ထို အနက်ရောင်သစ်ရွက်လေးမှာ သဘာဝအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်သလို ၎င်း၏ မျက်နှာပြင်ပေါ်ရှိ သစ်ကြောများမှာလည်း သဘာဝအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုသစ်ကြောများမှာ လူ့အရေပြားနှင့် ပို၍ ဆင်တူနေသည်ကို မြင်ရပေမည်။
၎င်းမှာ အမှန်တကယ်ပင် သက်ရှိလူတစ်ယောက်၏ အရေပြားဖြင့် ပြုလုပ်ထားသည့် သစ်ရွက်တစ်ရွက်ပင်ဖြစ်သည်။
ထိုသစ်ရွက်လေးနှင့်အတူ တတွတ်တွတ် ရေရွတ်သံများ ထွက်ပေါ်လာ၏။ ထိုအသံများထဲတွင် ရူးသွပ်မှုများနှင့် နာကျင်မှုများ ကိန်းအောင်းနေပြီး ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ အရာအားလုံးကို ချုပ်တည်းချင်နေသည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်များအားလုံးမှာ အသိစိတ်ပျောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွားကြတော့သည်။
အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ အနက်ရောင်သစ်ရွက်လေးဆီမှ ထွက်ပေါ်လာသော ပြင်းအားကို အသုံးပြု၍ အရှိန်မြှင့်တင်ကာ ဝိညာဉ်ပင်လယ်ကြီး ဖန်တီးပေးထားသော အတားအဆီးအကာအရံများထဲမှ ဖောက်ထွက်လာကြပြီး ဝဲကြီးထဲသို့ ဝင်သွားလိုက်ကြ၏။ သို့သော် သူတို့ ထိုသို့ဝင်သွားချိန်တွင် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူမှာ မျက်နှာတစ်ခုလုံး သွေးပျက်လုမတတ် ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သူ၏ လက်ထဲ၌ ကိုင်ထားခဲ့သော အနက်ရောင်သစ်ရွက်လေးမှာ ယခုတွင် သူ၏ နဖူးပေါ်၌ကပ်နေပြီး လူးလွန့်ကာ သူ၏ နဖူးထဲမှ သွေးများကို စုပ်ယူနေသကဲ့သို့ ဖြစ်နေ၏။
ထို ဓမ္မလက်နက်မှာ သူ လက်လွတ်စပယ်အသုံးပြုလေ့မရှိသော ဓမ္မလက်နက်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ၎င်းအား အသုံးပြုလိုက်သည်နှင့် သူ့ဘက်မှလည်း အများကြီးပြန်၍ ပေးဆပ်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေခဲ့စဉ်တုန်းက သူကိုယ်တိုင် နှစ်ပေါင်းသုံးဆယ်တိတိ ပြုစုပျိုးထောင်ခဲ့သည့် ရတနာကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုဓမ္မလက်နက်အား အသုံးမပြုခဲ့ချင်းပင်။
သို့သော် ယခုတွင်မူ သူသည် အန္တရာယ်ကြီးတစ်ခုနှင့် မကြုံရသေးပါသော်လည်း ထိုဝဲထဲသို့ ဝင်ကာ ဝမ်ပေါင်လဲ့အား အမိမဖမ်းနိုင်လိုက်ပါက ဤနေရာ၌ ပိတ်မိနေတော့မည်ဖြစ်ကြောင်း ခံစားနေရ၏။ ထို့အပြင် အကယ်၍ သူသည် ထိုသို့သာ ပိတ်မိသွားခဲ့မည်ဆိုပါက သေလုနီးပါး အခြေအနေအထိရောက်သွားနိုင်ကြောင်း မှတ်ယူထားသည်။
ဤကမ္ဘာကြီးမှာ သူတို့အား အလွန်အင်မတန်မှ ရန်လိုနေပါသော်လည်း ဝမ်ပေါင်လဲ့ကိုမူ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည်ဖြစ်သောကြောင့် သူတို့မှာ အံ့သြတုန်လှုပ်နေရတော့သည်။
ထိုသုံးယောက် ဝဲကြီးထဲသို့ ပြေးဝင်သွားကြပြီးနောက် ဝဲကြီးမှာ ပြန်ပိတ်သွားပြီး ပျောက်ကွယ်သွားတော့သည်။ ဝိညာဉ်ပင်လယ် စင်္ကြံလမ်းလေးမှာလည်း ပျောက်ကွယ်သွားပြီး ဝိညာဉ်ပင်လယ်ကြီးမှာ ပြန်လည်တည်ငြိမ်သွား၏။ ထိုနေရာ၌ မည်သည့်အခြင်းအရာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ လှိုင်းလုံးများ ဆက်လက်ရိုက်ခတ်နေဆဲဖြစ်ပြီး ဝိညာဉ်များ၏ အော်ဟစ်မြည်တမ်းသံများကို ကြားနေရဆဲပင် ဖြစ်သည်။
ဤ ကမ္ဘာကြီးမှာ သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည် ဖြစ်ကြောင်းကို ဝမ်ပေါင်လဲ့မှာ သတိထားမိပြီးသားဖြစ်သည်။ ပို၍ တိတိကျကျဆိုရမည်ဆိုပါက သူ့အား ဆင့်ခေါ်နေသည့် အသံကြီးမှာ ဤကမ္ဘာကြီးတစ်ခုလုံးအပေါ် သြဇာအာဏာသက်ရောက်မှုရှိနေပြီး သူ၏ရှေ့၌ရှိနေခဲ့သည့် အတားအဆီး အကာအရံအားလုံးကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်းမှာ သူ့အား လိုက်လံဖမ်းဆီးနေသည့် လူများကိုပင် တားဆီးပေးခဲ့သေးသည် မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ မသေချာမရေရာ ဖြစ်လာရပြီးနောက် မမလေး၏ စကားများကို သံသယများဝင်လာတော့သည်။ သူ ဤကမ္ဘာကြီးထဲသို့ ဝင်ရောက်လာပြီး ခဏအကြာတွင် မမလေး တန်း၍ အိပ်ပျော်သွားခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ကြောင်း သူက ခံစားနေရ၏။
” မမလေးရဲ့ စကားတွေက မှန်ပြီးတော့ ငါအတွေးလွန်နေတာ ဟုတ်ရင်ဟုတ်…. မဟုတ်လို့ကတော့ ငါ ကျင့်ကြံထားတဲ့ အမှောင်ပညာရပ်ကြောင့် အမှောင်အဆောင်ပစ္စည်းထဲမှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ ထို့နောက် သူ၏မျက်ဝန်းများမှာ တောက်ပသွားရတော့သည်။
သူသည် ဝိညာဉ်ပင်လယ်ကြီးထဲတွင် ရှိမနေတော့ဘဲ မြေအောက်ကမ္ဘာကြီးထဲရှိ ဝိညာဉ်ပင်လယ် ဒုတိယအထပ်၌ ရောက်နေပြီ ဖြစ်သည်။
မြေအောက်ကမ္ဘာကြီး၏ ဒုတိယအထပ်ရှိ ကောင်းကင်ကြီးမှာ မြေကြီးများဖြစ်နေဆဲဖြစ်ပြီး အနီရင့်ရောင် ဖြစ်နေပါသော်လည်း လင်းလက်တောက်ပနေသည့် ကြယ်တာရာများ မရှိဘဲ အလိုအလျောက် တောက်ပနေ၏။ ထိုအလင်းရောင်မှာ ထိန်ထိန်လင်းနေခြင်းမရှိဘဲ အနီရင့်ရောင် ကောင်းကင်ယံကြီးအား ဖြတ်သန်းလာသောကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာလည်း အနီရင့်ရောင် သန်းနေ၏။
၎င်းမှာ လူသေတစ်ယောက်၏ သွေးအရောင်နှင့်ပင် ဆင်တူပေသည်။
မြေပြင်ပေါ်တွင်မူ အုတ်ဂူကျောက်စာတိုင်မြောက်မြားစွာ ရှိနေ၏။
ထို အုတ်ဂူကျောက်စာတိုင်များမှာ အရွယ်အစားအမျိုးမျိုးရှိကြပြီး အချို့မှာ ကျိုးပဲ့ကာ အချို့မှာ အကောင်းပတိအတိုင်း ရှိနေကြသေးသည်။ ၎င်းတို့၏ ပုံစံမှာ ကြောက်မက်ဖွယ်ရာကောင်းနေပြီး အုတ်ဂူကျောက်စာတိုင်များ ရှိမနေသည့် အဝေးတစ်နေရာတွင် အရွယ်အစားအမျိုးမျိုးရှိနေသည့် အုတ်ဂူမြေပုံများ ရှိနေ၏။
ထိုမြေပုံများထဲတွင် နှစ်ပေါင်းများစွာတိုင်အောင် စုဝေးနေခဲ့သည့် အားကောင်းသော သေမင်းအငွေ့အသက်တစ်မျိုး ရှိနေသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ ယိုယွင်းပျက်စီးနေသကဲ့သို့ ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ အသက်အောင့်ကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုနေရင်း သူ့အား ဆင့်ခေါ်နေခဲ့သည့် အသံကြီးမှာ ဤနေရာတွင် ပို၍ပင် အားကောင်းနေသည်ကို သိလိုက်ရသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်နေစဉ် ခပ်လှမ်းလှမ်းရှိ အုတ်ဂူမြေပုံကြီးတစ်ပုံမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး မြေကြီးအောက်မှ အရိုးပြိုင်းပြိုင်းဖြစ်နေသည့် လက်ကြီးတစ်ဖက် ထိုးထွက်လာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး နောက်သို့ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် ထိုလက်ကြီးမှာ အချက်ပြလိုက်သည့်ပုံပင်။ ထိုအခါ အုတ်ဂူမြေပုံများထဲမှ အရိုးပြိုင်းပြိုင်းဖြစ်နေသော လက်ကြီးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး အချို့သော မြေပုံများထဲမှဆိုလျှင် အရိုးခေါင်းကြီးများပင် ထိုးထွက်လာကြတော့သည်။
ထိုရုပ်အလောင်းများမှာ အပြင်သို့ ထွက်ပေါ်လာကြပြီးနောက် အသံမထွက်အောင် အော်ဟစ်မြည်တမ်းလိုက်ကြ၏။ ထိုအသံများကို နားဖြင့်ကြားနိုင်စွမ်းမရှိဘဲ ကျင့်ကြံသူများ၏ ဝိညာဉ်အသိစိတ်ဖြင့်သာ အာရုံခံနိုင်စွမ်းရှိပေသည်။ ထိုအသံများအား အာရုံခံမိလိုက်သူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။
၎င်းတို့မှာ လတ်ဆတ်သော အသွေးအသား ရနံ့များကို မရှူရှိုက်ခဲ့ရသည်မှာ အချိန်အတော်အတန် ကြာနေသည့်ပုံပင်။ အုတ်ဂူမြေပုံများထဲမှ ထိုးထွက်လာကြသော ရုပ်အလောင်းများအားလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြပြီး အသံကုန် အော်ဟစ်ကာ သူ့ဆီသို့ ပြေးလာကြတော့သည်။
သို့သော် သူတို့ အနီးသို့ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်အား ချက်ချင်းပင်ထုတ်သုံးလိုက်၏။ ထိုအခါ သူ၏မျက်ဝန်းများထဲတွင် အမှောင်မီးတောက်များ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး အေးစက်စက်အငွေ့အသက်ကြီး ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် သူဆီသို့ ပြေးလာနေကြသော ရုပ်အလောင်းကြီးများအားလုံးမှာ တုန်လှုပ်ချောက်ချားသွားရပြီး နောက်သို့ဆုတ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ့အား ဆင့်ခေါ်နေသည့် အသံကြီး ပို၍ပင် ကျယ်လောင်လာသည်ကို ခံစားလိုက်ရ၏။
ထိုဆင့်ခေါ်သံကြီး တဖြည်းဖြည်းနှင့် ကျယ်လောင်လာစဉ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော သင်္ချိုင်းကြီးမှာ ရုတ်တရက်ဆိုသလို အောက်သို့ ကျွံဝင်သွားသောကြောင့် ဂူကြီးတစ်လုံး ပေါ်ပေါက်လာ၏။ ထိုဂူကြီး ပေါ်ပေါက်လာသည်နှင့် ထိုဆင့်ခေါ်သံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အလွန်အင်မတန်မှကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။
” အမှောင်ကလေးငယ်…. အမှောင်ကလေးငယ် ”
ဝမ်ပေါင်လဲ့မှာမူ ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားပြီးသား ဖြစ်သောကြောင့် အံအားသင့်သွားခြင်းမရှိပေ။ သူ မြေအောက်ကမ္ဘာကြီး၏ ပထမအထပ်တွင် ရှိနေစဉ်ကတည်းက ထိုကဲ့သို့ဖြစ်နေသည်မဟုတ်ပါလော။ ယခုတွင်မူ သူ၏မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူသည် ထိုနေရာအထိ ရောက်ရှိနေပြီဖြစ်ရာ ဤအဖြစ်အပျက်အားလုံး၏ မူလဇာစ်မြစ်ဖြစ်အား သွားရောက်ကြည့်ရှုလိုက်မည်သာ ဖြစ်သည်။ ထို့အပြင် သူသည် အပြင်သို့ပြင်မထွက်နိုင်ဘဲ ဖြစ်နေရသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အံကြိတ်ကာ ထိုဂူကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
ထိုအချိန်တွင် သင်္ချိုင်းမြေတစ်ခု၏ ဘေးဘက်တွင်ရှိနေသော ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်နှင့် ခရမ်းရောင်သွေးအရုပ်လေးတို့မှာ ထိုဝဲထဲမှ အပြင်သို့ထွက်လာကြ၏။
သို့သော် သူတို့ ပေါ်ပေါက်လာကြပြီး ဤကမ္ဘာကြီးအား သေသေချာချာ မကြည့်ရှုနိုင်ခင်မှာပင် အုတ်ဂူများထဲမှ ထိုးထွက်လာခဲ့ကြသည့် ရုပ်အလောင်းကြီးများမှာ အသံကုန်အော်ဟစ်ကာ သူတို့ဆီသို့ ပြေးလာကြတော့သည်။
အကယ်၍ ကောင်းကင်ပေါ်မှနေ၍ ခေါင်းငုံ့ကြည့်လိုက်မည်ဆိုပါက ထိုရုပ်အလောင်းကြီးများမှာ မရေမတွက်နိုင်လောက်အောင် များပြားနေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။ ၎င်းတို့မှာ အရပ်မျက်နှာ အနှံ့မှနေ၍ ထိုကျင့်ကြံသူကြီး သုံးယောက်ဆီသို့ အင်အားအလုံးအရင်းဖြင့် ပြေးလာကြ၏။ ခပ်လှမ်းလှမ်းတွင်မူ အုတ်ဂူများထဲရှိ ရုပ်အလောင်းကြီးများမှာလည်း ထပ်၍ ထွက်ပေါ်လာကြပြီး အခြားရုပ်အလောင်းကြီးများနှင့်အတူ ပူးပေါင်းကာ ထိုကျင့်ကြံသူကြီးသုံးယောက်ဆီသို့ ပြေးသွားလိုက်ကြတော့သည်။
ထိုကျင့်ကြံသူကြီးသုံးယောက်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ မကျေမချမ်း ဖြစ်သွားရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် မြေကြီးထဲ၌ ပေါ်ပေါက်လာသည့် ထွက်ပေါက်နှင့်တူသော ဂူကြီးတစ်လုံးဆီသို့ ပြေးသွားနေသည်ကို မြင်လိုက်ရသည်။
သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် သူတို့၏မျက်စိရှေ့မှ အကြိမ်ကြိမ်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသောကြောင့် သူတို့၏ သတ်ဖြတ်လိုစိတ်များနှင့် ဒေါသစိတ်များကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ အထူးသဖြင့် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ အဆိုးဆုံးဖြစ်နေ၏။ သူသည် အမြော်အမြင်ရှိသူတစ်ယောက် ဖြစ်သောကြောင့် လက်ရှိတွင် သူတို့မှာ ထိုကျိုးရိရှန်ဆိုသူအား ထွက်ပြေးလွတ်မြောက်သွားခွင့် ပေး၍မဖြစ်ကြောင်း သိထား၏။ ထိုသို့သာမဟုတ်ပါက အခြေအနေများမှာ ပြောင်းလဲသွားမည်သာဖြစ်သည်။
ထိုအတွေးများကြောင့် သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ သိသာထင်ရှားစွာ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခု ထပ်၍ဖော်လိုက်သောအခါ အနက်ရောင်သစ်ရွက်လေးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ထိုကျင့်ကြံသူကြီး သူ၏လက်အား ဝှေ့ယမ်းလိုက်သောအခါ ထိုသစ်ရွက်လေးမှာ လေဟာနယ်ထဲတွင် ဖြတ်ပျံသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ဘေးပတ်ပတ်လည်၌ ရုပ်အလောင်းကြီးများ၏ ပိတ်ဆို့ခြင်းကို ခံထားရသည်တိုင်အောင် ထိုအနက်ရောင်သစ်ရွက်လေးမှာ အလွန်အင်မတန်မှ လျင်မြန်နေပြီး စွမ်းအင်အမြောက်အမြား စုစည်းထားခဲ့သောကြောင့် ရုပ်အလောင်းကြီးများ ရှိနေသည့် လူအုပ်ကြီး၏ ကြားထဲ၌ လမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်မျှသာ ကွာဝေးတော့သည်ဖြစ်သည်။
သစ်ရွက်လေး၏ အမြန်နှုန်းအရဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုသစ်ရွက်လေး သူ၏ခန္ဓာကိုယ်အား ထိုးဖောက်ကာ သူ့အား မချေမှုန်းပစ်ခင်တွင် မြေအောက်ဂူကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ ရုတ်တရက်ဆိုသလို အန္တရာယ်ကြီးတစ်ခုကို ချက်ချင်းဆိုသလို ခံစားလိုက်ရတော့သည်။
သူသည် ပုန်းကွယ်နိုင်စွမ်းလည်း မရှိသလို ၎င်းအား တားဆီးပိတ်ဆို့နိုင်စွမ်းလည်း မရှိရာ မလွဲမသွေ သေဆုံးသွားရတော့မည်သာ ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အဖြစ်ခံမည်မဟုတ်ပေ။ ထို့ကြောင့် သူ၏နဖူးပေါ်၌ သွေးကြောကြီးများ ထောင်မတ်လာပြီး သူသည် ခပ်ဩဩအသံကြီးဖြင့် အော်ဟစ်လိုက်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်မိုးကြိုးသွားလေးခု ပေါ်ပေါက်လာတော့သည်။ ထို့အပြင် သူ၎င်းအား ခုခံတားဆီးရန် ကြိုးစားနေချိန်တွင် အမှောင်မီးတောက်မှာလည်း ပေါ်ပေါက်လာတော့သည်။
ထိုအမှောင်မီးတောက် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်ကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားကြပြီး မြေအောက်ကမ္ဘာကြီး၏ ဒုတိယ အထပ်တစ်ထပ်လုံးထဲ အားကောင်းသော စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်နှက်သွားသည်။ ထို စိတ်ဆန္ဒထဲတွင် ဒေါသများ၊ စိုးရိမ်စိတ်များနှင့် အသံတိတ် အော်ဟစ်သံများ ကိန်းအောင်းနေ၏။ ၎င်းတို့မှာ စိတ်ဆန္ဒနိယာမတစ်ခုအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုနိယာမကြီးကြောင့် ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာပြီး အုတ်ဂူကျောက်စာတိုင်များအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းတွင် မြေကြီးထဲမှ ပြုတ်ထွက်လာကြ၏။ ၎င်းတို့မှာ အားတစ်မျိုး၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ဝမ်ပေါင်လဲ့နှင့် အနက်ရောင်သစ်ရွက်လေး၏ ကြား၌ အကာအရံ အတားအဆီးများကဲ့သို့ ဖြစ်သွားကြတော့သည်။
ထို့ကြောင့် တဒုန်းဒုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ သစ်ရွက်လေးအား ပိတ်ဆို့တားဆီးနေသည့် အုတ်ဂူကျောက်စာတိုင်များမှာ ၎င်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် တစ်စစီကြေမွပျက်စီးသွားကြ၏။ သို့သော် အုတ်ဂူကျောက်စာတိုင်ပေါင်း မြောက်မြားစွာ ရှိနေသည်ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာခဲ့သောကြောင့် ၎င်းတို့ကြားရှိ ပေတစ်ထောင်အကွာအဝေးမှာ ပို၍ပင် ဝေးကွာသွားရ၏။ ကျောက်စာတိုင်ပေါင်း မြောက်မြားစွာမှာ ဆက်တိုက်ဆိုသလို အသွင်ပြောင်းလဲသွားကြပြီး အတားအဆီး အကာအရံကြီးတစ်ခု ဖန်တီးကာ အနက်ရောင်သစ်ရွက်လေး၏ စွမ်းအားကို လျော့နည်းသွားအောင် လုပ်လိုက်ကြတော့သည်။
နောက်ဆုံးတွင် ထိုသစ်ရွက်လေးမှာ ၎င်း၏ရှေ့၌ ပေါ်ပေါက်လာသော နောက်ဆုံး ကျောက်စာတိုင်အား ထိုးဖောက်သွားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အနားသို့ ရောက်ရှိလာ၏။ ထို့နောက် ၎င်းမှာ သူ၏ ကောင်းကင်မိုးကြိုးသွားကို ဖျက်ဆီးကာ သူ၏အမှောင်မီးတောက်အား ထိုးဖောက်သွားပြီးနောက် သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာ၏။ သူသည် သူ၏ ရင်ဘတ်ပေါ်သို့ ပြင်းအားကြီးတစ်ခု ကျရောက်လာပြီး သူ၏ အရိုးများကို ခြေမွှပစ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူသည် သေဆုံးသွားခြင်း မရှိပေ။
ထိုသစ်ရွက်လေးမှာ အစွမ်းထက်ပါသော်လည်း ဤကမ္ဘာကြီးထဲရှိ စိတ်ဆန္ဒနိယာမကြီးကြောင့် ၎င်းမှာ သိသိသာသာ အားလျော့သွားခဲ့ရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာလည်း တောင့်တင်းခိုင်မာနေသည်ဖြစ်ပြီး သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာလည်း အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသည်မဟုတ်ပါလော။ ထိုအချက်များအားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ အပြင်းအထန် ဒဏ်ရာရရှိသွားသည့်တိုင်အောင် အသက်ရှင်နေဆဲပင်။
သူသည် ကြိုးစားရုန်းကန်ရင်း ထိုပြင်းအားကို အသုံးပြု၍ ထွက်ပြေးသွားပြီး ဂူထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဂူကြီးမှာ ပျောက်ကွယ်သွားသဖြင့် ထိုနေရာကြီးတစ်ခုလုံးထဲ၌ ထွက်ပေါက် တစ်ပေါက်တလေပင် ရှိမနေတော့ပေ။