ထို ဓမ္မလက်နက် အော်လံကြီးမှာ ရဲရဲနီနေပြီး အလွန်အင်မတန်မှ ထူးဆန်းသည့်ပုံ ပေါက်နေ၏။ ၎င်း၏ အပြင်ဘက်ကိုယ်ထည်ပေါ်တွင် အရောင်အမျိုးမျိုး ရှိနေသည့် သင်္ကေတစာလုံးများဖြင့် ရေးဆွဲထားသော ရုပ်ပုံများ ရှိနေ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုရုပ်ပုံများမှာ မီးလောင်နေသည့် ကျားကြီးတစ်ကောင်၏ ပုံဖြစ်ကြောင်း မြင်လိုက်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအော်လံကြီးအား ထုတ်ယူလိုက်ပြီးနောက် ၎င်းအား အသုံးပြုရန် တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ သူသည် ၎င်းအား အသံအကျယ်ဆုံးအထိ ချဲ့လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သောအခါ ထိုအော်လံကြီးမှာ ချက်ချင်းဆိုသလိုပင် အပြင်းအထန် တုန်ရီသွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အော်သံကြီးကို အဆပေါင်းများစွာ တိုးချဲ့ပေးလိုက်သောကြောင့် အသံလှိုင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ဆီသို့ ပြည့်လာနေကြသည် ဖွတ်ကြီးများဆီသို့ အရှိန်အဟုန်ဖြင့် တိုက်ခတ်သွားတော့သည်။
ထိုအချိန်တွင် အလွန်အင်မတန်မှ ပြင်းထန်သော တုန်ရီမှုကြီးတစ်ခု ပေါ်ပေါက်လာပြီး လှိုင်းတွန့်များ အသွင်ပြောင်းလဲသွားသည်ကို ရိုးရိုးမျက်လုံးနှင့်ပင် မြင်လိုက်ရ၏။ ၎င်းတို့မှာ ဒီရေလှိုင်းများကဲ့သို့ အရမ်းမျက်နှာအနှံ့ ပျံ့နှံ့သွားကြသဖြင့် မည်သူကမှ ခုခံတွန်းလှန်နိုင်စွမ်းမရှိသော ပြင်းအားတစ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို ပြင်းအားကြီးနှင့်အတူ မီးပင်လယ်တစ်စင်းလည်း ပေါ်ပေါက်လာ၏။ ၎င်းမှာ ကျားကြီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်လော သို့မဟုတ် ဒြပ်ရှိပစ္စည်းများ၏ အခြေအနေများကို ပြောင်းလဲသွားစေနိုင်သည့် အသံအကျယ်ကြီးကြောင့် ထွက်ပေါ်လာသည်လော အတိအကျ သိရှိနိုင်ရန်မှာ ခဲယဉ်းပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအသံကြီး ထွက်ပေါ်လာသောအခါ မီးပင်လယ်ကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထို့အပြင် မီးကျားကြီးတစ်ကောင် အော်လံထဲမှ ပြေးထွက်လာပြီး ထိုနေရာကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားသည်အထိ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာသည်ကို မြင်လိုက်ရ၏။ ထိုကျားကြီးမှာ တီကောင်များကဲ့သို့ လူးလွန့်လှုပ်ရှားနေကြသည့် ဖွတ်ကြီးများကိုကြည့်ကာ မာန်ပါပါ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
ကျားကြီး၏ အော်ဟစ်သံကြီးမှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံနှင့် ပေါင်းစည်းသွားသဖြင့် ၎င်းမှာ မယုံကြည်နိုင်လောက်အောင် အားကောင်းသွား၏။ ထိုအသံကြီး ပေါက်ကွဲထွက်လာပြီးနောက် အော်လံကြီး၏ ရှေ့တွင်ရှိနေသော ဝိညာဉ်ပင်လယ်ကြီးမှာလည်း ပြိုလဲပျက်စီးသွားရ၏။ ဘေးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ကမောက်ကမဖြစ်သွားရသည်။ ထိုအသံကြီးမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် ဝိညာဉ်ပေါင်းမြောက်မြားစွာမှာ နောက်သို့ဆုတ်ခွာသွားကြပြီး အသားများတုန်ရီနေကြရပြီဖြစ်သည်။ သူတို့မှာ တစ်လက်မလေးပင် မလှုပ်ရဲကြပေ။ အဝေးမှကြည့်လိုက်မည်ဆိုပါက ဝိညာဉ်ပင်လယ်ထဲတွင် ဟင်းလင်းပြင်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်ရမည်ဖြစ်သည်။
၎င်းမှာ အံ့သြစရာအကောင်းဆုံးအချက် မဟုတ်သေးပေ။ ဝိညာဉ်ပင်လယ်ကြီးမှာ အော်လံကြီးဆီမှ ထွက်ပေါ်လာသော အသံလှိုင်းများ၏ အကြွင်းအကျန်များကိုသာ ခံစားလိုက်ရသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံလိုက်ရသည့် အရာများမှာ ကြောက်မက်ဖွယ်ရာ ရုပ်ရည်သွင်ပြင်များနှင့် ဖွတ်ကြီးများပင် ဖြစ်သည်။
ထို့ကြောင့် ထိုဖွတ်ကြီးများမှာ အဆိုးရွားဆုံး ခံစားလိုက်ကြရပြီး အလွန်အင်မတန်မှ သနားစရာကောင်းသွားကြ၏။ အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေသော ဖွတ်ကြီးသုံးကောင်မှာဆိုလျှင် လေပေါ်သို့ ခုန်တက်သွားပြီးနောက် မြေပြင်ပေါ်သို့ပင် ပြန်မကျလာသေးပါသော်လည်း အော်လံကြီးဆီမှ ထွက်ပေါ်လာသော အသံလှိုင်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသောကြောင့် အဝေးသို့ လွင့်ထွက်သွားကြ၏။ သူတို့မှာ အသားများ တုန်ရီသွားရန် အချိန်ပင်မရလိုက်ဘဲ ချက်ချင်းဆိုသလိုပင် သေကျေပျက်စီးသွားကြပြီး သွေးစများအသွင် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။
၎င်းတို့၏နောက်တွင် နောက်ထပ် ဖွတ်ကြီးလေးကောင် ရှိနေသေးသည်။ ၎င်းတို့မှာ ရှေ့ဆုံး၌ ရှိမနေသည့်တိုင်အောင် အသံလှိုင်းများ၏ ပြင်းအားများကြောင့် အဝေးသို့ လွင့်ထွက်သွားကြကာ ဦးခေါင်းခွံများ တစ်စစီ ကြေမွသွားကြပြီး ခြေလက်များ ပြတ်တောက်သွားကြတော့သည်။ ကျန်ရှိနေသေးသည့် အခြားဖွတ်ကြီးများမှာလည်း နာကျည်းစွာ အော်ဟစ်မြည်တမ်းနေကြပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြ၏။
ဝမ်ပေါင်လဲ့မှာ အော်လံကြီး၏ ပြင်းအားကို စမ်းသပ်ခဲ့စဉ်တုန်းက ၎င်းအား အစွမ်းအကုန် ထုတ်မသုံးခဲ့ပေ။ ထို့ကြောင့် ယခုကဲ့သို့ အစွမ်းအကုန် ထုတ်သုံးလိုက်သည့်အချိန်တွင် သူကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရတော့သည်။ ၎င်း၏ ပြင်းအားကြောင့် ထိုအော်လံကြီးပင်လျှင် သူ၏လက်ထဲမှ လွင့်ထွက်သွားလုမတတ် ဖြစ်သွားရ၏။
ထိုအချိန်တွင် အော်လံကြီးဆီမှ အာခံလိုသည့် အရိပ်အယောင်များ ခပ်ရေးရေးခန့် ပေါ်ပေါက်လာ၏။ အသစ်ဖန်တီးထားသည့် ဓမ္မလက်နက် တစ်ခုချင်းစီတိုင်းမှာ ထိုကဲ့သို့ ပြန်လည်အာခံလိုစိတ် အနည်းနှင့်အများ ရှိကြကြောင်း ဝမ်ပေါင်လဲ့က သိရှိထားပြီးဖြစ်သည်။ ၎င်းတို့အား အပြည့်အဝထိန်းချုပ်ကာ အမိန့်နာခံအောင် လပြောင်းလဲနိုင်ရန် အချိန်လိုအပ်ပေသည်။
သို့သော် လက်ရှိတွင် သူ့ဆီ၌ အချိန်မရှိပေ။ ထို့ကြောင့် သူသည် ရှေ့သို့စိုက်ကြည့်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မှီးတောက်အား ထုတ်လွှတ်လိုက်ပြီး အော်လံကြီးအား တစ်ပတ်ပတ်ခိုင်းလိုက်၏။ ထိုအခါ အော်လံကြီး၏ စိတ်ဆန္ဒမှာ တုန်ရီသွားပြီး ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွား၏။ ထို့နောက် ၎င်းမှာ အာခံနေခြင်း မရှိတော့သည့်အပြင် ယခင်ကထက်ပင် ပို၍ကျယ်လောင်သော အသံများကို ထုတ်လွှတ်ပေးနေတော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် သေကျေပျက်စီးသွားကြသည့် ဖွတ်ကြီးများကြောင့် ထွက်ပေါ်လာသော သွေးမြူခိုးများထဲမှ ခရမ်းရောင် သွေးတန်းတစ်တန်း ထိုးထွက်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေပြီး အသံလှိုင်းများမှာ ၎င်းအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိသည့်ပုံပင်။ ၎င်းမှာ သိပ်မဝေးသော နေရာတစ်ခုတွင် စုစည်းသွားပြီး လက်ဖဝါးအစားရှိသော အရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွား၏။
ထို ခရမ်းရောင်သွေးအရုပ်ထဲမှ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ထွက်ပေါ်လာ၏။ ၎င်း၏ မျက်လုံးများရှိနေသောနေရာမှ အေးစက်စက်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ မဟုတ်ဘဲ ဒဏ်ရာရနေပါသော်လည်း အသက်ရှိနေဆဲဖြစ်သည့် ဖွတ်ကြီးများဆီသို့ ဦးတည်ပြေးသွားလိုက်၏။
ထိုဖွတ်ကြီးများမှာ ဒဏ်ရာရထားသည့်တိုင်အောင် အခြေတည်အဆင့်တွင် ရှိနေကြသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့၏ အပြင်ခန္ဓာကိုယ်များမှာ အလွန်အင်မတန်မှ သန်စွမ်းနေ၏။ သို့သော်လည်း ခရမ်းရောင်သွေးအရုပ်လေး၏ ရှေ့တွင်မူ ၎င်းတို့မှာ အလွန်အင်မတန်မှ အားအင်နုံးချည့်နေသည့်ပုံ ပေါက်နေပြီး ထိုအရုပ်လေးမှာ ၎င်းတို့၏ ခန္ဓာကိုယ်အား ထိုးဖောက်ကာ ဖြတ်လျှောက်သွားလိုက်၏။ ထို ခရမ်းရောင်သွေးအရုပ်လေးမး ၎င်းတို့၏ ခန္ဓာကိုယ် အခြားတစ်ဖက်၌ ပြန်ပေါ်လာသည့်အချိန်တွင် ၎င်းနှင့်အတူ ခရမ်းရောင် သွေးအမျှင်အတန်းများပါ ပါလာကြ၏။ ထို့ကြောင့် ၎င်းအား ပို၍ပင် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတော့သည်။ သို့သော် ၎င်း၏နောက်တွင် ကျန်ရစ်ခဲ့သည့် ဖွတ်ကြီးများမှာမူ သေဆုံးသွားကြ၏။
ထို တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းကြီးကြောင့် ဝမ်ပေါင်လဲ့မှာမှာ အံ့ဩတုန်လှုပ်ကာ အသားများ တုန်ရီလာရတော့သည်။ သူသည် မျက်လုံးများ မှေးသွားပြီး ဆက်လက်တိုက်ခိုက်နေခြင်း မရှိတော့ဘဲ သူ၏ အော်လံကြီးကို သိမ်းဆည်းကာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားလိုက်၏။ သူသည် ဝိညာဉ်ပင်လယ်ကြီးက သူ့အတွက် အထူးတလည် ဖန်တီးပေးထားသည်ဟု ထင်ရသည့် စင်္ကြံလမ်းလေး၏ အဆုံးသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်တော့သည်။
သူထိုသို့ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် ခပ်လှမ်းလှမ်းရှိ ဝိညာဉ်ပင်လယ်ထဲမှ ပေါက်ကွဲသံကြီးတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာ၏။ အခြားဂြိုဟ်မှ ကျင့်ကြံသူသုံးယောက်မှာ နောက်ဆုံးတွင် သူတို့အား ပိတ်ဆို့တားဆီးနေခဲ့သည် ဝိညာဉ်များထံမှ လွတ်မြောက်လာကြပြီဖြစ်သည်။ အမှန်တွင် တစ်ယောက်နှင့်တစ်ယောက် အလွန်အင်မတန်မှ ရင်းနှီးကြသော သူတို့သုံးယောက်မှာ အစကတည်းက အလွန်အင်မတန်မှ အစွမ်းထက်နေကြပြီးသားဖြစ်သည်။ ထို့အပြင် သူတို့မှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာ၌လည်း ကျွမ်းကျင်နေကြပြီဖြစ်၏။ ထိုသို့သာမဟုတ်ပါက ယွမ်ယင်အဆင့်ကျင့်ကြံတစ်ယောက်မှာ ဤနေရာသို့ ရောက်ရှိလာပြီး ထိုဝိညာဉ်များ၏ ဝိုင်းထားခြင်းကို ခံလိုက်ရမည်ဆိုပါက လွတ်မြောက်အောင် ရုန်းထွက်နိုင်မည်မဟုတ်သလို သတိလက်လွတ်ဖြစ်သွားပါက အသက်ပါဆုံးရှုံးရနိုင်ပေသည်။
ထိုနေရာတွင် ရှိနေသည့် ဝိညာဉ်များ၏ အရေအတွက်မှာ များပြားလွန်းနေသည်မဟုတ်ပါလော။
” ဒီကျိုးရိရှန်ဆိုတဲ့ကောင်က တော်တော်ကိုအဖိုးတန်တယ်။ ငါတို့တွေကို သူ့ကို ဖမ်းမိမှဖြစ်မယ် ” အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက် ပြေးထွက်လာကြသည်နှင့် သူတို့ဆီမှ ထွက်ပေါ်နေသော အမျက်ဒေါသများကို အာရုံခံနိုင်ပေသည်။ သို့သော် သူတို့ကြုံခဲ့ရသည့် ဖြစ်ရပ်အမျိုးမျိုးအပြင် ယခုတွင်လည်း ဤကမ္ဘာကြီးမှာ ထိုကျိုးရိရှန်ဆိုသည့် ကျင့်ကြံသူအပေါ် အလွန်အင်မတန်မှ သဘောကောင်းနေသည့်ပုံ ပေါက်နေသောကြောင့် သူတို့သုံးယောက်မှာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။
ထို့ကြောင့် သူတို့သုံးယောက်မှာ အမြန်ဆုံးနည်းဖြင့် ပြေးထွက်လာကာ စင်္ကြံလမ်းလေးထဲ၌ ချက်ချင်းပင်ပေါ်ပေါက်လာကြပြီး ဝမ်ပေါင်လဲ့ ထွက်ပြေးသွားသည့် အရပ်မျက်နှာဘက်သို့ ဦးတည်သွားကြ၏။ သို့သော် ထိုနေရာကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေရုံသာမက တစ်ချိန်ထဲမှာပင် သူတို့မှာ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိဘဲ ဖြစ်နေရသည်ကို သိလိုက်ရ၏။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းမှာ လျော့ကျသွားရတော့သည်။ သို့သော်ငြားလည်း သူတို့မှာ ဝမ်ပေါင်လဲ့ထက်တော့ မြန်နေဆဲပင်။ အစပိုင်းတွင် သူတို့၏ကြား၌ အကွာဝေးတစ်ခု ရှိနေခဲ့ပါသော်လည်း အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် သူတို့သုံးယောက်မှာ ခရမ်းရောင်သွေးအမျှင်အတန်းများဖြင့် ဖွဲ့စည်းထားသည့် အရုပ်လေး ရှိနေသောနေရာသို့ ရောက်ရှိလာတော့သည်။
သူတို့မှာ ထိုခရမ်းရောင်အရုပ်လေးကို မြင်လိုက်ရသည်နှင့် မျက်နှာပေါ်၌ကင်းခြေများကြီး ရှိနေသော ကျင့်ကြံသူကြီးမှာ ပို၍ပင် မျက်နှာပျက်သွားရ၏။ အမှန်တွင် ထိုဖွတ်ကြီးများမှာ ပြုစုပျိုးထောင်ခံခဲ့ရပြီးနောက် သူ၏ ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားရသည့် အကြောင်းအရင်းမှာ သူတို့၏ မျိုးဆက်ထဲတွင် ရှေးဟောင်းသွေးအမျှင်အတန်းတစ်ခု ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းမှာ သူ၏ကိုယ်ပိုင်အမှတ်အသားတစ်ခု ဖြစ်နေခဲ့သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ထိုဖွတ်ကြီးများအား ပြုစုပျိုးထောင်ပေးခြင်း မဟုတ်ဘဲ ထိုရှေးဟောင်းသွေးကို ပြုစုပျိုးထောင်ပေးသကဲ့သို့ ဖြစ်နေခဲ့သည်။
ယခုတွင် ထိုသွေးများမှာ အပြင်ဘက်သို့ ထွက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လုံလောက်မှု မရှိသောကြောင့် သူသည် ၎င်းတို့အား အသုံးပြုကာ ရုပ်သေးရုပ်တစ်ခုကိုသာ ဖန်တီးနိုင်စွမ်းရှိပေသည်။
သို့သော် ယခုတွင်မူ သူသည် ထိုအချက်များကို ဂရုမစိုက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်သောအခါ ထိုခရမ်းရောင်သွေးအရုပ်လေးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက်၎င်းမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည့်ပုံ ပေါက်သွားပြီး ထိုသုံးယောက်နှင့်အတူ စင်္ကြံလမ်းလေးထဲ၌ ပြေးလွှားနေလိုက်တော့သည်။
သူတို့သုံးယောက်မှာ ရှေ့သို့ ဆက်လက်ချီတက်သွားကြပြီး စင်္ကြံလမ်းလေး၏အဆုံးနားသို့ ရောက်လာသည့်အချိန်တွင် ဝမ်ပေါင်လဲ့အား လှမ်း၍မြင်လိုက်ရ၏။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အော်လံကြီးကို ထုတ်ယူကာ အသံကုန် အော်ဟစ်လိုက်တော့သည်။
ထို့ကြောင့် သူ၏အော်လံကြီးထဲမှ အသံလှိုင်းကြီးများ ထွက်ပေါ်လာပြီး သူ၏နောက်ဘက်သို့ အဆက်မပြတ် ပျံ့နှံ့သွား၏။
အကယ်၍ ထိုအသံလှိုင်းများမှာ အခြားဂြိုဟ်မှ ထိုကျင့်ကြံသူကြီး သုံးယောက်ဆီသို့ ဦးတည်သွားကြမည်ဆိုပါက သူတို့မှာ ၎င်းတို့အား ခုံခံနိုင်စွမ်းရှိသောကြောင့် အရှိန်လျော့သွားကြမည် မဟုတ်ပေ။ သူတို့မှာ ဖွတ်ကြီးများနှင့်မတူဘဲ တောင့်တင်းခိုင်မာသည့် အပြင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သို့သော် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့၏ ပစ်မှတ်မှာ သူ၏ ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ပင်လယ်ကြီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဝိညာဉ်ပင်လယ်ကြီး ထဲ၌ လှိုင်းလုံးများ အဆက်မပြတ် ရိုက်ခတ်သွားကြသဖြင့် အရာအားလုံးမှာ ရှုပ်ယှက်ခတ်သွားရတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ အသံလှိုင်းများမှာ အကျိုးသက်ရောက်မှု ရှိနေသောကြောင့်လား သို့မဟုတ် အခြားအကြောင်းအရင်း တစ်ခုခုကြောင့်လားတော့ မသိပေ။ ဝိညာဉ်ပင်လယ်ကြီးမှာ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။ ထို့ကြောင့် ဝိညာဉ်ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာကြပြီး အော်ဟစ်မြည်တမ်းကာ ထိုသုံးယောက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ တားဆီးလိုက်ကြပြန်သည်။
” တောက်ကွာ ” ထိုကျင့်ကြံသူသုံးယောင်မှာ အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်းဖြစ်နေရပြီဖြစ်သည်။ သူတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လောက်ကို သတ်ဖြတ်နိုင်ရန် ယခုလောက် အပင်ပန်းခံနေရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ထိုအချိန်တွင် သူတို့မှာ ရှေ့တွင်ရှိနေသော ဝိညာဉ်များကိုဖြတ်၍ အဝေးသို့ လှမ်းကြည့်လိုက်ကြသောအခါ စင်္ကြံလမ်းလေး၏ အဆုံးကို မြင်လိုက်ရ၏။ ထိုလမ်းဆုံးရှိ ဝိညာဉ်ပင်လယ်ကြီးထဲတွင် ဝဲတစ်ခုမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကြိုဆိုကာ သူ ထိုအထဲသို့ ဝင်လာသည်ကို မျှော်လင့်စောင့်စားနေသည့်ပုံပင်။
” ဒါလည်း သူ့ပိုင်နက်ပဲလားဟ ” ထိုမြင်ကွင်းကြီးကြောင့် သူတို့သုံးယောက်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ရူးသွပ်လုမတတ် ဖြစ်သွားရပြန်သည်။ ဝမ်ပေါင်လဲ့ပင်လျှင် အသက်ရှူသံများ မြန်ဆန်လာရပြီး တစ်ခဏမျှ မိန်းမောတွေဝေသွားရ၏။ သို့သော် သူသည် အန္တရာယ်ကြီးနှင့် ကြုံနေရသည်ဖြစ်ရာ အခြားရွေးချယ်စရာမရှိပေ။ ထို့အပြင် ထိုဝဲကြီး၏ ဆွဲငင်မှုမှာလည်း အချိန်နှင့်အမျှ ပို၍အားကောင်းလာနေသည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်စက္ကန့်လေးပင် ရပ်တန့်သွားခြင်းမရှိဘဲ အံကြိတ်ကာ ထိုဝဲကြီးထဲသို့ ပြေးဝင်သွားတော့သည်။
ထိုအခါ သူသည် ထိုဝဲကြီးထဲသို့ ချက်ချင်းပင်ရောက်ရှိသွား၏။
သူ ထိုဝဲကြီးထဲသို့ ရောက်ရှိသွားသည်နှင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် ကျုံ့ဝင်သွားပြီး ပြန်ပိတ်သွားတော့မည့် အနေအထားသို့ ရောက်သွား၏။ သို့သော် ထိုအချိန်တွင် ဝိညာဉ်များအား ချုပ်တည်းနိုင်စွမ်းရှိသော ခရမ်းရောင်သွေးအရုပ်လေးမှာ ဝိညာဉ်များ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာပြီး ဝဲကြီး၏ဘေးသို့ ရောက်ရှိလာ၏။ ၎င်းမှာ အထဲသို့ ချက်ချင်းမဝင်သွားဘဲ ဝဲကြီး၏ အစွန်းတွင်ရပ်ကာ ၎င်း၏ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်အမျှင်အတန်းပေါင်း မြောက်မြားစွာကို ထုတ်လွှတ်လိုက်ပြီး ဝဲကြီး၏ အပေါက်ပြန်ပိတ်နေသည့် အမြန်နှုန်းအား နှေးကွေးသွားအောင် လုပ်လိုက်၏။
၎င်းမှာ ဝဲကြီးအား အသက်ရှူကြိမ် သုံးကြိမ်မျှသာ နောက်ကျသွားအောင် လုပ်လိုက်နိုင်ပါသော်လည်း လုံလောက်ပေသည်။ ထိုအသက်ရှူကြိမ် သုံးကြိမ်အတွင်းတွင် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ အနက်ရောင်သစ်ရွက်ပုံစံရှိသော ဓမ္မလက်နက်တစ်ခုကို ချင်ချင်းပင်ထုတ်ယူလိုက်၏။