မျက်လုံးများစွာက လေထဲမှ ရီဖူရှင်းထံ ရောက်နေကြသည်။ ထိုအခိုက်တွင် သူ၏ပုံဟန်မှာ ကြီးကျယ် ခမ်းနားလှသည်။ သူကား မူလကတည်းက ချောမောသော လူငယ်ဖြစ်သည်။ ယခု နတ်ငှက်ဝိညာဉ်အား ထုတ်လွှတ်လိုက်ကာ သူ၏ကျောတွင် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာ၏။ ယခု ရီဖူရှင်းကား နတ်ဘုရားတို့၏ ကိုယ်ရောင်ကိုယ်ဝါမျိုးကိုပင် ထုတ်လွှတ်ထားသည့်ဟန် အလွန်လှပ ခန့်ညားနေသည်။
သူ၏လက်တွင်ကား ရွှေရောင်နှင်တံတစ်ချောင်းကို ကိုင်ထားပြီး စွမ်းအင်လှိုင်းများက သူ့ကို ရစ်ပတ်ထားသည်။ ဖြစ်နိုင်သည်က သူ့တွင် ရှိသမျှ စွမ်းရည်များဖြင့် ယှဉ်ပြိုင်မည်ဆိုပါက ရီဖူရှင်းက မူယွန်ချူအား ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပေမည်။ သို့တိုင်အောင် သူတို့အကြားတွင် တန်ခိုးအဆင့် သုံးဆင့်မျှ ကွာဟနေသေးသည်။ လူတိုင်းက ထိုသို့တွေးလျက်ပင် ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ပါရမီရှင်အား စိန်ခေါ်မှုကို စိတ်ဝင်တစား ကြည့်နေကြသည်။
မူယွန်ချူက ရီဖူရှင်းအား သူ၏ ရွှေရောင်မျက်ခုံးများအား ကျဉ်းမြောင်းလျက် ကြည့်လိုက်သည်။ ထို့နောက် သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ သူက သက်စောင့်ဝိညာဉ် ရွှေရောင် ကြောင်မိစ္ဆာအား ထုတ်လွှတ်လိုက်သည်။ ကြောင်မိစ္ဆာ၏ မျက်လုံးများက မူယွန်ချူ၏ မျက်လုံးများကဲ့သို့ မိစ္ဆာအရိပ်အငွေ့များ ပြည့်နှက်နေသည်။ ထိုမျက်လုံးများအား သာမန်ကြည့်မိလျှင်ပင် ကြည့်မိသောသူကို အေးစက်သော ခံစားချက်များ ပေးသည်။
ရွှေရောင် အားလှိုင်းတစ်ခု မူယွန်ချန်၏ရှေ့တွင် ဖြစ်ပေါ်လာကာ ရွှေရောင် ဓားသွားများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုဓားသွားများက မူယွန်ချန်အား လှည့်ပတ်နေကြကာ စူးရှသော လေတိုးသံများကိုပင် ကြားနေရသည်။ ထိုပညာကား သာမန် သတ္တုမှော်စွမ်းအင် မဟုတ်ဘဲ အလွန် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များ ရောနှော ပါဝင်နေပေသည်။
မူယွန်ချန်ကား အဓိကအားဖြင့် စိတ်ဝိညာဉ် စွမ်းအင်သုံး မှော်ထိန်းချုပ်သူ ဖြစ်သည်။ သူ၏စိတ်ဝိညာဉ် စွမ်းအင် ထောက်ပံ့ထားသော သတ္တုစွမ်းအင်များကား တခြားလူများ၏ သတ္တုစွမ်းအင်များထက် အဆများစွာ အားကောင်းသည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်ပင်လျှင် မူယွန်ချန်လောက် သတ္တုစွမ်းအင် ထိန်းချုပ်မှုတွင် အားမကောင်းပေ။ သူကား သိုင်းပညာကို လေ့ကျင့်ရန်ပင် မလိုပေ။ သူ၏သတ္တုစွမ်းအင်များကား တိုက်ခိုက်ရန်နှင့် ခုခံရန်အတွက် လုံလုံလောက်လောက် အားကောင်းပေသည်။
“မူယွန်ချန်က လန်ချူဖန်းထက် ပိုပြီး ထက်မြက်တာ သေချာတယ်… ရီဖူရှင်းက သူ့တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား…” လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။ မူယွန်ချန်၏ စွမ်းအင် ထုတ်လွှတ်မှုများအား လက်တွေ့မြင်ရလျှင် မူလက ရီဖူရှင်းအပေါ် မျှော်လင့်ထားကြသော သူများပင်လျှင် သံသယ ဝင်လာကြသည်။ ရွှေရောင်ဓားမုန်တိုင်းများဖြင့် လှည့်ပတ်ထားသော မူယွန်ချန်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူက ထိုထက်မြက်လှသော ဓားသွားများအား ကစားစရာများနှယ် အလွယ်တကူ ထိန်းချုပ်ထားသည်။
ဟန်မိုက ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အုပ်စုတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ရီဖူရှင်း မည်မျှ ပါရမီ ပါသည်ကို သူမြင်သည်။ သို့သော် သည်လူငယ်လေးကား ယခု သူ၏ကျောင်းဆောင်ကို ဆန့်ကျင်နေသည်။ ထို့ကြောင့် သူတို့က သူ့အား ရှင်းပစ်ရန် လိုအပ်သည်။ ယခု ရီဖူရှင်းက သူ၏ဆန္ဒဖြင့်ပင်လျှင် အသေသတ်ပွဲအား အဆိုပြုခဲ့ရာ သူတို့အတွက် အလုပ်ရှုပ် သက်သာသွားသည်။
“မင်းက သေဖို့ တောင်းဆိုနေမှတော့ ငါက သတ်ပေးရတာပေါ့…” မူယွန်ချန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏စကားဆုံးသည်နှင့် သူ့အား လှည့်ပတ်နေသော ဓားသွားများက လေကိုခွင်း၍ ရီဖူရှင်းထံ တိုးဝင်လာနေကြသည်။ ပြည့်စုံသော ပေါင်းစပ် တိုက်ကွက်များကြောင့် ကျောက်မူသုံးသော ဓားသွားများထက် အဆမတန် ပို၍ အစွမ်းထက်လှသည်။ ထို့အပြင် ကျောက်မူနှင့် မူယွန်ချန်မှာလည်း တန်ခိုးအဆင့် အလွန်အမင်း ကွာခြားလွန်းလှသည်။
ရီဖူရှင်းက သူ၏လက်ထဲမှ နှင်တံအား ကစားလိုက်သည်။ ကြီးမားသော အားလှိုင်းများ စုစည်းမိလျှင် သူက ရှေ့ကို တစ်လှမ်းတက်လိုက်ပြီး သူ၏ကျောမှ အတောင်ပံများအား လှုပ်ခတ်လိုက်သည်။ ထို့နောက် လျှပ်စီး၏အမြန်နှုန်းဖြင့် ရီဖူရှင်း ကောင်းကင်သို့ ပျံတက်သွားသည်။
မူယွန်ချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏အာရုံများအား အပေါ်သို့ စူးစိုက်ထားလိုက်သည်။ ဓားသွားများက ချက်ချင်း လမ်းကြောင်းပြောင်းကာ ရီဖူရှင်းအား တိုက်ခိုက်ကြသည်။ မူယွန်ချန်က လေဓာတ်ကို အထူးမပြုသော်လည်း သူက လေပေါ်တွင် ပျံနိုင်သော မှော်ဆရာကို မကြောက်ပေ။
ရီဖူရှင်းက လျင်မြန်စွာ ရွေ့လျားနေသည်။ သူ၏ခြေလှမ်းတိုင်းက နတ်ငှက်ကဲ့သို့ လှပညက်ညောလှသည်။ သူက တိမ်များအကြား လျင်မြန်စွာ ဖြတ်သန်း သွားသော်လည်း ဓားသွားများက အဆက်မပြတ် သူ့နောက်ကို လိုက်လာနေကြ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ကိုယ်တွင် ဖြစ်ပေါ်လာနေသော အားလှိုင်းများမှာ ပိုမို၍ ကြီးမားလာနေသည်။ တူညီသော ရွှေရောင်အားလှိုင်း တစ်ခုကလည်း သူ့နောက်မှ လျင်မြန်စွာ လိုက်လာနေသည်။ သူ ဆုပ်ကိုင်ထားသော ရွှေရောင်နှင်တံမှာလည်း ပိုမို၍ ကျစ်လျစ် သိပ်သည်းလာနေသည်။
“မင်းက ဘယ်လောက်အထိ ပြေးနေဖို့ တွေးထားလဲ…” မူယွန်ချန် အေးစက်စွာ ပြောလိုက်သည်။ ထိုသို့ပြောပြီးသည့် အချိန်တွင်ပင် ရီဖူရှင်းက သူ့အပေါ် လေထဲမှ ရုတ်တရက် ပေါ်လာသည်။ သူကား သူ့အပေါ် တိုက်ခိုက်လာမှုများကို ဆက်လက် မရှောင်ဖယ်တော့ပေ။ သူက ကြီးမားသော ရွှေရောင်နှင်တံအား ဆုပ်ကိုင်ကာ အပေါ်မှ ရိုက်ချလိုက်သည်။ ပရိသတ်များကား ရီဖူရှင်း၏ပုံသဏ္ဌာန်ကိုပင် မမြင်ကြရတော့ပေ။ သူတို့၏ မျက်လုံးထဲတွင်ကား မြေပြင်မှ အရာခပ်သိမ်းအား ဖျက်ဆီးမည့်ဟန်ဖြင့် ကောင်းကင်မှ အလွန်ကြီးမားသာ ရွှေရောင် နှင်တံအရိပ်သဏ္ဌာန် တစ်ခု ဆင်းသက်လာသည်ကို သာ မြင်ကြရ၏။
ကြောက်မက်ဖွယ် ဓားသွားများကား နောက်ဆုံးတွင် နှင်တံကြီး၏ အားအဟုန်ကြောင့်ပင် အမှုန့်များအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားကြတော့သည်။ မူယွန်ချန်က အပေါ်ကို မော့ကြည့်လိုက်လျှင် ရီဖူရှင်းက သူ့ထံ ခုန်ဝင်လာသည်ကို တွေ့ရသည်။ ထိုသို့ ကြည့်လိုက်ပြီးသည်နှင့် မူယွန်ချန်၏နောက်မှ ကြောင်မိစ္ဆာ၏ မျက်လုံးများမှာ မီးဝင်းဝင်း တောက်လာ၏။ ကြောက်မက်ဖွယ် ရွှေရောင်ဓားမုန်တိုင်းက နောက်ဆုံးတွင် ကြီးမားလှသော ဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။ သူ၏မိစ္ဆာမျက်လုံးများ စူးရဲစွာဖြင့် မူယွန်ချန်က အော်ဟစ်လိုက်သည်…”သေစမ်း…” ကြီးမားလှသော ရွှေဓားကြီးက ကောင်းကင်သို့ ထိုးတက်သွားသည်။
ဘန်း… နှင်တံနှင့် ဓားတို့ ရင်ဆိုင်မိကာ ကျယ်လောင်သော အသံတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်ဓား ပြိုလဲသွားသည်။ သို့သော် သူက ရီဖူရှင်း၏တိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့၏။ ထိုအရာက လေထဲတွင် ရပ်တန့်သွားသည်။ ထိုနေရာတွင်ပင် ရီဖူရှင်းက အတောင်ပံအား ဖြန့်ကားလျက် လေထဲတွင် ပျံဝဲနေသည်။ ရုတ်တရက် သူ၏နှင်တံမှ အားလှိုင်းများ ထပ်မံဖြစ်ပေါ်လာကာ မူလအားထက် ပြင်းထန်သော စွမ်းအင်များ လျင်မြန်စွာ စုစည်းလာသည်။
မူယွန်ချန်က မည်သို့ ဖြစ်ပျက်နေသည်ကို ခံစားမိကာ သူ၏မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူ၏လက်နှစ်ဖက်လုံးအား အလျင်အမြန် ဆန့်ထုတ်လိုက်သည်။ ရွှေရောင်မုန်တိုင်းက နောက်တစ်ကြိမ် ဖြစ်ပေါ်လာကာ အရံအတားများ အနေဖြင့် သူ့အား အထပ်ထပ် ကာရံလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင် ပိုးချည်မျှင်များက လေကိုခွင်း၍ ရီဖူရှင်းအား တိုက်ခိုက်ကြသည်။ သည်မှော်သိုင်းကွက်ကား ခုခံရန်အတွက် သုံးနိုင်သလို တစ်ချိန်တည်းမှာပင် ရန်သူအား တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ရီဖူရှင်း၏မျက်နှာကား အေးစက်နေဆဲပင်။ သူက လေထဲတွင် ပျံသန်းနေရင်း လျှပ်စီးတစ်ခုကဲ့သို့ ဖြစ်လာကာ မူယွန်ချန်အား အပေါ်မှစီး၍ တိုက်ခိုက်လိုပြန်သည်။ မူယွန်ချန်၏ တိုက်ကွက်က ထောင်ပေါင်းများစွာသော ရွှေရောင်ပိုးခြည်မျှင်များက သူ့အား ကာကွယ်လျက် အပ်တိုတစ်စင်းမျှပင် ဝင်ရောက်မရအောင် ပိတ်ဆို့ထားသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင် အလင်းတန်းများက ရီဖူရှင်းထံ တိုးဝင်သွားကြသည်။
နောက်ဆုံးတွင် ရီဖူရှင်းက မူယွန်ချူထံ ဆင်းသက်လာပြန်သည်။ ရီဖူရှင်းက သူ၏ ကောင်းကင်ကိုးဆင့် တိုက်ကွက်ထဲမှ ဒုတိယအကွက်… အတားအဆီးများအား ဖျက်ဆီးခြင်း… ကိုသုံးလိုက်သည်။
ဘုန်း… မူယွန်ချူ၏ ရွှေရောင် အရံအတားများ ပေါက်ကွဲ ထွက်သွားကာ အားပြင်းသော အားလှိုင်းက သူ့အား နောက်သို့ အနည်းငယ် လွင့်စဉ်သွားစေသော်လည်း အချိန်မီ ဟန်ချက် ထိန်းလိုက်နိုင်သည်။
ယခုကား လူတိုင်း၏အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ကား အလွန်အမင်း ထိတ်လန့်နေကြပြီ။
မည်ကဲ့သို့ တိုက်ခိုက်မှု နည်းစနစ်ပေနည်း။ ထိုသိုင်းကွက်ကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ အရှိန်အဝါ ကြီးမားလွန်းလှသည်။ သူ၏လမ်းတစ်လျှောက် မည်သည့် အတားအဆီးကိုမဆို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်ရှိကာ ရန်သူများကား အသက်ရှင်သန်ရန်ပင် အခွင့်အရေးမပေးဘဲ တစ်ချက်တည်းဖြင့် စိတ်ကြိုက် ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။
ထိုအခိုက်တွင် ရီဖူရှင်းကား အမှန်တကယ် စစ်နတ်ဘုရားငယ် ဖြစ်သည်။ သူ၏စွမ်းအင်များက မူယွန်ချန်၏ တိုက်ခိုက်မှု နှစ်ကြိမ်အား ပယ်ဖျက်နိုင်ရုံသာမက အချိန် ကြာလာသည်နှင့်အမျှ သူကား ပိုမို၍ပင် သန်စွမ်းလာသည်။ ရီဖူရှင်း၏လက်တွင် စုစည်းနေသော ကြောက်မက်ဖွယ် စွမ်းအင်များကို မြင်ပြီးနောက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူတိုင်းက မူယွန်ချန်အတွက် စိုးရိမ်လာကြသည်။ လက်ထောက်ကျောင်းအုပ် ဟန်မို၏မျက်နှာမှာလည်း ပျက်ယွင်းလာသည်။ ရီဖူရှင်း၏ နှင်တံတိုက်ကွက် ဒုတိယ ရိုက်ချက်မှာ ပထမ ရိုက်ချက်ထက် သိသာစွာ အားကောင်းလှသည်။ အကယ်၍ တတိယ ရိုက်ချက် ကျန်ရှိနေသေးပါက မူယွန်ချန် ဆက်လက် ခုခံနိုင်ရန် မဖြစ်နိုင်တော့ပေ။
ရီဖူရှင်းကလည်း အသင့်ပြင်လိုက်ကာ ရှေ့ကို တိုးသွားလိုက်သည်။ သူ၏စွမ်းအင် အရှိန်အဝါ သက်သက်ကပင် မူယွန်ချန်ကို ဖိအားများ ဝင်စေသည်။ ကျယ်လောင်စွာ အော်ဟစ်ပြီး မူယွန်ချန်က သူ၏စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုကာ သူ့အား ကာကွယ်ရန် ကြီးမားသော ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံးကို ဆင့်ခေါ်လိုက်သည်။ သူကား တိုက်ခိုက်မှုကို လုံးဝ စွန့်လွှတ်လိုက်ကာ ခုခံမှုတစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက်တော့သည်။
ရီဖူရှင်းက သူ၏အလျင်နှုန်း အပြည့်ဖြင့် တတိယ ရိုက်ချက်ကို ထုတ်လိုက်သည်။ တွန့်ဆုတ်ခြင်း မရှိပါဘဲ ရွှေရောင်နှင်တံက ရှေးဟောင်း ခေါင်းလောင်းကြီးအား သွားရောက် ရိုက်ခတ်လေသည်။ ခေါင်းလောင်းကြီးက အသံကျယ်လောင်စွာ ထွက်ပေါ်လာပြီး အက်ကွဲသွားသည်။ ထိုနောက်မှ ထပ်ဆင့် လိုက်ပါလာသည်ကား မူယွန်ချန်၏နာကျင်စွာ အော်ဟစ်လိုက်သော အသံဖြစ်သည်။ နှင်တံက ခေါင်းလောင်းကြီးအား ဖျက်ဆီးပြီးနောက် မူယွန်ချန်ထံသို့ တိုက်ရိုက် ထိမှန်ကာ သူကား မြေကြီးပေါ်သို့ လွင့်စဉ်သွားခဲ့လေသည်။ သူ၏ခန္ဓာမှာ မြေပြင်ပေါ်တွင် ရုပ်ပျက်ဆင်းပျက် လဲလျောင်းနေပြီး သူ၏ပါးစပ်မှ သွေးစိမ်းများ စီးကျလာနေသည်။ ချက်ချင်းပင် သူ၏မျက်နှာမှာလည်း ဖြူဆုတ်သွားသည်။ သိသာ ထင်ရှားစွာပင် မူယွန်ချန်ကား ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့။
“ဒါ…” လူအများအပြား ဆွံ့အသွားကြသည်။ သူတို့အားလုံး ထိတ်လန့် အံ့အားသင့်ကြရသည်။ ရီဖူရှင်းကား အလွန် ကြမ်းတမ်းလွန်းလှသည်။ သူ၏ပုံသဏ္ဌာန်ကို ကြည့်လျှင် သူကား အလွန်ခန့်ညား တင့်တယ်လှသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါမှ ပေးနေသော ခံစားချက်များမှာ သူ့လမ်းတွင် ပိတ်ပင်သူ ဟူသမျှမှာ ရွေးစရာ တစ်လမ်းသာရှိသည်… ထိုအရာကား သေလမ်းသာ ဖြစ်သည်။
“ဒီကောင် အရမ်း စွမ်းအားမြင့်တယ်…” ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြား စိတ်လှုပ်ရှားကြသည်။ ရီဖူရှင်းက တကယ့်ယောက်ျား ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်သည်ကို ဥပမာ ပြသွားသည်။
ထိုမှသာလျှင် လူများက ဟွာဂျီယူ၏စကားကို ပြန်အမှတ်ရကြသည်။ သူမက မူယွန်ချန်မှာ သူမ၏ချစ်သူနှင့် နှိုင်းယှဉ်ရန်ပင် တန်ဖိုးမရှိဟု ပြောခဲ့သည်။ သူမ၏စကားကို လူအများအပြားက သံသယ ဝင်ခဲ့ကြသည်။ သည်ကျောင်းတော်တွင် ထိုကဲ့သို့သော သူရှိမည်ကို မယုံကြည်ခဲ့ကြပေ။ သူမက အချစ်ဆိပ်တက်ကာ ထိုသို့ပြောခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်လည်း သူမ၏ချစ်သူက မူယွန်ချန်နှင့် ယှဉ်ပြိုင်သောအခါ တန်ခိုးအဆင့် သုံးဆင့် ကွာခြားသော်လည်း သူကား အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ နောက်ဆုံးတွင် ဟွာဂျီယူက အပိုပြောနေခြင်း မဟုတ်ကြောင်း မျက်ဝါးထင်ထင် တွေ့ကြရတော့သည်။ ဖြစ်နိုင်သည်က ရီဖူရှင်းကဲ့သို့သော သူသာလျှင် ဒွန်ဟိုင် ကျောင်းတော်၏ အလှနတ်သမီး ဟွာဂျီယူနှင့် ထိုက်တန်ပေလိမ့်မည်။
ရီဖူရှင်းက မူယွန်ချန်ထံ ချဉ်းကပ်သွားလျှင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သည်တိုက်ပွဲကား အသေသတ်ပွဲ ဖြစ်သည်။ မူယွန်ချန်က သည်အချက်များအား သဘောတူထားပြီး ဖြစ်သည်။
မူယွန်ချန်က မြေပြင်ပေါ်မှ အတင်းကုန်းရုန်း၍ ထလာကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ သူ၏မျက်လုံးများကမူ စူးရှနေဆဲပင်။ မူယွန်ချန်က ရီဖူရှင်းအား လှမ်းပြောလိုက်သည်… “ဒီနေရာက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နေရာပဲ… မင်းက ဒီမှာ မကောင်းမှု ကျူးလွန်ရဲလို့လား…”
“ဒူးထောက်ပြီးတော့… တောင်းပန်… ဒါဆို မင်းရဲ့ တန်ဖိုးမရှိတဲ့အသက်ကို ချမ်းသာပေးလိုက်မယ်…” ရီဖူရှင်းက မူယွန်ချန်ကို အေးစက်စွာ ပြောလိုက်သည်။
မူယွန်ချန်က မဲ့ပြုံးပြုံးလိုက်သည်။ ရီဖူရှင်းက သူ့အား ဒူးထောက်၍ တောင်းပန် ခိုင်းသည်တဲ့လား…။
“မင်းက အဓိပ္ပာယ်မရှိတာတွေ လုပ်လို့ မပြီးသေးဘူးလား…” ဟန်မို ချဉ်းကပ်လာသည်။ သူက ရီဖူရှင်းအား စိုက်ကြည့်လိုက်လျှင် သူ၏ကိုယ်ရောင်ကိုယ်ဝါမှာ ပို၍ ပြင်းထန်လာပုံရသည်။
“ဒါက အသေသတ်ပွဲပဲ… ဆရာကြီးက စကား မတည်တော့ဘူးလား…” ရီဖူရှင်းက ဟန်မိုအား ကြည့်လျက် ပြောလိုက်သည်။
“မင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ နယ်မြေထဲမှာ ရပ်နေတယ်…” ဟန်မိုက ထိုသို့ပြောလိုက်လျှင် ရီဖူရှင်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်… “တကယ်လို့ မူယွန်ချန်ကသာ ဒီနေ့မှာ အနိုင်ရခဲ့ရင် ခင်ဗျားက ကျုပ်ကို သတ်ဖို့ လက်တွန့်နေမှာ မဟုတ်ဘူး…”
မှန်သည်။ ဟန်မိုကား ထိုစကားကိုကြားလျှင် သူ့တွင် ပြန်ပြောစရာ စကားမရှိပေ။
လက်ထောက် ကျောင်းအုပ်က သူ့ဘက်မှ ကာကွယ်ပေးမည့်ဟန် ရှိလျှင် မူယွန်ချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်… “ရီဖူရှင်း… အခု မင်းငါ့ကို သတ်လို့မရတော့ဘူး… မင်းနဲ့ အဲဒီခွေးမ အဆုံးသတ် ကောင်းလိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား… ဟား… ဟား… ဟား…”
ရီဖူရှင်းက မူယွန်ချန်အား ကြည့်လိုက်သည်။ သူကား အရူးတစ်ယောက်လို ကျယ်လောင်စွာ ရယ်မောနေသည်။ မူယွန်ချန်ကား ယနေ့ ရှုံးနိမ့်မှုကြောင့် အလွန်အမင်း ထိခိုက်ခဲ့ရသည်မှာ ထင်ရှားသည်။ သူ၏စိတ်ထဲမှ ကောက်ကျစ်သော စိတ်ဓာတ်များကိုပင် ထိန်းချုပ်နိုင်ခြင်း ရှိဟန်မတူတော့။ သူက ထပ်မံ၍ ပြောလိုက်ပြန်သည်… “အဲဒီလို ရုပ်ရည်မျိုးနဲ့ဆိုရင် အဲဒီခွေးမက တခြား တစ်ယောက်ယောက်ရဲ့ ကစားစရာ ဖြစ်သွားမှာ သေချာတယ်… ဟ… ဟ…”
“မင်းက အမှန်တကယ် သေချင်နေပြီထင်တယ်…” ရီဖူရှင်းက သူ၏နှင်တံကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေပေါ်သို့ မြှောက်လိုက်သည်။ သူကား မူယွန်ချန်ကို ရိုက်ချရန် အဆင်သင့်ပင်။
“ဆရာ…” မူယွန်ချူက ဟန်မိုဘက်သို့ လှည့်ကာ ခေါ်လိုက်သည်။ ဟန်မိုက ရှေ့ကို တစ်လှမ်းတိုးကာ ပြောလိုက်သည်… “ရီဖူရှင်း… မင်း သေချင်နေတာလား…”
ရီဖူရှင်းက သူ၏အင်္ကျီအိတ်ထဲသို့ လက်နှိုက်လိုက်ကာ တစ်စုံတစ်ခုအား ထုတ်ယူလိုက်သည်။ ထို့နောက် သူက ထိုအရာကို ဟန်မိုထံ ပစ်ပေးလိုက်သည်။ ဟန်မိုက ထိုအရာအား ဖမ်းယူလိုက်ပြီး ကြည့်လိုက်လျှင် သူ၏မျက်နှာ ပျက်ယွင်းသွားသည်… “ဝန်ကြီးချုပ် အမိန့်ပြား…”
“ဝန်ကြီးချုပ်ကျိုက ပြောတယ်… သူ့အမိန့်ပြားကို မြင်တာ သူ့ကို မြင်တာနဲ့ အတူတူပဲတဲ့… ဒွန်ဟိုင်ကျောင်းတော်က လူတွေက ဒီနေ့ ကျုပ်တို့ တိုက်ပွဲကို မျက်မြင်သက်သေပဲ… ကျုပ်တို့က အသေသတ်ပွဲ စိန်ခေါ်ခဲ့တာ… ဒါကြောင့် ကျုပ်က သူ့အသက်ကို ယူရလိမ့်မယ်…” ထိုသို့ပြောကာ ရွှေရောင်နှင်တံအား ရိုက်ချလိုက်သည်။ မူယွန်ချန်က ကြောက်ရွံ့စွာဖြင့် နှင်တံက သူ့ထံ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ကာ တစ်ခုခု ပြောရန် ကြံလိုက်သည်။ သို့သော် ထိုသို့ အခွင့်အရေး မရတော့ပေ။
ဘန်း… ရွှေရောင်နှင်တံက မူယွန်ချန်၏ခေါင်းအား တိုက်ရိုက် ထိမှန်လေသည်။
**