Switch Mode

အခန်း (၄၄၃)

မမလေး၊ တံခါးမြန်မြန်ဖွင့်

ဝမ်ပေါင်လဲ့၏ လောင်းကြေးထပ်မှုမှာ မှန်ကန်သွားခဲ့၏။

အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်မှာ သူတို့ ထိုနေရာ၌ ရှိနေကြသည့်အချက်အား အခြားသူများက သိရှိသွားကြမည်ကို မလိုလားပေ။ သူတို့မှာ အစွမ်းထက်ပြီး အနက်ရောင်ရေခူကြီးကို ပိုင်ဆိုင်ထားသည့်အပြင် အမြန်နှုန်းအပိုင်းနှင့် လျှို့ဝှက်မှုအပိုင်းတို့တွင် အင်္ဂါဂြိုဟ်ထက် ပို၍အသာစီးရနေပါသော်လည်း ဤနေအဖွဲ့အစည်းထဲတွင် သူတို့ ထိတ်လန့်ကြောက်ရွံ့နေကြရသည့် အရာများစွာ ရှိနေကြသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ နောက်ဆုံးအချိန်အထိ မည်သူမှမသိအောင် သတိကြီးကြီးထား၍ လှုပ်ရှားနေကြမည်သာဖြစ်သည်။

ထိုသုံးယောက်မှာ သတ္တမအဆင့်ဓမ္မလက်နက်ကြီး ပေါက်ကွဲတော့မည့် အရိပ်အယောင်များထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားကြ၏။

” ဒီကောင့်ဆီမှာ ဝှက်ဖဲတွေ ရှိနေတာပဲ။ မင်းတို့နှစ်ယောက် သူ့နောက်ကိုလိုက်သွားပြီးတော့ သူ့ကို သတ်ပစ်ကြ။ ငါ ဒီလက်နက်ကြီးကို ထိန်ထားလိုက်မယ် ” မျက်နှာပေါ်၌ ကင်းခြေများကြီး ရှိနေသော ကျင့်ကြံသူကြီးမှာ နှာမှုတ်ကာ ဆိုလိုက်ပြီး ရှေ့သို့လှမ်းလာ၏။ ခဏအကြာတွင် သူသည် ထိုဓမ္မလက်နက်ကြီး၏ ဘေးသို့ ရောက်လာပြီး သူ၏ညာဘက်လက်ကိုမြှောက်ကာ ၎င်းအား လှမ်း၍ ဆွဲယူလိုက်၏။ ထိုအခါ သူ၏ရှေ့တွင် ဧရာမ ပုံရိပ်ယောင်လက်ဝါးကြီးတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး ထိုဓမ္မလက်နက်ကြီးအား ဖမ်းဆုပ်ကာ လက်ထဲ၌ တစ်စစီချေမွပစ်ရန် ပြင်လိုက်၏…

ထိုအချိန်တွင် အလောတကြီး ထွက်ပြေးနေသော ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဓမ္မအဆောင်ရုပ်သေးရုပ်ပေါင်း တစ်ရာကျော် ပေါ်ပေါက်လာပြီး ဂူကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားသည်။ ထိုဓမ္မအဆောင် အများစုမှာ ပဉ္စမအဆင့် ဓမ္မအဆောင်များဖြစ်ကြပြီး အချို့မှာ စတုတ္ထအဆင့်နှင့် ဆဋ္ဌမအဆင့်များ ဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ မြို့တော်သခင် သက်တမ်းတစ်လျှောက် ၎င်းတို့အား စုစည်းထားခဲ့ခြင်းဖြစ်သည်။

သူသည် ရင်နာနာနှင့်ပင် ထိုဓမ္မအဆောင်အားလုံးကို ပစ်လွှတ်ကာ အော်ဟစ်လိုက်တော့သည်။

” ပေါက်ကွဲစေ ”

ထိုအခါ ဓမ္မအဆောင်တစ်ရာကျော်မှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားကြပြီး ပေါက်ကွဲသွားကြတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထိုဓမ္မအဆောင်များမှာ တစ်ခုချင်းစီသာ ပေါက်ကွဲမည်ဆိုပါက သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု၏ ပေါက်ကွဲမှုအားကို ယှဉ်နိုင်မည်မဟုတ်ပါသော်လည်း ၎င်းတို့အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြမည်ဆိုလျှင် ကြောက်မက်ဖွယ်ရာ ကောင်းနေမည်မှာ အမှန်ပင်။ ထိုပေါက်ကွဲမှုကြောင့် တုန်ခါမှုလှိုင်းတစ်လှိုင်း ထွက်ပေါ်လာမည်ဖြစ်ပြီး အပြင်ဘက်မှလူများမှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်ကြမည်သာဖြစ်သည်။

ထို့ကြောင့် ထိုသုံးယောက်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အထိတ်တလန့်ဖြစ်သွားရပြန်သည်။ ဝမ်ပေါင်လဲ့မှာ ယခုလောက်များပြားသည့် ဓမ္မအဆောင်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့က မထင်မှတ်ထားခဲ့ကြပေ။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကို ပို၍ပင် သိချင်သွားကြတော့သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ သူတို့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ ဓမ္မလက်နက်အား ထိန်းချုပ်ထားရသည်ဖြစ်ရာ ကျန်ရှိနေသေးသော ကျင့်ကြံသူ နှစ်ယောက်တည်းမှ တစ်ယောက်မှာ ရှေ့သို့ထွက်လာရ၏။ သူသည် လက်နှစ်ဘက်ကို ပူးကပ်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အစွမ်းအပြည့်ထုတ်သုံးကာ ထိုဓမ္မအဆောင်တစ်ရာကျော်အား ထိန်းချုပ်လိုက်ရပြီး ၎င်းတို့အား ပေါက်ကွဲမသွားအောင် တားဆီးလိုက်ရ၏။

သူတို့နှစ်ယောက် အလုပ်ရှုပ်နေကြပြီဖြစ်ရာ နောက်ဆုံးတစ်ယောက်သာလျှင် ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်လာတော့သည်။

သူ၏မျက်နှာတစ်ခုလုံးမှာ လေးထောင့်ပုံစံဖြစ်နေပါသော်လည်း သူသည် ထိုမျက်နှာပုံစံ ပိုင်ဆိုင်ထားသည့်သူများတွင် အမြဲလိုလို တွေ့ရတတ်သည့် တရားမျှတမှုရှိသော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူသည် ရက်စက်ကြမ်းကြုတ်သည့် ရုပ်ရည်သွင်ပြင်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူ၏နဖူး‌ပေါ်တွင် အနီရောင်ဆေးမင်ကြောင်တစ်ခု ရှိနေပြီး သူ၏မျက်ဝန်းများမှာ အေးစက်စွာတောက်ပနေသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာ၏။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆွဲလိုက်၏။

သူတို့မှာ သူ့အား အရှင်လက်လက် ဖမ်းဆီးချင်နေကြဆဲပင်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကိုကြည့်လျှင် သူသည် တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည် မဟုတ်ပါလော။ သူသည် အများနှင့်မတူဘဲ ပို၍ ထူးခြားလေလေ ထိုသုံးယောက်အတွက် ပို၍ အဖိုးတန်လေလေပင် ဖြစ်သည်။

သူတို့မှာ သူ့အား အရှင်လက်လက် ဖမ်းဆီးချင်နေသောကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ယခုလို အခွင့်အရေးမျိုးကို ရရှိသွားခဲ့ရခြင်း ဖြစ်သည်။ ထိုမျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး သူ့အား လှမ်း၍ ဖမ်းဆွဲလိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်စွာ တောက်ပသွား၏။ သူသည် အသက်သေရမည်ကို လုံးဝကြောက်ရွံ့ခြင်းမရှိသည့် လူတစ်ယောက် ဖြစ်ပေသည်။ သူ လပေါ်တွင်ရှိနေခဲ့စဉ်တုန်းကနှင့် မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်တုန်းကလည်း ထိုကဲ့သို့ပင်။ သူ၏ ရန်သူများကိုသာမက သူ့ကိုယ်သူပင် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်သည့် ဗီဇများမှာ သူ၏အရိုးထဲ၌ စွဲနေပြီဖြစ်သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သတ္တမအဆင့်ဓမ္မလက်နက်တစ်ခုအား ဖောက်ခွဲပစ်ခဲ့သည့်အပြင် ဓမ္မအဆောင်တစ်ရာကျော်ကိုလည်း မျက်တောင်တစ်ချက်ပင် မခပ်ဘဲ ပစ်လွှတ်ခဲ့သည် မဟုတ်ပါလော။ သူသည် ထိုကဲ့သို့ ပေးဆပ်ခဲ့ပြီးပြီဖြစ်ရာ ပျက်စီးနေပြီဖြစ်သော အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခုကို ဖောက်ခွဲပစ်ရန်မှာ သူ့အတွက် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် သူဝတ်ဆင်ထားသည့် အဋ္ဌမအဆင့်ဓမ္မလက်နက် ချပ်ဝတ်တန်ဆာကြီးဆီမှ ပေါက်ကွဲပျက်စီးသွားတော့မည့် အရိပ်အယောင်များ ဆိုသလိုပင် ထွက်ပေါ်လာတော့သည်။ ထို အငွေ့အသက်ကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းကာ ပြင်းထန်လွန်းနေ၏။ ထို့ကြောင့် သူ၏နောက်မှလိုက်လာသည့် မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ အထိတ်တလန့် ဖြစ်သွားရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန် အော်ဟစ်လိုက်သဖြင့် သူဝတ်ဆင်ထားသည့် ဓမ္မလက်နက် ချပ်ဝတ်တန်ဆာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးဆီသို့ လေဆာရောင်ခြည်တန်းများကဲ့သို့ ဦးတည်သွားတော့သည်။

ထို လေဆာတန်းများမှာ ရှေ့သို့ ဦးတည်သွားကြပြီးနောက် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

” ခဗျား အဲဒီ ပေါက်ကွဲမှုကို ထိန်းချုပ်မှာလား၊ ရှောင်တိမ်းမှာလား။ ဒါမှမဟုတ် ကျုပ်နောက်ကို ဆက်ပြီးတော့ လိုက်နေဦးမှာလား ” ဝမ်ပေါင်လဲ့မှာ အော်မေးလိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။ သူသည် လိုဏ်ခေါင်းကြီး၏ အဆုံးသို့ ရောက်သွားတော့မည်ဖြစ်သည်။

” တောက်ကွာ ” မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး၏ မျက်နှာပေါ်၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့ကဲ့သို့ စိတ်ရှုပ်စရာကောင်းသည့် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်တလေနှင့်ပင် မကြုံဖူးခဲ့ပေ။ သို့သော် လက်ရှိတွင် ဒေါသထွက်နေရန် အချိန်မရှိပေ။ သူတို့အတွက် အရေးအကြီးဆုံးမှာ သူတို့ရှိနေသည်ကို အခြားမည်သူမှ သိမသွားရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လိုက်ဖမ်းနေရမှ ရပ်တန့်လိုက်ရပြီး ဓမ္မလက်နက်ကြီး၏ ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်ရတော့သည်။

ကံကောင်းသည်မှာ ထိုဓမ္မလက်နက်ကြီးဆီမှ အစိတ်စိတ်အမြွှာမြွာကွဲထွက်လာသော အကျိုးအပဲ့ အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားခြင်းမရှိဘဲ သူ့ဆီသို့တည့်တည့် ဦးတည်လာနေခြင်းပင်။ ထို့ကြောင့် သူသည် ထိုပေါက်ကွဲမှုအား ထိန်းချုပ်နိုင်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အများကြီးပို၍ အသုံးပြုရမည်ဖြစ်ပါသော်လည်း အကျိုးအပဲ့အပိုင်းအစများ ဘေးသို့လွတ်ထွက်သွားပြီး ပေါက်ကွဲသွားမည်ကို စိုးရိမ်နေစရာမလိုပေ။

သို့သော် ထိုအကျိုးအပဲ့အပိုင်းအစများအားလုံး အရပ်မျက်နှာတစ်ခုတည်းသို့ ဦးတည်လာနေသည့် မြင်ကွင်းကြောင့် မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး၏ မျက်ဝန်းများထဲ၌ မယုံသင်္ကာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအပိုင်းအစများကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်ပြီး သူ ဘာမှမလုပ်နိုင်ခင်မှာပင် ၎င်းတို့အား ဖောက်ခွဲကာ ပြင်ပကမ္ဘာကြီးအား အသိပေးနိုင်စွမ်း ရှိပါသော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ သူသည် ထိုကျင့်ကြံသူကြီး သုံးယောက်၏ လူသိမခံလိုသော အချက်အပေါ် လောင်းကြေးထပ်နေခြင်း ဖြစ်သလို တစ်ချိန်ထဲမှာပင် သူသည် ပြင်ပကမ္ဘာထဲမှလူများ ဤကိစ္စကြီးအကြောင်း သိရှိသွားကြမည်ကိုလည်း မလိုလားပေ။

အဘယ့်ကြောင့်ဆိုသော ဤလိုဏ်ခေါင်းကြီးထဲ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အပြင်ဘက်မှလူများ သိရှိသွားသည်နှင့်တစ်ပြိုင်နက် သူတို့ သုံးယောက်မှာ ဘုရင်ခံနှင့် အကူအညီများ ရောက်မလာနိုင်ခင် မြို့တော်အသစ်ကြီးတစ်ခုလုံးကို ဖျက်ဆီးဖြစ်နိုင်ခြေ ရှိနေသောကြောင့်ဖြစ်သည်။

ထိုသို့ဖြစ်သွားမည်ဆိုပါက သူသည် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားနိုင်မည် မဟုတ်သောကြောင့် ထိုကိစ္စအပေါ် လောင်းကြေးမထပ်လိုပေ။ ထို့ကြောင့် သူသည် သူတို့သုံးယောက်အား အမှောင်အဆောင်ပစ္စည်း ရှိနေသည့်နေရာသို့ မျှားခေါ်သွားရန် ကြံရွယ်နေခြင်းဖြစ်သည်။ ထိုသို့ မျှားခေါ်သွားပြီးမှသာ သူသည် ပြင်ပကမ္ဘာကြီးနှင့် ထက်၍ဆက်သွယ်ကာ ဘုရင်ခံဆီမှ အကူအညီလှမ်းတောင်းရန် ကြိုးစားမည်ဖြစ်သည်။

သူ၏ အစီအစဉ်ကြီးကြောင့် ထိုအမှောင်ပစ္စည်းအား မမလေးက ပိုင်ဆိုင်ခဲ့ဖူးသည်ဆိုသော စကားမှာ အမှန်တကယ်ဟုတ်မဟုတ် သိရတော့မည်ဖြစ်ပါသော်လည်း ယခုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်မျိုးတွေ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အသေးစိတ်အချက်အလက်များအပေါ် အာရုံမစိုက်နိုင်တော့ပေ။ သို့သော် သူသည် ချပ်ဝတ်‌တန်ဆာကြီးထဲမှ တစ်စစီ ကွဲထွက်သွားသည့် အကျိုးအပဲ့ အပိုင်းအစများကိုထိန်းချုပ်ကာ အရပ်မျက်နှာတစ်ခုထဲသို့ စေလွှတ်လိုက်သောကြောင့် သူ၏ အတွေးများကို အထင်အရှား သိမြင်လိုက်ရပြီဖြစ်သည်။ အကယ်၍ သူသည် ဉာဏ်သိပ်မပြေးသော ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရမည်ဆိုပါက သူ၏အတွေးများမှာ ဘူးပေါ်သလို မပေါ်သွားနိုင်ပါသော်လည်း အခြားဂြိုဟ်မှ ထိုကျင့်ကြံသူကြီးသုံးယောက်မှ အာကာသခရီးသွားများ ဖြစ်နေကြသည်မဟုတ်ပါလော။ သူတို့မှာ အာကာသကြီးထဲ၌ လှည့်လည်သွားလာနိုင်စွမ်း ရှိနေသည်ဖြစ်ရာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများ မဖြစ်နိုင်ပေ။ သူတို့၏ အတွေ့အကြုံများမှာ ရင့်သန်နေကြပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် လိုဏ်ခေါင်းကြီး၏ အဆုံးသို့ ပြေးသွားလိုက်သည်နှင့် တစ်ပြိုင်နက် ချပ်ဝတ်တန်ဆာကြီး၏ အကျိုးအပဲ့အပိုင်းအစများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ဝမ်ပေါင်လဲ့၏ အံ့ဩမှင်တက်ဖွယ် အမြန်နှုန်းကို အကဲခတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက်ဆိုသလို အော်ပြောလိုက်တော့သည်။

” ခေါင်းဆောင်ကြီး။ ကျနော် အကြာကြီး ထိန်းမထားနိုင်တော့ဘူး။ ကျွန်တော်တို့ ဒီမှာရှိနေတာကို သူတို့တွေ သိသွားကြတော့မှာ။ ဒီကောင့်နောက်ကိုလိုက်နေလို့ ဘာမှမထူးဘူး။ ကျနော်တို့တွေ ချက်ချင်းထွက်ခွာမှဖြစ်မယ်။ ဒါပေမဲ့ ထွက်မသွားခင် အပေါ်ဘက်မှာရှိနေတဲ့ မြို့တော်ကြီးထဲက လူတွေအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးတော့ သူတို့ရဲ့ အသွေးအသားတွေနဲ့ ကျနော်တို့ရဲ့ စွမ်းအင်အရင်းအမြစ်ကို ပြန်ဖြည့်လိုက်ကြတာပေါ့ ”

ထိုအခါ မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ သတ္တမအဆင့်ဓမ္မလက်နက်အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပါသော်လည်း သူ၏မျက်ဝန်းများထဲ၌ အဓိပ္ပါယ်လေးနက်သည့် အရိပ်အယောင်တစ်ခု ဖျက်ခနဲလက်သွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းပင် ပြန်ပြောလိုက်သည်။

” တောက်ကွာ။ ငါတို့တွေ အချိန်ဖြုန်းတာ အရမ်းများသွားပြီ။ ထားလိုက်တော့… သွားကြစို့ ”

သူတို့သုံးယောက်မှာ ထိုကဲ့သို့ စကားပြောလိုက်ကြပြီးနောက် ပေါက်ကွဲနေသည့် အဆောင်များအား ထိန်းချုပ်ရန် ထုတ်လွှတ်ထားခဲ့သည့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား လိုက်မဖမ်းတော့ဘဲ လိုဏ်ခေါင်းကြီးထဲမှ ပြေးထွက်သွားကြတော့မည့်ပုံစံ ပေါက်နေတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ နှလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရ၏။ သို့သော် သူသည် မျက်လုံးများမှေးသွားပြီး ရပ်တန့်ခြင်းမရှိဘဲ အသက်ပြင်းပြင်းရှူကာ အစွမ်းကုန်ထုတ်၍ အမြန်ဆုံး ထွက်ပြေးသွားတော့မည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့အပြင် သူသည် လှောင်ပြုံးပြုံးကာ အသံအကျယ်ကြီးအော်ရယ်လိုက်သေးသည်။

” သွားစေဗျား။ အဲ့လိုမှ ထွက်မသွားရင် ခများတို့အားလုံးက ကျိုးရိရှန်ဆိုတဲ့ ကျုပ်ရဲ့ ရူးနှမ်းနေတဲ့ သားမိုက်တွေဖြစ်သွားမှာ။ ကျိုးရိရှန်ဆိုတဲ့ ကျုပ်က သုံးနှစ်သားကတည်းက မာယာတွေ လှည့်ကွက်တွေ မသုံးတော့တာ။ ဟာသပဲ။ သူတို့တွေ သေသေရှင်ရှင် ကျုပ်က ဂရုစိုက်မယ်လို့ ထင်နေတာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏ညာဘက်လက်အား ထုတ်၍ သူတို့အား အထင်အမြင်သေးသည့် အမူအရာဖြင့် လက်ခလယ်ထောင်ပြလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့်လုံလောက်မှုမရှိသေးကြောင်း ခံစားနေရသောကြောင့် အံကြိတ်ကာ သူ၏ သိုလှောင်လက်ကောက်တွင် ကျန်ရှိနေသေးသည့် ဓမ္မအဆောင်ဆယ်ခုကျော်ကိုပါ ထုတ်ယူလိုက်ပြီး လှမ်းပစ်လိုက်တော့သည်။ ထို့နောက် သူသည် ၎င်းတို့အား အလိုအလျောက် ပေါက်ကွဲသွားအောင် လုပ်လိုက်၏။

” လာစမ်းပါ။ ခဗျားတို့တွေ ဒီအဆောင်တွေကို ပေါက်ကွဲမသွားအောင် ရပ်တန့်ဖို့ ကြိုးစားမယ်ဆိုတော့ ကိုယ့်ကိုယ်ကို ကျိုးရိရှန်ဆိုတဲ့ ကျုပ်ရဲ့ မြေးလေးတွေလို့သာ သတ်မှတ်လိုက်တော့ ”

သူတို့ သုံးယောက်မှာ သူ၏စကားများကိုကြားလိုက်ရပြီး သူ၏လုပ်ရပ်များကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွား၏။ သူတို့မှာ ထိုကဲ့သို့ လက်ခလယ်ထောင်ပြခြင်း၏ အဓိပ္ပါယ်ကို နားမလည်ကြပါသော်လည်း ၎င်းမှာ နှစ်လိုဖွယ်ကောင်းသည့် အဓိပ္ပါယ်တော့ မဟုတ်နိုင်ကြောင်း နားလည်ထားကြသည်။ ထို့အပြင် သူတို့သည် သူတို့၏ စဉ်းစားတွေးခေါ်ပုံများမှာ လိုအပ်ချက်များ ရှိနေရမည်ဟု ခံစားလိုက်ရ၏။ အကယ်၍ သူတို့သာ ဝမ်ပေါင်လဲ့၏နေရာသို့ ရောက်နေပြီး အသက်အသေခံရခြင်းနှင့် မြို့တော်ကြီးတစ်ခုလုံးကို စတေးကာ မိမိကိုယ်ကို ကယ်တင်ခြင်းဆိုသည့် ရွေးချယ်မှုနှစ်ခုနှင့် ကြုံရမည်ဆိုပါကလည်း ဒုတိယမြောက်ရွေးချယ်မှုကို မျက်တောင်မခတ်တမ်း ရွေးချယ်လိုက်မည်သာ ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ အံကြိတ်ကာ နောက်ထပ်တစ်ကြိမ် ရှေ့သို့ လှမ်းလာကြပြီး ပေါက်ကွဲနေသည့် အဆောင်ပစ္စည်းများအား ထိန်းချုပ်လိုက်ရတော့သည်။ အထူးသဖြင့် မျက်နှာလေးထောင့် နှင့် ကျင့်ကြံသူကြီးမှာဆိုလျှင် ရှက်စိတ်များကြောင့် အမျက်ချောင်းချောင်း ထွက်နေရ၏။ သူသည် ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သည့် ဓမ္မအဆောင်ဆယ်ခုကျော်အား ထိန်းချုပ်နိုင်ရန် အလောတကြီး ကြိုးပမ်းလိုက်ရတော့သည်။

သို့သော် သူတို့ရောက်နေသည့်နေရာမှာ အကျယ်ကြီးမဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်မြောက်မြားစွာ ပစ်လွှတ်ခဲ့သည် ဖြစ်သောကြောင့် ၎င်းတို့ထဲမှအချို့မှာ အသံကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားကြတော့သည်။

ထိုပေါက်ကွဲမှုကြောင့် ကျင့်ကြံသူကြီးသုံးယောက်မှာ ကယောင်ချောက်ချားဖြစ်သွားရပြီး ဝမ်ပေါင်လဲ့မှာလည်း လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

” သွားပြီ… ငါ လက်လွန်သွားပြီ ”

မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ထိုပေါက်ကွဲမှုကြောင့် ဆက်လက်ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို တွေးမိသွားသောအခါ အသံကုန်အော်ဟစ်လိုက်၏။ သူသည် သူ၏နဖူးကို လက်ဖြင့်ရိုက်လိုက်သောအခါ သူ၏နဖူးပေါ်တွင်ရှိနေသော အနီးရောင်မျဉ်းကြောင်းလေးမှာ ဟသွား၏။ ထို့နောက် အနီရောင်အလင်းတန်းတစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည့် ဓမ္မအဆောင်များအားလုံးကို လွှမ်းခြုံကာ ၎င်းတို့၏ ပေါက်ကွဲမှုများကို ထိန်းချုပ်လိုက်တော့သည်။ ခြစ်ခြစ်တောက်ပူပြင်းနေသော မီးတောက်တစ်ခုမှာ ထိုအဆောင်များအားလုံးကို ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားအောင် လုပ်လိုက်သည့်အလားပင်။

ဤဖြစ်ရပ်ကြီးကြောင့် သူတို့သုံးယောက်၏ သံသယများမှာ ရှင်းလင်းသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူတို့၏အထက်တွင်ရှိနေသော မြို့တော်ကြီးအား ဂရုစိုက်နေမည်မဟုတ်ကြောင်း သူတို့က သေချာသွားကြ၏။

သူတို့အားလုံးမှာ ပေါက်ကွဲနေကြသည့် အဆောင်များအား ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်ကြသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး စိတ်ထဲ၌ကြိတ်၍ သက်ပြင်းချမိသွားတော့သည်။ ထို့နောက် သူသည် နံရံကြီးရှိနေသည့် လိုဏ်ခေါင်းကြီးအဆုံးနားသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်သောကြောင့် သူတို့၏ကြားမှ အကွာအဝေးမှာ ပို၍ပင် ကြီးထွားလာရတော့သည်။

သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးအား ရှေ့သို့ဆက်လက်မချီတက်နိုင်အောင် ပိတ်ဆို့ခဲ့ပြီး သူတို့အား ၎င်းကို တိုက်စားနိုင်ရန် မြို့တော်အသစ်ကြီးတစ်ခုနှင့် မန္တန်အစီအရင်ကြီးတစ်ခုကို တည်ဆောက်ခဲ့ရသည့်အထိ ဒုက္ခပေးနိုင်ခဲ့သည့် မိုးထိုးလုမတတ် မြင့်မားနေသော ရေခဲနံရံကြီးအား စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိုးထိတ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူသည် စိတ်ထဲတွင် အော်ဟစ်လိုက်၏။

” မမလေး။ တံခါးကို မြန်မြန်ဖွင့်ဗျ။ ဒီမှာ သေရေးရှင်ရေးဖြစ်နေပြီ ”

မမလေးမှာမူ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးမှ အံကြိတ်လိုက်ပြီး ရှက်ရွံ့နေသည့် လေသံဖြင့် တိုးတိုးလေးပြန်ပြောလိုက်တော့သည်။

“‌ ပေါင်လဲ့ရေ။ ငါပြောတာနားထောင်။ တကယ်တမ်းကလေ… “

Comment

  1. Lamin says:

    👋👋👋👋👋

Leave a Reply

Options

not work with dark mode
Reset