Switch Mode

အပိုင်း (၇) – အစားအသောက်ဟာ အသက်ရှင်ခြင်းရဲ့ လန်းဆန်းမှုတစ်ခုပဲ

ယွန်ယူနှင့် ချွန်ဂျီအန်တို့သည် သူတို့၏ သခင်လေးသည် ပို၍ ကြင်နာတတ်ပြီး ဖော်ရွေတတ်လာသည်ကို အိပ်ဆောင်မှ မထွက်ခွါမှီ ခံစားမိကြသည်။

ရှီမာယူယူ စိတ်အားထက်သန်စွာနှင့် ထူးခြားသော အရသာမွန် စားကောင်းသောက်ဖွယ်များကို တွေးရင်း အခန်းထဲတွင် စောင့်နေလိုက်သည်။ သို့သော် ယွန်ယူ အစားအသောက်များကို ယူဆောင်လာချိန်တွင်တော့ သူမစိတ်များ ချာချာလည်သွားတော့သည်။ သူမ ခဏတာမျှ စိတ် အလွတ်ဖြစ်သွားပြီး တုန်လှုပ်ခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

“ဒါက မင်းတို့ ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ အစားအစာတွေလား” သူမ စားပွဲပေါ်မှ ချက်ပြုတ်ရုံ၊ ရေနွေးဖြောထားသော အစားအသောက်ကို တုန်ယင်သော လက်ချောင်းဖြင့် ညွှန်လိုက်ပြီး သတိထားပြီးမေးလိုက်သည်။

မနေ့ကတော့ သူမ ရိုးရှင်းသော အသားစွတ်ပြုတ်ကို စားခဲ့ပြီး ဒီလောက ကအစားသောက်တွေဟာ ဒီလိုတွေမှန်း မသိခဲ့ပါ။ သူမ သာမာန်ဟင်းများကို ခင်းကျင်းသည်ကိုတွေ့လိုက်သောအခါ သူမ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားတော့သည်။

“ခွင့်လွှတ်ပါ သခင်လေး” အစေခံနှစ်ယောက်သည် အလျင်အမြန်ဒူးထောက်လိုက်ကြပြီး သူတို့ခွင့်လွှတ်မှုကို တောင်းပန်နေချိန်မှာ မြေကြီးနှင့် နဖူးထိထားကြသည်။

“ဘာလုပ်နေကြတာလဲ ငါမင်းတို့ကို အပြစ်မတင်ပါဘူး မြန်မြန်ထကြ” အစေခံနှစ်ယောက်၏ တုန့်ပြန်မှုကို တွေ့လိုက်တဲ့အခါမှာ ရှီမာယူယူအော်လိုက်သည်။

အရင် ရှီမာယူယူ၏ မှတ်ဉာဏ်ထဲတွင် သူမ မြင်မိတာတော့ ရှီမာယူယူသည် စည်းကမ်းတင်းကြပ်ပြီး ထိုအရာသည် အစေခံနှစ်ယောက်၏ စိတ်တွင် သံမှိုစွဲကပ်နေသည်မှာ သူတို့ သခင်လေး စိတ်မပျော်ရွှင်လျှင် သူတို့၏ လွတ်လပ်မှုလည်း ပျောက်ဆုံးသွားသည်သာ။

“ကျေးဇူးတင်ပါတယ် သခင်လေး” ကြောက်လန့်မှု ကျန်ရှိနေမှုနှင့်အတူ မိန်းကလေးနှစ်ယောက်သည် မြေပြင်ပေါ် မှထလိုက်ကြသည်။

ရှီမာယူယူ သူတို့နှစ်ယောက်အား အာရုံမထားတော့ဘဲ ဘယ်ဘက်လက်သည် ဗိုက်ကိုဖိထားပြီး ညာဘက်လက်သည် တူကိုကိုင်ပြီး သူမရှေ့တွင် ခင်းကျင်းထားသော ပန်းကန်အပြည့် စားစရာများကို ကြည့်မိသည်။ သိုသော် ဆယ်မိနှစ်ကြာပြီးတဲ့နောက်တွင်တော့ သူမ တူအစုံကို ချလိုက်ပြီး “ငါ့ကို အသီးနှစ်လုံးသာပေးပါတော့” ဟုပြောလိုက်လေသည်။

အသီးနှစ်လုံးစားပြီးသည့်နောက်တွင် ရှီမာယူယူ အိပ်ရာပေါ်တွင် လှဲနေပြီး ဗိုက်ဆာမှုကို ခံစားရခြင်းကြောင့် စိတ်တိုလာသည်။ “ငါ သင့်တော်တဲ့ အစားအစာ စားမှဖြစ်မယ်”

“ကျွတ် ကျွတ် မင်းက အမြဲတမ်း အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာပဲ။ မင်းဟာ အံ့ဖွယ်အဆင့်ကို ရောက်နေပြီလေ မင်းအစားမစားဘဲနဲ့တောင် အသက်ရှင်နိုင်တယ်” နူးညံ့ပြီး ချစ်ခြင်းကို ပြနေသော အသံတစ်သံကို စိတ်ထဲတွင် ကြားယောင်ပြီး အချိန်နဲ့ နေရာကျော်လွန်ချိန်မှတော့ ရင်းနှီးသော မှတ်ဉာဏ်ကို ဖျက်ခနဲ မှတ်မိလိုက်သည်။

“ဒါဘယ်သူ့အသံလဲ၊ ဒီခန္ဒာကိုယ်ရဲ့ နောက်ထပ်မှတ်ဉာဏ်တစ်ခုလား။” ရှီမာယူယူ သူမဘာသာတွေးလိုက်သည်။ သို့သော် သူမ စိတ်များမတုန်လှုပ်ခဲ့ပါ။ ဒီခန္ဒာကိုယ်က အမှိုက်ပဲ၊ ဘယ်လိုလုပ် အမြင့်ဆုံးအဆင့်ရှိရမှာလဲ။ ဒီအသံက ဘယ်သူ့အသံလဲ။ ဘယ်သူ့ကိုပြောနေတာလဲ။

ညစာကို မျိုသိပ်ထားရန် စိန်ခေါ်နေစဉ်မှာ ရှီမာယူယူ မအောင့်နိုင်တော့ဘဲ မီးဖိုဆောင်ထဲ သွား၍ သူမကိုယ်တိုင်ပင် ရိုးရှင်းသော ဟင်းနှစ်ခွက်ကို ကြော်လိုက်သည်။

ဒါဟာ သူမ ဒီကမ္ဘာကိုရောက်လာပြီး ပထမဆုံး ဝလင်စွာ စားရခြင်းဖြစ်သည်။

ညအိပ်သောအခါတွင် အရင်နေ့ကဲ့သို့ပင် တူညီသော အိမ်မက်ကို သူမ မြင်မက်ခဲ့သည်။ စူးရှသော အသံသည် တူညီသော စကားလုံးများနှင့် အော်နေခဲ့သည် “ရှီမာယူယူ သေစမ်း”

ထိုအသံသည် အရင်ဘဝမှ သူမ၏အသံဖြစ်ကြောင်းကို သူမသတိထားမိသည်။

“ရှီမန်ယူယူ ငါ့အစားသေပေးပါ။ မင်းသေမှ ငါက ဒီကမ္ဘာတစ်ခုလုံးမှာ ချီးကျူးလောက်တဲ့ ပါရမီရှင်ဖြစ်မှာ ဟားဟားဟား”

အဲဒါ ဘယ်သူလဲ။ သူမ ဘာလို့မှန်းဆလို့မရတာလဲ။

“သွားလိုက်စမ်းပါ”

အသံနှစ်သံသည် သူမစိတ်တွင် စူးစူးဝါးဝါး ကျယ်ကျယ်လာပြီး ပဲ့တင်သံနှင့်အတူ အိမ်မက်ဆိုးမှ လန့်နိုးလာတော့သည်။ သူမ တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး အင်္ကျိသည် သူမကိုယ်တွင် ချွေးနှင့်အတူ ကပ်ငြိနေသည်။ သူမ၏ တွေဝေနေသော မျက်လုံးများသည် ဝမ်းနည်းမှုနှင့် ဆုံးရှုံးမှုကို တုန့်ပြန်နေသကဲ့သို့ လှစ်ခနဲထုတ်ဖော်ပြောနေသည်။

“ဘာလို့ ဒီနာမည်နှစ်ခုပဲ ဖြစ်နေရတာလဲ” သူမ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

ထိုညတွင်

ရှီမာယူယူ၊ ရှီမန်ယူယူ။

သူမ မှတ်ဉာဏ်ထဲတွင် ပိုက်စိုက်တိုက်ရှာရန်ကြိုးစားမိသည်။ သို့သော် ရှီမာယူယူနှင့် ပတ်သတ်သော အရိပ်အယောင်များသာရှိပြီး ရှီမန်ယူယူနှင့်သတ်သတ်၍ လုံး၀ ကွက်လပ်ဖြစ်နေသည်။ ဘယ်လိုပင် ပြီးခဲ့သော သူမ၏ အတိတ်ပင်ဖြစ်စေ သို့မဟုတ် ဒီခန္ဒာကိုယ်တွင် ထိုနာမည်နှင့် ပတ်သတ်သော သဲလွန်စမရှိတာဖြစ်နိုင်သည်။

သူမ အတွေးများနှင့် ညကို ကုန်ဆုံးပြီး နောက်နေ့ မှန်ကို ကြည့်လိုက်သောအခါတွင်တော့ ပန်တာဝက်ဝံနှင့် ဆင်သော မို့မောက်နေသော မျက်လုံးများကိုတွေ့လိုက်ရသည်။ သူမ၊ အဘိုးနှင့် အစ်ကိုတွေနှင့်အတူ မနက်စာကို စောင့်နေချိန်အတွင်းမှာ စကားစမြည်ပြောနေပြီး ထိုသူတို့အား အားပေးနေလိုက်သည်။

“အစ်ကိုလေး အစ်ကိုငယ် ဘာလို့ ကျောင်းကိုမသွားတာလဲ။ အစ်ကိုကြီး၊ အစ်ကိုလတ် ဒီနေ့အပြင်သွားစရာမရှိဘူးလား။” ရှီမာယူယူ မေးသာမေးတာ သူမ မျက်လုံးများသည် သူတို့ကို ကြည့်မနေပါ။ သူမရှေ့တွင်ရှိသော အစေခံများပြင်ပေးသော စားပွဲပေါ်ရှိ ဟင်းပွဲများတွင် မျက်လုံးများရောက်နေသည်။ ထိုအရများသည် မနေ့ကကဲ့သို့ပင် အရသာမကောင်းသော မနက်စာပင်ဖြစ်လေသည်။ သူမ မျက်ခုံးများပင့်လိုက်ပြီး ဆောင့်အောင့်စွာ တူကိုယူလိုက်ပြီးနောက် ရှေ့တွင်ရှိသော ဟင်းများကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။

“မင်းကို စောင့်နေကြတာလေ၊ မင်းအဆင်ပြေလား စစ်ဆေးပြီးမှ သွားမလို့၊ ငါတို့အချိန်ှရိပါတယ် အခုထွက်ဖို့ နောက်မကျသေးပါဘူး” အစ်ကိုကြီး ရှီမာယူရွှီက ပြန်ပြောလိုက်သည်။

“မင်း မျက်လုံးတွေ ဘာဖြစ်နေတာလဲ” အစ်ကိုလတ်ရှီမာယူမင်က သူမ မျက်ကွင်းညိုများကို မမှိတ်မသုန် ကြည့်ရင်း ပြောလိုက်သည်။

“အခန်းထဲမှာ ခြင်အကြီးကြီးနှစ်ကောင်က တစ်ညလုံး အိပ်မရအောင်လုပ်လိုက်လို့” သူမ ခါးသီးစွာ ပြန်ပြောလိုက်သည်။

အခုရာသီသည် နွေရာသီဖြစ်၍ ခြင်များသည် တွေ့ရခဲသည်။

သူမ မနက်စာကို တစ်တိတိသာစားလိုက်ပြီး စားနေဆဲပင် သူမ တူကို ချထားလိုက်သည်။

“သမီး ဘာလို့မစားတော့တာလဲ” ရှီမာလိုင် စိုးရိမ်စွာနှင့်မေးလိုက်သည်။

“ဒီအစားအသောက်တွေက တကယ်ဆိုးတာပဲ ပြီးတော့ သမီး ခံတွင်းပျက်နေတယ်” ရှီမာယူယူ အရှိကို အရှိအတိုင်းပြောလိုက်သည်။

“အမြဲဒီလိုပဲ စားနေကျမလား” ရှီမာလိုင် စိတ်ရှုပ်ထွေးစွာမေးလိုက်ပြီး သူ့ရှေ့တွင် ခင်းကျင်းထားသော အစားအသောက်များကို ကြည့်လိုက်တဲ့အခါမှာ ခါတိုင်းနှင့် ကွဲပြားသွားတာမျိုးမတွေ့ရပေ။

“ယူယူ ထပ်မစားချင်လို့ပါ သိမ်းလိုက်တော့” ရှီမာယူယူ ကျယ်လောင်စွာပြောလိုက်သည်။

အစေခံများသည် အလျင်အမြန်ရောက်လာပြီး စားပွဲကို လျင်မြန်စွာပင် သိမ်းဆည်းလိုက်သည်။ အခြားညီအစ်ကို တွေကတော့ အစားအသောက်ပေါ်တွင် မှီခိုစရာမလိုသည့်အတွက် ထင်မြင်ချက်များထွက်မလာပေ။ သူတို့အတူတကွစားသောက်ခြင်း၏ ရည်ရွက်ချက်ကတော့ ရှီမာယူယူနှင့် အချိန်ကုန်ဆုံးချင်၍ဖြစ်သည်။

“ဒါဆိုကောင်းပြီ ကျွန်တော်တို့ကျောင်းသွားတော့မယ်” ရှီမာရန် ထပြီး သွားဖို့ပြင်ဆင်လိုက်သည်။

“ကျွန်တော်တို့လည်းသွားတော့မယ်” ရှီမာယူရွှီက ကြားဖြတ်ပြောလိုက်သည်။

“သွား သွားတော့” ပုံမှန်လုပ်နေကျအတိုင်း ရှီမာလိုင်လက်ပြလိုက်ပြီး ညီအစ်ကိုတွေ ထွက်သွားသည့်နောက်မှာတော့ သူတို့နှစ်ဦးတည်းသာ ကျန်ရှိနေသည်။ ရှီမာလိုင်မေးလိုက်သည်။ “ယူယူ ဒီနေ့သမီးအစီအစဉ်က ဘာလဲ ဘယ်သွားမှာလဲ”

သူမ မူလအစီအစဉ်ကတော့ ဒီကမ္ဘာအကြောင်းကို ပိုသိရဖို့ စာကြည့်တိုက်သွားပြီး စာဖတ်မယ်၊ သတင်းအချက်အလက်တွေစုဆောင်းဖို့ဖြစ်သည်။ သို့သော် ဒီက အစားအသောက် အရည်အသွေးသည် စိုးရိမ်စရာကောင်းနေတဲ့အတွက် သူမ ရှေ့နောက်မစဉ်းစားဘဲပြောလိုက်သည် “သမီး မီးဖိုဆောင်ကို သွားပြီး ကြည့်ချင်တယ် ပြီးတော့ ချက်ပြုတ်မှုနဲ့ ပတ်သတ်ပြီး စာဖိုမှူးတွေကို သင်ပေးချင်တယ်”

“သင်မယ် ချက်ပြုတ်နည်းကို စားဖိုမှူးတွေကို သင်ပေးမယ် ဟုတ်လား” ရှီမာလိုင် ဒေါကန်သွားသဖြင့် သူမကို မျက်လုံးပြူးနှင့် ကြည့်လိုက်ပြီး မတ်တပ်ရပ်ရင်းပင် ကြက်သေသေသွားတော့သည်။

“ဟုတ်တယ်လေ အော် အဘိုး တစ်ခုခုကိုဆွေးနွေးဖို့ အင်ပါယာ နန်းတော်ကို ဖိတ်ကြားခံထားရတယ်မလား။ စိတ်မပူပါနဲ့ သမီးအပြင်မထွက်ပါဘူး၊ တစ်နေ့လုံးအိမ်မှာနေပြီး လိမ္မာပါ့မယ်” သူမကို စိတ်ချရန် အာမခံလိုက်သည်။ အပြင်ထွက်ပြီး အနိုင်ကျင့်ခံရမည်ကို အဘိုးစိုးရိမ်မှန်း သူမသိသည်။ အခုတော့ သူမကို စိတ်ချရန် အခိုင်အမာပြောလိုက်သည်။

သို့သော် ရှီမာလိုင်မယုံကြည်နိုင်ပေ။ ပြီးခဲ့သည့်တစ်လျှောက်လုံး မရေမတွက်နိုင်သော အကြိမ်ရေများစွာ သူအပြင်ထွက်သည်နှင့် နောက်ကနေ ဝတ်စုံဝတ်ပြီး သူမဘာသာ ထွက်သွားခဲ့သည်သာ။ သို့သော် သူမ မီးဖိုဆောင်သို့ တိုက်ရိုက်သွားနေသည်ကို တွေ့လိုက်သောအခါတွင်တော့ သူ သူမစကားများကို ယုံကြည်မိသည်။ သူမ ကတိပေးသည့်အတိုင်း အိမ်မှာနေဖို့မျှော်လင့်ရမှာပဲ။

ရှီမာယူယူ မီးဖိုဆောင်ထဲတွင် တစ်နေလုံးနေပြီး ရှီမာလိုင် နန်းတော်မှအိမ်ပြန်လာချိန်တွင်တော့ သူမ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ “အဘိုး မြန်မြန်လာ သူတို့ပြင်ဆင်ထားတဲ့ ဟင်းလျာအသစ်တွေကို စားကြည့်” သူမ တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး အနီးဆုံး ဟင်းကို ယူလိုက်ပြီး ရှီမာလိုင်ပါးစပ်ထဲသို့ ခွံကျွေးလိုက်လေသည်။

“အမ်းးး” ရှီမာလိုင် မျက်လုံးမှိတ်ပြီး သူမကျွေးသော အရသာရှီသော အစားအစားကို အရသာခံလိုက်သည်နှင့် အံ့သြသွားရသည်။ “ဒါဘာဟင်းလဲ ဘယ်လိုလုပ်ဒီလောက်အရသာရှိတာလဲ”

“ဒါက ဒီနေ့ သမီး သူတို့ကို သင်ပေးထားတာ၊ ဘယ်လိုနေလဲ အရသာရှိတယ်မလား” သူမ တောက်ပသော မျက်လုံးများဖြင့်မေးလိုက်သည်။

“ဟား ဟား အရင်ကထက် အများကြီးကောင်းတာပဲ” ရှီမာလိုင် ဂုဏ်ယူစွာနှင့် အားပါးတရပြုံးလိုက်သည်။

“ဟုတ်တာပေါ့ သူတို့ တစ်နေကုန်လေ့ကျင့်ပြီးမှ ဒီလိုချက်နိုင်တာ” သူမ ဟာသနှော၍ပြောလိုက်သည်။ သူမ စိတ်တိုင်းကျ လိုက်မချက်နိုင်ပေမယ့် အရင်ရက်တွေကထက်စာရင်တော့ အများကြီးကောင်းလာသည်ဟု ပြောရမည်။

သူမ ချွန်ဂျီအန်နှင့် ယွန်ယူတို့သည် ချက်ပြုတ်ရာတွင် အရည်အချင်းရှိသည်ကို ခံစားမိပြီး မီးဖိုဆောင်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ပြောရမယ်ဆိုလျှင် ရှီမာလိုင်အားကျွေးသော ဟင်းလျာများသည် ယူယူ ချက်ထားသော ဟင်းများဖြစ်သည်။

“ကောင်းလိုက်တာ နောက်တစ်ခါဆိုရင် သမီးအတွက် အရသာရှိတဲ့ အစားအသောက်တွေသူတို့ကို ပြင်ခိုင်းပေါ့။  တွေ့တယ်မလား စိတ်ပိုင်းဖြတ်ရင် သမီးလုပ်နိုင်ပါတယ်။ ရှေ့လျှောက်တော့ သူတို့ကို ဟင်းချက်သင်ပေးဖို့ အချိန်ပေးလိုက်တော့” သူမ စိတ်ဝင်စားနိုင်မည့် အရာကို သူအားပေးလိုက်သည်။ သူမ ယောကျ်ားတွေကို ဘယ်လိုဆွဲဆောင်ရမလဲ ပြဿနာဘယ်လို ဖန်တီးရမလဲဆိုတာပဲ သိခဲ့တာမလား။

“သမီး သိပါတယ်၊ စိ်တ်မပူပါနဲ့” သူမ ညင်သာစွာဖြေလိုက်သည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကို တွေးလိုက်ပြီး ချက်ချင်းပင် တူအစုံကို ချလိုက်ပြီးနောက် ရှီမာလိုင်ကို နွေးထွေးစွာမကြည့်ခင်ပင် သူမမတ်တပ်ထရပ်လိုက်သည်။

“အဘိုး သမီး စာအုပ်အချို့ကြည့်ချင်လို့ စာအုပ်ပြခန်းကို သွားချင်တယ်”  သူမအရင်အသုံးအနှုန်းဖြင့်သုံးရလျှင် စာကြည့်တိုက်ကို ဆိုလိုခြင်းဖြစ်သည်။ ဒီကမ္ဘာအသစ်မှ ကွဲပြားမှုကို ကျင့်သားရရန် သူမ အမှန်တကယ်ပင် ခက်ခဲခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset