ၏။ သူတို့မှာ ဤကမ္ဘာကြီးထဲသို့ စတင်ဝင်ရောက်လာခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့၏နောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့သည်ဖြစ်သောကြောင့် အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့မှာ ပြန်လည်ထွက်ခွာချင်နေပြီဖြစ်ရာ ထွက်ပေါက်တစ်ခုကို ရှာဖွေရန်လိုအပ်ပေသည်။ အကယ်၍ ရှာမတွေ့ပါက သူတို့မှာ သင့်တော်သည့် နေရာတစ်ခုခုကို ရှာဖွေကာ ခွန်အားသုံး၍ ဖောက်ထွက်ရမည်သာဖြစ်သည်။
သို့သော် ထိုသို့ဖောက်ထွက်နိုင်ရန် အချိန်ပေးရမည် မဟုတ်ပါလော။
ထို့ကြောင့် သူတို့သုံးယောက်မှာ အလွန်အင်မတန်မှ စိတ်ရှုပ်နေရပါသော်လည်း အောင့်အည်းသီးခံလိုက်ရ၏။ သူတို့မှာ ဤနေရာကြီးမှ အရင်ဆုံး ထွက်ခွာသွားပြီးမှ နောက်တစ်ချိန်တွင် ပြန်လာရန် ဆုံးဖြတ်ထားကြပြီးဖြစ်သည်။ ထိုအချိန်သို့ ရောက်မှသာ သူတို့မှာ ထိုကျိုးရိရှန်ဆိုသည့် ဖက်တီးလေးအား အရေခွံနွှာပစ်ရန် တေးထားကြ၏။
သူတို့သုံးယောက်မှာ နောက်သို့ဆုတ်ခွာသွားကာ ဝမ်ပေါင်လဲ့အား လိုက်မဖမ်းတော့ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် မြေအောက်ကမ္ဘာကြီး၏ ဒုတိယအထပ်ထဲတွင် လူစုခွဲသွားကြပြီး ထွက်ပေါက်များကို လိုက်လံရှာဖွေနေလိုက်တော့သည်။ ထိုအချိန်တွင် မြေအောက်ဂူကြီးထဲသို့ ဝင်ရောက်သွားခဲ့သော ဝမ်ပေါင်လဲ့မှာမူ တည်နေရာပြောင်းရွှေ့ခြင်း စင်္ကြံလမ်းတစ်လမ်းထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေ၏။ ထိုလမ်းလေးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေသောကြောင့် သူ၏ ပတ်ပတ်လည်ရှိ အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ကံကောင်းစွာဖြင့် ထိုဖြစ်စဉ်ကြီးမှာ အချိန်အနည်းငယ်ခန့်သာ ကြာမြင့်လိုက်၏။ နောက်ဆုံးတွင် ဘေးပတ်ပတ်လည်ရှိ အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် အပူလှိုင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ဂူထဲမှ ပြန်ထွက်လာပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် ဧရာမရှေးဟောင်းမြို့တော်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။
ထိုမြို့တော်ကြီးမှာ မြေအောက်ကမ္ဘာ၏ တတိယမြောက်အထပ်ပင် ဖြစ်သည်။
အဝေးမှကြည့်လိုက်မည်ဆိုပါက ထိုမြို့တော်ကြီးမှာ ဧရာမသားရဲကြီးတစ်ကောင်၏ ခေါင်းတစ်လုံးနှင့် တူနေပြီး ၎င်းဆီမှာ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် ဖိနှိပ်စွမ်းအားများ ထွက်ပေါ်နေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် မီးခိုးခေါင်းတိုင်ပေါင်း ဒါဇင်ပေါင်းများစွာ ရှိနေကြပြီး ၎င်းတို့ထဲမှ ထွက်ပေါ်လာသည့် အနက်ရောင်မီးခိုးငွေ့များမှာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားနေကြ၏။ မြေကြီးများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ယံထဲတွင် ထိုမီးခိုးငွေ့များမှာ အနက်ရောင်တိမ်တိုက်များအသွင် ပြောင်းလဲသွားကြပြီး ထိုတိမ်တိုက်များထဲ၌ လျှပ်စီးများလက်နေကြသည်ကို မြင်နိုင်ပေသည်။ ထိုအနက်ရောင်မီးခိုးငွေ့များနှင့် အနက်ရောင်တိမ်တိုက်ကြီးများမှာ တလိပ်လိပ်ထနေကြပြီး ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကျယ်လောင်သည့် အသံကြီးများ ထွက်ပေါ်လာနေသောကြောင့် ၎င်းတို့အား ကြားလိုက်ရသည့်လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရမည်သာဖြစ်သည်။
၎င်းမှာ ပြည်ထောင်စုကြီးနှင့် လုံးဝမတူသည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။
မြေအောက်ကမ္ဘာကြီး၏ တတိယထပ်တွင် ထိုကဲ့သို့မြို့တော်များ အနည်းဆုံး ဆယ်မြို့အထိ ရှိနေသောကြောင့် ၎င်းအား လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားရခြင်းဖြစ်သည်။ ထိုမြို့တော်များအားလုံးမှာ ယခုတွင် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော မြို့တော်ကြီးနှင့် တစ်ပုံစံတည်း ဖြစ်နေကြ၏။ သူ၏ရှေ့တွင်ရှိနေသော မြို့တော်ကြီးမှာမူ အရွယ်အစား အကြီးမားဆုံး ဖြစ်နေသည်။
မြေကြီးများဖြစ်နေသည့် ကောင်းကင်ယံထဲတွင်မူ အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသည့်တိုင်အောင် ထိုတိမ်တိုက်များ၏ ကြားမှ အနီရောင်အလင်းရောင်တစ်ခု တောက်ပနေသည်ကို မြင်နိုင်ပေသည်။ ထိုကောင်းကင်ကြီးမှာ အဆုံးမရှိလောက်အောင် ကျယ်ပြောနေသည့်ပုံ ပေါက်နေပြီး ထိုတတိယထပ်ပေါ်တွင် မြို့တော်များအပြင် ချော်ရည်ပူများ စီးဆင်းနေကြသည့် မြေအောက်မီးတောင်များလည်း ရှိနေကြသေးသည်။ ထိုမီးတောင်များကြောင့် ထိုနေရာကြီးတစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ မြင့်မားနေရခြင်းဖြစ်ပြီး တိုက်ခတ်နေသည့် လေများပင်လျှင် ချစ်ချစ်တောက် ပူနေသောကြောင့် ထိုနေရာတွင် အချိန်အကြာကြီး ရှိနေမည်ဆိုပါက ခန္ဓာကိုယ်ထဲမှ ရေဓာတ်များအားလုံး ခန်းခြောက်သွားပြီး အရိုးစုကြီးတစ်ခု ဖြစ်သွားနိုင်ပေသည်။
ထိုနေရာမှာ လူသားများ နေထိုင်ရန်အတွက် မသင့်တော်ပါသော်လည်း မြေအောက်ထဲမှ သက်ရှိများအတွက်မူ အလွန်အင်မတန်မှ သင့်တော်ပေသည်။
ထိုအချက်မှာလည်း ဤနေရာတွင် လူမှုအဖွဲ့အစည်းတစ်ခုရှိနေရသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုပင် ဖြစ်သည်။ ဤမြို့တော်များထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် သားရဲကြီးများ နေထိုင်နေကြပြီး ၎င်းတို့မှာ ဝမ်ပေါင်လဲ့ သားရဲစီးကြောင်းထဲ၌ ကြုံခဲ့ရသည့် သားရဲကြီးများနှင့် မတူဘဲ ကွဲပြားနေ၏။ ထိုသားရဲကြီးများမှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေကြခြင်းမရှိဘဲ စဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ရည်တစ်ခုကို ပိုင်ဆိုင်ထားကြပြီး မျက်ဝန်းများထဲ၌ အရောင်များ တောက်ပနေကြ၏။
သို့သော် ၎င်းတို့မှာ မြင့်မားသော ဉာဏ်ရည်များကို ပိုင်ဆိုင်ထားကြသည်တော့မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အားသင့်သွားရပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ သူ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြီးမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။
” ဒါ အမှောင်အဆောင်ပစ္စည်းတစ်ခုရဲ့ အတွင်းပိုင်းလား။ ဒါမှမဟုတ် အင်္ဂါဂြိုဟ်အောက်က နေရာတစ်ခုလား ” ဝမ်ပေါင်လဲ့မှာ ပေါ့ပေါ့ဆဆ မနေရဲသောကြောင့် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ရ၏။ သူသည် ထိုကမ္ဘာကြီးထဲရှိ အကြီးမားဆုံးမြို့တော်ကြီး၏ အလယ်၌ ရှိနေသော ပင်မပြည်သူ့ရင်ပြင်ကြီးထဲသို့ ရောက်နေသည်မဟုတ်ပါလော။
ထိုပြည်သူ့ရင်ပြင်ကြီး၏ အလယ်ဗဟိုမှာ ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်အကွာတွင်သာ ရှိနေသည်ဖြစ်သည်။ ထိုနေရာတွင် ချိုင့်ခွက်ကြီးတစ်ခုရှိနေပြီး ထိုချိုင့်ခွက်ကြီးထဲမှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာနေ၏။ ထို့အပြင် အလွန်အင်မတန်မှ အားကောင်းသည့် ဆင့်ခေါ်သံကြီးတစ်သံမှာလည်း ထို့ချိုင့်ခွက်ကြီးထဲမှ ထွက်ပေါ်လာနေပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။
ထို့ကြောင့် သူ့အား ဆင့်ခေါ်နေသည့် အရာကြီးမှာ ထိုချိုင့်ခွက်ကြီးထဲ၌ ရှိနေရမည်ဟု သူက ယုံကြည်သွား၏။
သို့သော် သူမလှုပ်မယှက်နှင့် ငြိမ်နေရသည်မှာ ထိုအချက်ကြောင့်မဟုတ်ပေ။ လက်ရှိတွင် ထိုပြည်သူ့ရင်ပြင်ထဲ၌ ဝတ်ပြုပွဲတစ်ခု ကျင်းပနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိုးထိတ်နေရခြင်း ဖြစ်သည်။ ပုံပန်းသွင်ပြင် အမျိုးမျိုးရှိသော သားရဲကြီးပေါင်း မြောက်မြားစွာမှာ ချိုင့်ခွက်ကြီး၏ ပတ်ပတ်လည်၌ စုဝေးကာ ဘုရားဝတ်ပြုနေကြသည့်ပုံပင်။ ထို့အပြင် ထိုချိုင့်ခွက်ကြီး၏ အထက်ရှိ လေထဲတွင် ရစ်ဝဲနေသော ပုံရိပ်ကြီးနှစ်ခုလည်း ရှိနေသေးသည်။
ထို ပုံရိပ်ကြီးနှစ်ခုမှာ မှုန်ဝါးဝါး ဖြစ်နေ၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုပုံရိပ်ကြီးနှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်လာမည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ ဖျတ်ခနဲလက်သွားပြီးနောက် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်လိုက်ရ၏။
ထိုပုံရိပ်ကြီးနှစ်ခုထဲမှ တစ်ခု၏ ပုံပန်းသွင်ပြင်များကို အတိအကျမမြင်နိုင်ပေ။ သူသည် အနက်ရောင်ဝတ်ရုံကြီးတစ်ခုကိုသာ မြင််နေရ၏။ သို့သော် သေသေချာချာ ကြည့်ရှုလိုက်သည့်အချိန်တွင် ထိုအနက်ရောင်ဝတ်ရုံကြီး၏ အောက်၌ လူတစ်ယောက်မှ ရှိမနေသည်ကို မြင်လိုက်ရသည်။
ထို အနက်ရောင်ဝတ်ရုံကြီး၏ ဘေးတွင်မူ ပါးပြင်များ နီမြန်းနေရမည့်အစား မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ကောင်ကလေးတစ်ယောက် ရပ်နေ၏။ သူသည် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် တစ္ဆေတစ်ကောင်နှင့်တူနေပြီး အနက်ရောင်ဝတ်ရုံကြီးနှင့်အတူ သူတို့၏ပတ်ပတ်လည်တွင် ရှိနေကြသော သားရဲပေါင်းမြောက်မြားစွာ၏ ရှိခိုးပူဇော်ခြင်းကို ခံနေရသည်။ ထိုသားရဲကြီးများထဲမှ အများစုမှာဆိုလျှင် အလောင်းကောင်များ ဖြစ်နေကြ၏။
ထိုအနက်ရောင်ဝတ်ရုံကြီးနှင့် ကောင်ကလေးတို့မှာ သူတို့၏ဖန်ဆင်းရှင်များ ဖြစ်နေသကဲ့သို့ပင်။
ထိုအနက်ရောင်ဝတ်ရုံကြီးနှင့် ကောင်ကလေးတို့၏ ရှေ့တွင် မြေပုံကြီးတစ်ပုံ ရှိနေသည်။ ထိုမြေပုံကြီးမှာ လူးလွန့်နေသောကြောင့် ပြိုပျက်သွားတော့မည့်ပုံ ပေါက်နေ၏။ ထိုမြေပုံထဲတွင်မူ လက်သည်းခွံ အရွယ်စားရှိသော ကြောက်မက်ဖွယ်ရာ နွားချေးပိုးကောင်အချို့ ရှိနေသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့၏ အသွေးအသားများမှာ ယိုယွင်းပျက်စီးသွားကြပြီးနောက် ၎င်းတို့မှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာကြပြီး သန္ဓေပြောင်းသွားသကဲ့သို့ ဖြစ်သွားကြ၏။
၎င်းတို့၏ ဇီဝကမ္မဖွဲ့စည်းတည်ဆောက်ပုံများမှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကြောင့် အသွင်ပြောင်းလဲသွားသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး စိတ်ထဲ၌ ခန့်မှန်းမိလိုက်၏။ သူသည် အခြားကမ္ဘာကြီးတစ်ခုထဲသို့ ရောက်နေခြင်းမဟုတ်နိုင်ပေ။ အမှောင်အဆောင်ပစ္စည်းကြီးနှင့် အချို့သော ထူးဆန်းအံ့ဖွယ် ဝိသေသလက္ခဏာရပ်များကြောင့် မြေအောက်တွင် ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ ဘက်တီးယီးရားများနှင့် ရောဂါပိုးမွှားများသာမက အခြားသက်ရှိများအားလုံးမှာ အမှောင်အဆောင်ပစ္စည်း၏ စွမ်းအားကြောင့် လျင်မြန်စွာ သန္ဓေပြောင်းလဲသွားခဲ့ပြီး ဤကမ္ဘာကြီးအား တဖြည်းဖြည်းချင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ရပေမည်။
အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက သားရဲစီးကြောင်းကြီးများ အဆုံးမရှိလောက်အောင် ပေါ်ပေါက်လာနေရသည့် ပုစ္ဆာကြီးမှာ အဖြေပေါ်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေအောက်ကမ္ဘာကြီးထဲတွင် အမှောင်အဆောင်ပစ္စည်း ရှိနေသရွေ့ သန္ဓေပြောင်းလဲမှုများမှာ လျင်မြန်စွာ ဆက်လက်ဖြစ်ပွားနေဦးမည် မဟုတ်ပါလော။
အလားတူပင် ထိုခန့်မှန်းချက်သာ မှန်ကန်နေပါက သူ့အား ဆင့်ခေါ်နေသည့်အသံကြီး စတင်ထွက်ပေါ်လာသည့်နေရာဟု ထင်ရသော ပြည့်သူ့ရင်ပြင်ထဲရှိ ချိုင့်ခွက်ကြီးမှာ အမှောင်အဆောင်ပစ္စည်း ရှိနေသည့် နေရာကြီး ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာ၏။ သို့သော် သူသည် ထိုနေရာတွင် စတင်ပေါ်ပေါက်လာခဲ့သည့် အချိန်ကတည်းက ယခုအထိ မလှုပ်မယှက် မတ်တတ်ရပ်ကာ စဉ်းစားခန်းဖွင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ချိုင့်ခွက်ကြီးအပေါ်၌ ရစ်ဝဲနေသည့် အနက်ရောင်ဝတ်ရုံကြီးနှင့် ကောင်ကလေးတို့မှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။
ရှိခိုးဝတ်ပြုနေခဲ့ကြသည့် သားရဲကြီးများမှာလည်း ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်လာကြပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြ၏။
ကောင်ကလေးမှာမူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် မကြာသေးခင်ကမှ အသစ်ပြန်ပေါက်လာခဲ့သည့် သူ၏ ညာဘက်လက်အား ရင်ခွင်ထဲ၌ပိုက်ကာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်…
ဝမ်ပေါင်လဲ့ကမူ ထိုအခြင်းအရာများကို သတိမထားမိပေ။ သူသည် တစ်ကိုယ်လုံး ချွေးများပြန်နေပြီး သူ ရောက်ရှိလာရသည့် အကြောင်းအရင်းကို မည်ကဲ့သို့ရှင်းပြရမည်နည်းဟု စဉ်းစားတွေးတောနေ၏။ သူသည် ထိုလူမှုအဖွဲ့အစည်းနှင့် အပြန်အလှန်ဆက်သွယ်ပြီး သူသည် အန္တရာယ်ပြုရန် ရောက်ရှိလာခြင်းမဟုတ်ဘဲ မတော်တဆ ရောက်ရှိလာခြင်းသာဖြစ်ကြောင်း အသိပေးချင်နေသည်….
သို့သော် သူ စကားမပြောနိုင်ခင်မှာပင် ကောင်းကင်ယံထဲ၌ ရစ်ဝဲနေသည့် အနက်ရောင်ဝတ်ရုံကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သူငယ်အိမ်နှစ်ခုနှင့် တူသည့် အလင်းရောင်နှစ်ခုမှာ ထိုအနက်ရောင်ဝတ်ရုံကြီးထဲ၌ ပေါ်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတော့သည်။ ၎င်းမှာ အံ့သြတုန်လှုပ်နေရပြီး သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ခံစားချက်များကို ထိုမျက်ဝန်းများထဲတွင် အထင်းသားမြင်နိုင်ပေသည်။
” ဝမ်ပေါင်လဲ့ ”
အနက်ရောင်ဝတ်ရုံကြီးဆီမှ ထို ခပ်ဩဩ စကားသံကြီး ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးကျယ်သွားရပြီး ကယောင်ချောက်ချား ဖြစ်သွားရတော့သည်။ သူသည် ၎င်းမှာ သူ၏အမည်ကို သိနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်ထဲ၌ ထို အနက်ရောင်ဝတ်ရုံကြီး၏ သရုပ်မှန်ကို ခန့်မှန်းမိသွား၏။
” ခဗျားက… အမှောင်အစေခံလား “