Switch Mode

အပိုင်း (၈) – စာအုပ်ပြခန်း

“သမီးက စာဖတ်ချင်တယ်” ရှီမာလိုင် အော်လိုက်ပြိး စားနေရင်းနှင့် သီးသွားပြီး စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။ သူ၏ ထူးခြားသော တုန့်ပြန်မှုကြောင့် မီးဖိုဆောင်တစ်ခုလုံး သခင်လေးအပေါ်တွင် အာရုံများရောက်လာကြသည်။ သူတို့၏ လည်ပင်းများရှည်ထွက်လာကြပြီး စပ်စုသော အကြည့်ဖြင့် စိတ်ဝင်စားမှု ကိုပြသနေကြသည်။

ပြောရမည်ဆိုလျှင် ဘယ်သူမှ သူတို့၏ တုန့်ပြန်မှုကို အပြစ်တင်လို့မရပေ။ အမှိုက်ဟု ကင်ပွန်းအတပ်ခံရသော ရှီမာယူယူသည် ကျောင်းကို နှစ်ရက်သာသွားပြီး စာဖတ်ဖို့ပြောဖို့သာမက နူးညံ့သော သခင်လေး၏ လက်ထဲတွင် စာအုပ်ကိုင်ထားသည် ကို မမြင်ဖူးကြပေ။ ရုတ်တရက်ပြောလိုက်သော ‘စာဖတ်ချင်တယ်’ ၊ ‘စာအုပ်ပြခန်းသွားမည်’ ဟူသောစကားများသည် အံ့သြဖွယ်ရာဖြစ်နေတော့သည်။

“အဟွတ် အဟွတ်” ရှီမာလိုင် စိတ်ကို တည်ငြိမ်စွာထားလိုက်ပြီး စိတ်ငြိမ်စွာပင်ပြောလိုက်သည်။ “သမီး စာအုပ်လိုချင်တယ်ဆို သွားကြည့်ရအောင်လေ”

သူပြောပြီးတာနှင့် ဖီးဖိုဆောင်မှ ခြေလမ်းကျယ်ကြီးနှင့် ထွက်သွားသည်နှင့် ယူယူ လျင်မြန်စွာနောက်မှ လိုက်သွားလေသည်။ သူတို့ ကျယ်ပြန့်သော ခြံဝန်းမရောက်ခင် အဆောက်အဦး သုံးခုအားဖြတ်ကျော်ရသည်။

ကျယ်ပြန့်သော ကွင်းပြင်အလယ်တွင် ရိုးရှင်းသော အဆောက်အဦးတစ်ခု၊ ထိုအဆောက်အဦးသည် မည်သူမျှ စာအုပ်ပြခန်းဟု ခန့်မှန်းနိုင်မည်မဟုတ်ပေ။

“ဒီမှာ ရောက်ပြီ စာအုပ်ပြခန်း” ရှီမာလိုင် မိတ်ဆက်လိုက်ပြီး သူ၏လက်ဖြန့်လိုက်သည်နှင့် ရုတ်တရက် သော့တစ်စုံပေါ်လာသည်။ သူ၏ လက်စွပ်မှ သော့ကို ထုတ်ယူလိုက်သည်။ သော့ဖွင့်ပြီးနောက် တံခါးကို ညင်သာစွာတွန်းဖွင့်လိုက်သည်နှင့် မှိုစော်နံနေသော စာအုပ်အနံ့က သူတို့အားကြိုဆိုနေကြသည်။

စာအုပ်ပြခန်းသည် သူတို့ခြံဝင်းနှင့် ဝင်ပေါက်ကြားတွင်ရှိသော်လည်း ဒါဟာ သူမ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ အရင် ရှီမာယူယူသည် ဒီကို တစ်ခါမှ မလာဘူးထင်ပါရဲ့။

“ဒီမှာ သမီးသော့” ရှီမာလိုင် သူ့လက်ကိုဖြန့်လိုက်သည်နှင့် နောက်ထပ်သော့တစ်ချောင်းထွက်ပေါ်လာပြီး သူမကို ပေးလိုက်သည်။

ရှီမာယူယူသော့ကိုယူပြီး အိတ်ထဲသို့ထည့်လိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင်မရှိသည့်အတွက် ကျင့်ကြံ၍မရသောကြောင့် မှော်ဝင်လက်စွပ်အားအသုံးပြု၍မရပေ။

“ကောင်းပြီ သမီးဖတ်ချင်တာဖတ်တော့၊ အချိန်ယူပြီးဖတ်၊ အဘိုးလုပ်စရာရှိသေးတယ် အဘိုးစာဖတ်ခန်းမှာ ရှိနေမယ်။ တကယ်လို့ လိုအပ်တာရှိရင် ဘယ်မှာလာရှာရမလဲ သိတယ်မလား”  သူမ အခန်းထဲသို့ ဝင်လာပြီးနောက် ရှီမာလိုက်ထွက်သွားလေသည်။

ရှီမာယူယူခေါင်းညိတ်လိုက်ပြီး သူ၏ နောက်ကျောကိုကြည့်ပြီး အခန်းတွင်းပြင်ဆင်မှကို ကြည့်ရှုလိုက်သည်။

အခုလက်ရှိခန္ဓာကိုယ်သည် ပြဿနာတစ်ချို့ရှိမှန်းသိသော်လည်း ဆေးရွက်များနှင့် ပစ္စည်းကိရိယာများလည်း ကွာခြားမှုရှိသောကြောင့် နာမည်များသာ ကွာခြားမှုရှိစေရန် သူမမျှော်လင့်မိသည်။ ကွဲပြားခြားနားသော ဂုဏ်သတ္တိများအကြောင်းပိုသိဖို့လိုအပ်ပြီး သူမကိုယ်ကို ဆေးကုသရန် လေ့လာဖို့လိုအပ်သည်။ ပြီးတော့ အမှိုက်ဟူသော အမည်ကို ဖျောက်ဖျက်ရမည်။

စာအုပ်ပြခန်း၏ ပြင်ဆင်မှုကို ရှီမာယူယူ အံ့သြစွာကြည့်မိသည်။ အပြင်ပုံပန်းသဏ္ဌာန်သည် ပုံမှန်အဆောက်အဦးနှင့် ဆင်တူသော်လည်း အထဲတွင်တော့ လုံးဝခြားနားသွားသည်။ သူမ၏ အာရုံကို ဖမ်းစားသွားသည်မှာတော့ အဆင့်လေးဆင့်ကို ဆက်သွယ်ထားသော ကြောင်လိမ်လှေကားပင်၊ တစ်ဆင့်ချင်းတွင် စာအုပ်များရှိနေပြီး နံရံကပ်အဆင့်များသည် မျက်နှာကြက်ကို ထိနေသည်။ ဘယ်လောက်တောင်ကြီးကျယ် ခမ်းနားလိုက်သလဲ။

ထို့အပြင် အတိုင်းအတာမှာ လုံးဝပင် ခြားနားနေသည်။ အပြင်မှကြည့်လျှင် သူမ ယခုကြည့်နေသလောက် ကျယ်မည်ဟုမထင်ရပေ။ ပထမအထပ်၏ အကျယ်သည်ပင်လျှင် ဘောလုံးကွင်းလောက်ရှိသည်။ တစ်ဆင့်ချင်းဆီ သေးသွားသော်လည်း ထိပ်ဆုံးအထပ်၏ အရွယ်အစားသည် ဘေ့စ်ဘောကွင်းထပ်ပင် ကျယ်နေသေးသည်။

“အိုး ဒါ ဘာမှော်အတတ်လဲ။ အရမ်းကို ဆန်းကျယ်နေပါလား”

သူမ နောက်ဆုံးတွင် မူလအခြေအနေသို့ရောက်ရှိလာပြီး စိုးရိမ်မှုများရှိလာသည်။ “ဒီလောက် စာအုပ်တွေအများကြီး ငါဘယ်က စပြီးကြည့်ရမှာလဲ။ စောစောကသိရင် အဘိုးကို မေးလိုက်ပါတယ်” သူမ နောင်တရစွာ သက်ပြင်းချလိုက်ပြီး ရှေ့တွင်ရှိသော ကူညီရာမဲ့နေသော စုဆောင်းထားသည့်စာအုပ်များကို ကြည့်လိုက်သည်။

သူမ စင်ပေါ်မှ စာအုပ်များကို စတင်ရှာဖွေပြီးနောက်ခဏအကြာတွင် စာအုပ်များသည် ကွဲပြားသော အမျိုးအစားအရ စီထားသည်ကို တွေ့ရသည်။ ဒီစင်ပေါ်မှ စာအုပ်တန်းသည် ခေါင်းစဉ်အမျိုးအစားတစ်ခု၊  နောက်ဆယ်တန်းသည် ဆင်တူသော အမျိုးအစားတစ်ခုဖြစ်သည်။

“ဟားဟား ရှာတွေ့ပြီ” သူမ စိတ်ချသည့်အနေနှင့် ပြောလိုက်သည်။ သူမ နှစ်နာရီလောက် ပိုက်စိပ်တိုက်ရှာပြီးနောက် သူမ ရှာနေသော အမျိုးအစားကိုတွေ့ရှိလေပြီ။ သူမ စာအုပ်များကို လေးနက်စွာ ကြည့်လိုက်ပြီး ထိုစင်မှ စာအုပ်များသည် အိမ်တွင်း ဆေးကုသမှုဆိုင်ရာ စာအုပ်များဖြစ်ကြသည်။

သူမ အချိန်အတော်ကြာအောင်ကြည့်ပြီးနောက်တွင်တော့ အမျိုးစုံသော ဆေးများနှင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာအကြောင်း စာအုပ်ကိုရှာတွေ့သွားပြီး ထိုအဆင့်တွင် တူညီသော စာအုပ်အမျိုးအစားများသာရှိ သည်။

သူမ ဗိုက်သည် အသံမြည်လာသည့်အတွက် အရှုံးပေးလိုက်သလိုမျိုး သူမ ဝမ်းဗိုက်ကို ဖိလိုက်သည်။ သူမ စာအုပ် အချို့ကို အမြန်ဆွဲထုတ်လိုက်ပြီး လက်ထဲတွင်ပိုက်ကာ စာအုပ်ပြခန်းမှ ထွက်လာလိုက်သည်။ သူမထွက်သွားသည်နှင့် တံခါးကို လုံခြုံစွာ သော့ခတ်ထားခဲ့လိုက်သည်။

အချိန်ကတော့ ညအချိန်ရောက်သွားပြီး အပြင်မှာလုံး၀ မှောင်နေပြီဖြစ်သည်။ ရှီမာယူယူ သူမကိုယ်ပိုင် ဝင်းထဲရောက်ချိန်မှာတော့ ယွန်ယူနှင့် ချွန်ဂျီအန် တို့သည် သူတို့သခင်လေးသည် စာအုပ်များ တပွေ့တပိုက်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ သူတို့ ကူညီရန် ပြေးလာပြီး မေးလိုက်သည် “သခင်လေး ညစာ သုံးဆောင်တော့မလားရှင့်”

“စားမယ် ငါ အရမ်းဆာနေပြီ၊ ငါ့အခန်းထဲကို တိုက်ရိုက်ယူလာခဲ့လိုက်တော့၊ ပြီးတော့ ယွန်ယူ၊ နောက်နှစ်ရက်မှာ မိသားစုထမင်းဝိုင်းမှာမစားပဲ ကိုယ့်အခန်းမှာပဲစားမယ်လို့ အဘိုးကိုပြောပေး”

ရှီမာယူူယူ သူမအခန်းမသွားခင် ဝမ်းဗိုက်ကို ပွတ်လိုက်သည်။

ယွန်ယူ ရှီမာလိုင်ကို သွားမပြောခင်မှာ စာအုပ်အပုံကြီးကို ယူလာပြီး စာပွဲပေါ်တွင်နေရာချနေစဉ်မှာ ချွန်ဂျီအန် ကတော့ ရှီမာယူယူ အတွက် ညစာကိုပြင်ဆင်ရန် မီးဖိုဆောင်ကို ထွက်သွားလေသည်။

ရှီမာယူူယူ စာအုပ်ကိုရွေးလိုက်ပြီး စာ စဖတ်တော့သည်။ သူမ ဒီတစ်ကြိမ်တွင် ယူလာသော စာအုပ်များသည် ယေဘုယျကျပြီး ဒီကမ္ဘာမှ ဆေးဝါးများနှင့် ပစ္စည်းများအကြောင်းကို အခြေခံ မိတ်ဆက်ထားသော စာအုပ်ဖြစ်သည်။ ဒါဟာ များစွာသော ဆေးများနှင့် ပစ္စည်းများကို လေ့လာရန် အကောင်းဆုံးစတင်မှုဖြစ်ပြီး မတူညီသော ကမ္ဘာနှစ်ခုကို စေ့စပ်ပေးသည့်အရာပင်။ အရင် ကမ္ဘာတွင် သူမသည် သာမာန်လူများနှင့် ယှဉ်လျှင် ထူးချွန်သည်ဟုပြောရမည်။ ထို့ကြောင့်ပင် အချိန်အနည်းငယ်သာ ယူပြီးလေ့လာဖို့ လိုအပ်သည်။ ထပ်ပြီးပြောရလျှင် သူမသည် တရုတ်တိုင်းရင်းဆေးပညာ အဓိကလေံလာခဲ့ပြီး မျိုးစုံသော ဆေးဝါးများနှင့် ပစ္စည်း ကိရိယာများနှင့် မစိမ်းပေ။ ထို့အပြင် သူမသည် မတူညီသော ရှုထောင့်ကိုသာ ရှာသည့်အတွက် သူမ စာဖတ်နှုန်းသည် မြန်ဆန်နေတော့သည်။

ညစာပြင်ဆင်ပြီးချိန်မှာတော့ သူမ ပထမစာအုပ်၏ တစ်ဝက်ကိုပင် ဖတ်ပြီးသွားပြီဖြစ်သည်။ ချွန်ဂျီအန် ညစာကိုယူဆောင်လာချိန်မှာ သူမ၏ သခင်လေးသည် ပေါ့ပေါ့တန်တန်ပင် စာအုပ်ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ မတတ်နိုင်သလိုနှင့် ခေါင်းခါရမ်းလိုက်သည်။ ဒါဟာ ပုံမှန်အားဖြင့် သူမ၏ သခင်လေးသည် စာဖတ်လေ့ဖတ်ထ မရှိသည်ကို ပေါ်လွင်နေသည်။

“သခင်လေး ညစာ အဆင်သင့်ဖြစ်နေပါပြီ” ချွန်ဂျီအန် စားပွဲပေါ်သို့ အစားအစာများကို ညင်သာစွာခင်းကျင်းနေ လိုက်သည်။

ရှီမာယူယူ ချက်ချင်းပင် စာအုပ်ကိုချလိုက်ပြီး သူမ၏ အကြည့်များသည် စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်လိုက်သည်။ ပူပူနွေးနွေး အငွေ့ထွက်နေသော ဟင်းလျာများသည် အမြင်အရ ဆွဲဆောင်မှုရှိပြီး အရင်ကနဲ့ယှဉ်လျှင် တခြားဆီဖြစ်နေသည်။ သူမ နှာခမ်းသပ်လိုက်ပြီး  ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် “ငါပြောတဲ့ အစားအသောက်ဆိုတာ ဒါပဲ”

သူမ ညစာကို စားသောက်ပြီးသည့်နောက်တွင် အစေခံများကို ခေါ်ပြီး စားပွဲကိုရှင်းစေပြီးနောက် စာကို ညလုံးပေါက်ဖတ်တော့သည်။

သူမ ပထမစာအုပ်ကို ဖတ်ပြီးနောက်မှာတော့ အရင်ကမ္ဘာနှင့် ဆေးများနှင့် ပစ္စည်းများသည် ဆင်တူ၍ တစ်ချို့အရာများသာ ကွဲပြားသည်ကိုတွေ့ရှိရသည်။ ဥပမာအနေနှင့် အမည်မတူသော်လည်း အာနိသင်တူသည်။ သို့သော် သူမ ဟိုဖက်မှလာသည်ဖြစ်၍ အမည်မရင်းနှီးသည်များလည်းရှိသည်။

သို့သော် သူမရှာတွေ့ခဲ့သော စာအုပ်များသည် တူညီသောဆင်မှ ယူလာပြီး တူညီသော အမျိုးအစားများကိုခွဲခြား ထားသည်များဖြစ်သည်။ ဒါကိုသတိထားမိပြီး သူမ အမျိုးအစားတစ်ခုချင်းစီကို အလျင်အမြန်ဖတ်လိုက်ပြီး ဆေးများအကြောင်းကို ဂရုတစိုက် လေ့လာနေတော့သည်။

“ငါ စာအုပ်တွေအရင်ဖတ်လိုက်မိတာ ကံကောင်းလို့၊ နာမည်တစ်ဝက်လောက်က အရင်နဲ့မတူဘူးပဲ”

ရှီမာယူယူ ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သမ်းဝေမှုကို ထိန်းချုပ်လိုက်ပြီး မကြာခင် အရုဏ်တက်တော့မည်ကို သတိမထားခင်မှာပဲ သူမချရေးထားသော ဆေးစာများကို ကြည့်လိုက်သည်။

သူမ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရသည့်အပြင် တစ်ညလုံး စာဖတ်ထားသည့်အတွက် အနားယူတဲ့အချိန်မှာတော့ မျက်ခွံများလေးလံလာတော့သည်။ သူမအိပ်ရာပေါ်လှဲလိုက်ပြီး ခေါင်းအုံးနှင့် ခေါင်း ထိလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ဒီညမှာတော့ သူမ အိမ်မက်မမက်ပါ။ သူမ နှိုးလာချိန်မှာတော့ နေ့လည်ရောက်နေလေပြီ။ သူမ မျက်လုံးများ ဖွင့်လိုက်သောအခါ မူးနောက်စွာ ကြည့်ရှုလိုက်ပြီး ရှေးကျသော ခြင်ထောင်ကို ဂရုပြုမိလိုက်သည်။ အချိန်ခဏ လောက်ပင် သူမ အိမ်မက်မက်နေသည်ဟု ထင်လိုက်မိသည်။

“ဂွီ ဂွီ”

သူမ သတိကို တဖြည်းဖြည်း ပြန်ရောက်လာအောင် ပြုလုပ်ရင်း ဆာနေသော ဗိုက်သည် အချက်ပြလေပြီ။  သူမဘယ်နေရာရောက်နေလဲဆိုတာ မှတ်ဉာဏ်တွေဟာပြန်သတိပေးနေသည်။ သူမ နဖူးကို လက်ဖြင့်ထိလိုက်ပြီး ရွေရွတ်လိုက်သည် “အဲဒါဆို ဒါအိမ်မက်မှ မဟုတ်တာပဲ”

နောက်ဆုံးတော့ သူမ အိပ်ရာမှာ ထလာပြီး မျက်နှာသစ်၊ အဝတ်အစားလဲလိုက်သည်။ ချွန်ဂျီအန် အလျင်အမြန် နေ့လည်စာပြင်ဆင်ပြီး အခန်းထဲသို့ သယ်ဆောင်လာသည်။ နေ့လည်စာ စားပြီးနောက်မှာတော့ အပင်ပန်းခံ ချရေးထားသော ဆေးညွှန်းကိုယူပြီး ရှီမာလိုင် စာကြည့်ခန်းသို့ လမ်းလျှောက်ထွက်လာခဲ့တော့သည်။

ရှီမာလိုင် ရှီမာယူယူကိုမြင်လိုက်သောအခါတွင် အံ့သြသွားတော့သည်။ သူမ နောက်ထပ်နှစ်ရက်လောက် အခန်းထဲမှာစာဖတ်မယ်လို့ မနေ့ညကမှ ပြောထားတာမလား။ ဘာလို့ အစောကြီးထွက်လာတာလဲ။ သူမ နှစ်ရက်လောက်မနေနိုင်တော့လို့လား။ ဒါမှမဟုတ် တစ်ခုခုဖြစ်လို့လား။

“အဘိုး သမီးမေးစရာရှိလို့” သူမ တည့်တိုးပဲမေးလိုက်ပြီး လေးလေးနက်နက် ကြည့်လိုက်သည်။

“ဘာကိစ္စလဲ” ရှီမာလိုင် ရှီမာယူယူ၏ လေးနက်သော အမူအရာကို မြင်သည်နှင့် လက်ကိုမြှောက်လိုက်ပြီး ကိုယ်ရံတော်များကို အခန်းထဲမှ ထွက်သွားရန် အချက်ပြလိုက်သည်။

ရှီမာယူယူ ခုံကိုဆွဲယူလိုက်ပြီး သူ့စားပွဲ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး မေးလိုက်သည် “အဘိုး သမီးဘာကြောင့် ကျင့်ကြံလို့မရလဲ သိလား”


Comment

Leave a Reply

Options

not work with dark mode
Reset