အပိုင်း(၇၃)

ယူချင်းဒဏ်ရာရခြင်း

“ငါ့မှာ မေးစရာ နည်းနည်း ရှိတယ်… သူမနဲ့နှစ်ယောက်တည်း ပြောလို့ရမလား…” ဝန်ကြီးချုပ်ကျိုက မေးလိုက်သည်။

နန်ဒူမိသားစု ခေါင်းဆောင်က ခေါင်းညိတ်ကာ သူတို့ နှစ်ယောက်တည်း ထားကာ ထွက်သွားသည်။

ဝန်ကြီးချုပ်ကျိုက ဟွာဂျီယူအား ကြည့်လိုက်သည်။ သူမကား အသက် ဆယ့်ခုနစ်ခန့်ရှိကာ အလွန်လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်က တီအန်ယွာတောင်တွင် တွေ့ခဲ့ရသော နတ်သမီးကဲ့သို့ လှပသော ထိုမိန်းကလေးနှင့် ယှဉ်၍ပင် ရသည်။

“မင်းက စေ့စပ်ပြီးသွားပြီလား…” ဝန်ကြီးချုပ်ကျိုက သူမအား မေးလိုက်သည်။

ဟွာဂျီယူ အံ့အားသင့်သွားသည်။ ထို့နောက် သူမက ခေါင်းယမ်းလိုက်သည်။

ဝန်ကြီးချုပ်ကျို တိတ်ဆိတ်သွားသည်။ သူကား အတွေးလွန်နေပုံရ၏။ ထိုစဉ် ဟွာဂျီယူက ရုတ်တရက် မေးလိုက်သည်… “စီနီယာ… ချင်းကျူမြို့ကို ခေါ်သွားတဲ့လူ… သူ ပြန်လာပြီလား…”

“ဟင်…” ဝန်ကြီးချုပ်ကျိုက နားလည်ဟန် မတူပေ။ သူက မည်သူ့ကို ချင်းကျူမြို့ကို ခေါ်သွားသနည်း။

“ဒွန်ဟိုင်ကျောင်းတော်က…” သူမက ရှင်းပြလိုက်သည်။ ဝန်ကြီးချုပ်ကျိုက ဆက်မတွေးတော့ဘဲ ထိုလူငယ်လေး ပြောခဲ့သော စကားများက သူ၏ခေါင်းထဲသို့ ရောက်လာသည်… “ငါ့မှာ ရည်းစားရှိပြီးသား… ပြီးတော့ သူမက နင့်ထက်တောင် လှသေးတယ်…”

“သူက ကျောင်းတော်ကို ပြန်ရောက်နေပြီ…” ဝန်ကြီးချုပ်ကျိုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမ၏ စိုးရိမ်ပူပန်မှုများ အားလုံး အရည်ပျော်သွားကာ ဟွာဂျီယူကလည်း ပြုံးလိုက်သည်။

“နန်ဒူအစ်ကို…” ဝန်ကြီးချုပ်ကျိုက ခေါ်လိုက်သည်။ နန်ဒူမိသားစု ခေါင်းဆောင် အခန်းထဲသို့ လျင်မြန်စွာ ဝင်လာကာ သူတို့နှစ်ယောက်အား နားမလည်စွာ ကြည့်လိုက်သည်။

“နှုတ်ဆက်ပါတယ်…” ဝန်ကြီးချုပ်ကျိုက မိသားစု ခေါင်းဆောင်အား ပြောလိုက်သည်။ ထို့နောက် သူက ဟွာဂျီယူဘက်သို့ လှည့်ကာ သူ၏လက်များအား ဆုပ်ကိုင်လျက် အရိုအသေ ပေးလိုက်သည်။ သည်အမူအရာကား ဝါငယ်သူ၏ ရိုသေသမှုပြုသော အပြုအမူမဟုတ်ဘဲ လေးစားမှုနှင့် ကြီးမြတ်မှု၏သင်္ကေတ ဖြစ်သည်။

နန်ဒူမိသားစု ခေါင်းဆောင်က ထိတ်လန့်သွားကာ မေးလိုက်သည်… “ဝန်ကြီး… ဒါက ဘာကို ဆိုလိုတာလဲ…”

ဝန်ကြီးချုပ်ကျိုက ကျယ်လောင်စွာ ရယ်မောကာ အခန်းပြင်သို့ ထွက်သွားလေသည်။ ထို့နောက် ကောင်းကင်သို့ ပျံသန်းကာ ထွက်သွားတော့၏။ နန်ဒူမိသားစု ခေါင်းဆောင်က သူ့ထံ လှမ်းအော်လိုက်သည်… “ဝန်ကြီး…”

“ဘုရင်မတစ်ယောက်ရဲ့ ကြမ္မာ… ဒေသတစ်ခုလုံးရဲ့ မိခင်…” ဝန်ကြီးချုပ်ကျို၏ အသံက သူ့ထံကို ပျံ့လွင့်လာသည်။ မိသားစု ခေါင်းဆောင်ကား ထိုနေရာတွင် အံ့သြမှင်တက်ကာ ဝန်ကြီးချုပ်ကျို အဝေးသို့ ပျောက်ကွယ် သွားနေသည်ကို သည်အတိုင်း ရပ်ကြည့်နေတော့သည်။

ဘုရင်မတစ်ယောက်ရဲ့ ကြမ္မာ…။

သူ၏စိတ်ကား တည်ငြိမ်နေသည်။ တစ်ချိန်တည်းမှာပင် သူကား အကြောင်းအရာ များစွာအား တွေးနေသည်။ ဟွာဂျီယူကား သဘာဝအားဖြင့် ပါရမီပါလွန်းသည်။ ထို့ကြောင့် သူမအား ဝန်ကြီးချုပ်ကျိုနှင့် ကံကြမ္မာကို တွက်ချက်စေခြင်း ဖြစ်သည်။ မိသားစုခေါင်းဆောင်က သူမက သူတို့မိသားစု၏ ဆုံးရှုံးခဲ့သော ခမ်းနား ကြီးကျယ်မှုများအား ပြန်လည် အသက်သွင်း နိုင်မည်လား သိလိုသည်။ သို့သော် ယခုမူကား သူမက ကွဲပြားခြားနားသော လမ်းစဉ် ရှိနေပေပြီ… ဘုရင်မဖြစ်ရင် လမ်းစဉ်…။

ဟွာဂျီယူလည်း ထိတ်လန့်သွားသည်။ သူမက မိသားစုခေါင်းဆောင်က သူမအား ကြည့်နေသည်ကို မြင်၏။ သူမက ပြောလိုက်သည်… “ကျွန်မက ကံကြမ္မာကို မယုံဘူး… ဘုရင်မလည်း မဖြစ်ချင်ဘူး… ကျွန်မ ကျောင်းတော်ကို ပြန်တော့မယ်…” ထိုသို့ပြောပြီးလျှင် သူမထိုနေရာမှ ထွက်ခွာ သွားတော့သည်။

***

ရီဖူရှင်း ဒွန်ဟိုင်ကျောင်းတော်ကို ရောက်ရှိသောအခါ အခြေအနေ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ကို သတိထားမိသည်။ လူတိုင်းက တီးတိုးပြောနေကြကာ တစ်စုံတစ်ခုအား ဆွေးနွေးနေကြဟန် တူသည်။ သူက ကျောင်းဝင်းထဲ ဝင်လိုက်လျှင် အခြေအနေက ပိုမို သိသာသွားသည်။

“ရီဖူရှင်း ပြန်လာပြီ…” လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားများက ပြောလိုက်သည်။

“နောက်ဆုံးတော့ သူပြန်လာပြီ…” နောက်တစ်ယောက်က ပြောလိုက်သည်။ လူအများပြားက ရီဖူရှင်း ပြန်လာမည့်အချိန်ကို မျှော်လင့်နေကြပုံရသည်။ သူ့အား မြင်လျှင် သူတို့အားလုံး ပျော်ရွှင်သွားကြသည်။ သည်ကဲ့သို့ ဆက်ဆံမှုမျိုးကား ရီဖူရှင်းအတွက် ထူးဆန်းလှသည်။ သူက ကျောင်းဆောင်ထဲ ဝင်လိုက်လျှင် လူအများအပြားက သူ့အား နှုတ်ဆက်ကြသည်။

“ဟေး…” လာဘ်လာဘ ကျောင်းဆောင်မှ မိန်းကလေးတစ်ဦးက သူ့အား လှမ်းခေါ်လိုက်သည်။

ရီဖူရှင်းက သူ၏အာရုံအား မိန်းကလေးထံသို့ စူးစိုက်လိုက်သည်။ သူမအား ရီဖူရှင်း သိသည်။ သူမက သူ့အား အမှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သည်မိန်းကလေးမှာ သူ့အား ယောက်ျားမဟုတ်ဟု ပထမဆုံးအကြိမ် မှတ်ချက်ချခဲ့သူ ဖြစ်သည်။ သူမကဲ့သို့သော မိန်းကလေးအား မေ့ပစ်ရန် ခက်ခဲလှ၏။

“ငါ့မှာ နာမည်ရှိတယ်…” ရီဖူရှင်းက ပြုံးလိုက်သည်။

သူမက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်… “နင့်တန်ခိုးအဆင့် အခု ဘယ်လောက်လဲ…”

“ကြယ်ငါးပွင့် ကောင်းကင်အဆင့်… မင်းက ငါနဲ့တိုက်ခိုက်ဖို့ မကြိုးစားတော့ဘူး မလား…” ရီဖူရှင်းကား မသေချာပေ။ မိန်းကလေးများက တိုက်ခိုက်ရန် အလွန် ရူးသွပ်ပုံရသည်ဟု သူတွေးမိသည်။ တစ်ယောက်မှာ ခုနကမှ ထွက်ခွာသွားသည်။ ယခု နောက်တစ်ယောက် လာပြန်သည်။

“ငါနင့်ကို မတိုက်ခိုက်ဘူး… နင်နဲ့တိုက်ခိုက်ရမယ့် လူတွေက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်ပဲ…” မိန်းကလေးက ပြောလိုက်သည်။ ရီဖူရှင်း နားမလည်ပေ။ ထိုစဉ် လူအများအပြား သူ၏အနီးသို့ ရောက်လာကြသည်။

“ဘာဖြစ်တာလဲ…” ရီဖူရှင်းက မေးလိုက်သည်။ သူက ယခုမှပြန်လာသည်။ သို့သော် ကျောင်းဆောင်၏ အခြေအနေမှာ ထူးဆန်းနေသည်ကို သူ ခံစားမိသည်။

“ဂျူနီယာညီလေး… ရီဖူရှင်း… လာဘ်လာဘ ကျောင်းဆောင်က အခုတလော အခြေအနေ မကောင်းဘူး…” လူငယ်တစ်ယောက်က ပြောလိုက်သည်။

“ဘာလို့လဲ…” ရီဖူရှင်းက မေးလိုက်သည်။

“အခုတလော… ဒီကျောင်းဆောင်နှစ်ခုက လူတွေက အရမ်း မောက်မာ ရိုင်းစိုင်းကြတယ်… တစ်ကြိမ်ပြီးတစ်ကြိမ်… တခြားကျောင်းဆောင်က လူတွေကို ရန်စတယ်… စိန်ခေါ်တယ်… အထူးသဖြင့် ကျုပ်တို့ ကျောင်းဆောင်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံနေရတော့ အခြေအနေ ပိုဆိုးတယ်…” လူငယ်က ရှင်းပြလိုက်သည်။

“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်က ကျောင်းသားတွေက နဂိုတည်းက ပိုပြီး ထက်မြက်တယ်လေ… ဒါကြောင့် ပုံမှန်အားဖြင့် တခြား ကျောင်းဆောင်က ကျောင်းသားတွေက သူတို့နဲ့ မယှဉ်နိုင်ဘူး…” နောက်တစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်းကား ကျောင်းသား အတော်များများအား တိုက်ခိုက် အနိုင်ယူခဲ့သူဖြစ်ကာ သူ ပြန်ရောက်လာခြင်းက လာဘ်လာဘ ကျောင်းဆောင်မှ လူများ အားလုံးကို ပျော်ရွှင်စေသည်။

ရီဖူရှင်းလည်း အံ့အားသင့်သွားသည်။ သည်ကျောင်းဆောင် နှစ်ခုလုံးက ယိချန်ထံ သူ့အား တပည့်လက်ခံခြင်း အထိမ်းအမှတ်အနေဖြင့် လာရောက် ဂုဏ်ပြုခဲ့ကြသည်။ ယခု လာဘ်လာဘ ကျောင်းဆောင်အား ဖိနှိပ်ရန် အတူပူးပေါင်း ကြံစည်နေကြပြန်သည်။ သည်အဖြစ်အပျက်များ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနေမည် ဖြစ်သည်။ ထိုနေ့က အကြီးအကဲများက မည်သည့်အရာများအား ပြောကြားခဲ့ကြသနည်း။

သူတို့ ဆွေးနွေးမှု ပြီးပြီးချင်း ယိချန်က ထိုနေ့တွင် သူ့အား သတိပေးရန် ရောက်လာခဲ့သည်ကို ရီဖူရှင်းက သတိရလိုက်သည်။ သူ့အား ကြည့်ရသည်မှာ စိတ်ညစ်နေဟန် ရသည်။ ယခု အခြေအနေအား လေ့လာဆင်ခြင်ရလျှင် ထိုနေ့က တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပုံပင်။

“ယူချင်း ဘယ်မှာလဲ…” ယူချင်းလည်း ဒေါသ ထွက်လွယ်သည်ကို ရီဖူရှင်း သိသည်။ သည်အဖြစ်အပျက်များ ဖြစ်ပျက်သည်တွင် ယူချင်းက ဒီအတိုင်း ရပ်ကြည့်နေမည် မဟုတ်မှန်း သူသိသည်။

“ဖြစ်ခဲ့တာတွေ ပြန်တွေးရင် ငါတို့ အရမ်းကို ဒေါသထွက်ရတယ်…” တစ်စုံတစ်ယောက်က ပြောလိုက်သည်… “အခြေအနေတွေက အဲဒီလိုဖြစ်နေတော့ ဂျူနီယာညီလေးယူချင်းက ရတနာကြယ် ကျောင်းဆောင်ရဲ့ အဝင်ဝကို သွားပြီး ပိတ်ဆို့ခဲ့တယ်လေ… သူက လူတွေအများကြီးကို ရိုက်နှက်ပြီးတဲ့ အချိန်မှာ အဲဒီအရှက်မရှိတဲ့ ကောင်တွေက ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်ပေါင်းပြီး ယူချင်းကို တိုက်ခိုက်ခဲ့ကြတယ်… သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဒီကျောင်းတော်မှာ ကောင်းကင်အဆင့်ထဲ ဒုတိယ အတော်ဆုံးပဲ… ကြယ်ငါးပွင့် ကောင်းကင်အဆင့်ပ ရှိပေမဲ့ ဂျူနီယာညီလေးယူချင်းက အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့တယ်… နောက်ဆုံးမှာ သူ ရှုံးနိမ့်ခဲ့ရတယ်…”

ရီဖူရှင်းကား ယူချင်း၏စွမ်းရည်ကို အပြည့်အဝ နားလည်သည်။ အဆင့်သုံးခု ကွာခြားခြင်းမှာ ယူချင်းအတွက် ပြဿနာ မဟုတ်ပေ။ သို့သော် သူ၏ပြိုင်ဘက်မှာလည်း ရတနာကြယ် ကျောင်းဆောင်မှ ပါရမီရှင်ဖြစ်သည်။ တစ်ယောက်မှာ သည်ကျောင်းတော်၏ ဒုတိယ အတော်ဆုံး ကောင်းကင်အဆင့် ဖြစ်သည်။ ထို့ကြောင့် သူတို့မှာလည်း နဂိုတည်းက ထူးချွန်ပုံရသည်။ ယူချင်းကား သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်ဖော်ရန် ဆန္ဒမရှိသေးရာ သူကား စွမ်းအားပြည့် မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် သူတို့က ပူးပေါင်းကာ ယူချင်းအား တိုက်ခိုက်ခဲ့ပါက သူ ရှုံးနိမ့်ခဲ့ရသည်မှာ လက်ခံစရာပင်။

“အင်း…ငါသိပြီ…” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက သူ၏အခန်းသို့ ပြန်လာခဲ့သည်။

အခန်းထဲသို့ရောက်လျှင် ယိချိန်ချန်က ယူချင်း၏ ကြေးနီရောင် ခန္ဓာကိုယ်ကြီးမှ ဒဏ်ရာ အနာတရများအား ဆေးလိမ်းပေးနေသည်ကို သူမြင်လိုက်ရသည်။

“ငါမရှိတဲ့အချိန်မှာ မင်းတို့တွေက ဒီအဆင့်အထိတောင် ရောက်နေပြီလား…” ရီဖူရှင်းက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ သူတို့နှစ်ယောက်ထံ လျှောက်သွားလိုက်သည်။ ယိချိန်ချန်က ရှက်သွေးများ ဖြာသွားကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်…” အခုထိ နောက်နေတုန်းလား…”

“ကောင်းတယ်… ယူချင်း… မင်းက ကြယ်ငါးပွင့်အဆင့်နဲ့ ရတနာကြယ် ကျောင်းဆောင် တစ်ခုလုံးကို စိန်ခေါ်ရဲတာ နည်းတဲ့ သတ္တိမဟုတ်ဘူး… မင်းက ဒွန်ဟိုင်တစ်ကျောင်းလုံးကို ဘာလို့ စိန်မခေါ်တာလဲ… အခု ခံစားရတာ သက်သာသွားပြီလား… မင်းရဲ့ ဒဏ်ရာတွေကော ဘယ်လိုနေလဲ…”

“အရမ်းကြီး မဆိုးပါဘူး… ရက်နည်းနည်းကြာရင် ပိုကောင်းလာလိမ့်မယ်… ယိချိန်ချန်က အတင်း ဆေးလိမ်း ပေးနေတာ…” ယူချင်းက ပြုံးလျက် ပြောလိုက်သည်။

“ဒီလို ပြုစုမှုမျိုးရမှတော့ မင်းက နောက်တစ်ခေါက် ဒဏ်ရာရချင်စိတ်တောင် ဖြစ်နေမှာပဲ…” ရီဖူရှင်းက ရယ်မောလိုက်သည်။ ယိချိန်ချန်က ဒေါသတကြီး ပြောလိုက်သည်… “နင် ဒဏ်ရာရချင်ရင် ကိုယ့်ဘာသာ တစ်ယောက်တည်းသွား…”

“နင်က အခုကတည်းက ကာကွယ်တတ်နေပြီပေါ့…” ရီဖူရှင်းက ဟာသနှော၍ ပြောလိုက်သည်။ ထို့နောက် သူက ယိချိန်ချန်အား ထပ်မေးလိုက်သည်… “ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ရတနာကြယ် ကျောင်းဆောင်က ဘာတွေ ဖြစ်နေတာလဲ…”

သူမက ထိုမေးခွန်းကို ကြားလျှင် မျက်နှာက အရေးကြီးဟန်ဖြင့် တည်သွားသည်… “အဖေ ပြောတာကတော့ သူတို့က အာဏာကို ပိုပြီး မက်မော လာကြတယ် ပြောတယ်… ဒါကြောင့် သူတို့က ကျောင်းဆောင် ခုနစ်ဆောင်ရဲ့ လည်ပတ်ပုံ နည်းစနစ်တွေကို ပြောင်းလဲ ချင်နေကြတယ်…”

“သူတို့က ဘယ်လိုလုပ်မယ် စီစဉ်ထားတာလဲ…” ရီဖူရှင်းက နားမလည်စွာ မေးလိုက်သည်။

“သူတို့က ဒွန်ဟိုင်ကျောင်းတော်ရဲ့ အဓိက ကြိုးကိုင်သူတွေ ဖြစ်ချင်တာ… ပြီးတော့ ကျောင်းဆောင် ခုနစ်ခုကို ပေါင်းပစ်ချင်တယ် ကြားတယ်…” ယိချိန်ချန်က ပြောလိုက်သည်။

“ဒါကြောင့် သူတို့ရဲ့ ကျောင်းသားတွေကို တခြား ကျောင်းဆောင်တွေနဲ့ တိုက်ခိုက် ခိုင်းခဲ့တာကိုး…” ရီဖူရှင်းက မှတ်ချက်ချသည်။

“ဟုတ်တယ်… ဟုတ်တယ်… ငါထင်တယ်… သူတို့လုပ်နေတဲ့ပုံစံက တဖြည်းဖြည်း ရှင်းလင်းလာသလိုပဲ…” ယိချိန်ချန်က ခေါင်းညိတ်လိုက်သည်… “သူတို့ ကျောင်းဆောင်တွေက ကျောင်းဆောင် ခုနစ်ခုအတွင်း အားအကောင်းဆုံးပဲ… ဒါကြောင့် အတော်ဆုံး ကျောင်းသားတွေက သူတို့ဆီမှာ စုနေတယ်… အခု သူတို့ကျောင်းဆောင်က ကျောင်းသားတွေကို အနိုင်ယူနိုင်တဲ့ ကျောင်းသား သိပ်မရှိတော့ဘူး…”

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အခန်းပြင်သို့ ထွက်သွားရန် ဟန်ပြင်လိုက်သည်… “ငါအပြင် ခဏ သွားလိုက်ဦးမယ်…”

“နင် ဘယ်ကို သွားတာလဲ…” ယိချိန်ချန်က မေးလိုက်သည်။ ရီဖူရှင်း ခုနကမှ ပြန်လာသည်။ ယခု သူ မည်သည့်နေရာသို့ ထပ်သွားရန် လုပ်နေသနည်း။

“ငါက အခု တတိယလူ ဖြစ်နေတယ်… မင်းတို့ရဲ့အချိန်တွေကို မနှောင့်ယှက်ချင်တော့ဘူး…” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက လက်ပြကာ ဆက်ပြောလိုက်သည်… “ငါ့ရည်းစားကို သွားတွေ့တော့မယ်…”

ယိချိန်ချန် ရယ်မောလိုက်သည်… သည်ကောင်လေးကား အမြဲတမ်း ဟာသများ ပြောနေတတ်သူ ဖြစ်သည်။

ရီဖူရှင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ဘက်သို့ ဦးတည်ကာ သွားလိုက်သည်။ သူထွက်သွားခဲ့သော အချိန်တွင် သူက ဟွာဂျီယူအား မကြာခင် ပြန်လာမည်ဟု ပြောခဲ့သည်။ ယခု သူကား လအတန်ကြာခဲ့သည်။ သူမ စိုးရိမ် နေလောက်ပေမည်။

သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများက ထူးဆန်းသလို ကြည့်နေကြသည်။ သူတို့က ရီဖူရှင်းအား သူတို့ ကျောင်းဆောင်တွင် မြင်ရသည်တွင် တစ်စုံတစ်ခုကို အချင်းချင်း တီးတိုးပြောဆို နေကြသည်ကို တွေ့ရ၏။

“ဒီကောင် လွန်ခဲ့တဲ့ လအနည်းငယ်က ဝန်ကြီးချုပ်ကျိုနဲ့ ထွက်သွားပြီးတော့ အခု ဒီကို ဘာပြန်လုပ်တာလဲ မသိဘူး…” တစ်ယောက်က မေးလိုက်သည်။

“ငါမသိဘူး… သူ့စွမ်းအားတွေက တကယ် အားကောင်းတယ်… သူက ဝန်ကြီးချုပ်ကျိုရဲ့ တပည့်ကိုတောင် အနိုင်ယူနိုင်တယ်… ဒါပေမဲ့ ငါတို့ ကျောင်းဆောင်ရဲ့ ပါရမီရှင် ကျောက်မူကိုတော့ မယှဉ်နိုင်သေးဘူး… ငါကြားတာကတော့ ကျောက်မူက အခု ကောင်းကင်ကြယ် ခြောက်ပွင့်အဆင့်ကို ရောက်နေပြီတဲ့… တကယ်လို့ ရီဖူရှင်းက ကျောက်မူနဲ့တွေ့ရင် ဒီကောင်တော့ သွားပြီပဲ…” ထိုကျောင်းသားက မှတ်ချက်ချသည်။

ရီဖူရှင်းက ထိုမှတ်ချက်များ အားလုံးကို လျစ်လျူရှုထားသည်။ နောက်ပိုင်းတွင် သူက သည်ကျောင်းဆောင် နှစ်ခုအား ကလဲ့စားချေမည် သေချာ၏။ သို့သော် အခုကား ဟွာဂျီယူကို တွေ့ရန် စိတ်ကူးသာ ရှိသည်။

သူက သူ၏လမ်းအတိုင်း ဆက်သွားသည်။ အမှန်တကယ် ဆိုးရွားစွာပင် သူကား ကျောက်မူကို လမ်းတွင် အမှတ်မထင် တွေ့ရ၏။

ကျောက်မူက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ဘေးတွင်ကား အခြား လူငယ်တစ်ယောက် ရှိသည်။

“ရီဖူရှင်း… ကြည့်ရတာတော့… မင်းက မင်းနဲ့မဆိုင်တဲ့ နေရာကို ရောက်လာတာပဲ…” ကျောက်မူက အေးစက်စွာ ပြောလိုက်သည်။

“ငါက ဆရာဘိုးဘိုးကို လာတွေ့တာ…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ဒါဆို ဘာဖြစ်လဲ… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က မင်း လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့ နေရာမဟုတ်ဘူး…” ကျောက်မူက နှာခေါင်းရှုံ့လျက် ပြောသည်။

ရီဖူရှင်းက ကျောက်မူအား ကြည့်လိုက်သည်။ သူက သည်ကောင်နှင့် အချိန်မဖြုန်းလိုပေ။ သူက ကျောက်မူအား ရှောင်ဖယ်ကာ သွားရန် ကြိုးစားလိုက်သည်။ သို့သော် ကျောက်မူဘေးမှ ရပ်နေသော လူငယ်က ဘေးသို့ လိုက်ရွှေ့ကာ ရီဖူရှင်း ဆက်သွားလို့ မရအောင် တားလိုက်သည်။ ထိုလူငယ်က ရယ်မောလိုက်သည်… “မင်းနဲ့ပတ်သက်တဲ့ ကောင်းသတင်းတွေ ငါအများကြီး ကြားထားတယ်… ဂျူနီယာညီလေး… ရီဖူရှင်း… ဒါပေမဲ့ မင်းက ဒီလောက် ရိုင်းလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး…”

ရီဖူရှင်းက သူ့အား တစ်ချက် စိုက်ကြည့်လိုက်ပြီး ထပ်မံ၍ ရှောင်ဖယ်ကာ သွားရန် ကြိုးပမ်းလိုက်သည်။ သူ၏အင်္ကျီစများ လေထဲလွင့်မျောလာကာ သူ၏ကိုယ်ရောင်ကိုယ်ဝါ ပြင်းထန်လာ၏။

လူငယ်က အသာအယာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးအရောင်က ရုတ်တရက် ပြောင်းသွား၏။ ထိုအခိုက်တွင်ပင် ရီဖူရှင်းက သူ၏ကိုယ်ခန္ဓာမှ ဝိညာဉ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့သကဲ့သို့ ခံစားရကာ နာကျင်လာသည်။ သူက ထိုနေရာတွင်ပင် ရပ်ကာ ကျောက်မူဘေးမှ လူငယ်အား စိုက်ကြည့်လိုက်သည်။

“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တပည့်… ကျောင်းချိန်…” လူငယ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်… “ဂျူနီယာညီလေး ရီဖူရှင်းက ပါရမီ တော်တော် ကောင်းပေမဲ့ ဒွန်ဟိုင် ကျောင်းတော်က လူတိုင်းက ဂျင်ယန်လို မဟုတ်ဘူးဆိုတာ သိသင့်တယ်… မင်းက လျိုနန်းတော်မှာ ဂျူနီယာညီလေး ကျောက်မူရဲ့ အရသာကို ခံစားဖူပြီလို့ ထင်တယ်… မင်းက ဒီလို အတင့်ရဲနေမယ် ဆိုရင်တော့ ထိခိုက်နစ်နာရမှာ ဂျူနီယာညီလေး ရီဖူရှင်းပဲ ဖြစ်မှာပဲ…”

ကျောင်းချိန်က ဝင့်ကြွားစွာ ပြောလိုက်သည်။ သူကား ထိုသို့ အခွင့်အရေး ရှိသည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် ဖြစ်သည့်အလျောက် သူကား ဒွန်ဟိုင် ကျောင်းတော်တွင် အတော်ဆုံး ကျောင်းသားဟု သတ်မှတ်ခံထားရသူ မဟုတ်ပါလား။ သူ၏ပါရမီကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“မင်းမှန်တယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် ရီဖူရှင်းက နောက်ပြန်မလှည့်ခင် ထပ်ပြောခဲ့သည်… “မင်းပြောသလိုပဲ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ကျောင်းသားတွေက တကယ် ထက်မြက်ပါစေလို့ပဲ ငါမျှော်လင့်တယ်…”

ရီဖူရှင်းကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ လာရန် အလျင်လိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟွာဂျီယူ စိတ်ပူနေမည်ကို စိုးရိမ်၍ ဖြစ်သည်။ သို့သော် သည်ကဲ့သို့ လမ်းပိတ်ခံရပြီးနောက် သူကား ဟွာဂျီယူ သိရန် တခြားနည်း သုံးရန်သာ ရှိတော့သည်။

ရီဖူရှင်းက လာဘ်လာဘ ကျောင်းဆောင်သို့ ပြန်ရောက် လာသောအခါ ယိချိန်ချန်ကား ယူချင်းနှင့် ရှိနေဆဲပင်။

***


Comment

Leave a Reply

Options

not work with dark mode
Reset