Switch Mode

အပိုင်း(၇၅)

ဆက်ခံသူများ၏တိုက်ပွဲက နှင်တံတစ်ချောင်းဖြင့်အဆုံးသတ်ခြင်း

ကု့ချင်း၏သံစဉ်လှိုင်းက အဆက်မပြတ် ထွက်ပေါ်လာလျှင် ထိုသံစဉ်များအလိုက် လူတိုင်း၏နှလုံးက လိုက်လံတုန်လှုပ်ကြ၏။

ကျောက်မူကား ရုပ်ပုံရေးဆွဲနေဆဲ အချိန်တွင်ပင် ဂီတသံစဉ် မုန်တိုင်းတစ်လုံးက သူ့ထံ အရှိန်အဟုန်ပြင်းစွာ ချဉ်းကပ်လာသည်ကို မော်ကြည့်လိုက်သည်။ သူ၏သက်စောင့်ဝိညာဉ်က ဟိန်းသံတစ်ချက်ပေးကာ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ သို့သော် အသုံးမဝင်ပေ။ သံစဉ်မုန်တိုင်းက သူ့ထံ ဆင်းသက်လာကာ လမ်းကြောင်း တစ်လျှောက်ရှိ အရာရာတိုင်းအား ဖျက်ဆီးသွားသည်။

သူ၏အရုပ်မှာ မုန်တိုင်း၏နှုတ်ခမ်းဝထံသို့ လုံးဝ အစုပ်ခံလိုက်ရကာ ထိုပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ ရုန့်ရင်းကြမ်းတမ်းစွာ စီးဆင်းလာနေကြသည်။ ထို့နောက် သံစဉ်မုန်တိုင်းက ကျောက်မူအား ဖုံးလွှမ်းသွားကာ မချိမဆံ့ နာကျင်မှုကို ခံစားလိုက်ရ၏။ သူကား ထောင်ပေါင်းများစွာသော စစ်သည်တို့အား တစ်ယောက်တည်း တိုက်ခိုက်ရနေသကဲ့သို့ပင်။ သူ၏တစ်ကိုယ်လုံး အဝေးသို့လွင့်စဉ်သွားပြီး မြေကြီးနှင့်ကြမ်းတမ်းစွာ ထိရိုက်မိကာ ပါးစပ်မှ သွေးများ စီးကျလာသည်။

အဖြစ်အပျက်များကား မြန်ဆန်လွန်းလှသည်။ တိုက်ပွဲပြီးဆုံးသွားပြီဟု ယုံကြည်မှုရှိစွာဖြင့် ရီဖူရှင်းက ထပ်ရပ်လိုက်သည်။ ထိုမှသာလျှင် လူအများက ကြက်သေသေနေရာမှ သတိဝင်လာကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ ထိုချောမောသော လူငယ်လေးကား ထိုနေရာတွင်ပင် မတ်မတ်ရပ်နေကာ သူ၏အင်္ကျီစများကား လေတိုက်၍ တဖျတ်ဖျတ် လွင့်နေကြသည်။ သည်မတိုင်ခင် အချိန် အနည်းငယ်က ကု့ချင်းအား တီးခတ်နေသော ထိုအေးဆေးကာ ချောမောသော လူငယ်လေးက ယခုကား သူ၏အရည်အချင်း အစစ်အမှန်ကို ထုတ်ပြရန် အဆင်သင့် ဖြစ်နေပေပြီ။

ကု့ချင်းမိစ္ဆာနှင့် အနုပညာ သူတော်စင်တို့၏ ဆက်ခံသူ နှစ်ယောက်ကြားမှ တိုက်ပွဲမှာ ပြီးဆုံးခြင်းကို ရောက်ခဲ့ပြီ။ လွန်ခဲ့သော နှစ်များစွာက အနုပညာ သူတော်စင်က ကု့ချင်းမိစ္ဆာ၏ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။ ယခု ကု့ချင်းမိစ္ဆာ၏ တပည့်က အနုပညာ သူတော်စင်၏ တပည့်အား တိုက်ခိုက် အနိုင်ယူခဲ့၏။ သည်တိုက်ပွဲကား လူအများ မျှော်လင့်ထားသကဲ့သို့ ညီမျှသော တိုက်ပွဲတစ်ခုပင် မဟုတ်ခဲ့ပေ။ ပိုပြောရလျှင် ရီဖူရှင်းကား တန်ခိုး အဆင့် ပိုနိမ့်သူဖြစ်သည်။ သည်ကဲ့သို့ အနိုင်ယူနိုင်ရန် ရီဖူရှင်းကား သူ့အား ပိတ်ပင်တားဆီးမှု အများအပြားကို ကျော်ဖြတ်ခဲ့ရပေမည်။ ထို့အပြင် သည်မတိုင်မီက သူ၏စကားလုံးတွင် ပါဝင်သော အနက် အဓိပ္ပာယ်ကကော မည်သို့ဆိုလိုသနည်း။

ဒွန်ဟိုင် ကျောင်းတော်တွင် ပျံ့နှံ့နေသော ကောလာဟလများတွင် လျိုနန်းတော်တွင် အလွန်မောက်မာသော လူငယ်တစ်ယောက်၏ အကြောင်းလည်း ပါဝင်ပေသည်။ ထိုလူငယ်ကား ရီဖူရှင်းဖြစ်ကာ နောက်ဆုံးတွင် အနုပညာ သူတော်စင်၏တပည့် ကျောက်မူထံတွင် ရှုံးနိမ့်ခဲ့ရသည်။ ထိုကောလာဟလမှာ သည်မြို့တွင် လူပြောအများဆုံး အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ သည်မတိုင်မီက ရီဖူရှင်းက ကောလာဟလများအား ဖြေရှင်းရန် ကြိုးစားပါက မည်သူမှ သူ့အား ယုံကြည်မည် မဟုတ်ပေ။ သို့သော် သည်နေ့တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံပြီးသောအခါ ဖြစ်နိုင်ဖွယ်ကို ခန့်မှန်းရန် မခက်ခဲကြတော့ပေ။ သည်ကိစ္စမှာလည်း လွန်ခဲ့သော လများစွာ အကြာက ဟွာဂျီယူနှင့် ပတ်သက်သော ကောလာဟလ အတိုင်းပင်ဖြစ်သည်။

ကျောက်မူ၏မျက်နှာကား တစ္ဆေတစ်ကောင်လို ပြာနှမ်းနေသည်။ သူက ကြိုးစားကာ မတ်တတ် ရပ်လိုက်ပြီးလျှင် ရီဖူရှင်းအား အေးစက်စွာ ကြည့်လျက် ပြောလိုက်သည်… “ဒါက တစ်ကြိမ်တစ်ခါ ရှုံးတာပဲ… ဒါက အကုန်လုံးကို မသတ်မှတ်နိုင်သေးဘူး… ဒီနေ့ တိုက်ပွဲရလဒ်ကြောင့် ပထမတစ်ကြိမ်က တိုက်ပွဲရလဒ်ကို မင်း ငြင်းပယ်လို့ မရဘူး…”

လူတိုင်းက ကျောက်မူအား ကြည့်နေသည်။ သူ၏အရှုံးအား ဝန်မခံလိုသည်မှာ ထင်ရှားလှ၏။

“ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ…” ရီဖူရှင်းက သူ့အား သရော်လိုက်သည်… “ကောလာဟလတွေ ထွက်လာတော့ လျိုနန်းတော်မှာ မင်းက ငါ့ကို အနိုင်ရခဲ့တယ်လို့ တကယ် ယုံကြည်ခဲ့ပုံရတယ်… မင်းကို အဆုံးသတ်ခါနီးမှာ စိတ်စွမ်းအင်အထူးပြု အကြီးအကဲ တစ်ယောက်က ငါ့ကို လျှို့ဝှက်တိုက်ခိုက်ခဲ့တာ မင်းသိလား… ဒါကြောင့်ပဲ မင်းက အဲဒီနေ့မှာ အရှက်တကွဲ မရှုံးနိမ့်ခဲ့တာပဲ…”

ရီဖူရှင်း၏စကားကို ကြားကာ လူအုပ်က ကျွက်ကျွက်ညံ သွားသည်။ လျိုနန်းတော်တွင် ရီဖူရှင်းအား အကြီးအကဲ တစ်ယောက်က လျှို့ဝှက်တိုက်ခိုက်ကာ ကျောက်မူအား အနိုင်ရစေသည်။ သည်အရာကား အောက်တန်းကျသော အလုပ်ဖြစ်သည်။

ကောလာဟလများအရ ထိုနေ့တွင် အနုပညာသူတော်စင်။ အရှင်လျို။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လက်ထောက် ကျောင်းအုပ်တို့အားလုံး ထိုနေရာတွင် ရှိနေသည်ဟု ဆိုသည်။ ရီဖူရှင်းပြောသည်မှာ အမှန်ဆိုလျှင် သည်အကြီးအကဲများမှာ အဓိက သံသယရှိဖွယ်လူများ ဖြစ်လာပေပြီ။ သည်အတိုင်း အမှန်ဆိုလျှင် ရီဖူရှင်းက ထိုနေရာမှ လက်လျှော့က ထွက်ခွာရုံမှအပ မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

“မင်းလိမ်နေတာ…” ရီဖူရှင်း ပြောသည်ကို ကြားလျှင် ကျောက်မူသည်လည်း အခြေအနေ ကောင်းပုံမရပေ။ သူကား ယုံကြည်ရန် ခက်ခဲနေသည်။

“အတင့်ရဲတယ်…” ထိုအခိုက်တွင် နောက်မှ အသံတစ်သံ ထွက်လာသည်။ ထိုသူကား လျိုနန်းတော်တွင် ရှိနေခဲ့သော အကြီးအကဲ တစ်ယောက်ဖြစ်သည်။ သူကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လက်ထောက်ကျောင်းအုပ် ဟန်မိုဖြစ်၏။

“ရီဖူရှင်း… မင်းက ဒီနေ့ အနိုင်ရတယ်ဆိုပေမဲ့… မင်းက အကြီးအကဲတွေကို မလေးမစားနဲ့ စော်ကားနေတာပဲ…” ဟန်မိုက ပြောလိုက်သည်။

ရီဖူရှင်းက ဟန်မိုရှိရာသို့ မော်ကြည့်လိုက်သည်။ သည်အဘိုးကြီးကား နောက်ဆုံးတွင် သူ၏မျက်နှာအမှန်ကို ထုတ်ဖော်လေပြီ။

“မှန်တာပေါ့… ခင်ဗျား တိုက်ခိုက်တာလည်း ဟုတ်ချင်မှ ဟုတ်မယ်ဆိုတာ သိတာပေါ့… ဒါပေမဲ့ ခင်ဗျား မတိုက်ခိုက်ဘူး ဆိုတာနဲ့ပဲ တခြားလူတွေ မတိုက်ခိုက်ဘူးလို့ ပြောနိုင်လား… ဒါက ဘယ်လိုလုပ် စော်ကားတာ ဖြစ်မလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ ပရိသတ်များ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ရီဖူရှင်း၏စကားများ နောက်ကွယ်တွင် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။

ဟန်မိုက ရီဖူရှင်းအား မီးဝင်းဝင်းတောက်လျက် ကြည့်လိုက်သည်။ ရီဖူရှင်းက တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။ ယခု ရီဖူရှင်းကား ကြယ်စင်ဧကရာဇ်ကျောင်းနှင့် ပတ်သက်၍ စိတ်မကျေနပ်စရာများ အများအပြား ဖြစ်နေပြီ။ သည်ကျောင်းဆောင်မှ အတုအယောင်ဆန်ကာ လိမ်လည် လှည့်ဖြားတတ်ပြီး အလွန် မောက်မာသည်ဟု သူထင်သည်။

မူယွန်ချန်အား ဟွာဂျီယူနှင့် ပတ်သက်ပြီး မှားယွင်းသော ကောလာဟလများ လွှင့်စေခြင်း။ ရီဖူရှင်းအား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ထဲကို ဝင်ခွင့်မပေးခြင်း။ နှစ်ပေါင်းများစွာ အကြာက လက်ထပ်ခြင်းမှ အကျိုးအမြတ်ရရန် အနုပညာသူတော်စင်နှင့် ပူးပေါင်း၍ ဟွာဖန်းလူအား ဒဏ်ရာရစေကာ မြို့မှ နှင်ထုတ်ခြင်း။ ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံးအား ထိန်းချုပ်လိုခြင်း။ နောက်ဆုံးတွင် သူ၏ညီအစ်ကိုလို ရင်းနှီးချစ်ခင်ရသော ယူချင်း အနာတရ ဖြစ်ခြင်းတို့က ရီဖူရှင်း၏စိတ်ကို ပူလောင်စေသည်။

ရီဖူရှင်းက မည်သို့မှ မပြောသော်လည်း သူ၏နှလုံးထဲတွင်ကား မီးတောက်များ လောင်ကျွမ်းနေပြီ ဖြစ်သည်။ ယနေ့ ထိုအရာများ အားလုံးကို ထုတ်လွှတ်ပေတော့မည်။ ယခု သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရှေ့တွင် ရပ်ကာ ကျောက်မူအား စိန်ခေါ်သည်။ စစ်သူကြီး၏ အမိန့်သံအား တီးခတ်ခဲ့သည်။ ထိုအရာများ အာလုံးက သူ၏ဒေါသကို ဖော်ထုတ်နေခြင်းပင်။

“အရှင်လျိုနဲ့ အနုပညာ သူတော်စင်တို့က ဂုဏ်သိက္ခာ မြင့်မားတဲ့သူတွေပဲ… ပြီးတော့ အဲဒီမှာရှိတဲ့ လူတွေအကုန်လုံးက အဆင့်အတန်းမြင့်တဲ့ သူတွေချည်းပဲ … မင်းလို ဂျူနီယာလေးကို ဘယ်လိုလုပ် လျှို့ဝှက်တိုက်ခိုက်မှာလဲ…” ဟန်မိုက သရော်ဟန်ဖြင့် ပြောလိုက်သည်။

“အဲဒီနေရာမှာ လူတွေ အများကြီးရှိတယ်… ဒါကြောင့် ကျုပ်က တကယ့်လက်သည်ကို ညွှန်ပြဖို့ မဖြစ်နိုင်ဘူး… ဒါပေမဲ့… ရတနာကြယ် ကျောင်းဆောင်က ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် ကျောင်းသားနှစ်ယောက်က လာဘ်လာဘ ကျောင်းဆောင်က ကြယ်ငါးပွင့် ကျောင်းသားတစ်ယောက်ကို ပူးပေါင်းပြီး တိုက်ခိုက်တာ အမှန်ဖြစ်နေမှတော့ လေးစားရတဲ့ အကြီးအကဲတွေက အလစ်တိုက်တာ မဖြစ်နိုင်စရာမရှိဘူး… ဟုတ်တယ်မလား…”

“ဒီကောင်…” ပရိသတ်များ အံ့အားသင့်ရသည်။ လူတိုင်းက ရီဖူရှင်းအား ကြည့်နေကြ၏။ ရတနာကြယ် ကျောင်းဆောင်အား သည်စကား စစ်ထိုးပွဲသို့ ဆွဲသွင်းလိုက်ခြင်းက ရီဖူရှင်းက အမှန်တကယ် တိုက်ခိုက်ရန် ကြိုးစားနေသည်မှာ ထင်ရှားပေသည်။

“ဒါက မင်းတို့ ကျောင်းဆောင်က ကျောင်းသားက တိုက်ခိုက်ဖို့ စတင်ကြိုးစားတာ မဟုတ်ဘူးလား… ငါတို့ ကျောင်းသားတွေက သူ့နဲ့ ထိုက်တန်တဲ့ သင်ခန်းစာပေးရုံပဲ ရှိတယ်… ဒါက ထူးဆန်းလို့လား…” ဟန်မိုက ပြောလိုက်သည်… “တခြားတစ်ဖက်မှာ မင်းက အကြီးအကဲတွေကို စော်ကားခဲ့တယ်… သင့်တော်တဲ့ ရှင်းလင်းချက် မပေးဘူးဆိုရင် မင်းကို အလွယ်တကူ လွှတ်ပေးမယ် မထင်နဲ့…” ဟန်မိုက ပြောလိုက်သည်။

“ဘယ်အချိန်က ကျုပ်ကျောင်းသားက ခင်ဗျားကို အစီရင်ခံဖို့ လိုသွားတာလဲ…” လူအုပ်ထဲမှ အသံတစ်သံ ထွက်လာသည်။ လူများအား တွန်းတိုး၍ ယိချန် ထွက်ပေါ်လာကာ ဟန်မိုအား ကြည့်လိုက်သည်… “ဟန်မို… ခင်ဗျားက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ လက်ထောက် ကျောင်းအုပ် ဖြစ်တယ်… ငါ့ကျောင်းဆောင်က ကျောင်းသားကို ကြိမ်းမောင်းဖို့ ဘယ်တုန်းက အခွင့်အရေး ရသွားတာလဲ… အရမ်းကောင်းတယ်…”

ဟန်မိုနှင့် ယိချန်တို့ ရောက်ရှိလာခြင်းက ပရိသတ်များအား ထိတ်လန့်စေသည်။ အခြေအနေက ထင်ထားသည်ထက် ဆိုးရွားလာပုံရသည်။

“ကျောင်းအုပ် ယိချန်… ခင်ဗျားရဲ့ ကျောင်းသားက အကြီးအကဲတွေကို စော်ကားတာ မကြားလိုက်ဘူးလား…” ဟန်မိုက မေးလိုက်သည်။ သူကား ယိချန်ကို ကြောက်ရွံ့ပုံမရပေ။

“ဒါမှန်လား…” ယိချန်က ရီဖူရှင်းအား မေးလိုက်သည်။

ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်… “ကျုပ်က စော်ကားနေတာလား အမှန်ပြောတာလားဆိုတာ ကွဲပြားအောင်လုပ်ဖို့ လွယ်ပါတယ်… ကျောက်မူနဲ့ ကျုပ်နဲ့ တိုက်ခိုက်ကြတုန်းက ကျုပ်က သူ့ရဲ့ ဆင့်ခေါ်သတ္တဝါကြောင့် အရှုံးပေးခဲ့ရတယ်… ကျုပ်က အနည်းငယ် အားနည်းချက် ရှိနေပေမဲ့ ကျုပ်တို့ နောက်တစ်ခေါက် စမ်းကြည့်နိုင်တယ်…”

သူက ကျောက်မူအား ကြည့်လိုက်သည်… “ဒီလတွေထဲမှာ ကျုပ်က အတော် တိုးတက်လာခဲ့တယ် ဆိုပေမဲ့ ဆင့်ခေါ်သတ္တဝါချင်းပဲ ယှဉ်ပြိုင်ကြတာပေါ့… ကျုပ်ရဲ့ သက်စောင့်ဝိညာဉ်ကို ထုတ်မသုံးဘဲ သိုင်းပညာသတ်သတ်ကိုပဲ သုံးမယ်… တကယ်လို့ ကျုပ်က မင်းကို တစ်ကွက်တည်းနဲ့ အနိုင်မရဘူးဆိုရင် ကျုပ်ပြောတာကို စော်ကားတယ်လို့ သတ်မှတ်လိုက်လို့ ရတယ်…”

“ဒီကောင် ရူးနေတာလားဟ…” လူတိုင်းက ရီဖူရှင်းအား ကြည့်နေကြသည်။ သူကား ကျောက်မူကို သူ၏အင်အား အကောင်းဆုံး သတ္တဝါအား ဆင့်ခေါ်ရန် အခွင့်အရေး ပေးနေသည်။ ထို့နောက် သူက သိုင်းပညာကို သုံးကာ ကျောက်မူအား သိုင်းတစ်ကွက်တည်းဖြင့် အနိုင်ယူမည်ဟု ပြောသည်။ သူမှ မရူးသွပ်လျှင် မည်သူ ရူးသွပ်မည်နည်း။ ကျောက်မူက သည်မျှ အသာစီးရနေလျက် ရှုံးနိမ့်ခဲ့လျှင် သူကား ဒွန်ဟိုင်ကျောင်းတော်တွင် ဆက်လက် ပညာသင်ရန်ပင် မကောင်းတော့ပေ။ အထူးသဖြင့် ကျောက်မူက ရီဖူရှင်းကို အနိုင်ရခဲ့သည့် ကောလာဟလများအား တစ်ခါမှ မငြင်းပယ်ခဲ့ သောကြောင့်လည်း ပါသည်။ သူ၏တိတ်ဆိတ်မှုကို လူများက သဘောတူသည်ဟု ယူဆထားကြသည်။

“မင်းက ဒါနဲ့ပတ်သက်လို့ ပြောစရာရှိလား…” ယိချန်က ဟန်မိုအား မေးလိုက်သည်။

ဟန်မို၏အမူအရာကား မကောင်းလှချေ။ ရီဖူရှင်းက သည်အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့ပြီဖြစ်ရာ သူ့တွင် ပြောစရာ မရှိတော့ပေ။ ဟန်မိုက ကျောက်မူအား ကြည့်လိုက်သည်။ ကျောက်မူ၏မျက်နှာကား မည်းမှောင်နေသည်။ ရီဖူရှင်း ပြောသမျှ စကားလုံးတိုင်းက သူ့အား စော်ကားနေသည်နှင့် တူလှသည်။

“ကောင်းပြီ…” ကျောက်မူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ ရီဖူရှင်းနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူက သူ၏သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်ပြီး စတင် ရေးဆွဲလိုက်သည်။

ယိချိန်ချန်က ရီဖူရှင်း၏ကု့ချင်းအား သွားရောက် သိမ်းဆည်းလိုက်သည်။ ရီဖူရှင်းက ကျောက်မူ ရေးဆွဲနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ရီဖူရှင်း၏ တည်ငြိမ်မှုကို ကြည့်ကာ သူ၏ယုံကြည်မှု မည်သည့်နေရာက လာသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ သူကား ယုံကြည်မှု ရှိလွန်းရကား ကျောက်မူကို လွတ်လပ်စွာ ရေးဆွဲခွင့်ပြုကာ သူက သိုင်းပညာသက်သက်ဖြင့် တိုက်ခိုက်မည် ဖြစ်သည်။

သဘာဝစွမ်းအင်များက ကျောက်မူ၏လက်ချောင်းထိပ်တွင် စုစည်းနေကြသည်။ ယခု သူကား စိတ်အာရုံ အလွန် စုစည်းထားပုံရကာ သူ၏ရုပ်ပုံတွင် လုံးဝနှစ်မြှုပ်ထားလေသည်။ တဖြည်းဖြည်းဖြင့် သူ၏ရုပ်ပုံမှာ ရွှေနဂါးတစ်ကောင်ပုံဟန် ဖြစ်ပေါ်လာပြီး တကယ့်နဂါးအလား ကောင်းကင်သို့ ပျံသန်းတော့မည့်နှယ် အသက်ဝင်လှသည်။

ကြီးမားလှသော ရွှေရောင်နဂါးကြီးတွင် ကြောက်မက်ဖွယ် ကောင်းအောင် သဘာဝစွမ်းအင် အများပြား ပါဝင်ပေသည်။ ကျောက်မူက နဂါး၏ အကြေးခွံ အသေးစိတ်များကိုပင် ရေးဆွဲထားသည်။ ထိုအရာကား အလွန်အသက်ဝင်လှကာ အလွန်စွမ်းအားကြီးပုံရနေသည်။ တချို့က ရီဖူရှင်းအတွက် စိုးရိမ်လာကြသည်။ သူ အမှန်တကယ်ပင် ကျောက်မူ၏ တိုက်ခိုက်မှုကို သိုင်းပညာ သက်သက်ဖြင့် ယှဉ်ပြိုင်ရန် ဟန်ပြင်နေသည်။

ကျောက်မူက သူ၏ပတ်ဝန်းကျင်အား လုံးဝလျစ်လျူရှုထားကာ သူ၏ရေးဆွဲမှုတွင်သာ အာရုံစိုက်ထားသည်။ သူကား အသေးစိတ်ကအစ ပြီးပြည့်စုံအောင် ရေးဆွဲနေသည်။ အနုပညာ သူတော်စင်၏ တပည့်အနေဖြင့် သူ၏ပါရမီမှာ မေးခွန်းထုတ်စရာ မလိုပေ။ သူ၏ပြိုင်ဘက်က ရီဖူရှင်း ဖြစ်နေခြင်းကြောင့်သာ သူက အားနည်းသွားဟန် ပေါ်နေခြင်းဖြစ်သည်။

နောက်ဆုံးတွင် ကျောက်မူက သူ၏နောက်ဆုံးရေးဆွဲမှုကို အပြီးသတ်လိုက်သည်။ အလွန်ကြီးမားလှသော ရွှေရောင်နဂါးကြီးက သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်လာနေသည်။ ကျောက်မူ၏ သက်စောင့်ဝိညာဉ်မှ အလင်းရောင်များက နဂါးကြီး၏ အားလှိုင်းများအား နှစ်ဆပြင်းထန်စေသည်။ ထိုအဖြစ်က နဂါးကြီးအား ပို၍ပင် ခက်ထန် ကြမ်းတမ်းစေသည်။ ထိုနဂါးကြီးက ရီဖူရှင်းကို စိုက်ကြည့်လိုက်၏။

“အရမ်း စွမ်းအားကြီးတာပဲ…” လူတိုင်းက နဂါးကြီးအား ကြည့်ကာ ကြောက်ရွံ့စိတ်ကို ထိန်းချုပ် မရကြတော့ပေ။

ရီဖူရှင်းကား အမြဲတမ်း တည်ငြိမ်နေပုံရကာ သူ၏လက်အား ဆန့်တန်းလိုက်သည်။ ရွှေရောင်သဘာဝ စွမ်းအင်များက သူ၏လက်တစ်လျှောက် စီးဆင်းသွားကာ လက်ဝါးတွင် ရွှေရောင်အလုံးတစ်ခု စုစည်းလာနေသည်။ သည်ပညာကား မှော်ပညာ မဟုတ်ပေ။ သဘာဝစွမ်းအင်ကို အသုံးပြု၍ လက်နက်ဖန်တီးခြင်း ဖြစ်သည်။ သည်ပညာကား သိုင်းပညာရပ်ထဲတွင် ပါဝင်သည်။

နောက်ဆုံးတွင် နှင်တံဖန်တီးခြင်း ပြီးမြောက်သွားပြီးလျှင် စွမ်းအားပြင်းသော အားလှိုင်းတစ်ခုက သူ၏ခန္ဓာမှ ထွက်ပေါ်လာသည်။ တိုက်ပွဲဝင်လိုစိတ် အရှိန်အဝါကား ကြောက်မက်ဖွယ် ကောင်းလှသည်။ မမြင်ရသော စွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်တွင် ပိုမို၍ အားကောင်းလာသည်။ ရီဖူရှင်း၏ အနီးပတ်ဝန်းကျင်မှ လေထုမှာ အနည်းငယ် ကွဲပြားနေသည်ကို လူတိုင်း ခံစားမိသည်။ သူကား ငယ်ရွယ်သော စစ်နတ်ဘုရား တစ်ပါးလို ဝင့်ကြွားစွာ ရပ်နေ၏။

ကျောက်မူက သူ၏တိုက်ကွက်ကို ထုတ်လိုက်သည်။ သူက ရှေ့ကို တက်လိုက်လျှင် ရွှေနဂါးကြီးကလည်း သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းကဲ့သို့ လိုက်လံရွေ့လျား၏။ ကျောက်မူထံမှ ကျယ်လောင်သော မာန်သွင်းသံတစ်ချက် ကြားလိုက်ရကာ ရွှေနဂါးကြီးအား ရီဖူရှင်းထံ စေလွှတ်လိုက် တော့သည်။

ဘုန်း… ရီဖူရှင်းကလည်း ရှေ့ကို တက်လိုက်သည်။ သူ၏ခြေထောက်အောက်မှ မြေကြီး တုန်ခါသွားသည်။ ကြောက်မက်ဖွယ် အားလှိုင်းအား သူ၏ကိုယ်တွင် စုစည်းလိုက်သည်။

“သေစမ်း…” ကျောက်မူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နဂါးကြီးက ရီဖူရှင်းထံ ဦးတည်ကာ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေသည်။ ရီဖူရှင်းက သူ၏လက်ထဲမှ ရွှေရောင်နှင်တံအား ဝှေ့ယမ်းလိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်များက သဘာဝနှင့် တစ်သားတည်း ဖြစ်သွားပြီး ရွှေရောင်နဂါးကြီးအား တိုက်ခိုက်လိုက်သည်။

ကောင်းကင်ဘုံကိုးဆင့်သိုင်း… ပထမတိုက်ကွက်… မူလအစ ဖြစ်တည်ခြင်း…။

ရွှေရောင်နှင်တံက နဂါးကြီးခေါင်းအား အပေါ်မှ ရိုက်ချလိုက်သည်။ ကမ္ဘာမြေပေါ်မှ အထက်မြက်ဆုံးသော လက်နက်တစ်ခုလိုပင် နှင်တံက နဂါးကြီး၏ခေါင်းအား နှစ်ပိုင်းဖြစ်အောင် ဖြတ်ပစ်လိုက်ကာ ထိုမျှ မရပ်တန့်ဘဲ နဂါးကြီး၏ ခန္ဓာကိုယ်အား ထက်ခြမ်းခွဲပစ်လေသည်။ ထိုမြင်ကွင်းက ပရိသတ်များအား ကျောစိမ့်စေသည်။ သည် စစ်နတ်ဘုရားငယ်ကား အမြဲတမ်း စွမ်းအားကြီးပုံ ရကာ သူ၏ လမ်းကြောင်းတစ်လျှောက် အတိုက်အခိုက်များအား ဖျက်ဆီးတော့မည့်ပုံပင်။ ထိုအရာက နဂါးဖြစ်နေလျှင်ပင် သူက နှစ်ခြမ်းခွဲပစ်မည် ဖြစ်သည်။

ဘန်းခနဲမြည်သံနှင့်အတူ နဂါးကြီး၏ခန္ဓာမှာ ပေါက်ကွဲသွားပြီး လေထဲတွင် ပျောက်ကွယ် သွားတော့သည်။ သို့သော်လည်း ရီဖူရှင်း၏လက်ကား ကျောက်မူ၏လည်ပင်းကို ဆုပ်ကိုင်ထားကာ လေထဲမြှောက်ထားပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ထိုအခိုက်တွင် ကျောက်မူကား ရုန်းကန်ရန်ပင် မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်နေလေပြီ။ ရီဖူရှင်းက ခေါင်းအား အနည်းငယ်မော့ကာ ကျောက်မူအား မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်… “နောက်ဆုံး အကြိမ်က မင်း ငါ့ကို ဘယ်လို အနိုင်ယူခဲ့တာလဲ…”

ကျောက်မူ ပြန်မပြောပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ပြန်ပြောစရာစကား မရှိချေ။

ရီဖူရှင်းက ဟန်မိုထံသို့ လှည့်ကြည့်လိုက်သည်။ အေးဆေးစွာပင် သူပြောလိုက်သည်… “ဒါက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ ပါရမီရှင်တဲ့လား… ဒီနေ့ကစပြီး ကု့ချင်းမိစ္ဆာနဲ့ အနုပညာ သူတော်စင်တို့ရဲ့ တိုက်ပွဲဆိုတာ မရှိတော့ဘူး… ဘာလို့လဲဆိုတော့… အနုပညာသူတော်စင်ရဲ့ ဆက်ခံသူ ကျောက်မူက မထိုက်တန်လို့ပဲ … “ရီဖူရှင်းက သူပြောစရာရှိသည်ကို ပြောပြီးလျှင် သူ၏လက်အား ဝှေ့ယမ်းကာ ကျောက်မူအား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ဘက်မှ လူများဘက်သို့ လွှင့်ပစ်လိုက်သည်။

***

အတွဲ(၅)ပြီးပါပြီ။

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset