ရီဖူရှင်းက ကျောက်မူကို ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရှိရာဘက်သို့ လွှင့်ပစ်လိုက်သည်ကို လူတိုင်းမြင်သည်။ သည်ကဲ့သို့ ပါရမီရှင်က မြေကြီးပေါ်သို့ ဆိုးရွားစွာ လွှင့်ပစ်ခံရသည်ကို မြင်လျှင် သူတို့ သူတို့အားလုံးမှာ လက်ခံရန် ခက်ခဲလှသည်။ အနုပညာ သူတော်စင်၏တပည့် ကျောက်မူမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်ကြီး ကိုယ်တိုင် လက်ထပ်သင်ပေးခံရသူ ဖြစ်သည်။ ယနေ့တွင် သူကား ရီဖူရှင်း၏ ကု့ချင်းသာမက။ နှင်တံတစ်ချောင်းနှင့်လည်း ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ သည်တိုက်ပွဲပြီးလျှင် ကု့ချင်းမိစ္ဆာနှင့် အနုပညာ သူတော်စင်တို့၏တိုက်ပွဲမှာ ဆက်လက်ရှိနေစရာ အကြောင်းမရှိတော့။ ကျောက်မူကား အရည်အချင်း မပြည့်မီ။
ရလဒ်ကား အရှုံးနှင့်အနိုင်ဟု သတ်မှတ်၍ပင် မရပေ။ ကျောက်မူက တန်ခိုး အဆင့်မြင့် နေသည့်တိုင် သူတို့နှစ်ယောက်မှာ အရည်အချင်းအားဖြင့် ကွာခြားလွန်းလှသည်။ အနာဂတ်တိုက်ပွဲမှာ အဓိပ္ပာယ်မရှိတော့။ မှန်တယ်… သည်အရာက ကျောက်မူမှာ ညံ့ဖျင်းနေ၍ မဟုတ်။ ရီဖူရှင်းကိုယ်တိုင်က သာမန်ပါရမီရှင်မျိုး ဟုတ်ပုံ မရတော့သောကြောင့်ပင်။
အဆောက်အဦအပေါ်တွင် လှပသော မိန်းမပျိုတစ်ယောက် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏မျက်လုံးများတွင် ပြုံးရိပ်သန်းနေကာ ထိုသာမန် အပြုံးလေးကပင် အသက်ရှူ မှားလောက်စေသည်။ သူမ၏အဖေသာလျှင် သည်မြင်ကွင်းကို မြင်လျှင် အလွန် ဂုဏ်ယူမိမည် ဖြစ်သည်။ သို့သော်လည်း တခြားလူများ၏ အမူအရာများမှာ သိပ်မကောင်းလှပေ။ ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ပါရမီရှင်မှာ သာမန်မျှသာဟု ပြောခဲ့သည်။ ကျောင်းအုပ်ကိုယ်တိုင်က သေချာ ကြီးကြပ် သင်ပေးခံရသော ပါရမီရှင်ကား ဆိုးရွားစွာ အနှိမ်ခံရ၏။
ရီဖူရှင်းက ဟန်မိုအားကြည့်ကာ ပြောလိုက်သည်… “စီနီယာ… လျိုနန်းတော်မှာ ခင်ဗျားက တိုက်ပွဲကို တွေ့မြင်ခဲ့တယ်… ကျောက်မူက ကျွန်တော့်ကို အနိုင်ယူနိုင်မယ့် စွမ်းရည်ရှိတယ်လို့ ထင်လား…”
ဟန်မိုက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ၏စူးရှသော မျက်လုံးများတွင် အေးစက်သော အငွေ့များ ထနေသည်။
သည်ကောင်လေးကား ပြိုင်ဘက်အား မည်သည့် ဂုဏ်သိက္ခာကိုမှ ချန်ထားရန် စိတ်ကူးရှိပုံ မရသည်ကို ပရိသတ်က နားလည်လိုက်သည်။ သူကား သူ့အား လျိုနန်းတော်တွင် တစ်စုံတစ်ယောက်က လျှို့ဝှက် တိုက်ခိုက်ခဲ့သည်ကို သူ့စွမ်းရည်ဖြင့် သက်သေပြခဲ့၏။
အကြီးအကဲများအား စော်ကားသည်ဟု ရီဖူရှင်းအား စွပ်စွဲခဲ့သော ဟန်မိုကား ယခု သူ၏မျက်နှာ နက်မှောင်နေသည်။ တချို့လူများက ထိုအဖြစ်အပျက်မှာ ဟန်မိုနှင့် သက်ဆိုင်နိုင်သည်ဟု တွေးသူများပင် ရှိကြသည်။
“မင်းက အဲဒီနေ့တုန်းက မင်းရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားတာ ဖြစ်မှာပေါ့…” ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူကား ရီဖူရှင်းနှင့် ယမန်နေ့က တွေ့ခဲ့သော ကျောင်းချိန်ဖြစ်သည်။ သူက ရီဖူရှင်းက ဟွာဂျီယူကို သွားရောက် ရှာဖွေသောအခါ တားဆီးခဲ့သူဖြစ်ကာ ထို့ကြောင့်ပင်လျှင် ယနေ့ သည်တိုက်ပွဲ ဖြစ်လာရ၏။
“ဟုတ်တယ်… ဖြစ်နိုင်တာက ငါက အရမ်းနိမ့်ကျပြီးတော့ ငါ့စွမ်းရည်တွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတယ်… ပြီးတော့ ငါက ကျောက်မူလောက် မတော်ဘူးလို့ ကောလာဟလ လွှင့်တယ်… ဒါမှ ငါက ကျောက်မူကို စော်ကားလို့ ရမှာလေ… ဟုတ်တယ်မလား…” ရီဖူရှင်းက ပြုံးလိုက်သည်။ လူတိုင်းက ပြောစရာစကား မရှိတော့။ သည်ကောင်လေးကား သရော်ရာတွင် ထက်မြက်လွန်းလှသည်။
“ရီဖူရှင်း… မင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ ရှေ့မှာ မောက်မာ ဝင့်ကြွားပြီးတော့ ငါ့ကျောင်းဆောင်ကိုလည်း စော်ကားသေးတယ်… မင်း ဘာလိုချင်တာလဲ…” ကျောင်းချိန်က မီးဝင်းဝင်းတောက်အောင် ကြည့်ကာ မေးလိုက်သည်။
သူ့အား ကြည့်ကာ ရီဖူရှင်းက တောက်ပစွာ ကြည့်လိုက်သည်… “သတင်းတွေအရတော့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်က လာဘ်လာဘ ကျောင်းဆောင်က ကျောင်းသားတွေကို အဆက်မပြတ် စိန်ခေါ်နေတယ် ပြောတယ်… လာဘ်လာဘ ကျောင်းဆောင် ကျောင်းသား တစ်ယောက်အနေနဲ့ ငါ… ရီဖူရှင်း… မင်းတို့ ကျောင်းဆောင်နှစ်ခုက ကျောင်းသားတွေ ဘယ်လောက် အရည်အချင်းရှိသလဲ သိချင်တယ်…”
ထိုသို့ ပြောလိုက်လျှင် ထိုပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရီဖူရှင်းကား သည်နေ့ ကျောက်မူအား တိုက်ခိုက်အနိုင်ယူရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် လာရောက်ခြင်း ဟုတ်ပုံမရပေ။ ကု့ချင်းမိစ္ဆာ၏ ဂုဏ်သတင်းအား ပြန်လည် ဆယ်ယူပြီးနောက် သူကား ဒွန်ဟိုင်ကျောင်းတော်၏ အင်အားအကြီးဆုံး ကျောင်းဆောင်နှစ်ခုကို စိန်ခေါ်နေလေပြီ။ သူကား သည်ကျောင်းဆောင်၏တံခါးဝမှနေ၍ သူတို့အား စိန်ခေါ်မည်ဖြစ်သည်။
ပထမ… ယူချင်းက ရတနာကြယ်၏ ကျောင်းဆောင် တံခါးဝအား ပိတ်ဆို့လျက် စိန်ခေါ်သည်။ ယခု ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏အရှေ့မှ သူတို့အားလုံးကို စိန်ခေါ်သည်။
ဟန်မို၏အမူအရာကား မကောင်းလှချေ။ သူက နှာခေါင်းရှုံ့လိုက်သည်။ သည်ကောင်လေးက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား သည်နည်းဖြင့် စိန်ခေါ်လိမ့်မည်ဟု သူမထင်ခဲ့ချေ။ သူက အေးစက်စွာ မေးလိုက်သည်… “မင်းက ငါတို့ကို ဘယ်လို စိန်ခေါ်မှာလဲ …”
“ယူချင်း…” ရီဖူရှင်းက လှမ်းခေါ်လိုက်သည်။
ယူချင်းကား ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူက ရှေ့ကိုထွက်လာပြီး ရီဖူရှင်း၏ဘေးတွင် ရပ်လိုက်သည်။ သူတို့နှစ်ယောက် ဘေးချင်း ကပ်ရပ်လိုက်လျှင် ဒွန်ဟိုင်ကျောင်းတော်မှ တခြား ကျောင်းသားများက သူတို့နှစ်ယောက်မှာ မည်မျှ ထူးခြား ထက်မြက်သည်ကို သိလိုက်ကြသည်။ သူတို့ကား သည်နှစ်မှသာလျှင် ကျောင်းတော်ကို ရောက်ရှိခဲ့သော်လည်း သူတို့၏နာမည်ကား အလွန် ကျော်ကြားနေပြီ ဖြစ်သည်။
“ငါကြားတာက အရင်နေ့တွေက ရတနာကြယ် ကျောင်းဆောင်က ကျောင်းသားနှစ်ယောက် ပူးပေါင်းပြီးတော့ ငါ့ရဲ့ညီကို အနိုင်ယူခဲ့တယ်ဆို… အရမ်းတော်တယ်ပေါ့… ဟုတ်လား… မင်းတို့ ရတနာကြယ် ကျောင်းဆောင်က ရှေ့ထွက်လာဖို့ တစ်ယောက်မှ မရှိဘူးလား…” ရီဖူရှင်းက မထူးခြားသလို ပြောလိုက်သည်။ သူက ရတနာကြယ်အား ဆွဲသွင်းရမည်။ ယူချင်းအတွက် လက်စားချေရန် လိုအပ်သည် မဟုတ်ပါလား။
“သူက ငါတို့ကို စိန်ခေါ်ချင်မှတော့ သူက အရှုံးကို လက်ခံဖို့ ပြင်ဆင်ထားသင့်တယ်… သူက အဲဒီနေ့က သနားစရာ အရှုံးသမား မဟုတ်ဘူးလား…” ရတနာကြယ် ကျောင်းဆောင်က စွမ်းအားမြင့် ကျောင်းသား တစ်ယောက်က အေးစက်စွာ ပြန်ပြောလိုက်သည်။
ရီဖူရှင်းက ထိုလူအား ကြည့်ကာ ပခုံးတွန့်လိုက်သည်… “ဒီလိုဆိုရင်လည်း ငါက ကောင်းကင်ကြယ် ရှစ်ပွင့်အဆင့်ရှိတဲ့ ပါရမီရှင်ရဲ့ စွမ်းရည်ကို ကြည့်ရတာပေါ့… ရတနာကြယ် ကျောင်းဆောင်က ငါ့ရဲ့ စိန်ခေါ်မှုကို မငြင်းလောက်ပါဘူးနော်… ဟုတ်တယ်မလား…”
ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံးမှာ ကြယ်ငါးပွင့် ကောင်းကင်အဆင့် ဖြစ်သည်။ ယူချင်းအား အနိုင်ယူခဲ့ကြသူများမှာ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် ဖြစ်သည်။ သူတို့ကား ရီဖူရှင်းကို ငြင်းရန် မတတ်နိုင်ပေ။
လူနှစ်ယောက် ရတနာကြယ် ကျောင်းဆောင် လူအုပ်ထဲမှ ထွက်လာသည်။ သူတို့ကား စိန်ခေါ်ပွဲကို လာရောက် ကြည့်ရှုရုံမျှသာ ဖြစ်ပြီး ရီဖူရှင်းက သူတို့ကိုလည်း ဆွဲသွင်းလိမ့်မည် မထင်ခဲ့ပေ။ သည်လို ဆိုလျှင်လည်း သူတို့က ရီဖူရှင်းကို အရှက်ခွဲရုံမျှသာ ဖြစ်သည်။
“လန်ချူဖန်း… ရတနာကြယ်ကျောင်းဆောင်…”
“ဂျင်ယန်ခွန်… ရတနာကြယ်ကျောင်းဆောင်…”
သူတို့နှစ်ယောက်က တည်ငြိမ် အေးဆေးစွာ ရပ်လိုက်သည်။ သူတို့ နှစ်ယောက်လုံးမှာ ကြယ်ရှစ်ပွင့်အဆင့် ဖြစ်သလို လန်ချူဖန်းမှာ မှော်ထိန်းချုပ်သူဖြစ်ပြီး အလွန် ထက်မြက်သူဖြစ်သည်။ ယူချင်းနှင့် ရီဖူရှင်းမှာလည်း ထက်မြက်သည်။ သို့သော် သူတို့၏ တန်ခိုးအဆင့်ကား အလွန်နိမ့်လှသည်။ ရတနာကြယ် ကျောင်းဆောင်မှ နှစ်ယောက်ကား သူတို့ ပူးပေါင်း တိုက်ခိုက်ပါက အနိုင်ရမှာ သေချာသည်ဟု ယုံကြည်ထားကြသည်။
“ဒီတစ်ခေါက်တော့ မင်းက အရှုံးကို ကျေနပ်လိမ့်မယ်လို့ ငါယုံတယ်…” လန်ချူဖန်းက ပြုံးကာ ရီဖူရှင်းအား သရော်လိုက်သည်။ သူက ပြောပြီးသည်နှင့် လန်ချူဖန်းက ဂျင်ယန်ခွန်၏ နောက်တွင် ရပ်လိုက်သည်။ ကြောက်မက်ဖွယ် လေဓာတ်များ သူ့ထံတွင် ဖြစ်ပေါ်လာသည်။ လေဓာတ်များက သူထံတွင်သာ ဖြစ်ပေါ်လာသည် မဟုတ် ဂျင်ယန်ခွန်အားလည်း သွားရောက် လှည့်ပတ်ကြသည်။ ထို့နောက် လန်ချူဖန်းက ကောင်းကင်သို့ ပျံတက်သွားပြီး ဂျင်ယန်ခွန်က မြေပြင်တွင် ကျန်နေရစ်သည်။
ဤသည်ကို မြင်လျှင် ယူချင်း အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို သူ နားလည်လိုက်သည်။ ယူချင်းကား ဓမ္မအဆင့်ကို မဝင်သေးသဖြင့် မပျံသန်းနိုင်ပေ။
“ယူချင်း… ငါမင်းကို ကူညီပေးမယ်… မင်းကိုယ်တိုင် လက်စားချေလိုက်…” ရီဖူရှင်းက ပြောလိုက်သည်။
“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်း၏ရှေ့မှ ရပ်လိုက်သည်။ လေဓာတ်များက ယူချင်း၏ကိုယ်တွင် လာရောက် စုစည်းကြကာ ရစ်ပတ်လိုက်ကြ၏။ ရွှေရောင် ချပ်ဝတ်တန်ဆာက ယူချင်း၏ခန္ဓာတွင် ပေါ်လာကာ သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သည်အရာကား ယူချင်း၏ အားကောင်းသော စွမ်းအားဖြစ်ပြီး လေဓာတ်က ရီဖူရှင်းထံမှ ဖြစ်သည်။
ယူချင်းထံမှ စွမ်းအင်များကား မာန်ဖီနေသည့် အလားပင်။ သူက ရှေ့ကို တစ်လမ်း တိုးလိုက်ပြီး ဂျင်ယန်ခွန်ထံသို့ လျှောက်သွားလိုက်သည်။ ရီဖူရှင်းက နောက်မှ ကပ်လိုက်လာသည်။ လှပသော အတောင်ပံတစ်စုံ သူ၏ကျောမှ ထွက်ပေါ်လာသည်။ ထိုစဉ် ကြောက်မက်ဖွယ် လေဓာတ်စွမ်းအင်များက လှည့်ပတ်နေသော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မှ ဆင်းသက်လာသည်။ လန်ချူဖန်းက တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဘုန်း… ယူချင်း၏မြေကြီးအား ဆောင့်ကန်လိုက်သော အသံကို ကြားလိုက်ရသည်။ သူကား အဆုံးမရှိသော အားအင်များကို ပိုင်ဆိုင်ထားသည့် အလားပင်။ သူက လေကို ခွင်း၍ ရွှေရောင် လက်ဝါးရိုက်ချက် တစ်ချက်ရိုက်လိုက်လျှင် လှည့်ပတ်နေသော ဓားသွားတစ်စုံက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
တစ်ချိန်တည်းမှာပင် ဂျင်ယန်ခွန်ထံမှ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး စွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာမှ မိုးကြိုးလျှပ်စီး အရိပ်တစ်ခု ဖြစ်ပေါ်လာနေသည်။ ထိုအရာက သူ၏ကိုယ်နှင့် လိုက်လျောညီထွေစွာ ရွေ့လျားသည်။ သူ့ထံမှ ထွက်ပေါ်လာသော လျှပ်စီးများကား အားပြင်းလှသည်။
ထိုမှော်သိုင်းကွက်၏ဖိအားကို ခံစားမိသည်နှင့် ရီဖူရှင်းက သတ္တုဓာတ် စွမ်းအင်အား ဆင့်ခေါ်လိုကာ ရီဖူရှင်း၏ကိုယ်တွင် နောက်ထပ် အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။ ထိုအခိုက်တွင်ပင် ယူချင်းထံသို့ ကြောက်မက်ဖွယ် ဖျက်ဆီးအား ပြင်းသော လျှပ်စီးအရိပ်သဏ္ဌာန် ဆင်းသက်လာသည်။ သည်လျှပ်စီး မှော်သိုင်းကွက်ကား လျှပ်စီးကိုသုံး၍ ရန်သူအား အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် တိုက်ခိုက်နိုင်သည်။
မှော်သိုင်းကွက် သူ့ထံ ဆင်းသက်လာလျှင် ယူချင်း၏ အတားအဆီးကား အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ထို့နောက် ထိုအရာက ယူချင်း၏ ရွှေရောင် ချပ်ဝတ်အား တိုက်ခိုက်သည်။ လျှပ်စီးများက သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ သူ၏အားကောင်းသော ကြွက်သားများက တုန်ခါသွားသော်လည်း သူ၏ခြေလှမ်းများကား ယိမ်းယိုင်ခြင်းမရှိပေ။
လေထဲမှ လန်ချူဖန်း နှာခေါင်းရှုံ့လိုက်သည်။ ထိုအခိုက်တွင် ဂျင်ယန်ခွန်ကား လေဓာတ်စွမ်းအင်များ လှည့်ပတ်ကာ လေထဲကို ပျံတက်သွားပြန်သည်။
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ သူတို့နှစ်ယောက်ကား ညှိနေစရာပင် မလိုတော့။ ယူချင်းက လေထဲသို့ ခုန်တက်လိုက်လျှင် ရီဖူရှင်းက လေဓာတ်စွမ်းအင်သုံးလျက် အလိုက်သင့် ယူချင်းအား ထောက်ပံ့ပေးလိုက်သည်။ ယူချင်းက မြားတစ်စင်းလို ဂျင်ယန်ခွန်ထံ လျင်မြန်စွာ ပျံသန်းသွားသည်။
“ဘယ်လောက် ရယ်စရာကောင်းလဲ…” လန်ချူဖန်းက သနားစရာ သတ္တဝါများအလား သူတို့ကို ကြည့်လိုက်သည်။ သူ၏ကူညီ ထောက်ပံ့မှုများဖြင့် ဆိုလျှင် ယူချင်းက ဂျင်ယန်ခွန်အား ထိရန် မျှော်လင့်ချက် မရှိပေ။ သူကား အလွန် သန်မာသော်လည်း သူ၏စွမ်းရည်များကို သုံးစွဲနိုင်မည် မဟုတ်ပေ။
ထိုစဉ် ရီဖူရှင်း၏အတောင်ပံများ တစ်ချက် တစ်ချက် ခတ်တိုင်း တစ်စုံတစ်ခု ပြောင်းလဲလာသည်ကို တွေ့ရသည်။ သူ၏ အတောင်ပံများကား အစိမ်းရောင်သန်းလာပြီး လေထဲမှ အစိမ်းရောင် ဓာတ်သဘာဝများ ပျံ့နှံ့လာသည်ကို သိသိသာသာ မြင်နေရ၏။ ရေတံခွန် စီးကျသံကဲ့သို့ အသံတစ်ချက် ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တွင် နွယ်ပင်များ ရစ်ပတ်နေသည်ကို ဂျင်ယန်ခွန် ထိတ်လန့်တကြား ခံစားလိုက်ရသည်။ သူ ထိတ်လန့်သွားသည်။ ငုံ့ကြည့်လိုက်လျင် ခြေထောက်မှစ၍ သူ၏တစ်ကိုယ်လုံးအား နွယ်ပင်များ ကြောက်မက်ဖွယ် ရစ်ပတ်လာသည်ကို မြင်လိုက်ရသည်။
“ဒါက သစ်သားဓာတ်ပဲ…” ပရိသတ်များက မထင်မှတ်သော မြင်ကွင်းကို ကြည့်ကာ အင့်အားသင့်ကြရ၏။ မည်သည့်အချိန်က ရီဖူရှင်း သစ်သားဓာတ်တွင် ထူးချွန်သနည်း။
လန်ချူဖန်း၏အမူအရာ ပြောင်းလဲသွားသည်။ ရုတ်တရက် အခြေအနေ ပြောင်းလဲခြင်းက သူ၏ဟန်ချက်ကို ပျက်ယွင်းစေသည်။ သူက ပြန်လည် တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း ယူချင်းကား ဂျင်ယန်ခွန်၏ရှေ့ကို ရောက်ရှိပြီးဖြစ်ကာ သူ့ထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဂျင်ယန်ခွန်ကား လေဓာတ်သဘာဝ စွမ်းအင်သုံး မှော်ဆရာ မဟုတ်ရာ မပျံသန်းနိုင်ပေ။ သူက လန်ချူဖန်း၏ အကူအညီကို လိုအပ်သည်။ သည်လက်ဝါးရိုက်ချက်ကို မည်သို့ ရှောင်မည်နည်း။
ကျယ်လောင်သော အသံတစ်ချက် မြည်သွားကာ အရိုးကျိုးအက်သံ တစ်ချက်ကို လူတိုင်း ကြားလိုက်ကြသည်။ ယူချင်းကား အလွန်သန်မာရကား ဂျင်ယန်ခွန် သွေးတစ်ပွက် အန်လိုက်သည်။ ရီဖူရှင်းက နွယ်ပင်များအား အသုံးပြုကာ ဂျင်ယန်ခွန်အား မြေပေါ်သို့ ဆွဲချလိုက်လျင် ထပ်မံ၍ မြေကြီးနှင့် ထိကာ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြန်သည်။ သူ၏ခန္ဓာကိုယ်ကား နာကျင်မှုကြောင့် တုန်ရီနေသည်။
ရတနာကြယ် ကျောင်းဆောင်မှ လူများအားလုံး မျက်နှာများ မည်းမှောင် သွားကြသည်။ သူတို့ကား အလွန် ရှက်ရွံ့နေလေပြီ။
အလွန်ရုန့်ရင်း ကြမ်းတမ်းလွန်း လှသည်ဟု လူတိုင်း တွေးလိုက်ကြသည်။ ရီဖူရှင်းကား ယူချင်း၏ဒေါသများ ဖွင့်ထုတ်ရန် ကူညီနေသည်။ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်က ပူးပေါင်းကာ ယူချင်းအား တိုက်ခိုက်ကြသည်။ သည်အဖြစ်က ရီဖူရှင်းကား အမှန်တကယ် ဒေါသထွက်စေ၏။
လန်ချူဖန်းကား ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် မှင်တက်သွားသည်။ သူက ရီဖူရှင်းနှင့် ယူချင်းအား ကြည့်ကာ သူ၏မျက်လုံးများ အေးစက်သွား၏။ သူက ရီဖူရှင်းမှာ သစ်သားဓာတ်အား အသုံးပြုနိုင်သော မှော်ဆရာ ဖြစ်မည်ဟု လုံးဝ မထင်မိခဲ့ပေ။
“ရတနာကြယ် ကျောင်းဆောင်က ကြယ်ရှစ်ပွင့် ကောင်းကင် အဆင့်တဲ့လား… ဟ… ဟ…” ရီဖူရှင်းက မခိုးမခန့် ရယ်မောလိုက်သည်။ ထို့နောက် သူက နွယ်ပင်များဖြင့် ရစ်ပတ်ကာ ဂျင်ယန်ခွန်၏ခန္ဓာကိုယ်အား သူ၏ အတန်းဖော်များရှိရာသို့ လွှင့်ပစ်လိုက်လေသည်။ ထို့နောက် သူက လေထဲမှ လန်ချူဖန်းအား ကြည့်ကာ ပြောလိုက်သည်… “နောက်တစ်ယောက်…”
ဘုန်း… ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ လန်ချူဖန်း ခန္ဓာမှ စိမ့်ထွက်လာကြသည်။ ထို့နောက် သူ၏နောက်မှ အရိပ်တစ်ခု ပေါ်လာသည်။ ထိုအရာကား အားကောင်းဟန် ရှိသော ခြင်္သေ့တစ်ကောင် ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးမှာ အဖြူရောင်ဖြစ်ကာ ကျောက်တုံးဖြင့် ပြုလုပ်ထားဟန် ရသည်။ ထိုအရာကား လန်ချူဖန်း၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ ထိုသတ္တဝါဆန်းတွင် လန်ချူဖန်း၏ မြေဓာတ်သဘာဝ စွမ်းအင်များ ပါဝင်သည်။ ထိုအရာက သူ့အား ကြောက်မက်ဖွယ် ကြံ့ခိုင်မှုကို ပေးသည်။ ထို့ကြောင့် သူသည်လည်း သိုင်းပညာကို လေ့ကျင့်သည်။ တခြားတစ်ဖက်တွင် သူကား လေဓာတ်သဘာဝ စွမ်းအင်တွင် ထူးချွန်သည်။ ထို့ကြောင့် လန်ချူဖန်းကား လေနှင့်မြေ ဓာတ်နှစ်မျိုး မှော်ထိန်းချုပ်သူ ဖြစ်ကာ သိုင်းပညာရှင်လည်း ဖြစ်သည်။
“ဒီအတွက် ဘယ်လို ပေးဆပ်ရမှာလဲ…” လန်ချူဖန်းက သူတို့နှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ မြေဓာတ်စွမ်းအင်များက သူ့အား လှည့်ပတ် စီးဆင်းနေကြကာ သူ၏တစ်ကိုယ်လုံးအား မြေဓာတ် အကာအကွယ်တစ်ခုက ဖုံးကွယ်ထားသည်။ သူ၏လက်တွင် ကျောက်သား လှံတံတစ်စင်း ဖြစ်လာသည်။
“သူက ဂျင်ယန်ခွန်ထက် အများကြီး သန်မာတယ်…” ယူချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဆုံးသတ်က တူတူပဲ…” ရီဖူရှင်းက ပခုံးတွန့်လိုက်သည်။ သူ၏နောက်မှ နတ်ငှက်ဝိညာဉ် ပေါ်လာသည်။ နတ်ငှက်မှ ရွှေရောင်ငှက်မွေးများက တောက်ပြောင်ကာ အလွန်လှပနေသည်။
***