“နင့်ရည်းစားနဲ့ သွားတွေ့မလို့ဆို… ဘာလို့ ပြန်လာတာလဲ…” ယိချိန်ချန်က ပြုံးလျက် ပြောလိုက်သည်။
ရီဖူရှင်း မျက်မှောင်ကုတ် လိုက်သည်။ သည်အဖြစ်ကား အမှန်အတိုင်း ပြောရန် ရှက်စရာ ကောင်းလှသည်… “ချိန်ချန်… ကျောင်းချိန်ရဲ့ ပညာတွေက ဘယ်လိုလဲ…” သူက မေးလိုက်သည်။
“နင်က ကျောင်းချိန်နဲ့ တွေ့ခဲ့တယ်… ဟုတ်လား…” ယိချိန်ချန်၏လှပသော မျက်ဝန်းများ ပြူးကျယ် သွားသည်။ ရီဖူရှင်း၏ မည်းမှောင်နေသော မျက်နှာကို ကြည့်ကာ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူမ ခန့်မှန်းမိသည်။
“အင်း…” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“သူက ကြယ်စင်ဧကရာဇ် ကျောင်းအုပ်ကြီး ကိုယ်တိုင် လက်ထပ် သင်ပေးခြင်း ခံရတဲ့ ကျောင်းသား တစ်ယောက်ပဲ…” ယိချိန်ချန်က ဖြေလိုက်သည်… “သူက အရမ်း တန်ဖိုးထားခံရသလို… ကောင်းကင်ကြယ်ကိုးပွင့် အဆင့် တန်ခိုးရှင် တစ်ယောက်လည်း ဖြစ်တယ်… သူ့ကို ဒွန်ဟိုင် ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ သတ်မှတ် ထားကြတယ်…”
“သူ့ရဲ့ အဓိက စွမ်းရည်တွေက…” ရီဖူရှင်း မေးလိုက်သည်။
“သူက ထူးဆန်းတဲ့ သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးတော့ စိတ်စွမ်းအင်သုံး မှော်ထိန်းချုပ်သူပဲ… သူက စိတ်စွမ်းအင်ကို သုံးပြီးတော့ တခြားလူတွေကို ထိန်းချုပ်နိုင်တယ်… သူက သစ်သားစွမ်းအင်မှာလည်း တော်ပြီးတော့ အရမ်းအန္တရာယ်များတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ…” ယိချိန်ချန်က ပြောသည်။
“ထိန်းချုပ်နိုင်တဲ့ မှော်ထိန်းချုပ်သူ… မထူးဆန်းဘူး…” ရီဖူရှင်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ယိချိန်ချန်၏စကားအရ သူကား စိတ်စွမ်းအင်သုံးကာ တိုက်ခိုက်နိုင်သူဖြစ်ကာ တစ်ဖက်သားအား ထိန်းချုပ်နိုင်စွမ်းလည်း ရှိသည်။ သစ်သားစွမ်းအင်မှာလည်း ထိန်းချုပ်ရာတွင် ထိရောက်လှသည်။ ထိုစွမ်းရည် နှစ်ခုပေါင်းလိုက်လျှင် သူကား ပြိုင်ဘက်ကို အမှန်ပင် အပြတ်အသတ် အသာစီး ယူနိုင်ပေသည်။
“ရတနာကြယ် ကျောင်းဆောင်မှာလည်း တိုက်ခိုက်ရေး ပညာကို အထူးပြုတဲ့ စွမ်းအားကောင်းတဲ့ ကောင်းကင်အဆင့် တန်ခိုးရှင်ရှိတယ်… ဟုတ်တယ်မလား…” ရီဖူရှင်းက မေးလိုက်သည်။
ယိချိန်ချန်က သူ့အား ကြည့်ကာ ဖြေလိုက်သည်… “သူတို့မှာ ရှိတာပေါ့… ရတနာကြယ် ကျောင်းဆောင်မှာ တိုက်ခိုက်ရေးပညာနဲ့ မှော်ပညာနှစ်မျိုးလုံး ထူးချွန်တဲ့ မှော်ထိန်းချုပ်သူ တစ်ယောက်ရှိတယ်… သူလည်း ကြယ်ကိုးပွင့် ကောင်းကင်အဆင့်ပဲ… ဒါပေမဲ့… ကျောင်းချိန်ကိုတော့ အနိုင်ယူဖို့ ခက်ခဲတယ်… ကျောင်းချိန်က ဒွန်ဟိုင်ကျောင်းတော်ရဲ့ နံပါတ်တစ်ဖြစ်နေတာ အကြောင်းရှိတယ်…”
“ငါနားလည်တယ်… ချိန်ချန်… ငါ့ကို သတင်းနည်းနည်း ဖြန့်ပေး…” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်… “လျိုနန်းတော်မှာ နောက်ဆုံးအကြိမ်တုန်းက ငါရှုံးခဲ့ပေမဲ့… ငါ့တန်ခိုးအဆင့် မြင့်တက်သွားပြီလို့… အခုငါက ငါ့ဆရာ ကု့ချင်းမိစ္ဆာနဲ့ အနုပညာသူတော်စင်တို့ရဲ့ တိုက်ပွဲကိုဆက်တဲ့အနေနဲ့ ကျောက်မူကို စိန်ခေါ်မယ်… ဒွန်ဟိုင်ကျောင်းတော်က ကျောင်းသားတွေကို စိန်ခေါ်ပွဲကို လာစေချင်တယ်…”
သူပြောသည်ကို ယိချိန်ချန် နားလည်ပုံမရပေ။ သူမက မေးလိုက်သည်… “နောက်ဆုံးအကြိမ် လျိုနန်းတော်မှာတုန်းက နင်မရှုံးခဲ့ဘူးဆို…”
“သူတို့က ငါရှုံးတယ်ပြောမှတော့… ဒီလိုပဲ ကစားကြတာပေါ့…” ရီဖူရှင်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
ယိချိန်ချန်က တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူမက ကောင်လေးအား ကြည့်လိုက်သည်… “နင်က အရမ်းလည်တာပဲ… မနက်ဖြန် သူရှုံးခဲ့ရင် သူ့ဂုဏ်သိက္ခာတွေတော့ အားလုံး ဖျက်ဆီးခံရတော့မှာပဲ…”
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်းက သူ့အား ကြည့်လိုက်လျှင် ရီဖူရှင်းက မေးလိုက်သည်… “မင်းရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ…”
ယူချင်း အံကြိတ်လိုက်သည်… “ပြဿနာမရှိဘူး…”
ယိချိန်ချန်က သူတို့အား မျက်လုံးဝိုင်းစက်လျက် ကြည့်နေသည်။ သူတို့ မည်သည့်အရာကို ကြံစည်နေသည်ကို သူမ သိချင်နေသည်… “ငါသွားတော့မယ်…” သူမက ပြောလိုက်သည်။
မကြာမီတွင် လာဘ်လာဘ ကျောင်းဆောင်က သတင်းလွှင့်လိုက်သည်မှာ မနက်ဖြန်တွင် ရီဖူရှင်းက ကျောက်မူအား စိန်ခေါ်ကြောင်း။ လူတိုင်းအား လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်းပင်။ သည်တစ်ကြိမ်တွင် ရီဖူရှင်း ပြောခဲ့သည်မှာ အတိတ်မှ ကု့ချင်းမိစ္ဆာနှင့် အနုပညာ သူတော်စင်တို့၏ တိုက်ပွဲအား ဆက်လက်၍ အနိုင်အရှုံး ဆုံးဖြတ်မည်ဟုပင်။ သည်တစ်ကြိမ်ကား ရီဖူရှင်း အလွန် ယုံကြည်မှု ရှိနေသည်ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။
နေရာကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏အရှေ့တွင် ဖြစ်သည်။
ကျောက်မူ၏ တန်ခိုးအဆင့်မှာ ရီဖူရှင်းထက်မြင့်ပြီး သည်တစ်ကြိမ်မှာလည်း ရန်ငြိုးဟောင်း တစ်ခုပင်။ သူတို့ဆရာများ၏ ဂုဏ်သိက္ခာများ ပါဝင်ပတ်သက်နေသည်။ ကျောက်မူက ငြင်းပယ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဒွန်ဟိုင် ကျောင်းတော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သည်သတင်းက ကျောင်းတော် တစ်ခုလုံးအား ပျံ့နှံ့သွားသည်။ သည်တစ်ကြိမ်ကား လူတိုင်းက သည်စိန်ခေါ်ပွဲကို စိတ်ဝင်စားကြ၏။ ကျောင်းတော်၏ အရေးပါသော သူများပင်လျှင် နောက်ကွယ်မှ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
***
နောက်တစ်နေ့နံနက်တွင် ဒွန်ဟိုင်ကျောင်းတော်အား မနက်ခင်း နေရောင်ခြည်များ လွှမ်းခြုံနေသည်။ အဆောက်အဦများမှာ ကြီးကျယ်ခမ်းနားကာ ထည်ဝါလှသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ကျောင်းဝင်းတစ်ခုလုံး အခန့်ညားဆုံးပုံစံဖြစ်နေသည်။ နောက်ခံသမိုင်းများကြောင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ပို၍ အင်အားကြီးမားဟန် ပေါ်နေသည်။ ယနေ့ ထိုနေရာတွင် မနက်ခင်း ကတည်းကပင် လူအများအပြား ရောက်ရှိနေကြသည်။ သူတို့ကား တစ်စုံတစ်ခုကို စောင့်နေကြဟန် တူသည်။
လွန်ခဲ့သော နှစ်များစွာက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အလွန် ထင်ရှားသော မှော်ဆရာနှစ်ဦး ပေါ်ထွက်ခဲ့သည်။ သူတို့မှာ ဆင့်ခေါ်အနုပညာရှင်… အနုပညာရှင် သူတော်စင်နှင့် ကု့ချင်းဂီတပညာရှင် ကု့ချင်းမိစ္ဆာတို့ ဖြစ်ကြသည်။ သူတို့နှစ်ယောက်မှာ မိန်းမတစ်ယောက်တည်းကား တစ်ပြိုက်နက်တည်း ကြိုက်နှစ်သက်ခဲ့ကြသော ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည်။ ကု့ချင်းမိစ္ဆာက ထိုမိန်းမ၏အချစ်ကို ပိုင်ဆိုင်ခဲ့သော်လည်း သူ၏သက်စောင့်ဝိညာဉ်မှာမူ ဖျက်ဆီးခံခဲ့ရကာ မြို့မှ နှင်ထုတ်ခံခဲ့ရ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့၏ တပည့်နှစ်ယောက်လုံး ဒွန်ဟိုင် ကျောင်းတော်တွင် တန်ခိုးကျင့်နေကြ၏။
အနိုင်ရရှိခဲ့သော အနုပညာ သူတော်စင်၏တပည့်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းအုပ်ထံတွင် ပညာသင်ယူနေပြီး တခြားတစ်ဖက်တွင် ကု့ချင်းမိစ္ဆာ၏ တပည့်က လာဘ်လာဘ ကျောင်းဆောင် ကျောင်းအုပ်ထံတွင် ပညာသင်ယူနေသည်။
သည်ကိစ္စမှာ ကံကြမ္မာဟု ပြောရမည်လော။ ကု့ချင်းမိစ္ဆာ၏တပည့်က သူ၏ဆရာနာမည်ကို သုံးကာ အနုပညာ သူတော်စင်၏ တပည့်အား စိန်ခေါ်လိုက်သည်။ သို့သော်လည်း လွန်ခဲ့သော လအတန်ကြာက ရီဖူရှင်းကား လျိုနန်းတော်တွင် ကျောက်မူကို ရှုံးနိမ့်ခဲ့သည်ဟု သိထားကြသည်။ ရီဖူရှင်းက သူ တိုးတက်လာသည်ဟု ပြောသော်လည်း ကျောက်မူလည်း တန်ခိုး အဆင့်မြင့်သွားသည်ကို လူတိုင်း သိကြသည်။
နောက်ဆုံးတွင် လာဘ်လာဘ ကျောင်းဆောင်မှ တစ်စုံတစ်ယောက် လျှောက်လာသည်ကို တွေ့ကြရသည်။
သည်နေ့ရက်များတွင် လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားများမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်တို့၏ ရန်စမှု။ သရော်မှုများအား အဆက်မပြတ် ခံစားခဲ့ကြရသည်။ သို့သော် သူတို့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။ ယခု ရီဖူရှင်း ပြန်လာပြီဖြစ်ကာ ကျောက်မူအား စိန်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူတို့က ရီဖူရှင်းအား ထောက်ခံအားပေးရန် အားလုံးနီးပါး လာရောက်ကြသည်။ သူတို့ကား ထိုနေရာတွင် မနက်ကတည်းက စောင့်နေကြသည်။ သူတို့က ရီဖူရှင်းအား မြင်လျှင် ရီဖူရှင်းထံသွားကာ အုပ်စုလိုက် ဝန်းရံလျက် သူတို့၏ထောက်ခံမှုကို ပြကြ၏။
ရီဖူရှင်းက ရှေ့မှ လျှောက်နေသည်။ သူကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကု့ချင်းတစ်လက်အား ကိုင်ထားသည်။ သူ၏အမူအရာက အေးဆေးလှသည်။
တန်ဝမ်ကား သည်တိုက်ပွဲကို သေသေချာချာ စောင့်ကြည့်နေသူ ဖြစ်သည်။ ရီဖူရှင်း သည်ကဲ့သို့ ထွက်လာသည်ကို မြင်လျှင် သူမ အလွန် အံ့အားသင့်ရသည်။
ကျောင်းတော်တွင် စိန်ခေါ်မှုများ မကြာခဏ ရှိသော်လည်း သည်ကောင်းကင် ကြယ်အဆင့် ကျောင်းသား နှစ်ယောက်က သည်မျှ လှုပ်ခတ်နိုင်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။ တန်ဝမ်ကား အလွန် အံ့အားသင့်ရသည်။ ကု့ချင်းမိစ္ဆာက သည်သတင်းအား ကြားလျှင် သူသည်လည်း သည်တိုက်ပွဲကို မလွဲမသွေ လာရောက် ကြည့်ရှုမည် ဖြစ်သည်။
ပရိသတ်များက လူအုပ်နောက်မှ လိုက်လာကြပြီး ဘေးမှ ဖြတ်သွားသော သူများပင်လျှင် ဝင်ရောက် ပူးပေါင်းကြ၏။ တဖြည်းဖြည်းနှင့် လူအုပ်မှာ ပိုပို၍ ကြီးမားလာနေသည်။ သည်အဖြစ်ကား ထိတ်လန့်ဖွယ်ပင်။ တကယ့်အဖြစ်အပျက်အား မသိသူဆိုလျှင် သည်တိုက်ပွဲမှာ ကျောင်းဆောင် ခုနစ်ခု၏တိုက်ပွဲဟု အထင်မှားနိုင်ပေသည်။
နောက်ဆုံးတွင် ကြီးမားသော လူအုပ်ကြီးက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင်ကား အလားတူ လူအုပ်ကြီးတစ်အုပ် စောင့်နေကြသည်။ ထိုအထဲမှ လူအများအပြားက ရီဖူရှင်းအား အေးစက်စွာ ကြည့်နေကြ၏။
တစ်ယောက်က ပြောလိုက်သည်… “လအနည်းငယ်က ကျောက်မူက သူ့ကို အနိုင်ယူခဲ့တယ်… အခုလည်း ဒီအတိုင်းဖြစ်မှာပဲ… နောက်တစ်ကြိမ်ရှုံးရင် သူ ဘယ်လိုနေမလဲ ကြည့်ရတာပေါ့…”
တခြား ကျောင်းသားများကလည်း အချင်းချင်း ဆွေးနွေးနေကြသည်။ ကျောက်မူက အနိုင်ရမည်လော။ ရီဖူရှင်းက အသာရမည်လော မည်သူမှ သဲသဲကွဲကွဲ မခန့်မှန်းနိုင်သေးပေ။
ရီဖူရှင်းက ကျောင်းဆောင်၏ရှေ့တွင် ထိုင်ကာ ကု့ချင်းအား သူ၏ရှေ့တွင် ချလိုက်သည်။ မကြာခင် ညက်ညောသော သံစဉ်တစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်းကား မည်သူ့ကိုမှ ဂရုမထားပဲ တီးခတ်နေသည်။
အဆောင်ထဲတွင် ပုဂ္ဂိလ်အများအပြားက အောက်မှလူအုပ်ကြီးကို အေးစက်စွာ ကြည့်နေကြသည်။ ရီဖူရှင်းကား ပြဿနာရှာရန် ရောက်ရှိနေပြန်သည်။
သည်တစ်ခေါက်ကား ကျောင်းဆောင်ပေါ်မှ လူတစ်စု ဆင်းလာသည်။ သူတို့ထဲတွင် ကျောက်မူလည်း ပါဝင်သည်။ သူ၏မျက်လုံးများက အေးစက်နေသည်။ သူကား ရီဖူရှင်းရှိရာသို့ တစ်လှမ်းချင်း လှမ်းလာနေ၏။
ဂီတသံရုတ်တရက် ရပ်တန့်သွားသည်။ ရီဖူရှင်းက ကျောက်မူအား ကြည်လင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်သည်… “ကျုပ်နာမည် ရီဖူရှင်း… ကု့ချင်းမိစ္ဆာရဲ့တပည့်… ကြယ်ငါးပွင့် ကောင်းကင်အဆင့်…” ရီဖူရှင်းကား သူ၏ဆရာနာမည်ကို သုံး၍ တိုက်ခိုက်မည် ဖြစ်သည်။ သူ၏ရှေ့တွင် ကု့ချင်းတစ်လက် ရှိသည်။ သည်နေရာမှာ တစ်ချိန်က သူ၏ဆရာ ကု့ချင်းမိစ္ဆာ လေ့လာသင်ယူခဲ့သော နေရာဖြစ်သည်။ စကားလုံးများ မပါဝင်ဘဲ အဓိပ္ပာယ်အများအပြား ဖော်ဆောင်နေသည်။ သူကား သူ၏ဆရာအတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကျောက်မူ… အနုပညာ သူတော်စင်ရဲ့ တပည့်… ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့်…” ကျောက်မူက အေးစက်စွာ ပြောလိုက်သည်။
“ကျေးဇူးပြုလို့…” ရီဖူရှင်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ သူက ခေါင်းငုံ့လျက် တူရိယာကြိုးများအား သူ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။ ဂီတသံစဉ်များ ဖြစ်ပေါ်လာသည်။ ကြိုးများနှင့် အသည်းနှလုံးများ တုန်ခါသွားကြသည်။ သူက သူ၏ဆရာအတွက် တိုက်ခိုက်ခြင်းဖြစ်ရာ သူက မှော်ဂီတပညာကို သုံးရမည် ဖြစ်သည်။
“ဒီသီချင်းနာမည်က စစ်သူကြီးရဲ့ အမိန့်သံလို့ အမည်ရတယ်…” သူက ထိုသို့ ပြောပြီးသည်နှင့် တူရိယာမှ သံစဉ်များ အဆက်မပြတ် ထွက်ပေါ်လာကြ၏။ ထိုအခိုက်တွင် လူတိုင်း၏ စိတ်ထဲတွင် လှပသော ရုပ်ပုံလွှာတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့အားလုံး စစ်မြေပြင်တစ်နေရာသို့ ရောက်ရှိသွားသလို ခံစားကြရသည်။ စည်သံများက ကောင်းကင်ကို အဆက်မပြတ် တုန်လှုပ်စေကာ စစ်သားများက တိုက်ပွဲအတွင်းသို့ ချီတက်ကြသည်။
သဘာဝစွမ်းအင်များက ကျောက်မူ၏ ခန္ဓာကိုယ်တွင် စုစည်းလာနေကြသည်။ သူ၏လက်ချောင်းအား သုံးပြုကာ လေထဲတွင် ရုပ်ပုံတစ်ခု ရေးဆွဲလိုက်သည်။
မမြင်ရသော အသံလှိုင်းတစ်ခု ဆင်းသက်လာသည်။ ထိုအသံလှိုင်းက ကျောက်မူ၏အရှေ့မှ လာရောက်ရိုက်ခတ်ကာ သူ၏ရုပ်ပုံအား နောက်သို့ လွင့်စဉ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ထိုအသံလှိုင်းက သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာသည်။ သူ၏စိတ် လှုပ်ခတ်သွားသည်။ ရီဖူရှင်း၏ ဂီတသံစဉ်များက သည်တစ်ကြိမ်တွင် သူ့အား သက်ရောက်မှု ရှိနေသည်။ နောက်ဆုံးတစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် သူ၏ပညာမှာ အလွန် တိုးတက်လာပုံရသည်။
ကျောက်မူ၏အမူအရာ ပြောင်းလဲသွားသည်။ သဘာဝစွမ်းအင်များက ကြောက်မက်ဖွယ် ကောင်းအောင် လှည့်ပတ်လာနေကြသည်။ သူက လက်ဆန့်တန်းလိုက်ကာ အလုပ်နှစ်ခု တစ်ပြိုင်နက် လုပ်လိုက်သည်။ လက်နှစ်ဖက်လုံးက ရုပ်ပုံများ ရေးဆွဲလိုက်သည်။ သူက စွမ်းအင်စုစည်းလျက် တစ်ချက်ဆွဲလိုက်လျှင် ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ထိုဓားက လေကိုခွင်း၍ ရီဖူရှင်းထံ ပျံသန်းသွားသည်။
သို့သော် ထိုအချိန်တွင် မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကာကွယ်ထားပုံရ၏။ ဂီတသင်္ကေတများက စစ်စည်သံများအဖြစ် ပြောင်းလဲသွားသည်။ ထိုအသံကား မြောက်မြားစွာသော မြင်းဟီသံများအလား အားပြင်းလှသည်။ ဓားသွားက ရီဖူရှင်း၏ အနီးသို့ရောက်လျှင် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားသည်။
ကျောက်မူက ရီဖူရှင်း ထိုင်နေရာသို့ ဓားများ အဆက်မပြတ် ဖန်တီးကာ စေလွှတ်နေသည်။ သို့သော် သူတို့က ရီဖူရှင်း၏အနီးကို ရောက်လျှင် အမှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။ ထိုနေရာ ပတ်ဝန်းကျင်ကား စစ်မြေပြင်အဖြစ် ပြောင်းလဲသွား၏။ ရီဖူရှင်းကာ စစ်တပ်တစ်ခုလုံးအား အမိန့်ပေးနေသော စစ်သူကြီးနှင့် တူလှသည်။
ဂီတသံက တဖြည်းဖြည်း ပြင်းထန်လာကာ ကြောက်မက်ဖွယ် ဂီတသံစဉ် မုန်တိုင်းတစ်ခုက ရီဖူရှင်း၏အနီးတွင် စုစည်းလာနေကြ၏။ သူတို့က ပြန့်ကျဲမသွားဘဲ ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်ထားပုံရသည်။ ဓားသွားများက တဝီးဝီးမြည်ကာ ရီဖူရှင်းထံ အဆက်မပြတ် ဝင်ရောက်လာကြသည်။ သို့သော်လည်း လူများက မြေကြီးအား တုန်ခါစေသော စည်သံများကိုသာလျှင် ကြားနေကြရသည်။ မြေကြီးကား တုန်ခါနေပြီး ဓားသွားများ ကြေမွနေသည်။
“ဒီလို ကြောက်စရာကောင်းတဲ့ ဂီတမှော်သိုင်း… ရီဖူရှင်းသာ ဆက်ပြီး တီးခတ်နေမယ်ဆိုရင် ကျောက်မူရဲ့ မိစ္ဆာကောင်တွေက ခံနိုင်ရည် ရှိပါဦးမလား…” တစ်ယောက်က ပြောလိုက်သည်။ ပရိသတ်များက ရီဖူရှင်း၏ ဂီတသံစဉ်များမှာ ဆက်လက် စုစည်းနေပြီး အားကောင်းလာနေဆဲ ဖြစ်သည်ကို ခံစားနေရ၏။ သူ့အား ကြည့်ရသည်မှာ ထောင်ပေါင်းများစွာသော မြင်းများ။ စစ်သည်တော်များအား စစ်တပ်တစ်ခုအနေဖြင့် စုစည်းနေသည်နှင့် တူ၏။ သူတို့က စစ်သူကြီး၏ အမိန့်တော် အောက်တွင် အရာရာအား တိုက်ခိုက် ဖျက်ဆီးမည့်ဟန် ရှိနေသည်။
နောက်ဆုံးတွင် ကျောက်မူရေးဆွဲ၍ ပြီးသွားသည်။ သူက ရွှေရောင်လူဝံကြီးပုံတစ်ပုံ ရေးဆွဲခဲ့သည်။ ထိုအရာက အကောင်အနေဖြင့် အသက်ဝင်လာကာ ရီဖူရှင်းထံ ပြေးလာ၏။ သူ၏ခြေလှမ်းများကြောင့် မြေကြီးက တုန်ခါနေသည်။
“ဘယ်လောက် အားကောင်းတဲ့ ဆင့်ခေါ်သတ္တဝါကြီးလဲ… ရီဖူရှင်းက ကျောက်မူ လွတ်လွတ်လပ်လပ် သဘာဝစွမ်းအင်သုံးပြီး ရေးဆွဲခွင့် ပေးလိုက်တာပဲ…” ပရိသတ်တချို့က စိုးရိမ်စွာ ပြောလိုက်သည်။
ရွှေရောင်လူဝံကြီးက ရီဖူရှင်း၏အနီးသို့ ရောက်လျှင် သူ၏အနီးမှ သံစဉ်မုန်တိုင်းနှင့် ရင်ဆိုင်မိသည်။ ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ ထိုအခိုက်တွင် စစ်မြေပြင်က ဂီတသံစဉ်များ။ စည်ဟည်းသံများက အရာအားလုံးကို အစိတ်စိတ် ပြိုကွဲစေသည်။ ထောင်ပေါင်းများစွာသော မြင်းများဟီကြသည်။ ဂီတသံစဉ်မုန်တိုင်း၏ ပတ်လမ်းတစ်လျှောက် အမှုန့်များ ဖြစ်သွားသည်။ ရွှေရောင်လူဝံကြီးမှာလည်း အဆက်မပြတ် အက်ကွဲလာနေကာ တိုက်စားသွားသည်။ သို့သော် နောက်ဆုံးအကြိမ်ကကဲ့သို့ပင် သူကား ရီဖူရှင်းထံသို့ ဆက်လက် တိုးဝင်နေသည်။
အဆုံးသတ်ကား သည်တစ်ကြိမ်တွင် ကွဲပြား ခြားနားပေသည်။
ရီဖူရှင်း ဆက်လက်၍ တီးခတ်နေသည်။ အဆုံးမရှိသော စွမ်းအင်များက လှည့်ပတ်နေသည်။ ဘန်းခနဲ ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရကာ ရွှေရောင်လူဝံကြီး ပေါက်ကွဲသွားပြီး သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။ ကျောက်မူ၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏နောက်ကျောတွင် သက်စောင့်ဝိညာဉ် ပေါ်လာပြီး သူက ဆက်လက်၍ ရေးဆွဲလိုက်သည်။
“နောက်ဆုံးအကြိမ်က မင်းနိုင်ခဲ့တယ်လို့ တွေးနေတုန်းလား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောလိုက်သည်။ သူ၏လက်ချောင်းများက ညက်ညောစွာ ရွေ့လျားသွားကာ သူ မတ်တတ် ရပ်လိုက်သည်။ သူက ကြိုးအား ထိတွေ့လိုက်သော အခိုက်အတန့်တွင် အဆုံးမရှိ ကျယ်ပြန့်သော ဂီတသံစဉ်မုန်တိုင်းက စစ်သူကြီး၏ အမိန့်သံအား နာခံကာ အရာအားလုံးကို တိုက်ခိုက် ဖျက်ဆီးကြတော့သည်။ ထိုအရာက ကျောက်မူ၏ရှေ့ကို ရောက်ရှိလာလျှင် သူကား ဆက်လက်၍ ရေးဆွဲရန် မဖြစ်နိုင်တော့။
*