အန္တရာယ်ကြီးမှာ ကြီးမားလွန်းနေပြီဖြစ်သည်။ လိုဏ်ခေါင်းကြီးထဲရှိ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီး သုံးယောက်မှာ ပေါက်ကွဲမှုများကို ထိန်းချုပ်ပြီးသွားပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေကြ၏။ သူတို့မှာ မြန်ဆန်လွန်းနေသောကြောင့် သိပ်မကြာခင်တွင် သူ့အား လိုက်မီသွားတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။
ထိုအချိန်တွင် မမလေး၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော စကားသံမှာ တိုးတိုးလေး ထွက်ပေါ်လာ၏။ သို့သော် သူမ စကားမဆုံးနိုင်ခင်မှာပင် လိုဏ်ခေါင်းကြီး၏အဆုံးရှိ နံရံကြီး၏ အလွန်တွင် ရှိနေသော အရာတစ်ခုမှာ ရုတ်တရက်ဆိုသလို အသံအကျယ်ကြီး မြည်ဟည်းသွား၏။ ထိုအသံကြီးမှာ လိုဏ်ခေါင်းကြီးထဲ၌ ပဲ့တင်ထပ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသက်ရှုသံများ မြန်ဆန်လာတော့သည်။ ထို့နောက် သူ၏ နားထဲတွင်လား၊ သို့မဟုတ် အသိစိတ်ထဲတွင်လား သေချာမသိလိုက်ဘဲ နံရံကြီး၏ အလွန်မှ ဆင့်ခေါ်သံကြီးတစ်သံကို ထပ်၍ ကြားလိုက်ရပြန်သည်။
သူ ထိုဆင့်ခေါ်သံကြီးအား ကြားဖူးခဲ့သည်မှာ ယခုသည် ဒုတိယမြောက်အကြိမ် ဖြစ်၏။ ပထမအကြိမ်မှာ သူ နှောင်းပိုင်းအခြေတည်အဆင့်မှ ဖောက်ထွက်၍ အခြေတည်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့စဉ်တုန်းက ဖြစ်သည်။ ယခုတွင်မူ ထိုဆင့်ခေါ်သံကြီးမှာ ယခင်အကြိမ်တုန်းကထက် ပို၍ပင် ကျယ်လောင်ကာ ရှင်းလင်းပြတ်သားနေ၏။ ထို့ကြောင့် သူသည် ထိုနံရံကြီး၏ အလွန်၌ သူ့အတွက် အလွန်အင်မတန်မှ အရေးပါသည့် အရာတစ်ခုခု ရှိနေနိုင်ကြောင်း ခံစားလိုက်ရသည်။
ထိုအရာမှာ သူ့အား ဆင့်ခေါ်နေခြင်းဖြစ်သည်။ထိုဆင့်ခေါ်သံမှာ လွမ်းဆွတ်တမ်းတနေသည့်လေသံပေါက်နေပြီး သူ့အား ၎င်း၏ဘေးသို့ ပြန်ရောက်လာရန် တောင်းဆိုနေသည့်ပုံ ပေါက်နေ၏။
ထိုအဖြစ်အပျက်အားလုံးမှာ တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုဆင့်ခေါ်သံကြီး ပဲ့တင်ထပ်နေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ သူ အနက်ရောင်ဝတ်ရုံနှင့် လူကြီးအား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသည့် အချိန်တုန်းကဲ့သို့ပင် အလိုလို ပေါ်ပေါက်လာသည်။ ထိုအမှောင်မီးတောက် ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေခဲသွားပြီး ရေခဲမီးတောက်တစ်ခုအသွင် ပြောင်းလဲကာ ရှေ့သို့ ပျံ့နှံ့သွား၏။
အမှောင်မီးတောက် ထွက်ပေါ်လာသောကြောင့် လိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲ၌ ရှိနေသောအရာကြီးအား လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပြီး ဆင့်ခေါ်သံကြီးမှာ ပို၍ပင် အားကောင်းလာတော့သည်။ ထိုအခိုက်အတန့်တွင် ပြည်ထောင်စုကြီးအား နှစ်ပေါင်းများစွာ တားဆီးထားခဲ့သည့် နံရံကြီးမှာ ချက်ချင်းဆိုသလိုပင် အရည်ပျော်သွားတော့သည်။
၎င်းမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး ခဏအကြာတွင် လိုဏ်ခေါင်းကြီးထဲသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ပွင့်သွား၏။ ထို အပေါက်ထဲမှ အမှောင်ချီ အမြောက်အမြား ထိုးထွက်လာပြီး ဂူကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ သူသည် အရင်ဆုံးအနေနှင့် မမလေးမှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာကောင်းကြောင်း ချီးကျူးခန်းဖွင့်ရန် တွေးမိလိုက်ပါသော်လည်း လက်ရှိတွင် စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် အပေါက်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ပြီး အထဲသို့ ပြေးဝင်သွားလိုက်တော့သည်။
သူ ထိုနံရံကြီးထဲရှိ အပေါက်ထဲမှ ဖြတ်ပြေးပြီးသွားသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူကြီးသုံးယောက် ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် သူတို့၏ရှေ့တွင် ရှိနေသည့် အပေါက်ကြီးမှာ ပြန်၍ပိတ်နေသည်ကို သူတို့က မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့မှာ အသက်ရှူသံများ တည်ငြိမ်သွားကြပြီး သူတို့၏ မျက်ဝန်းများထဲ၌ လောဘစိတ်များနှင့် လိုချင်တက်မက်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နံရံကြီးထဲသို့ ဝင်ရောက်သွားကြ၏။
မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ နောက်ဆုံးမှဖြစ်၏။ သူသည် ထိုအပေါက်ထဲသို့ ဝင်မသွားခင် မျက်လုံးများအရောင်လက်သွားပြီး သူ၏ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်အချို့ ဖော်လိုက်သည်။ ထိုအခါ သူ၏လက်ချောင်းများမှာ ချက်ချင်းဆိုသလိုပင် တလက်လက် တောက်ပလာကြတော့သည်။ ထို့နောက် ၎င်းတို့မှာ အလင်းလှိုင်းတစ်ခုကို ဖန်တီးပေးလိုက်၏။ ထိုအလင်းတန်းမှာ ၎င်းလမ်းတစ်လျှောက်ရှိ အရာအားလုံးကို သန့်စင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဂူကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွား၏။
ထိုသုံးယောက် ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့သည့်နေရာဖြစ်စေ၊ အလိုအလျောက်ပေါက်ကွဲသွားကြသည့် အဆောင်ပစ္စည်းများကို သူတို့သုံးယောက် ထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့သည့် နေရာများ၌ ဖြစ်စေ၊ ထိုအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိနေသော အငွေ့အသက်များမှာ ပျောက်ဆုံးသွားကြသည်။ ပုံမှန်ဆိုလျှင် ထိုနေရာ၌ ရှိမနေသင့်သော အကြွင်းအကျန်ပစ္စည်းအားလုံးမှာ ပျောက်ကွယ်သွားကြတော့သည်။
၎င်းတို့ထဲတွင် နေရာအသီးသီး၌ ပုန်းကွယ်နေကြသည့် ခြင်ဆယ်ကောင်ကျော်လည်း အပါအဝင်ဖြစ်သည်။ ခြင်တစ်ကောင်မှာဆိုလျှင် လိုဏ်ခေါင်းကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်လုနီးပါး ဖြစ်နေပါသော်လည်း အလင်းတန်းကြီး၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံလိုက်သည်။
” မင်းဆီမှာ ဘယ်လို လှည့်ကွက်မျိုးတွေ ထပ်ပြီးရှိနေဦးမလဲဆိုတာ ငါ မသိပေမဲ့ အခုဆိုရင်တော့ ဘာမှမကျန်လောက်တော့ပါဘူး ” မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ လှောင်ပြုံးပြုံးလိုက်ပြီးမှ ပိတ်လုဆဲဆဲ ဖြစ်နေသည့် နံရံကြီးထဲမှ အပေါက်ကိုဖြတ်၍ အထဲသို့ ဝင်သွားလိုက်တော့သည်။
သူ အထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် နံရံကြီးထဲရှိ အပေါက်ကြီးမှာလည်း ရုတ်တရက်ဆိုသလို ပြန်ပိတ်သွားတော့သည်။
ဥမင်လိုဏ်ခေါင်းကြီး တစ်ခုလုံးမှာလည်း သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။ မြို့တော်အသစ်ကြီးမှာ ပုံမှန်အတိုင်းလည်ပတ်နေဆဲပင်။ လီဝမ်အာမှာ စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးကာ အတည်ပြုပေးနေပြီး ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာမူ စကား ပြောနေကြ၏။ ကျင့်သိုမင်ကမူ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ကာ ကမ္ဘာပေါ်မှ သူ၏ ရည်စားဟောင်းတစ်ယောက်နှင့် နှစ်ကိုယ်ကြားစကားများ ပြောနေ၏။
လျှိုတောက်ပင်းမှာမူ လက်ရှိတွင် လူအများကြီးပါဝင်သော အဖွဲ့တစ်ဖွဲ့ကိုဦးစီးကာ ဝမ်ပေါင်လဲ့၏ နောက်ထပ်ရုပ်ထုကြီးတစ်ခုကို တည်ဆောက်နေ၏။
ထို့ကြောင့် အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်နေပြီး ထူးထူးဆန်းဆန်း အရာတစ်ခုမှ ရှိမနေတော့ပေ။ လိုဏ်ခေါင်းကြီးထဲ၌ ဖြစ်ပျက်သွားခဲ့သည့်အရာများနှင့် ဝမ်ပေါင်လဲ့ ကြုံနေရသည့်အန္တရာယ်ကြီးအကြောင်းကို မည်သူကမှ မသိလိုက်ကြပေ။
လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ သူလုံးဝမရောက်ဖူးသော အခြားကမ္ဘာကြီးတစ်ခုထဲသို့ ရောက်ရှိသွား၏။
ထိုကမ္ဘာကြီး၏ ကောင်းကင်ယံကြီးမှာ မြေကြီးများဖြစ်နေပါသော်လည်း မှောင်မိုက်နေခြင်းမရှိပေ။ ထို့အပြင် ကောင်းကင်ယံထဲ၌ တဖိတ်ဖိတ်တောက်ပနေသည့် အလင်းရောင်များ ရှိနေသောကြောင့် စိန်ပွင့်များနှင့် ကြယ်များ ပြိုင်တူ တောက်ပနေသကဲ့သို့ ဖြစ်နေတော့သည်။ ၎င်းတို့မှာ မြေအောက်ကမ္ဘာကြီးတစ်ခုလုံးကို အလင်းပေးထားကြပြီး နေ့အလင်းရောင်ကဲ့သို့ လင်းလက်တောက်ပခြင်း မရှိပါသော်လည်း ကျင့်ကြံသူများအတွက်မူ ထိုအလင်းရောင်နှင့် နေ့အလင်းရောင်ကြားတွင် ကွဲပြားခြားနားမှုမရှိပေ။
အောက်ဘက်တွင်မူ ကုန်းမြေလုံးဝ ရှိမနေဘဲ အဆုံးအစမဲ့လောက်အောင် ကျယ်ပြောနေသည့် သမုဒ္ဒရာကြီးတစ်စင်းသာ ရှိပေသည်။သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထို သမုဒ္ဒရာကြီးထဲ၌ ပင်လယ်ရေများ ရှိမနေဘဲ ဝိညာဉ်ပေါင်းမြောက်မြားစွာ ပေါင်းစည်း၍ ဝိညာဉ်ပင်လယ်တစ်စင်းအား ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။
ထို ဝိညာဥ်ပင်လယ်ကြီးမှာ ငြိမ်သက်နေခြင်းမရှိ ဘဲ လှိုင်းများ ထန်နေ၏။ ထိုမြင်ကွင်းကြီးမှာ အံ့သြဖွယ်ရာ ကောင်းလှပေသည်။ ထိုလှိုင်းများကိုလည်း ဝိညာဉ်ပေါင်းမြောက်မြားစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ၎င်းတို့ထဲမှ အချို့မှာ အသံကုန် အော်ဟစ်နေကြပြီး အချို့မှာ အချင်းချင်း ကိုက်ဖြတ်နေကြ၏။ အချို့မှာ အမျက်ချောင်းချောင်းထွက်ကာ သွားများဖြဲထားကြပြီး အချို့မှာ ငိုကြွေးနေကြ၏။ ဤနေရာတွင် သက်ရှိအမျိုးမျိုးနှင့် ခံစားချက်အမျိုးမျိုးကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
ထို ဝိညာဉ်ပင်လယ်ထဲ၌ အဖြူရောင်ကျွန်းတစ်ကျွန်း ရှိနေ၏။ ထိုကျွန်းမှာ မြေကြီးများ ရှိနေသော ကျွန်းမဟုတ်ဘဲ အဖြူရောင်အရိုးများ တောင်လိုပုံနေရာမှ ပေါ်ပေါက်လာသည့် အရိုးကျွန်းကြီးတစ်ကျွန်း ဖြစ်နေသည်။
ထိုကမ္ဘာကြီးတစ်ခုလုံးမှာ ကြက်သီးမွေးညင်းများ ထသွားစေနိုင်လောက်သည့်အထိ ကြောက်မက်ဖွယ်ရာကောင်းနေသောကြောင့် သူသည် ငရဲပြည်ထဲသို့ ချော်ကျသွားခဲ့သည့်အလား ခံစားနေရတော့သည်။ သူသည် အသားများ တုန်ရီလာရပြီး အသက်ရှိနေသေးသည့်အချက်ကိုပင် သတိမထားမိတော့ဘဲ ပြင်ပကမ္ဘာကြီးထဲမှ မှတ်ညဏ်များအားလုံးကို မေ့ပျောက်သွားသလို ခံစားလိုက်ရ၏။ သူ၏ နှလုံးသားထဲတွင်မူ သူ၏ ဘဝတလျှောက်လုံး၌ ကျူးလွန်ခဲ့သည့် အပြစ်များကို ပြန်လည်ရေတွက်လိုသော ဆန္ဒတစ်ခုသာ ရှိနေတော့သည်။
သူသည် ထိုမြင်ကွင်းကြီးအား မြင်လိုက်ရသည့်အချိန်တွင် ထိုကဲ့သို့ အလိုလို ခံစားလိုက်ရခြင်းဖြစ်၏။
” ဒီနေရာမှာ… ဒီလိုကမ္ဘာကြီးတစ်ခု တကယ်ကိုရှိနေတာပါလား ” အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွား၏။ သူသည် အနည်းငယ်ခန့် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အဖြူရောင်အရိုးများဖြင့် ပြည့်နှက်နေသည့် ကျွန်းကြီးပေါ်တွင်ရပ်ကာ သူ၏ ခြေထောက်အောက်တွင် မရေမတွက်နိုင်လောက်အောင်ရှိနေသည့် အရိုးများကို ငေးကြည့်နေမိတော့သည်။ ထို့နောက် သူသည် ဝိညာဉ်ပင်လယ်ကြီးထဲရှိ တဝုန်းဝုန်းရိုက်ခတ်နေသော လှိုင်းလုံးကြီးများကို ငေးကြည့်လိုက်ပြီးနောက် မြေကြီးများဖြစ်နေသည့် ကောင်းကင်ယံကြီးကို စိုက်ကြည့်နေလိုက်တော့သည်။ သူ၏ နှလုံးသားထဲမှ အံ့ဩတုန်လှုပ်မှုများမှာ အချိန်အတော်အတန် ကြာပြီးသည့်တိုင်အောင် ပျောက်ကွယ်သွားခြင်းမရှိပေ။
နံရံကြီး၏အလွန်တွင် ယခုကဲ့သို့သော မြင်ကွင်းမျိုး ရှိနေလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။ ထိုမြင်ကွင်းကြီးမှာ သူ ကြုံတွေ့ဖူးသမျှ အရာအားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် သူသည် အင်္ဂါဂြိုဟ်ပေါ်၌ ဆက်ရှိနေခြင်း ဟုတ်မဟုတ် မသိနိုင်လောက်အောင် ဖြစ်နေရ၏….
အခြားဂြိုဟ်ပေါ်မှ ကျင့်ကြံသူသုံးယောက်ကိုမူ အရိပ်အယောင်ပင် မမြင်ရသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ မိန်းမောတွေဝေသွားရ၏။ ထို့နောက် သူသည် မကြာသေးမီတုန်းက သူ တိတ်တိတ်ကလေး ထုတ်လွှတ်ထားခဲ့သည့် ခြင်များကို ချက်ချင်းပင် အာရုံခံကြည့်လိုက်၏။ သူသည် အထဲသို့ ဝင်လာခဲ့စဉ်တုန်းက ထိုကျင့်ကြံသူသုံးယောက်မှာ သူ၏နောက်မှ လိုက်လာလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုအခါမှသာ သူသည် သူ၏ခြင်များအား အချက်ပေးခေါင်းလောင်းကို တီးခတ်ရန် ညွှန်ကြားနိုင်မည်ဖြစ်သည်။ ထို့နောက် ဘုရင်ခံနှင့် အပေါင်းအပါများရောက်ရှိလာပြီး အခြားဂြိုဟ်မှ ကျင့်ကြံသူများအား အထဲ၌ ချောင်ပိတ်ကာ သင်ခန်းစာပေးကြမည်ဖြစ်သည်။
ထိုသုံးယောက်မှာ အထဲသို့ အဖွဲ့လိုက် ဝင်လာလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေခဲ့၏။ သို့သော် တစ်ရာရာခိုင်နှုန်း သေချာနေသည်တော့မဟုတ်ပေ။ ထို့ကြောင့် ခဏအကြာတွင် သူသည် စိုးရိမ်လာရတော့သည်။
” မရှိတော့ဘူးလားဟ။ သူတို့ကို အာရုံမခံနိုင်တော့တာ မဟုတ်ဘူး။ သူတို့က တကယ်ကြီးမရှိတော့တာ ” ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားရ၏။ သူသည် တစ်စုံတစ်ယောက်မှာ သူ၏ ခြင်များအား ချေမှုန်းလိုက်သည်လော သို့မဟုတ် သူ မြေအောက်ကမ္ဘာထဲသို့ ရောက်သွားခဲ့သောကြောင့် ၎င်းတို့နှင့် ဆက်သွယ်မှု ပြတ်တောက်သွားရခြင်း ဖြစ်သည်လောဟု စဉ်းစားတွေးတောနေမိတော့သည်။ သူ့အတွက်မူ အဖြေရှာရန် လွယ်ကူပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးကို အာရုံခံကြည့်လိုက်၏။ ထိုဓားအိမ်ထဲ၌ အကောင်းပတိရှိနေသည့် ခြင်များကို မြင်လိုက်ရသောအခါ သူသည် ပို၍ပင် မျက်နှာပျက်သွားရတော့သည်။
ခြင်များမှာ ထိုဓားအိမ်၏ထဲ၌ ရှိနေသည်ဖြစ်သောကြောင့် သူ ထုတ်လွှတ်ထားခဲ့သည့် ခြင်များအားလုံးမှာ သေကျေပျက်စီးသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းတို့မှာ သေဆုံးသွားပြီးနောက် ပြန်လည်ထွက်ပေါ်လာနိုင်သည့် ထူးခြားသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားကြသည်မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားရပြီး ဇဝေဇဝါ ဖြစ်လာရတော့သည်။ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီး သုံးယောက်မှာ သူ့နောက်သို့ အမှန်တကယ် လိုက်လာခြင်း ရှိမရှိကို သူက သေချာမသိနိုင်ဘဲဖြစ်နေရ၏။ ထို့ကြောင့် သူသည် မမလေးအား အလောတကြီး ဆင့်ခေါ်လိုက်တော့သည်။
” မမလေးရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဪ ဒါနဲ့ စောစောတုန်းက မမလေး ပြောနေတဲ့စကား မပြီးသေးဘူးလေ။ အဲ့တာ ဘာပြောမလို့လဲ ”
” …. ” မမလေးမှာမူ နှုတ်ဆိတ်နေရ၏။ သူမသည် စိတ်များရှုပ်ထွေးကာ ဘာမှမသိနိုင်တော့ဘဲ ဖြစ်နေရပြီဖြစ်သည်။ သူမ ခံစားနေရသည့် အံ့ဩတုန်လှုပ်မှုများမှာ ဝမ်ပေါင်လဲ့ထက် အဆပေါင်းများစွာပို၍ ကြီးမားနေ၏။ ထို့ကြောင့် သူမကိုယ်ပင်သူမ ပြန်၍ သံသယများ ဝင်နေရပြီဖြစ်သည်။ သူမသည် ဘာမှမလုပ်ခဲ့ပေ။ သို့ဖြစ်ရာ အဘယ့်ကြောင့် နံရံကြီးထဲ၌ အပေါက်ကြီး ပေါ်ပေါက်လာခဲ့ရပါသနည်း…
သူမကိုယ်တိုင်ပင် သတိမထားမိဘဲ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်သည့်အဆင့်သို့ ရောက်သွားခြင်း ဖြစ်သည်လော… ယခုတွင်မူ သူမသည် ဝမ်ပေါင်လဲ့၏ ကျေးဇူးတင်စကားများနှင့် နောက်ဆက်တွဲမေးခွန်းများကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို မောပန်းနွမ်းနယ်လာသလို ခံစားလိုက်ရ၏။ ထို့အပြင် သူမသည် ဆက်၍ လိမ်လည်နေရအုံးမည်ဖြစ်ကြောင်း တွေးလိုက်၏။
” ဒါက ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ ငါ့ရဲ့ လက်သန်းကိုတောင် လှုပ်စရာမလိုလိုက်ဘူး။ ခေါင်းထဲမှာ ထည့်တွေးစရာကို မလိုတာ။ ငါက အမှောင်အဆောင်ပစ္စည်းနားကို ချဉ်းကပ်သွားလိုက်တာနဲ့ အဲဒီပစ္စည်းက သူ့ဟာသူ အသက်ဝင်လာတာ။ နင် မသိဘူးလား ဒါလေးတောင်။ သူက ငါ့ကို ဖားဖို့ကြိုးစားနေတာ ”
” စကားမဆက်။ အဲ့တာကြောင့်လည်း ငါက အဲဒီ အမှောင်အဆောင်ပစ္စည်းကို စွန့်ပစ်ခဲ့တာလေ။ သူက ဘယ်အချိန်ရောက်ရောက် ငါ့အကြိုက် လိုက်လုပ်နေတာမလို့ ငါက စိတ်ကုန်သွားခဲ့တာ ” မမလေးက တည်ကြည်မှုအပြည့်ဖြင့်ဆိုလိုက်၏။ သူမသည် စဉ်းစားနေစရာပင်မလိုပေ။ ထိုစကားလုံးများမှာ သူမ၏နှုတ်မှ အလိုလိုထွက်လာခြင်းဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ သူသည် တစ်ခုခုလွဲနေကြောင်း အလိုလို ခံစားမိလိုက်ပါသော်လည်း လက်ရှိတွင် ထိုကိစ္စအပေါ် အာရုံစိုက်မနေဘဲ အလောတကြီးနှင့် မေးလိုက်၏။
” မမလေးက အစွမ်းထက်လွန်းပါပေတယ်။ ဟို လူဆိုးသုံးကောင်ရော။ ကျနော့်နောက်ကို လိုက်လာကြလား ”
” နင်က ငါ့ကိုလာမေးတော့ ငါက ဘယ်သူ့သွားမေးရမှာလဲဟ။ မသိရင် ငါ့အိမ်ကို ရောက်နေတာ ကျလို့ ” မမလေးမှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ ထို့နောက် သူမသည် မျက်နှာအမူအရာ ပျက်သွားခြင်းမရှိဘဲ တည်ကြည်စွာ ပြန်ဖြေလိုက်၏။
” သိပ်မကြာခင်မှာ သိရလိမ့်မယ် ”
ထိုအဖြေကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင်စိုးထိတ်သွားရ၏။ သူသည် မေးခွန်းများထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်းကြီးမှာ ရုတ်တရက်ဆိုသလို အသံအကျယ်ကြီး မြည်ဟည်းသွား၏။ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံထဲ၌ အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက် စိတ်လှုပ်တရှားဖြစ်ကာ အိုးနင်ခွက်နင်းဖြစ်နေသည့်ပုံ ပေါ်သည့် လူရိပ်သုံးခု ပေါ်ပေါက်လာကြသည်။ သူတို့မှာ ပြေးထွက်လာကြပြီး ပတ်ပတ်လည်ရှိ ကမ္ဘာကြီးအား ဝေ့ဝိုက်ကြည့်ရှုကာ အကဲခတ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသည်။ ထိုအချိန်တွင် သူတို့မှာ ဝမ်ပေါင်လဲ့အား ရှာတွေ့သွား၏။
” မင်းက ဒီရောက်နေတာကိုး ”
ဝမ်ပေါင်လဲ့မှာ ထိုသုံးယောက် ဤနေရာသို့ ရောက်ရှိလာသည့်ပုံမှာ သူနှင့်မတူဘဲ ကွဲပြားနေရသည့် အကြောင်းအရင်းကို စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် အံ့ဩတုန်လှုပ်နေရ၏။ ထို့အပြင် သူသည် မမလေးကိုလည်း အလွန်အင်မတန်မှ လေးစားကြည်ညိုနေမိတော့သည်။