Switch Mode

အပိုင်း(၇၈)

လက်ချင်းချိတိ၍ရင်ဆိုင်ခြင်း

မူယွန်ချန်က ကောလာဟလများ ဖြန့်ခြင်းဖြင့် ရီဖူရှင်း၏ရည်းစားအား ထိခိုက်စေခဲ့သည်။ လူတိုင်းက ထိုစကားအား စိတ်ဝင်စားသွားကြသည်။ ပထမက ရီဖူရှင်းက သူ၏ရည်းစားမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှဟု ပြောခဲ့၏။ ဒွန်ဟိုင်ကျောင်းတော်တွင် လတ်တလော ပျံ့နှံ့နေခဲ့သော ကောလာဟလများအား စဉ်းစားမိကြကာ လူတိုင်းက ရီဖူရှင်းကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်ကြသည်။

လအနည်းငယ်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏အပေါ်မှ နတ်သမီးကဲ့သို့ လှပသော မိန်းကလေးတစ်ဦး ဆင်းသက်လာကာ ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံးအား သူမနှင့် မူယွန်ချန်မှာ မည်သို့မျှ မပတ်သက်ကြောင်း ကြေညာခဲ့သည်။ သူမက မူယွန်ချန်မှာ သူမ၏ချစ်သူနှင့် နှိုင်းယှဉ်ရန် ပင် အဆင့်မရှိဟု ပြောခဲ့သည်။

သူတို့က သူမပြောသကဲ့သို့ ပါရမီရှင်မျိုး ဒွန်ဟိုင်ကျောင်းတော်တွင် အမှန်တကယ် ရှိသလော သံသယ ရှိခဲ့ကြသည်။ ယနေ့ ရီဖူရှင်းက ဂိတ်ပေါက်အား ပိတ်ကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား စိန်ခေါ်ခဲ့သည်။ ရီဖူရှင်းမှာ မကျေနပ်ချက် အလွန် များပြားနေပုံရ၏။ သူက မူယွန်ချူကို ပြောခဲ့သော စကားများအရဆိုလျှင် အဖြစ်အပျက်နှစ်ခုအား အလွယ်တကူ ပင်ခန့်မှန်းနိုင်ပြီ ဖြစ်သည်။

လူတိုင်း၏ရင်ထဲ၌ တုန်လှုပ်သွားကြသည်။ သူတို့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ဘက် ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ ကျောင်းသားများ၏ နောက်ဘက် ကျောင်းဆောင် အပေါ်ထပ် တစ်နေရာတွင် လှပသော မိန်းမပျိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ကြရသည်။ သူမက တစ်ယောက်တည်း ရပ်နေသည်။ ကြည့်ရသည်မှာ သူမက မည်သည့်နေရာတွင်မဆို သူမ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှေးမိန်စေနိုင်စွမ်း ရှိပုံရ၏။

ယခု ထိုလှပသော မိန်းမပျိုက ထိုနေရာမှ ညင်သာစွာ ရွေ့လျားလာသည်။ လူအုပ်က သူမအတွက်ကြိုတင် လမ်းကို ဖယ်ပေးထားကြကာ စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့၏စိတ်ထဲမှ တောင်းဆိုမှု အများအပြား ရှိနေသော်လည်း ထိုအရာများမှာ အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်သည်ကို သူတို့ သိကြ၏။

ဟွာဂျီယူက လှေကားထစ်အတိုင်း တစ်ဆင့်ချင်း ဆင်းလာပြီး တိုက်ပွဲ ကွင်းပြင်နေရာသို့ လျှောက်လှမ်းလာနေသည်။ သူမက မူယွန်ချန်အား ဖြတ်ကျော်သွားသည်။ လူငယ်က ဘေးမှ မြင်ကွင်းအား လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် တဏှာခိုးများ ဆူဝေနေသည်။ သည်မိန်းမလှလေးအား မြင်တိုင်း သူ၏ရင်မှာ ထိန်းချုပ်မရအောင် ခုန်နေသော်လည်း သူမကား သူ့ကို မျက်လုံးထဲ ရှိသည်ဟုပင် မထင်ချေ။ သူမက သူ့အား ကျောင်းသားများ အများအပြား ရှေ့တွင်ပင် အရှက်ခွဲခဲ့သေးသည်။ ဟွာဂျီယူက ရီဖူရှင်း၏ရှေ့၌ ရပ်လိုက်သည်။ သူမ၏မျက်လုံးများက သူ့အား မျက်တောင်မခတ်တမ်း ကြည့်နေသည်။

“ဂျီယူ… သူနဲ့ တိုက်ခိုက်လိုက်…” ဟန်မိုက သူတို့၏နောက်မှ ပြောလိုက်သည်။ သူ၏မျက်နှာကား မည်းမှောင်ကာ မှုန်ကုပ်နေသည်။ သို့သော်လည်း ဟွာဂျီယူက သူ့အား လုံးဝ လျစ်လျူရှုထားသည်။ သူမ၏ရှေ့မှ ကောင်လေးမှာ မည်မျှ ရဲတင်းသည်ကို တွေးကာ သူ့အား ဆက်၍ စိုက်ကြည့်နေသည်။

“နင်ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ…” ရီဖူရှင်းက သူမအား ပြန်ကြည့်လိုက်ကာ မေးလိုက်သည်။

“နင် ဘယ်လို ထင်လို့လဲ…” ဟွာဂျီယူက အသာအယာ ပြောလိုက်သည်။ သူမ၏အသံတွင် အနည်းငယ် ဒေါသထွက်ဟန် ပါနေသည်။ သို့သော် ရီဖူရှင်းအား ကြည့်နေသော သူမ၏မျက်လုံးများတွင် နူးညံ့မှုများ။ အားကောင်းသော ခံစားချက်များ အများအပြား ပါဝင်နေသည်။

လူအများအပြားက သူတို့၏ အသည်းနှလုံးများ ကွဲကြေသွားသလို ခံစားလိုက်ကြရသည်။ မူလက ကောလာဟလများ ရှိနေခဲ့သော်လည်း ကောလာဟလ အဆင့်မျှသာ ဖြစ်သည်။ ယခု ဒွန်ဟိုင်ကျောင်းတော်မှ လှပသော နတ်မိမယ်လေးမှာ ရီဖူရှင်း၏အရှေ့တွင် မိန်းမငယ်လေး တစ်ယောက်လို ပြုမူနေသည်။ စကားတစ်ခွန်းနှင့် အကြည့်တစ်ချက်ကပင် သူတို့၏ ရင်းနှီးမှု အတိုင်းအတာကို သူတို့ ခံစားနေရသည်။ သူတို့အားလုံး သူမ၏လှုပ်ရှားမှုတိုင်းကို စိတ်လှုပ်ရှား ခံစားကြရသည်။ ဝမ်းနည်းစရာ ကောင်းစွာပင် ထိုအသံ။ ထိုအကြည့်များက ရီဖူရှင်း အတွက်သာလျှင် ဖြစ်နေသည်။

“ငါက ဒွန်ဟိုင်ကျောင်းတော်မှာ ကြေညာတော့မယ်လို့ မပြောခဲ့ဘူးလား…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်…” မင်းက အရမ်းလှပြီးတော့ လူတိုင်းက မင်းအကြောင်းပဲ တွေးနေကြတယ်… ငါ ဒေါသထွက်တာပေါ့… ဒီနေ့က သူတို့ကို မင်းက ငါပိုင်တယ်ဆိုတာကို ပြောဖို့ အကောင်းဆုံး အခွင့်အရေးပဲ… ဒါဆိုရင် သူတို့က မနာလိုရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး…”

လူအများအပြား မျက်နှာ ပျက်သွားကြသည်။ သူတို့အားလုံးက ရီဖူချင်းကို ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ သည်ခွေးကောင်ကား တမင်လုပ်နေသည်နှင့် တူလှသည်။ ဟွာဂျီယူကား သူတို့အိပ်မက်ထဲမှ နတ်သမီး ဖြစ်သည်။

“အရူး…” ဟွာဂျီယူ ငေါက်ငမ်းလိုက်သည်။ ထို့နောက် သူမက ရှေ့ကို ဆက်တိုးလိုက်ကာ ရီဖူရှင်း၏ဘေးတွင် ရပ်လိုက်သည်။ လူအများအပြား၏ ရှေ့တွင်ပင် သူမက မထင်မှတ်စွာ ရီဖူရှင်း၏လက်ကို ညင်သာစွာ ကိုင်လိုက်သည်။ သူမ၏ရည်ရွယ်ချက်ကား သူမတို့၏ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း သိမြင်စေရန် ဖြစ်ပေသည်။

ဟွာဂျီယူက ဘေးသို့ လှည့်ကြည့်လိုက်ပြီး ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် အပြုံးပွင့်တစ်ခု ပေါ်လာသည်။ ထိုအပြုံးကား အရာရာတိုင်းကို ငြိမ်သက် သွားစေလောက်အောင် လှပလွန်းသည်။

“နင် ကျေနပ်ပြီလား…” ဟွာဂျီယူက ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။ ရီဖူရှင်းက သူမတို့၏ပတ်သက်မှုအား လျှို့ဝှက်မထားချင်တော့လျှင် သူမကလည်း သူနှင့် အတူရင်ဆိုင်မည် စိတ်ကူးထားပြီး ဖြစ်သည်။ အနာဂတ်တွင် မည်ကဲ့သို့ အခက်အခဲ တွေ့ကြုံရပါစေ ယခုကဲ့သို့ လက်ချင်းတွဲလျက် သူတို့က အတူတူ ရင်ဆိုင်မည်ဖြစ်သည်။ ဝန်ကြီးချုပ်ကျိုက သူမမှာ ဧကရီဘုရင်မ၏ ကံကြမ္မာရှိသည်ဟု ဆိုခဲ့သည်။ သူမက ကံကြမ္မာကို မယုံကြည်ပေ။ အကယ်၍ သူမက သည်ကဲ့သို့ ကြမ္မာ ပါခဲ့သည် ဆိုလျှင်လည်း သူမက ပြောင်းလဲနိုင်မည်ဟု ယုံကြည်သည်။

သူမ၏မျက်နှာမှ လှပသော အပြုံးနှင့် ညင်သာသော စကားများအား ကြည့်ကာ ရီဖူရှင်း၏ရင်ထဲ နွေးထွေးသွားသည်။ ကမ္ဘာပေါ်ရှိ အလှပဆုံးသော ကတိစကားများမှာ သူမ၏ သူ့အပေါ် အပြစ်တင်စကားများထက် သာလွန် ကောင်းမွန်မည် မထင်။ တီအန်ယွာတောင်တွင် သူမထက်လှပသော မိန်းကလေးအား မြင်ခဲ့လျှင်ကော မည်သို့ဖြစ်သနည်း။ သူ၏မွေးစားအဖေက သူ၏မိန်းမမှာ ကောင်းကင်ဒေသ တစ်ခုလုံး၏ ဧကရီ ဖြစ်လာမည်ဟု ပြောခဲ့သည်။ သူမ၏ ရူပါလက္ခဏာမှာ ကမ္ဘာကြီးအား စိုးမိုးရန် လုံလောက်ပေသည်။

“အင်း… အရမ်း ကျေနပ်တယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သည်ခံစားချက်ကား အလွန် ကောင်းလှသည်။

“ဟေး… မင်းတို့တွေ မပြီးသေးဘူးလား…” နောက်ဆုံးတွင် ဒေါသ မထိန်းချုပ်နိုင်တော့သော တစ်ယောက်က အော်ဟစ်လိုက်သည်။ သည်မြင်ကွင်းက သူ့အား နှိပ်စက်နေသည်နှင့် အတူတူပင် မဟုတ်ပါလား။

“ငါ့ကို တစ်ယောက်ယောက်က စွန့်ပစ်လိုက်သလိုပဲ… ရင်ထဲက နာကျင်ရတယ်… “တစ်စုံတစ်ယောက်က သူ၏ရင်ဘတ်အား ဖိကာ ပြောသည်။

“ခစ်… ခစ်…” “လာဘ်လာဘ ကျောင်းဆောင်မှ လူအုပ်စုအတွင်းတွင် ယိချိန်ချန်က ယူချင်း၏ဘေးတွင် ရပ်နေလျက်ကပင် ရုတ်တရက် ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ ရီဖူရှင်းကား သူ၏ချစ်ခင်နှစ်သက်မှုကို လူပုံအလယ်တွင် ခံစားမှုအပြည့်ဖြင့် ဖော်ကျူးနေသည်။ သို့သော်လည်း ထိုမြင်ကွင်းကား လှပလွန်းလှသည်။ သူတို့မှာ ပြုံးလျက် လက်ချင်း ချိတ်ထားသော်လည်း သူတို့၏ပခုံးပေါ်တွင် အလွန်ကြီးမား လေးလံသော ဝန်ထုပ်ဝန်ပိုးများ သယ်ဆောင် ထားရသည်ကို ယိချိန်ချန် သိသည်။ သို့တိုင်အောင် သူတို့ကား နောက်မတွန့်ဘဲ ရင်ဆိုင်ကြတော့မည် ဖြစ်သည်။

ထိုသို့ တွေးမိလျှင် ယိချိန်ချန်ကလည်း သူမ၏လက်အား အနည်းငယ် ဆန့်လိုက်ပြီး သူမ၏ဘေးမှ လက်မောင်း တစ်ဖက်အား သွားထိလိုက်သည်။

ယူချင်းက သူမအား လှည့်ကြည့်ကာ မေးလိုက်သည်… “ဘာဖြစ်လို့လဲ…”

ယိချိန်ချန်က သူ့အား သူမ၏ လှပသော မျက်လုံးဝိုင်းများဖြင့် ကြည့်လိုက်သည်။ ယူချင်း ခေါင်းကုတ်လိုက်သည်။ သူမက ဒေါသထွက်ကာ ယူချင်း၏ ခြေဖမိုးအား တက်နင်းသည့် တိုင်အောင် ယူချင်းခမျာ နားမလည်သေးပေ။ ကောင်လေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အကြည့်အား အဝေးသို့ လွှဲလိုက်သည်။ ယိချိန်ချန်က နောက်တစ်ကြိမ် တက်နင်းရန် ပြင်လိုက်စဉ်မှာပင် သူမ၏လက်ဖဝါးသေးလေးအား ကြီးမားသန်မာသော လက်ဝါးကြီး တစ်ဖက်က အသာအယာ လာရောက် ဆုပ်ကိုင်သည်ကို ခံစားလိုက်ရသည်။ ထိုအခိုက်မှာပင် သူမ၏နှလုံးသားမှာ အရည်ပျော်သွားကာ လှပေသာ အပြုံးပန်းလေးများ ဖူးပွင့်လာတော့သည်။ ကြည့်ရသည်မှာ သည်ကောင်လေးကား ထင်သလောက် တုံးပုံ မရတော့။ သူကား ရီဖူရှင်းထံမှာ အတော်များများ သင်ယူထားပုံရ၏။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လူအုပ် အတွင်းတွင် လှပသော မိန်းမပျို တစ်ယောက်မှာလည်း ထိုလက်ချင်း ချိတ်ထားသော အတွဲအား ပြုံးလျက် ကြည့်နေသည်။ သူမကား ရှာယူယန်ဖြစ်သည်။ သည်ကျောင်းတော်တွင် ဟွာဂျီယူအား နားလည်ဆုံးသော သူကို ပြပါဆိုလျှင် ရှာယူယန် တစ်ယောက်သာ ရှိမည်ဖြစ်သည်။ သည်ကောင်လေးအား ဟွာဂျီယူက မည်မျှ ဂရုစိုက်သည်ကို သူမသိသည်။ ဟွာဂျီယူ၏ မျက်လုံးထဲတွင် ထိုပါရမီရှင်များဟု ခေါ်ဆိုသော သူများမှာ မည်သို့မှ တန်ဖိုးမရှိသော်လည်း သည်ကောင်လေးကား ကွဲပြားသည်။ သူနှင့်ပတ်သက်လျှင် ဟွာဂျီယူမှာ အရာရာတိုင်းအား စိုးရိမ် ပူပန်နေတတ်သည်။ သူမကား သာမန်အချိန်များတွင် နတ်သမီးတစ်ပါးလို လှပကာ တည်ငြိမ်သော်လည်း ရီဖူရှင်း၏နာမည်အား ကြားလျှင်ပင် သာမန် အချစ်ကြီးသော ကောင်မလေး တစ်ယောက်သာ ဖြစ်သွားတော့သည်။

သို့သော်လည်း တခြားလူများမှာ ပျော်ရွှင်ပုံမရပေ။ ရီဖူရှင်းကား သူတို့ကို မျက်လုံးထဲတွင်ပင် မထားပေ။ ပထမဆုံးသူက ကျောက်မူအား အနိုင်ယူကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား အရှက်ခွဲခဲ့သည်။ ယခုသူတို့၏နတ်သမီးအား လုယူသွားပြန်သည်။ သူတို့၏ရီဖူရှင်းအပေါ် မုန်းတီးမှုက ပိုမို ကြီးမားလာသည်။

“ခွေးမ…” ရိုင်းစိုင်းသော မှတ်ချက်တစ်ခု လူအုပ်ထဲမှ ထွက်ပေါ်လာသည်။ မူယွန်ချန်၏ မျက်နှာကား အလွန်မည်းမှောင်နေသည်။ သူ၏သူမအပေါ် ချစ်ခင်မှုမှာ လျှို့ဝှက်ချက် မဟုတ်ရာ လူတိုင်း သိကြသည်။ ထို့ကြောင့် ဟန်မိုက သူတို့နှစ်ယောက် ပတ်သက်မှုကို ကောလာဟလလွှင့်ခဲ့ရာ သူက ငြင်းဆန်ခြင်း မရှိခဲ့ပေ။ လူအများကြားမှ ပတ်သက်မှုများကား ထူးဆန်းလွန်းလှသည်။ လူအများအပြားက ကောလာဟလများအား လုံလုံလောက်လောက် လွှင့်ကာ ပြောဆိုခဲ့ကြလျှင် တခြားလူများကလည်း သတိပြုမိကြသည်။ ကြာလာသောအခါ ထိုကောလာဟလများက အမှန်တရားပင် ဖြစ်လာနိုင်သည်။ သို့သော်လည်း ဟွာဂျီယူနှင့် ရီဖူရှင်းမှာ ချစ်သူများ ဖြစ်ပြီးနေကြသည်ကို သူလုံးဝ မမျှော်လင့်ခဲ့ပေ။

ဟွာဂျီယူက ထိုကောလာဟလများအား မသိချင်ယောင် ဆောင်နေခြင်းက သည်နေ့ သည်အခြေအနေထိ ဖြစ်လာရသည်။

သူကိုယ်တိုင် အလွန် ချစ်ခင်နှစ်သက်ရသော နတ်သမီးက သူ့အား လူပုံအလယ်တွင် အရှက်ခွဲခဲ့သောအခါ သူက သည်းခံခဲ့သည်။ ယခု ဟွာဂျီယူက ရီဖူရှင်းအပေါ် သူမ၏ ချစ်ခင်နှစ်သက်မှုကို ဖော်ပြခဲ့ရာ သူ သည်းမခံနိုင်တော့ပေ။ သူ၏အတွေးထဲတွင် မကောင်းသော စိတ်ယုတ်မာများ ဖြစ်ပေါ်လာကာ လူပုံအလယ် သူမပြောသင့်သော စကားကို ပြောမိသည် အထိပင်။

ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် လာရောက် စိန်ခေါ်သည့်တိုင် ထိုအရာကား တိုက်ပွဲတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ မူယွန်ချူက ဟွာဂျီယူအား ပြောလိုက်သော စကားက လူအများအပြား၏ နားထဲကို ဆူးချွန်ဖြင့် ထိုးသလို ခံစားလိုက်ကြရသည်။

လူအများအပြားက မူယွန်ချန်အား အေးစက်စွာ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အထင်သေးမှုများ။ မုန်းတီးမှုများ ပါဝင်နေ၏။ သူတို့က ရီဖူရှင်းအား အားကျကာ မနာလို ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်၏အပြုအမူကို ကြည့်လျှင် သူတို့ကြားမှ စစ်မှန်လေးနက်သော ချစ်ခြင်းကို လူတိုင်း ခံစားမိကြသည်။ ထို့ကြောင့် လူအတော်များများက သူတို့နှစ်ယောက်အတွက် ပျော်ရွှင်မိကြသည်။ သို့သော်လည်း မူယွန်ချန်၏ ဆဲရေးတိုင်းထွာမှုက သူ၏အကျင့်စရိုက်ကို ဖော်ပြနေသည်။ ရီဖူရှင်း ပြောသကဲ့သို့ပင် မူယွန်ချန်နှင့် တစ်ကျောင်းတည်း တက်ရောက်နေရသည်မှာ ရှက်စရာ ကောင်းလွန်းလှသည်။

ဟွာဂျီယူ၏အမူအရာ ပြောင်းသွားသည်။ သည်ကဲ့သော စော်ကားသော စကားမျိုးအား မည်သည့်မိန်းမမျိုးမှ သည်းခံမည် မဟုတ်ပေ။ ဟွာဂျီယူ အတွက်ကား ပို၍ ဆိုးရွားသည်။ ရီဖူရှင်း၏ရင်ဘတ်မှ နာကျင်သွားကာ ဒေါသများ အုံကြွလာသည်။ သို့သော် သူ၏ဒေါသအား အတင်း ချိုးနှိမ်လိုက်ကာ ဟွာဂျီယူအား ညင်သာစွာ ပြောလိုက်သည်… “ငါ့တာဝန် ထားလိုက်…”

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။

ရီဖူရှင်းက မူယွန်ချန်အား ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းတွင် ကြောက်မက်ဖွယ် အေးစက်သော အရိပ်အငွေ့များနှင့် လူသတ်လိုသော ဆန္ဒများအား တွေ့မြင်ရသည်။

“ရီဖူရှင်း… လာဘ်လာဘ ကျောင်းဆောင်ရဲ့ တပည့်… ကြယ်ငါးပွင့် ကောင်းကင်အဆင့်… အခု မူယွန်ချူကို သေတဲ့အထိ တိုက်ခိုက်ဖို့ စိန်ခေါ်တယ်… စိန်ခေါ်တာကို လက်ခံမလား…” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ လူတိုင်းက ထိုစကားကို ကြားလျှင် ရင်ထိတ်သွားကြသည်။ ရီဖူရှင်းက မူယွန်ချူအား အသေသတ်ပွဲ တိုက်ခိုက်ရန် စိန်ခေါ်သည်။

ရူးသွပ်ခြင်း။ လူတိုင်းက ထိုသို့ တွေးကြသည်။ သို့သော်လည်း သူတို့တွင် ဟွာဂျီယူကဲ့သို့ ချစ်သူမျိုး ရှိပါကလည်း သူမအား သည်ကဲ့သို့ စော်ကားမှုမျိုးကို သည်းခံကြမည် မဟုတ်ပေ။ ရီဖူရှင်း ပေါက်ကွဲသည်မှာလည်း မထူးဆန်းပေ။

မူယွန်ချူက နှာခေါင်းရှုံ့လိုက်သည်။ ကြယ်ငါးပွင့်အဆင့် တန်ခိုးရှင်က သူ့အား အသေသတ်ပွဲ စိန်ခေါ်ရဲသည်။ ဤမတိုင်မီက ရီဖူရှင်းနှင့် ယူချင်းက ပူးပေါင်းကာ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်အား တိုက်ခိုက် အနိုင်ယူခဲ့သော်လည်း သူ၏အမြင်တွင်မူ ရီဖူရှင်းက သာမန် ကူညီရုံမျှသာ ဖြစ်ပြီး ယူချင်းမှာ အမှန်တကယ် စွမ်းအားကြီးမားသူ ဖြစ်သည်။ အကယ်၍ ကြယ်ငါးပွင့်အဆင့် တန်ခိုးရှင်က တိုက်ခိုက်လိုလျှင် သူကဲ့သို့ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်က ကြောက်နေစရာ မလိုပေ။

“သေဖို့ ပြင်ထားတော့…” မူယွန်ချူ၏ အမူအရာကား အေးစက်နေသည်။ သူက စကားပြောပြီးသည်နှင့် အားပြင်းလှသော လေဓာတ်များက သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်လာနေကြသည်။ ထို့နောက် သူ၏မျက်လုံးများက ရွှေရောင် ပြောင်းလဲသွားကာ အလွန် စူးရှတောက်ပြောင် လာသည်။

ရီဖူရှင်းကလည်း သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင် နတ်ငှက် ပေါ်ပေါက်လာကာ ထိုအရာကား အလွန်လှပပေသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသော သဘာဝစွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုအရာက ရွှေရောင် နှင်တံအဖြစ် ပြောင်းလဲသွားသည်။ ဤသည်ကိုမြင်လျှင် လူတိုင်းက ကြောက်ရွံ့စိတ်ကြောင့် ချွေးစေးများပင် ပြန်လာကြသည်။ သည်နှင်တံမှာ ကျောက်မူအား တစ်ကွက်တည်းဖြင့် အနိုင်တိုက်ခိုက်ခဲ့သော သိုင်းပညာကို အသုံးပြုရန် လက်နက်ဖြစ်သည် မဟုတ်ပါလား။

ယခု ရီဖူရှင်းက အသေသတ်ပွဲ တိုက်ခိုက်တော့မည် ဖြစ်သည်။ သူက ယခင် တိုက်ကွက်ထက် ပိုမို အဆင့်မြင့်သော တိုက်ကွက်များအား သုံးမည်မှာ သေချာလှသည်။

သူ၏အတောင်ပံများကို အားပြင်းစွာ လှုပ်ခတ်လိုက်ပြီး လေထဲသို့ မြားတစ်စင်းလို ပျံတက်သွားသည်။ လေဓာတ်သဘာဝ စွမ်းအင်များက သူ၏ကိုယ်တွင် လှည့်ပတ်နေရာမှ မှော်သိုင်းကွက်အဖြစ် ပြောင်းလဲသွားနေသည်။ သူက နတ်ငှက်ဝိညာဉ် သတ်သတ်ဖြင့် ပျံသန်းနိုင်သော်လည်း ယခု သူက လေဓာတ်စွမ်းအင်များအားလည်း ထပ်ပေါင်းလိုက်ရာ သူ၏အလျင်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset