Switch Mode

အခန်း (၄၄၅)

ဒီ ကျိုးရိရှန်ဆိုတဲ့ကောင်ကို ငါသတ်မယ်

မမလေးမှာ အနာဂတ်ကို ကြိုတင်သိမြင်နေသကဲ့သို့ပင်။

သူမသည် သိပ်မကြာခင်တွင် သိရလိမ့်မည်ဟု ဆိုခဲ့ပြီးနောက် အသက်ရှူကြိမ် ဆယ်ကြိမ်ပင် မကြာလိုက်ဘဲ အမှန်တကယ် သိလိုက်ရသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုအမှောင်အဆောင်ပစ္စည်းမှာ မမလေး ပိုင်ဆိုင်ခဲ့ဖူးသည့် ပစ္စည်းတစ်ခုဖြစ်နေကြောင်း သိသာထင်ရှားပေသည်။

” မမလေးက ဒီလူဆိုးသုံးကောင် ရောက်လာမှာကိုသိလို့ တခြားနေရာကို ပို့ပစ်တာပဲဖြစ်ရမယ်။ အခု ငါပြန်မေးလိုက်တော့မှ သူက သူတို့ကို ဒီနေရာ ရောက်လာအောင် ပြန်ပို့ပေးလိုက်တာ။ အဲ့တာမလို့ သူတို့သုံးယောက်က အခုလို အိုးနင်းခွက်နင်း ဖြစ်နေကြတာဖြစ်မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားပြီး စိတ်လှုပ်ရှားလာရတော့သည်။ ထို့နောက် သူသည် အနာဂတ်တွင် မမလေးအား ယခင်ကထက်ပို၍ မျက်နှာချိုသွေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုများ ပြင်းထန်သွားပြီးနောက် ထွက်မပြေးရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အရိုးဖြူများဖြင့် ပြည့်နှက်နေသည့် ကျွန်းကြီးပေါ်တွင်ရပ်ကာ ထို ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးယောက်အား မောက်မာဝင့်ကြွားစွာ စိုက်ကြည့်နေ၏။ ထို့နောက် သူ၏ညာဘက်လက်ကိုမြှောက်လိုက်ပြီး သူတို့အား လက်ညှိုးထိုးကာ အော်ပြောလိုက်၏။

” ကစားပွဲက ဒီမှာတင် ပြီးပြီ ” သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲမှ စကားလုံးများဖြင့် ဖော်ပြ၍မရသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ သူ၏ စကားများကို နာခံနေသကဲ့သို့ပင်။ ကောင်းကင်ယံထဲရှိ မြေသားကြီးနှင့် ကြယ်တာရာများမှာ စူးရှတောက်ပလာကြပြီး ဝိညာဉ်ပင်လယ်ကြီးထဲတွင်လည်း လှိုင်းလုံးကြီးများ အသံကျယ်လောင်စွာ ရိုက်ခတ်လာတော့သည်။ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ တိုက်ခိုက်ရန် ပြင်ဆင်နေကြပါသော်လည်း သူတို့၏ မျက်ဝန်းများထဲ၌ စိုးရိမ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ပြောင်းလဲသွားသည်ကို အာရုံခံမိနေကြသည်။ ထို့ကြောင့် သူတို့မှာ သတိကြီးကြီးထားလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်တရှား ဖြစ်နေစဉ်မှာပင် မမလေးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့အားသင့်သွားရပြန်သည်။ သူမသည် စကားဆုံးသွားပြီးနောက် ယခုကဲ့သို့ ချက်ချင်းဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ… ထို့ကြောင့် သူမ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။ ထို့နောက် သူမသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သောကြောင့် ချက်ချင်းဆိုသလိုပင် အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ဟန်ဆောင်လိုက်၏။

” ဝမ်ပေါင်လဲ့။ ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ် ပြန်ပြီးတော့ နိုးထလာတာက အချိန်သိပ်မကြာသေးဘူး။ အဲ့တာမလို့ ကျန်တာကို နင်ပဲ ကြည့်ရှင်းလိုက်တော့။ ငါ…. ငါ… ” မမလေးမှာ ထိုသို့ဆိုရင်း တဖြည်းဖြည်းနှင့် အသံတိုးသွား၏။ နောက်ဆုံးတွင် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်ပုံပင်။

” ဟင် ” ဝမ်ပေါင်လဲ့မှာမူ မှင်တက်သွားရ၏။ သူသည် မမလေးအား အလောတကြီးနှင့် လှမ်းခေါ်လိုက်ပါသော်လည်း မည်မျှပင် အော်ခေါ်စေကာမူ မမလေးမှာ အကြောင်းမပြန်ခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရပြီး မလုံမလဲဖြစ်ကာ စိတ်ထဲတွင်ကျိတ်၍ အော်ဟစ်မြည်တမ်းနေမိတော့သည်။

ထိုအချိန်တွင် ကောင်းကင်ယံထဲရှိ ယွမ်ယင်အဆင့်ကျင့်ကြံသူသုံးယောက်မှာ မျက်လုံးများအရောင်လက်သွားကြ၏။ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ရုတ်တရက်ဆိုသလို တိုက်ခိုက်လိုက်သဖြင့် သူ၏နဖူးပေါ်ရှိ အနီရောင်မျဉ်းကြောင်းကြီးမှာ တောက်ပလာ၏။ ထို့နောက် အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့ရှိနေသည့် အရိုးကျွန်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

သို့သော် ထို အနီရောင်အလင်းတန်းကြီး အောက်သို့ရောက်မလာခင် ဝိညာဉ်ပင်လယ်ကြီးမှာ ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ရီသွား၏။ ထို့နောက် ထိုပင်လယ်ကြီးထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားနေသော ဝိညာဉ်များမှာ အသံကုန် အော်ဟစ်မြည်တမ်းကာ ပင်လယ်ထဲမှ ခုန်ထွက်လာကြပြီး ကောင်းကင်ယံထဲတွင် ရှိနေသော ကျင့်ကြံသူသုံးယောက်ဆီသို့ ဦးတည်သွားကြတော့သည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက ဝိညာဉ်ပင်လယ်ကြီးတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ ပင်လယ်ရေများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသဖြင့် သမုဒ္ဒရာကြီးတစ်စင်းလုံးမှာ မိုးထိုးလုမတတ် မြင့်မားသွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ အသံကုန် အော်ဟစ်နေကြသည့် ဝိညာဉ်ပေါင်း မြောက်မြားစွာမှာလည်း လေပေါ်သို့ မြောက်တက်လာကြ၏။ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြသည့် ဝိညာဉ်များလည်း ရှိနေသေးသည်။ ၎င်းတို့မှာ သူ့အား တစ်စစီဆုတ်ဖြဲကာ အရှင်လက်လက် ဝါးမျိုပစ်ရန် ဆန္ဒပြင်းပြနေသည့်ပုံဖြင့် သူ့အပေါ်သို့ ခုန်အုပ်လိုက်ကြ၏။

ထိုမြင်ကွင်းကြောင့် ကောင်းကင်ယံထဲမှ ကျင့်ကြံသူကြီးသုံးယောက်မှာ အထိတ်တလန့်ဖြစ်သွားကြ၏။ သူတို့မှာ မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်ကြပြီး ဝိညာဉ်ပင်လယ်ကြီးအား သူတို့ဆီသို့ ရောက်မလာနိုင်အောင် တားဆီးရန် ကြိုးပမ်းလိုက်ကြ၏။ အရိုးကျွန်းပေါ်တွင် ရှိနေသော ဝမ်ပေါင်လဲ့မှာလည်း သူတို့ကဲ့သို့ပင် တုန်လှုပ်ချောက်ချားနေရပြီဖြစ်သည်။ သူသည် လေးဘက်လေးတန်စလုံးမှ ပိတ်ဆို့ခံထားရသောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။ သူသည် ၎င်းတို့အား ရှောင်တိမ်းရန်ပင် မစွမ်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ဝိညာဉ်ပေါင်း မြောက်မြားစွာ သူ့အပေါ်သို့ ခုန်အုပ်လာကြသည်ကို ရပ်ကြည့်နေလိုက်ရတော့သည်။ ကံမကောင်းစွာဖြင့် မမလေးမှာ သူ၏ အော်ခေါ်သံများကို ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ အသံကုန် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် အမှောင်ပညာရပ်ကို အသုံးပြုလိုက်သဖြင့် သူ၏မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။

ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့နှင့် ချိတ်ဆက်မှုရှိနေသကဲ့သို့ ဖြစ်နေပြီး ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ ဝိညာဉ်များအားလုံးကို ချုပ်နှောင်ကာ အေးခဲသွားစေ၏။ ထို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသော ကြောက်မက်ဖွယ်ရာ ဝိညာဉ်ကြီးများမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ ချက်ချင်းဆိုသလိုပင် နောက်တွန့်သွားကြပြီး သူ့ဆီသို့ မချဉ်းကပ်ရဲကြတော့ပေ။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်သွားရသည်။ ကောင်းကင်ယံထဲတွင် ရှိနေသည့် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာမူ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ အဖြစ်ပျက်အားလုံးမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ ထူးဆန်းလွန်းနေသည်မဟုတ်ပါလော။ အခြေတည်အဆင့်တွင်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဝမ်ပေါင်လဲ့မှာ နည်းပရိယာယ်များကိုသာ အသုံးပြု၍ သူတို့သုံးယောက်အား အချိန်အကြာကြီး ခုခံတွန်းလှန်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူတို့၏ ဂုဏ်သိက္ခာများ ထိပါးစော်ကားခံလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။

” သူ့ကို အရှင်လက်လက် ဖမ်းနေစရာမလိုဘူး။ အသေသတ်ပြီးတော့ သူ့ရဲ့ ရုပ်အလောင်းကိုပဲ ရောင်းစားကြတာပေါ့ ”

ထိုကျင့်ကြံသူကြီး သုံးယောက်မှာ ဆုံးဖြတ်ချက်ချလိုက်ကြပြီးနောက် သူတို့၏ ခန္ဓာကိုယ်များထဲမှ သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။ သူတို့မှာ ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်များကို ဖယ်ရှားကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် ပြင်လိုက်ကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူသည် ဆင့်ခေါ်သံကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ကြားလိုက်ရခြင်းဖြစ်၏။

ယခုအကြိမ်တွင်မူ ၎င်းမှာ ဝိညာဉ်ပင်လယ်ကြီး၏ အောက်ဘက်မှနေ၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းမှာ ရှေ့နှစ်ကြိမ်တုန်းကထက် ပို၍ပင် ကြည်လင်ပြတ်သားနေပြီး သူ၏ နားဘေးတွင် ကပ်၍ ပြောနေသကဲ့သို့ ခံစားနေရ၏။ ထိုစကားသံကြီးမှာ ရှင်းလင်းပြတ်သားမှုအပြည့် ရှိနေ၏။

” အမှောင်ကလေးငယ်…. အမှောင်ကလေးငယ် ”

ထိုအသံကြီး ထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထို့နောက် သူ၏ရှေ့တွင်ရှိနေသော ဝိညာဉ်ပင်လယ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲသွားပြီး သူ၏ရှေ့၌ပင် ထပ်ခြမ်းကွဲသွားသောကြောင့် အလယ်တွင် လမ်းတစ်လမ်း ပေါ်ပေါက်လာတော့သည်။

ထိုလမ်း၏ အစမှာ ဝမ်ပေါင်လဲ့ မတ်တတ်ရပ်နေသည့် အရိုးကျွန်းပင်ဖြစ်သည်။ လမ်းဆုံးမှာမူ ဝိညာဉ်ပင်လယ်ကြီး၏ နက်ရှိုင်းသော နေရာတစ်ခု၌ ရှိနေ၏။

ထို အဆင့်ဆင့် ပြောင်းလဲမှုများကြောင့် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်သွားရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူတို့အား အကြိမ်ကြိမ် အားသင့်သွားစေခဲ့သည်ကို ငြင်းဆန်၍ မရပေ။ ယခုလက်ရှိ အခြေအနေကြီးမှာ သူတို့ ကြုံတွေ့ဖူးသမျှ အရာအားလုံးထက် ပို၍အံ့သြဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။

” သူက အဲ့အထဲ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး ” သူတို့မှာ ချက်ချင်းဆိုသလိုပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာကြတို့သည်။ မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူမှာဆိုလျှင် ထိုကင်းခြေများကြီးအား ပစ်လွှတ်လိုက်၏။ ထိုအခါ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင် အရွယ်အစားကြီးမားလာပြီး ကိုက်တစ်ရာကျော်အထိ ရှည်လျားသွား၏။ ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့နောက် ထို ကင်းခြေများကြီးမှာ အော်ဟစ်မြည်တမ်းကာ ဝိညာဉ်ပင်လယ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။ ၎င်းမှာ ဝိညာဉ်များကို ချုပ်တည်းလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် ကျင့်ကြံသူကြီးသုံးယောက်မှာ ၎င်းတို့ဆီမှ လွတ်မြောက်လာကြတော့သည်။

မျက်နှာလေးထောက်နှင့် ကျင့်ကြံသူမှာ သူ၏ ဇီဝိန်ချုပ်တိုက်ကွက်ကို ထုတ်သုံးလိုက်၏။ သူသည် လက်နှစ်ဖက် ကိုပူးကပ်၍ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏နောက်တွင် မီးနွားထီးကြီးတစ်ကောင် ပေါ်ပေါက်လာ၏။ ၎င်းမှာ ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်ပြီးနောက် ပုံရိပ်ယောင် အနေအထားတွင် ရှိနေရာမှ လက်တွေ့လောကထဲ၌ အမှန်တကယ် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ မီးတောက်နေသော ခွာများနှင့်အတူ အရှိန်အဟုန်ဖြင့် ပြေးထွက်လာတော့သည်။

နောက်ဆုံးကျင့်ကြံသူကြီး၏ နောက်ကျောဘက်တွင်မူ မျက်လုံးတစ်လုံးပေါ်ပေါက်လာ၏။ ထို မျက်လုံးထဲ‌၌ အဆုံးမရှိလောက်အောင် နက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသောကြောင့် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် နှလုံးသားထဲ၌ ကြောက်စိတ်များ ပေါ်ပေါက်လာရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုကျင့်ကြံသူသုံးယောက်၏ ကျင့်ကြံခြင်းစွမ်းအားများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး သူတို့၏ အငွေ့အသက်များ အားကောင်းလာကြသည်ကို ရပ်ကြည့်နေလိုက်၏။ ဝိညာဉ်ပင်လယ်ကြီးပင်လျှင် ထိန်းချုပ်ခံရတော့မည့်ပုံစံ ပေါက်နေတော့သည်။ သူတို့သုံးယောက်မှာ သမုဒ္ဒရာကြီးထဲမှ အချိန်မရွေး လွတ်မြောက်လာကြတော့မည်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာရတော့သည်။ နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ဝိညာဉ်ပင်လယ်ကြီးထဲရှိ သူ့အတွက် ပေါ်ပေါက်လာသည့် လမ်းပေါ်သို့ တက်ကာ သမုဒ္ဒရာကြီးထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

” တောက်ကွာ ” ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားရမည်ဖြစ်ကြောင်း ကျင့်ကြံသူသုံးယောက်၏ ခေါင်းဆောင်ဖြစ်သော ကင်းခြေများကြီးအား ထုတ်လွှတ်ခဲ့သည့် လူကြီးက အပြည့်အဝယုံကြည်ထား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ထွက်ပြေးလွတ်မြောက်ခွင့် မပေးနိုင်ပေ။ သို့ဖြစ်ရာ သူသည် အံကြိတ်လိုက်ပြီး ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏ လက်သူကြွယ်မှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုနှင့်အတူ ဖွတ်ပုတတ်များနှင့် ဆင်တူသည့် ကြောက်မက်ဖွယ် သတ္တဝါကြီး ဆယ့်နှစ်ကောင် ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အသံကုန် အော်ဟစ်မြည်တမ်းနေကြသည်။ ထိုကျင့်ကြံသူသုံးယောက်၏ ခေါင်းဆောင်ကြီးမှာမူ သူ၏ နှလုံးသားထဲရှိ နှစ်မြောတသဖြစ်နေရသော ခံစားချက်များကို မျိုသိပ်ကာ ကြိမ်းဝါးလိုက်တော့သည်။

” ဒီ ကျိုးရိရှန်ဆိုတဲ့ကောင်ကို ငါ ရအောင်သတ်မယ် ” သူ ထိုသို့ဆိုလိုက်သည်နှင့် ဖွတ်ပုတတ်များနှင့် ဆင်တူသည့် ကြောက်မက်ဖွယ် သတ္တဝါကြီးများမှာ အော်ဟစ်မြည်တမ်းကာ ဝိညာဉ်ပင်လယ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။ ၎င်းတို့အား တားဆီးရန်ကြိုးစားခဲ့သည့် ဝိညာဉ်များအားလုံးမှာ အဝေးသို့ လွင့်ထွက်သွားရသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် ထို သတ္တဝါကြီးများမှာ ဝမ်ပေါင်လဲ့၏ နောက်သို့ မရပ်မနား ပြေးလိုက်လာကြတော့သည်။

ထိုသတ္တဝါတစ်ကောင်ချင်းစီတိုင်းမှာ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် ၎င်းတို့ထဲမှ အများစုမှာ အမြုတေအဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေကြပြီဖြစ်သည်။

” ကျိုးရိရှန်။ ငါ မင်းဆီကနေ နစ်နာကြေးအပြည့် ပြန်ယူပြမယ် ” မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေခဲ့သည့် ကျင့်ကြံသူကြီးမှာ အံကြိတ်ကာ ရေရွတ်နေတော့သည်။ သူသည် သူ၏ လက်စွပ်ထဲ၌ ရှိနေခဲ့သော ထိုဖွတ်ကြီးများကို အချိန်အကြာကြီးပေး၍ ရှာဖွေစုဆောင်းထားခဲ့ရသည်ဖြစ်သည်။ ထိုးသားရဲကြီးများမှာ ရန်လိုသော ဝိညာဉ်များအား ခုခံတွန်းလှန်နိုင်စွမ်းရှိပြီး အလွန်အင်မတန်မှ ရှားပါး၏။ သူသည် သူ၏ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုကို အသုံးပြုကာ ၎င်းတို့အား နှစ်ပေါင်းသုံးဆယ်ကျော်အထိ ပြုစုပျိုးထောင်ပေးခဲ့ရသည်ဖြစ်သည်။ သူ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့သောကြောင့်သာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ လက်ရှိအဆင့်သို့ ရောက်လာခဲ့ရခြင်းဖြစ်သည်။ သူသည် ၎င်းတို့အား နောက်ထပ်ဆယ်နှစ်ကျော် ထပ်၍ လေ့ကျင့်ပေးပြီးပါက ၎င်းတို့မှာ အမြုတေအဆင့်သို့ ရောက်ရှိသွားကြမည်ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့မှာ သူ့အတွက်ပို၍ အဖိုးတန်လာကြမည်မှာ အမှန်ပင်။

ထို ဖွတ်ကြီးတစ်ကောင်ချင်းစီတိုင်းမှာ သူ၏ကိုယ်ပွားတစ်ခု ဖြစ်လာနိုင်ခြေရှိပေသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား သူ့အစား အသေခံခိုင်း၍ ရနေမည် ဖြစ်သည်။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့အား ဖမ်းဆီးနိုင်ရန်အတွက် သူသည် ထိုပြုစုပျိုးထောင်မှုအစီအစဉ်အား ရပ်တန့်လိုက်ရ၏။ သို့ဖြစ်ရာ သူ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသောကြောင့် သူသည် အစမှ ပြန်စရတော့မည်ဖြစ်သည်။

သူ၏ ကြိုးစားအားထုတ်မှုများ၏ ရလဒ်များမှာလည်း ယုံမှားဖွယ်ရာ မရှိလောက်အောင် ရင်သပ်ရှုမောဖွယ်ရာကောင်းနေ၏။ ထိုကျင့်ကြံသူကြီးသုံးယောက်မှာ ဝိညာဉ်ပင်လယ်ကြီးအား ချုပ်တည်းရန် ကြိုးပမ်းနေကြစဉ် ထိုဖွတ်ကြီး ဆယ့်နှစ်ကောင်မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြ၏။ ၎င်းတို့မှာ သူတို့ဆီသို့ ချဉ်းကပ်လာကြသည့် ဝိညာဉ်များကို ဝင်တိုက်သွားကြသောအခါ ထိုဝိညာဉ်များမှာ တစ်စစီ ကြေမွပျက်စီးသွားရသည်။ ထို့နောက် ၎င်းတို့မှာ လမ်ကျဥ်းလေးအတိုင်း ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားကြတော့သည်။

၎င်းတို့၏ ခန္ဓာကိုယ်မှာ တမူထူးခြားနေ၏။ ၎င်းတို့မှာ အလေးချိန်မရှိရုံသာမက လက်တွေ့လောကနှင့် ပုံရိပ်ယောင်ကမ္ဘာကြားတွင် ရှိနေသကဲ့သို့ပင်။ ထို့အပြင် ၎င်းတို့၏ အမြန်နှုန်းမှာလည်း အခြေတည်အဆင့် ကျင့်ကြံသူများထက် သာလွန်နေသောကြောင့် ၎င်းတို့ ပြေးထွက်သွားကြသည်နှင့် နောက်တွင် ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့ကြ၏။ ဘေးမှကြည့်နေသူများမှာဆိုလျှင် ထိုဖွတ်ကြီးဆယ့်နှစ်ကောင်အား အတုအစစ် ခွဲခြားနိုင်မည်မဟုတ်ပေ။ သူတို့မှာ ထိုကဲ့သို့ ပေါ်ပေါက်လာသည့် ပုံရိပ်ယောင်များကြောင့် ဖွတ်အကောင်ရေပေါင်း သိန်းဂဏန်းအထိ မြင်လိုက်ရမည်သာဖြစ်သည်။

၎င်းတို့မှာ လေးပေါ်သို့ခုန်တက်လာကြပြီး တည်နေရာပြောင်းရွှေ့သွားကဲ့သို့ ဖြစ်နေ၏။ ထိုကဲ့သို့ တရစပ် မရပ်မနား လိုက်လံဖမ်းဆီးမှုကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်နေရတော့သည်။ သူသည် ဤလမ်းကလေးမှာ မည်မျှအထိ ဆက်လက်ရှည်လျားနေဦးမည်ကို မသိပါသော်လည်း ထိုဖွတ်ကြီးများအား တားဆီးနိုင်ခြင်းမရှိပါက ၎င်းတို့မှာ သူ့အား လိုက်မီသွားကြတော့မည်ဖြစ်ကြောင်းကို သိထား၏။

” တောက်…. ခဗျားတို့အားလုံးက ကျုပ်ကို အနိုင်ကျင့်ဖို့ အစွမ်းကုန်ကြိုးစားနေကြတာပဲ။ ကျုပ်က ယွမ်ယင်အဆင့်ကျင့်ကြံသူတွေကိုပဲ ပြန်ပြီးတော့ မတိုက်ခိုက်နိုင်တာနော်။ ဒီလို ချွဲကျိကျိနဲ့ တွားသွားသတ္တဝါ‌တွေက ကျုပ်ကို ဖိအားပေးနိုင်လိမ့်မယ်လို့ ခဗျားတို့က ထင်နေတာလား ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်ကာ ညာဘက်လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲ၌ ဧရာမ အနီရောင်အော်လံကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။ ၎င်းဆီမှ ဓမ္မလက်နက်တစ်ခု၏ အငွေ့အသက်များ ထွက်ပေါ်နေ၏။

” ထွက်သွားကြစမ်း “

Comment

Leave a Reply

Options

not work with dark mode
Reset