လန်ချူဖန်းက ထိုမောက်မာ ဝင့်ကြွားလှသော ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ထို့နောက် လေဓာတ်နှင့် မြေဓာတ်နှစ်မျိုးလုံးအား ဆင့်ခေါ်လိုက်သည်။ ကျောက်သားလှံတံအား လက်ထဲတွင် ကိုင်ကာ လေဓာတ်စွမ်းအင်များက သူ့ကို အထောက်အပံ့ပြုထား၏။
“သေစမ်း…” လန်ချူဖန်းက သူ၏လှံတံအား အမိန့်ပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်း လေနှင့်မြေ မှော်ဓာတ်စွမ်းအင်များက လှံတံတွင် ဖြစ်ပေါ်လာပြီး ရီဖူရှင်းနှင့် ယူချင်းထံ တိုးဝင်သွားသည်။
ရွှေရောင်အလင်းများ ဖြာထွက်လျက် ယူချင်းက ရီဖူရှင်း၏ ရှေ့တွင် ရပ်နေသည်။ ကျယ်လောင်သော မာန်သွင်းသံ တစ်ချက်နှင့်အတူ ယူချင်းက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် လှံတံမှာ လေထဲ ပျက်စီးသွားတော့သည်။
“သွား…” နောက်မှ ရီဖူရှင်းက ပြောလိုက်သည်။ လေဓာတ်စွမ်းအင်က ယူချင်းထံ ဆင်းသက်လာပြီး ယူချင်း ရှေ့သို့ ပြေးသွားလိုက်သည်။ ယူချင်းက မြေကြီးပေါ်သို့ ခြေတစ်လှမ်းထောက်ကာ လေထဲသို့ အလင်း၏အလျင်နှုန်းဖြင့် ခုန်တက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံမှာ လေဓာတ်စွမ်းအင် အထောက်အကူကြောင့် ယူချင်းကား လေထံသို့ ပိုမိုမြင့်မားစွာ ခုန်တက်နိုင်ပြီး လန်ချူဖန်းထံသို့ အရှိန်အဟုန် အပြည့်ဖြင့် တိုးဝင်သွားသည်။ လက်ဝါးအရိပ်ပေါင်း မြောက်မြားစွာက သူ၏လမ်းကြောင်း တစ်လျှောက်ရှိ အရာရာတိုင်းကို ဖျက်ဆီးမည့်ဟန်ဖြင့် လန်ချူဖန်းထံ တိုးဝင်လာနေကြ၏။
“ဒီစွမ်းအား…” လူတိုင်းက ပြောစရာစကား ရှာမရတော့။ လူတစ်ယောက်၏ သဘာဝ အရည်အချင်းမှာ ကံကြမ္မာ အပေါ်တွင် မူတည်လှသည်။ အကယ်၍ ယူချင်းကသာ လေဓာတ်စွမ်းအင်တွင် ထူးချွန်ခဲ့ပါက နောက်ဆုံးအကြိမ်က သူ၏ပြိုင်ဘက် နှစ်ယောက်အား လုံးဝ ရှုံးနိမ့်ခဲ့မည် မဟုတ်ပေ။
ယူချင်း အသုံးပြုလိုက်သော နည်းစနစ်များကို မြင်လျှင် ယိချန်ကား အလွန် ကျေနပ် အားရသွားဟန် တူသည်။ သူ သင်ပေးထားသော ပညာများကာ ယူချင်းနှင့် သင့်တော်လှသည်။ ယူချင်းကား ပြင်းအားများသော တိုက်ပွဲ နည်းစနစ်တိုင်းနှင့် အံဝင်ဟန်တူသည်။
“ကျောက်သား အကာအရံ…” လန်ချူဖန်းက ပြောလိုက်သည်။ သူ၏ရှေ့တွင် ကျောက်တုံးနံရံကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား အလွန် အားကောင်းသော စွမ်းအားမြင့် ခံစစ်မှော်သိုင်းကွက် ဖြစ်သည်။
သို့သော်လည်း ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ကျောက်တုံးနံရံမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး သူ၏ရှေ့တွင် ယူချင်း ပေါ်လာသည်။ သို့သော်လည်း လန်ချူဖန်း နောက်မဆုတ်ပေ။ ယူချင်းက သားရဲတစ်ကောင်လို သန်မာသည့်တိုင် လန်ချူဖန်းကား သူ့ထက် တန်ခိုး အဆင့်မြင့်မားပေသည်။ ထို့အပြင် လန်ချူဖန်း၏ သက်စောင့်ဝိညာဉ်က သူ့အား အလွန် အားကောင်းသော စွမ်းအင်များကို ပေးစွမ်းနိုင်သည်။
အလွန်ကြီးမားသော ကျောက်တုံးခြင်္သေ့ပုံရိပ်တစ်ခုက လန်ချူဖန်းအား အပေါ်မှ ဖုံးအုပ်ထားသည်။ သူ၏လက်မှ ကျောက်သားလှံတံက ယူချင်းထံ တိုးဝင်သွား၏။ လှံတံ၏ထိပ်ဖျား လှံသွားတွင် လေနှင့် မြေဓာတ်စွမ်းအင်များ စုစည်းနေသည်။ ထောင်ပေါင်း များစွာသော လက်ဝါးအရိပ်များက ကျောက်သားလှံတံနှင့် ရင်ဆိုင်မိလျှင် ကျောက်တုံးများအဖြစ် ပြောင်းလဲသွားကာ အစိတ်စိတ် ကွဲကြေ ပျောက်ကွယ် သွားကြ၏။
ယူချင်းက ခန္ဓာကိုယ်အား လှုပ်ခါလိုက်လျှင် သူ၏ကိုယ်မှ အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူ၏လက်မောင်းများတွင် ဆူးချောင်းကြီးများ ဖြစ်ပေါ်လာပြီး သူ၏လက်ဝါးများက လှံတံအား ရင်ဆိုင်ရန် ဆန့်တန်းလိုက်သည်။ သို့သော် သူတို့က ရင်ဆိုင်မိခါနီးတွင်ပင် ယူချင်း၏လက်မောင်းများ အေးခဲသွားသည်။ ထို့နောက် သူ၏လက်မောင်းများတွင် ရစ်ပတ်လာသော ကျောက်သား စွမ်းအင်များမှာ ဆူးချွန်များ၏စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကား ကြောက်မက်ဖွယ် တွင်းနက်ကြီးပုံစံ တစ်မျိုးသို့ ပြောင်းလဲသွားပုံရ၏။ နောက်ဆုံးတွင် လူတိုင်းက ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ယူချင်း၏လက်ဝါးက ကျောက်သားလှံတံ၏ ထိပ်ဖျားနှင့် ထိမိတော့သည်။ သူ၏လက်ဝါးကား ပို၍ စွမ်းအားကြီးပုံရကာ လှံတံထက်ပင်ပို၍ မာကျောနေလေသည်။
ဘန်း … ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရကာ ပထမက ထောင်ပေါင်း များစွာသော လက်ဝါးအရိပ်များ ကာကွယ်ထားသော ယူချင်းမှာ ယခု အကာအရံ ကင်းမဲ့သွားကာ တစ်ကိုယ်လုံးမှ သွေးများ ထွက်လာသည်။ ထို့အတူ လန်ချူဖန်း၏လှံတံမှာလည်း ပျက်စီးသွားပြီးဖြစ်သည်။ လူငယ်နှစ်ယောက်လုံး နောက်သို့ လွင့်စဉ်သွားကြသည်။ ယူချင်း၏သန်မာသော လက်မောင်းများမှာ တုန်ယင်နေသည်။ လင်ချူဖန်းမှာလည်း အခြေအနေ မကောင်းလှပေ။ ထောင်ပေါင်းများစွာသော လက်ဝါးရိပ်များက လှံတံမှတစ်ဆင့် သူ၏ခန္ဓာကိုယ်အား လာရောက် ရိုက်ခတ်ခဲ့သောကြောင့် သူကား ယခု မလှုပ်ရှားနိုင်အောင်ပင် တောင့်တင်းနေသည်။
ထိုအခိုက်တွင်ပင် လင်ချူဖန်းက တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏ မျက်လုံးထောင့်တစ်နေရာမှ ရွှေရောင် အလင်းရိပ်တစ်ခု တွေ့လိုက်သည်။ မြေပြင်ပေါ်မှ ပရိသတ်များက မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေကြသည်။ သူတို့က လန်ချူဖန်း၏နောက်တွင် ပုံသဏ္ဌာန်တစ်ခု ပေါ်လာသည်ကို တွေ့ကြသည်။ နွယ်ပင်များ ဖြစ်ပေါ်လာကာ လန်ချူဖန်း၏ ပြေးပေါက်များအား ပိတ်ထားသည်။ ထို့နောက် နွယ်ပင်များက သူ၏ခန္ဓာကိုယ်အား လျင်မြန်စွာ ရစ်ပတ်လာနေကြသည်။
“သစ်သားစွမ်းအင်… နွယ်ပင်တစ်ထောင် ချုပ်နှောင်ခြင်း… ဘယ်လိုလုပ် ကြယ်ငါးပွင့် ကောင်းကင်အဆင့်က ဒီလို ကြောက်မက်ဖွယ် မှော်သိုင်းကွက်မျိုး ထုတ်လွှတ်နိုင်တာလဲ…” ကြည့်ရှုသူများက ကြောက်မက်ဖွယ် အဆုံးမရှိသော နွယ်ပင်များက အဆက်မပြတ် ဖြစ်ပေါ်လာနေသည်ကို ထိတ်လန့်တကြား မြင်နေရ၏။
လန်ချူဖန်းက လေမုန်တိုင်းအား လှိုင်းတစ်ခု ဆင့်ခေါ်လိုက်ကာ ပို၍မြင့်သော ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့အတူ အားပြင်းသော လေဓာတ်အားလှိုင်း တစ်ခုကလည်း ဓားသွားများကဲ့သို့ နွယ်ပင်များအား ဖြတ်တောက် လိုက်ကြသည်။ စူးရှသော အသံတစ်သံ ထွက်ပေါ်လာလျှင် ကျောက်စိမ်းရောင် နွယ်ပင်များက ယခု ရွှေရောင်များ ယှက်သန်းလာနေသည်။ ထိုအရာက နွယ်ပင်များအား ပိုမို၍ အားကောင်းစေသော်လည်း လန်ချူဖန်း၏ လေဓားသွားများအား ယှဉ်နိုင်ပုံမရသေးပေ။ သို့သော်လည်း နွယ်ပင်များက အဆုံးမရှိ ထွက်ပေါ်လာနေကြကာ လန်ချူဖန်းအား တင်းကျပ်စွာ ရစ်ပတ်လာနေကြသည်။
နောက်တစ်ကြိမ်ပင် ရီဖူရှင်း၏ လေဓာတ်စွမ်းအင် အကူအညီဖြင့် ယူချင်းက လန်ချူဖန်းထံ ခုန်တက်သွားပြန်သည်။ လန်ချူဖန်းက သတိပြုမိလိုက်ကာ မာန်တစ်ချက် သွင်းလိုက်သည်။ သူက နွယ်ပင်များမှ လွတ်မြောက်ရန် အတင်း ရုန်းကန်လိုက်သည်။ ယူချင်းက လန်ချူဖန်းထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ လန်ချူဖန်း ကြိုးစား ကာဆီးလိုက်သော ယုတ်လျော့နေသော ခုခံမှုများက ယူချင်း၏ အင်အား ပြင်းထန်လှသော လက်ဝါးရိုက်ချက်အား မခုခံနိုင်တော့ဘဲ လက်ဝါးက သူ၏ရင်ဘတ်ကို ထိကာ ကျယ်လောင်သော အသံကြီးတစ်ချက် ထွက်လာသည်။ ထို့နောက် နွယ်ပင်များအကြား ပိတ်မိနေဆဲဖြစ်ကာ မရုန်းကန်နိုင်တော့သော လန်ချူဖန်းအား ယူချင်းက အလွယ်တကူပင် သူ၏ကြီးမားသော လက်ကြီးများဖြင့် ဆုပ်ကိုင်လိုက်ကာ မြေပြင်သို့ ဆင်းသက်လာသည်။
မြေပြင်ပေါ်သို့ ရောက်သောအခါ ယူချင်းက လန်ချူဖန်းအား ကြမ်းတမ်းစွာပင် မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြန်သည်။ နောက်တစ်ကြိမ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာကာ လန်ချူဖန်း ပစ်ပေါက်ခံရသော မြေနေရာပင်လျင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ လင်ချူဖန်း ထိုနေရာတွင်ပင် မလှုပ်ရှားနိုင်တော့ဘဲ တုန်ယင်နေကာ ဖုန်အလိမ်းလိမ်း ကပ်လျက် လဲလျောင်း နေတော့သည်။
ရီဖူရှင်းကလည်း မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာသည်။ ထို့နောက် လန်ချူဖန်းအား အေးစက်စွာ ကြည့်ကာ မေးလိုက်သည်… “နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရတာ ဘယ်လိုခံစားရလဲ…”
နောက်ဆုံးအကြိမ်က ရတနာကြယ် ကျောင်းဆောင်တွင် ယူချင်းကား လန်ချူဖန်းနှင့် ဂျင်ယန်ခွန်တို့၏ ပူးပေါင်းတိုက်ခိုက်မှု အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။ ယခု ရီဖူရှင်းက ယူချင်းနှင့် ပူးပေါင်းကာ လန်ချူဖန်းအား ကြမ်းတမ်းစွာ တိုက်ခိုက် အနိုင်ယူခဲ့သည်။ မှန်သည်… ဂျင်ယန်ခွန်ကား တိုက်ပွဲစကတည်းက ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ကြယ်ငါးပွင့်အဆင့် တန်ခိုးရှင် နှစ်ယောက်က ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်အား စိန်ခေါ်ပြီး အနိုင်ရခဲ့သည်။
“သားရဲနှစ်ကောင်…” ယူချင်းနှင့် ရီဖူရှင်းတို့နှင့် ပတ်သက်၍ လူများက မှတ်ချက်ချကြသည်။ လူအများအပြားက ယူချင်းမှာ ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံးတွင် ပါရမီအပါဆုံးသော သိုင်းပညာရှင် ဖြစ်သည်ဟု ပြောလျှင် ယခင်က သဘောမတူသူ အများအပြား ရှိသည်။ သို့သော် ယခင် ရတနာကြယ် ကျောင်းဆောင်တိုက်ပွဲနှင့် ယနေ့တိုက်ပွဲ အပြီးတွင် သူ၏အရည်အချင်းကို ငြင်းပယ်နိုင်သူ မရှိတော့ပေ။ မည်သူက သည်မျှ ပြင်းထန်သော အားအင်ကို ပိုင်ဆိုင်ထားသနည်း။ ထို့ကြောင့် သိုင်းပညာတွင် အထူးပြုလေ့လာသော လာဘ်လာဘ ကျောင်းဆောင်၏ ကျောင်းအုပ် ယိချင်ကိုယ်တိုင်က ယူချင်းအား သူ၏ လက်ရင်းတပည့် အဖြစ်လက်ခံခဲ့သည်မှာ ထူးဆန်းမှု မရှိတော့ပေ။
ရီဖူရှင်းလည်း တူညီစွာ ထူးချွန် ထက်မြက်လွန်းလှသည်။ မှော်ထိန်းချုပ်သူဖြစ်ကာ သတ္တုဓာတ်။ လေဓာတ်။ မီးဓာတ်။ သစ်သားဓာတ် စွမ်းအင်များအား အသုံးပြုနိုင်ကာ နတ်ငှက်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် သူကား ဂီတမှော်ပညာတွင်လည်း ထူးချွန်သူ ဖြစ်ပေသေးသည်။ ထို့အပြင် သိုင်းပညာကိုလည်း လေ့ကျင့်ပြန်သည်။ သူကား အရာရာတိုင်းတွင် ထူးချွန်ကာ အားနည်းချက် မရှိသူပင်။
တချို့လူများကဆိုလျှင် ရီဖူရှင်းက တခြားသော ဓာတ်သဘာဝများအားလည်း ကောင်းစွာ အသုံးပြုနိုင်သေးသည်ဟု ထင်မြင်သုံးသပ်ကြသည်။ ဖြစ်နိုင်သည်က ရီဖူရှင်းအား သဘာဝစွမ်းအင်တွင် ပါရမီချင်း နှိုင်းယှဉ်နိုင်သော တစ်ဦးတည်းသော သူမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ဟွာဂျီယူပင် ဖြစ်ပေမည်။ သို့သော် သူမက သည်ကဲ့သို့ အရေးကိစ္စများတွင် ပါဝင်လေ့မရှိပေ။ သူမက သည်ကျောင်းတော်ကို ဝင်ခွင့်ရရန် ကြိုးစားခဲ့သော အချိန်ကလွဲ၍ တစ်ခါမှ သူမ၏ အရည်အချင်းများအား ထပ်မံ၍ အသုံးမပြုတော့ပေ။ ထို့အပြင် သူမကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အပြင်သို့ပင်လျှင် ထွက်ခဲလှသည်။ နောက်ဆုံးအကြိမ် ကျောင်းဆောင်အပြင်သို့ ထွက်ခဲ့သည်မှာ မူယွန်ချန်နှင့် ပတ်သက်သော ကောလာဟလများအား ရှင်းလင်းရန် ဖြစ်သည်။
ကြယ်စင်ဧကရာဇ် ကျောင်းတော်ကား သည်တစ်ကြိမ် အမှန်တကယ်ပင် မျက်နှာပျက်ရပြီ ဖြစ်သည်။ ယူချင်းက လန်ချူဖန်းအား ကိုင်ကာ ရတနာကြယ် ကျောင်းသားများ ရှိရာသို့ လွှင့်ပစ်လိုက်သည်ကို မြင်ကြသည်။ ထိုနည်းကား တိုက်ရိုက်ကျကာ သရော်မှု အပြည့်ပါသော အပြုအမူဖြစ်သည်။ ပထမတိုက်ပွဲက ယူချင်းက မည်မျှမကျေမနပ် ဖြစ်ခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ သူ၏ပြိုင်ဘက်က လေထဲသို့ ပျံသန်းနိုင်ကာ သူကား မြေပေါ်တွင် ကျန်နေခဲ့ရပြီး ပြိုင်ဘက်စိတ်ရှိသလို တိုက်ခိုက်မှုကို ခုခံခဲ့ရသည်။
ယနေ့ သူကား လက်စားချေနိုင်ခဲ့ပြီ။
“ဒါက ရတနာကြယ် ကျောင်းဆောင်ရဲ့ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်တွေလား… ဒွန်ဟိုင်ကျောင်းတော်မှာ ဆက်မနေနဲ့တော့…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ရတနာကြယ်ကျောင်းဆောင်မှ ကျောင်းသားများ၏ အမူအရာများကား ပို၍ အခြေအနေ ဆိုးရွား လာနေကြသည်။
ရီဖူရှင်း၏စကားကို ကြားလျှင် လူတိုင်းက မည်သို့ ပြောရမည် မသိတော့ပေ။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ဖြစ်ပါစေ။ ရတနာကြယ် ကျောင်းဆောင် ဖြစ်ပါစေ သူကား အလွယ်တကူ လွှတ်ပေးရန် ဆန္ဒရှိပုံမရပေ။ ရီဖူရှင်းက ကျောက်မူအား ပထမဆုံး အနိုင်ယူသည်။ ထို့နောက် လန်ချူဖန်းနှင့် ဂျင်ယန်ခွန်အား အနိုင်ယူရန် ယူချင်းအား ကူညီသည်။ သည် မည်သို့ ဆက်လက် လုပ်ဆောင်မည်နည်း လူတိုင်းက စိတ်ဝင်တစား ကြည့်နေကြသည်။ သူ သည်နေရာတွင် ရပ်တန့်မည့်ဟန် လုံးဝမရှိပေ။
ထိုအခိုက်တွင် ရီဖူရှင်းက ဘေးဘက်သို့ လျှောက်သွား လိုက်သည်ကို မြင်လိုက်ရ၏။ သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများဘက်သို့ ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်… “မနေ့က ဒီနေရာမှာ ကျွန်တော့်ရည်းစားကို လာတွေ့ပေမဲ့ စီနီယာ ကျောင်းချိန်က ဝင်ခွင့်မပေးခဲ့ဘူး… သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ပါရမီရှင်တွေ အပြည့်ဖြစ်ပြီးတော့ ကျွန်တော်က ကျောက်မူနဲ့ မယှဉ်နိုင်ဘူး ပြောတယ်… ဒါကြောင့်ပဲ ဒီနေ့ ကျွန်တော် ဒီနေရာကို လာရောက်ခဲ့တယ်… ဝမ်းနည်းစရာ ကောင်းတာက ကျောက်မူရဲ့ အရည်အချင်းက စိတ်ပျက်စရာပဲ… အခု ကျွန်တော်က ကျောက်မူထက် ပိုစွမ်းတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီ… ကျွန်တော်က တခြား ပါရမီရှင်တွေနဲ့ ပတ်သက်ပြီး သိချင်မိသေးတယ်… ယူချင်းနဲ့ ကျွန်တော်က ကြယ်ငါးပွင့် ကောင်းကင်အဆင့် ဖြစ်ကြတယ်… ဒါကြောင့် ဒွန်ဟိုင်ကျောင်းတော်ရဲ့ အကောင်းဆုံး ကျောင်းဆောင်လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားကြတဲ့ ကြယ်စင် ဧကရာဇ်ကျောင်းက ပါရမီရှင်တွေက ကျုပ်တို့ကို စိန်ခေါ်ဖို့ စိတ်ဝင်စားကြပါသလား။ အကယ်၍ တန်ခိုးအဆင့်တူတဲ့ ကျောင်းသားတွေက ကျုပ်တို့ကို စိန်ခေါ်လိုတယ်ဆိုရင် ယူချင်းပဲဖြစ်ဖြစ်။ ကျုပ်ကိုပဲဖြစ်ဖြစ် ရွေးပြီး စိန်ခေါ်နိုင်တယ်…”
ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများမှာ မည်သို့ ပြောရမည်ကိုပင် မသိတော့ပေ။ တန်ခိုးအဆင့်တူချင်း တိုက်ခိုက်ရမည်လော။ အကယ်၍ ဟွာဂျီယူကသာလျှင် ဆန္ဒရှိပါက ကြိုးစား ကြည့်နိုင်သော်လည်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများက တခြား ကျောင်းသားများ မသိသည့် အကြောင်းများကို သိကြသည်။ သူမက ရီဖူရှင်းနှင့် လုံးဝတိုက်ခိုက်မည် မဟုတ်ပေ။
ပရိသတ်များအားလုံး မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ သူတို့က ရီဖူရှင်း၏ မျက်နှာပြောင်တိုက်မှု အဆင့်မှာ မည်မျှ မြင့်မားသည်ကို ယခုမှ သေချာ သိကြသည်။ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် ကျောင်းသားနှစ်ယောက်မှာ ရီဖူရှင်းနှင့် ယူချင်းကို ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ယခုသူက တန်ခိုးအဆင့်တူချင်း စိန်ခေါ်ခိုင်းနေပြန်သည်။ အကယ်၍ သူတို့က စိန်ခေါ်ခဲ့ပါက ကို့သေတွင်း ကိုယ်တူးနေသည်နှင့် မတူပေလော။ သို့သော် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အတွက်ကား စောဒက တက်ခွင့် မရှိပေ။ ဒွန်ဟိုင်ကျောင်းတော်ရှိ ထိပ်သီး ပါရမီရှင်မျာအား စုဆောင်းထားနိုင်သော ကျောင်းဆောင်မှာ သူတို့ပင်ဖြစ်ကာ သူတို့ ကိုယ်တိုင်ကပင်လျှင် အကောင်းဆုံး ကျောင်းဆောင်ဟု မိမိတို့ကိုယ်တိုင် သတ်မှတ်ထားကြသည်။ သူတို့ ကျောင်းဆောင်မှ ပါရမီရှင်များအား တန်ခိုးအဆင့်တူချင်း စိန်ခေါ်ခိုင်းသည်မှာ သိပ်မလွန်လှပေ။ ထို့အတူ သူပြောခဲ့သည်မှာ ရီဖူရှင်း၏ရည်းစားမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် ရှိသည်။ မည်သို့ ဖြစ်ပျက်နေသနည်း နားမလည်ကြပေ။
“ဒါက မဖြစ်နိုင်ဘူးဆိုလျှင် ကျွန်တော်က ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့် ကျောင်းသားတွရဲ့ စိန်ခေါ်မှုကို လက်ခံပါ့မယ်…” ရီဖူရှင်းက သူ့အား မည်သူမှ ပြန်မဖြေကြသည်ကို မြင်လျှင် ပြုံးလျက် ထပ်ပြောလိုက်သည်။
ဟန်မို၏မျက်နှာ မည်းမှောင်သွားသည်။ ကြယ်ခြောက်ပွင့် အဆင့် တန်ခိုးရှင်…။ ကျောက်မူ ကြိုးစားခဲ့ပြီးပြီ။ နှင်တံတစ်ချောင်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။
“ဒါဆို ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် …” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ မနေ့က စီနီယာ ကျောင်းချိန် ပြောတာကတော့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ပါရမီရှင်တွေ ပြည့်နှက်နေတာပဲဆို… ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ…”
လူတိုင်းက သူတို့၏အာရုံအား ကျောင်းချိန်ထံ စူးစိုက်လိုက်ကြသည်။ ထိုအခါမှမှ သူ၏သုန်မှုန်နေသော မျက်နှာကို မြင်ကြရ၏။ သူက မချိပြုံး ပြုံးလိုက်ကာ ပြောလိုက်သည်… “ဂျူနီယာရီ… မင်းက ငါတို့ ကျောင်းဆောင်က ကျောင်းသားတွေကို စိန်ခေါ်မှတော့ တန်ခိုးအဆင့်ကို ဘာလို့ ထည့်ပြော နေသေးတာလဲ…”
“ဒါဆို… စီနီယာ ကျောင်းချိန်ပြောတဲ့ သဘောက ကျွန်တော်က တန်ခိုးအဆင့်ကို လျစ်လျူရှုပြီးတော့ တန်ခိုးအဆင့် ငါးဆင့်ကွာတဲ့သူနဲ့တောင် တိုက်ခိုက်ရမယ်ပေါ့… ဓမ္မအဆင့်က လူတွေကို တောင်မှလား…” ရီဖူရှင်းက ရယ်မောလိုက်သည်… “ဒါက ဒီရက်ပိုင်း ခင်ဗျားတို့ ကျောင်းဆောင်က လူတွေ ကျုပ်တို့ ကျောင်းဆောင်ကို လုပ်နေတာလား… ဟား… ဟား… စီနီယာ ကျောင်းချိန်က ဘာလို့ ကျွန်တော်တို့ ကျောင်းဆောင်က ဓမ္မအဆင့်ကို စိန်မခေါ်တာလဲ…”
ကျောင်းချိန်က ထပ်မံမပြောတော့ပေ။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများ အားလုံးက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။ သူတို့ကား ရီဖူရှင်း၏ မေးခွန်းများ မေးလေလေ ပို၍ စိုးရိမ်လေလေပင်။
“တကယ်လို့ တစ်ယောက်မှ စိန်မခေါ်ရဲဘူးဆိုရင် နောက်ဆိုရင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်က ကျောင်းသားတွေက မျက်နှာပြောင်တိုက်ပြီး ကျုပ်တို့ ကျောင်းဆောင်က အားနည်းတဲ့ ကျောင်းသားတွေကို လာပြီး စိန်မခေါ်ပါနဲ့တော့…” မည်သူကမှ မပြောလျှင် ရီဖူရှင်းက သတိပေးလိုက်သည်။ ထိုသို့ ရီဖူရှင်းက ပြောလိုက်မှသာ ပရိသတ်များက ရီဖူရှင်းသည်နေရာသို့ လာရောက်ခြင်း၏အဓိက ရည်ရွယ်ချက်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လာဘ်လာဘကြယ် ကျောင်းဆောင်အား ဆက်လက် မတိုက်ခိုက်စေရန် ဖြစ်ကြောင်း သိလိုက်ကြသည်။
“ဂျူနီယာ ရီက အရမ်း အံ့အားသင့်ဖွယ် ကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ် ဆိုတာ ကျုပ်သိတယ်… ကျုပ်က ကိုယ်တိုင်ကိုယ်ကျ စမ်းကြည့်ချင်မိတယ်… ဒါကြောင့် ကျုပ်က အရေထူပြီးတော့ပဲ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်အနေနဲ့ စိန်ခေါ်ပါရစေ… မဟုတ်ဘဲ… ပေါက်လွှတ်ပဲစား ဆက်ပြောနေမယ် ဆိုရင်တော့ … အခု ထွက်သွားပါတော့…” လူတစ်ယောက် ရှေ့သို့ တက်လာကာ ပြောလိုက်သည်။ သူကား ချောမောသော လူငယ်တစ်ယောက် ဖြစ်ပြီး ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူက ရီဖူရှင်းထံ လျှောက်သွားလိုက်ကာ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်… “ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ ကျောင်းသား မူယွန်ချန်… ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်…”
သူ၏နာမည်ကို ကြားလျှင် ယူချင်းက ရှေ့ကို လှမ်းထွက်လိုက်သည်။ သူ၏ကိုယ်မှ ကြောက်မက်ဖွယ် အားလှိုင်းများ စိမ့်ထွက်နေသည်။
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်း ရပ်လိုက်၏။
“ငါတိုက်မယ်…” ရီဖူရှင်းက ပြောလိုက်သည်…။ ယူချင်းက ခေါင်းညိတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။
ရီဖူရှင်းက မူယွန်ချန်အား ကြည့်လိုက်သည်။ သရော်သော အပြုံးတစ်ခု သူ၏ချောမောသော မျက်နှာတွင် ဖြတ်သွားကာ ဆက်ပြောလိုက်သည်… “ခင်ဗျားက အရေပြားပဲထူတာ မဟုတ်ဘူး… ကျုပ်က ခင်ဗျားနဲ့ တစ်ကျောင်းတည်း တက်ရတာတောင် ရှက်တယ်…”
“မင်း…” မူယွန်ချန်၏အမူအရာ ပျက်ယွင်းသွားသည်။ သူ၏မျက်နှာမှာလည်း မည်းမှောင်သွား၏။
ရီဖူရှင်းက တိတ်ဆိတ်စွာပင် ရပ်နေကာ သူ၏ကိုယ်ခန္ဓာမှ အားလှိုင်းများ စိမ့်ထွက်လာနေကြသည်။ သူ၏အဝတ်စများက လေမတိုက်ဘဲ လှုပ်ခတ်နေသည်… “ခင်ဗျားက အတင့်ရဲပြီးတော့ ရှေ့တက်လာမှတော့ ခင်ဗျားက ကျုပ်ရည်းစားနဲ့ ပတ်သက်ပြီး ကောလာဟလဖြန့်တဲ့ ကိစ္စကို ဖြေရှင်းရတာပေါ့…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ထိုသို့ပြောလိုက်လျှင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
***