ရီဖူရှင်းက ကောင်းကင်မှ မိန်းကလေးအား ကြည့်နေသည်။ မိန်းကလေးက သူ့အား ပြန်ကြည့်နေသည်။
ငါ၏မျိုးရိုးနာမည် ဒွန်ဟောင်…။ ထိုစကားက ဝန်ကြီးချုပ် ကျိုအစား သူ့ကို ပြောနေသည့်ဟန်။
အေးစက်သော လေရူးများက ပြင်းထန်စွာ တိုက်ခတ်နေသလို သိပ်သည်းသော နှင်းပွင့် နှင်းဖတ်များကလည်း အဆက်မပြတ် ကျဆင်းနေကြသည်။ ပြောပြရန် မတတ်သာသော အေးစက်မှုများက ကမ္ဘာမြေကြီးအား လွှမ်းခြုံနေသည်။ လူတိုင်းက မြင့်မားလှသော တောင်ကြော တစ်ဖက်ဆီကို ကြည့်နေကြ၏။ သူတို့က လူဝံကြီးက ကောင်းကင်ကြီးအား မော်ကြည့်လိုက်သည်ကို မြင်ရ၏။ သူကား ရေခဲလှောင်အိမ်ကြီး၏ အလယ်တွင် ပိတ်လှောင် ခံထားရသည့် အလားပင်။ ထိုတစ်နေရာလုံးကား အေးခဲနေလေပြီ။
“ကလေး … သေချာကြည့်ထား…” ရီဖူရှင်း၏နားထဲသို့ တိုးညင်းသော အသံလေးတစ်ခု ဝင်လာသည်။ ရီဖူရှင်းက လူဝံကြီး၏ ခန္ဓာတွင် အရိပ်သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ရ၏။ ထိုအရိပ်ကား သူ၏ အသွေးအသားများမှ တိုက်ရိုက် ဖြစ်ပေါ်လာခြင်းပင်။ ထိုစဉ်မှာပင် ရေခဲနှင့် နှင်းခဲများမှာ လူဝံကြီး၏လက်တွင် စုစည်းလာကာ နှင်တံကြီး တစ်ချောင်း ဖြစ်ပေါ်လာသည်။
“ကောင်းကင်ဘုံ ကိုးဆင့်သိုင်း…” လူဝံကြီးက ကောင်းကင်နှင့် မြေပြင် တစ်သားတည်း ဖြစ်သွားသည့်အလား မတ်တတ် ရပ်လိုက်သည်။ ထိုအခိုက်တွင် အရိပ်သဏ္ဌာန်၏ အပေါ်တွင် စွမ်းအင်များ အတားအဆီးမဲ့ စုစည်းလာနေကြသည်။ သူ၏ခန္ဓာကိုယ်ကား အလွန် တည်ငြိမ်လှသည်။ နောက်ဆုံးတွင် လူဝံကြီး၏ ကြီးမားသော အရိပ်သဏ္ဌာန်က ရွေ့လျားသွားသည်။ ပထမဆုံး ရိုက်ချက်က ကမ္ဘာမြေ၏ စွမ်းအားများကို စုစည်းက အတားအဆီးများအား ဖြိုခွင်းခြင်းပင်။ လေထုက နှစ်ပိုင်း ကွဲသွားဟန်ရှိကာ ရေခဲကမ္ဘာကား နှစ်ပိုင်း ပြတ်သွားလေသည်။
မဆုံးနိုင်သော လေရူးနှင့် ရေခဲမှုန်များက ရီဖူရှင်းမှလွဲ၍ တခြားသူများ၏ မြင်ကွင်းကို ပိတ်ဆို့ထားပုံရသည်။ လူဝံကြီး၏ရိုက်ချက်က မည်သူ့ကိုမှ မထိပေ။ သူကား ရီဖူရှင်းကိုသာ သင်ကြားနေခြင်း ဖြစ်သည်။ ထိုအရာကား လွတ်လပ်ခြင်း ကျင့်စဉ်ဖြစ်၏။ ရီဖူရှင်းက ဝမ်းနည်းနေသော်လည်း သည်သရုပ်ဖော် တိုက်ကွက်မှာ လူဝံကြီးက သူ၏အသက်အားကို အသုံးပြု၍ သင်ကြားနေခြင်း ဖြစ်ကြောင်း သိသည်။
ပထမရိုက်ချက် ပြီးနောက် အားနည်း သွားရမည့်အစား ပို၍ ပြင်းထန်လာသည်။ ရေခဲနှင်တံအား နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်လျှင် ပထမရိုက်ချက်၏ စွမ်းအားက ဒုတိယရိုက်ချက်တွင် ပျော်ဝင်သွားဟန်တူကာ အရာအားလုံးအား ပြိုလဲသွားစေသည်။ ထို့နောက် တတိယရိုက်ချက်… စတုတ္ထရိုက်ချက်…။… ရိုက်ချက် တစ်ချက် တိုးသွားတိုင်း စွမ်းအားက နှစ်ဆ ဖြစ်သွားပုံရသည်။ အဋ္ဌမ ရိုက်ချက်တွင် ကမ္ဘာကြီးအား တုန်ခါသွားစေသည်။ တောင်တန်းများအား လှုပ်ယမ်းစေသည်။ ကမ္ဘာမြေကြီးအား အက်ကွဲစေသည်။ လူဝံကြီး ရပ်နေရာတွင်ကား နှင်းမုန်တိုင်း လေပွေတစ်ခုက ကြောက်မက်ဖွယ် ဖြစ်ပေါ်နေသည်။
“နဝမ ရိုက်ချက်…” ရီဖူရှင်း၏နားထဲသို့ အသံတစ်သံ ရောက်လာသည်။ ထို့နောက် လူဝံကြီး၏အရိပ်က လေထဲ ခုန်တက်လိုက်သည်ကို မြင်ရ၏။ နှင်းနှင်တံအား ဝှေ့ယမ်းလိုက်လျှင် မရေမတွက်နိုင်သော နှင်တံ အရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာပြီး လေထဲတွင် ပြန့်ကျဲနေကြသည်။
ထိုပြီးနောက်တွင်ကား ရီဖူရှင်း သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ကောင်းကင်မှ တောက်ပသော အလင်းရောင်စဉ်များစွာ ဖြစ်ပေါ်လာပြီး အရာအားလုံးအား လွှမ်းခြုံသွား၏။ တီအန်ယွာ တောင်ကြော တစ်ခုလုံး တုန်ခါသွားကာ သားရဲများ။ မိစ္ဆာများအားလုံး ဒူးထောက် ဝပ်တွားကြရသည်။
မမြင်ရသော အားလှိုင်းတစ်ခုက ရီဖူရှင်းနှင့် ဝန်ကြီးချုပ်ကျိုထံ လာရောက် ရိုက်ခတ်လေသည်။ သူတို့နောက်သို့ လွင့်စဉ်သွားသော်လည်း ရီဖူရှင်းကို အားလှိုင်းတစ်ခုက ကာကွယ်ထားဟန် ရှိသည်။ သူကား အကြီးအကျယ် မထိခိုက်သော်လည်း တစ်ကိုယ်လုံးမှ နာကျင်မှုကို ခံစားနေရသည်။
လေမုန်တိုင်းက မငြိမ်သက်မီ အတန်ကြာအောင် ရိုက်ခတ်နေခဲ့သည်။ နောက် တဖြည်းဖြည်း နှင်းဖွဲများ ငြိမ်သက်စွာ ကျဆင်းလာသည်။ ရီဖူရှင်း မှင်တက်စွာပင် ထိုနေရာတွင် ရပ်နေသည်။ လူဝံကြီး၏ အရိပ်သဏ္ဌာန်ကား ပျောက်ဆုံးသွားလေပြီ။ နောက်ဆုံး ကျန်ရစ်သည်ကား သူ၏ အသက်ဝိညာဉ် ကင်းမဲ့နေသော ခန္ဓာကိုယ်ကြီး တစ်ခုသာ။ သူကား အသက်မဲ့သည် သို့သော် မားမား မတ်မတ် ရပ်နေဆဲ။
သူကား သေဆုံးသည့်တိုင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။
တောင်ကြားထဲတွင်ကား ဧကရာဇ်ရီချင်၏ ရုပ်တုမှာ အပျက်အစီး ကင်းမဲ့လျက် ရှိနေသေးသည်။ ထိုအရာကား လူဝံကြီးက သေသည့်တိုင် အသက်စွန့်၍ ကာကွယ်ခဲ့သည်နှင့် တူလှသည်။ ရီဖူရှင်းက လက်ဆန့်ထုတ်လိုက်လျှင် နှင်းဖတ်တစ်ခုက သူ၏လက်ဝါးပေါ်သို့ ဆင်းသက်လာသည်။
“ကလေး… သိပ်ဝမ်းမနည်းနဲ့… ဒါက ကံကြမ္မာပဲ… ငါက ဆရာနဲ့ အရင်ကတည်းက အတူတူ လိုက်သွားရမှာ… ဒါပေမဲ့… ငါက တစ်စုံတစ်ယောက်ကို စောင့်ဖို့လိုခဲ့တယ်… ကံကောင်းစွာနဲ့ပဲ ငါမင်းကို တွေ့နိုင်ခဲ့တယ်… မင်းက ကမ္ဘာကြီကို အုပ်စိုးမယ့်အချိန်အထိ မစောင့်နိုင်ခဲ့တာကိုပဲ စိတ်မကောင်းဘူး…” လေထဲတွင် သိစိတ်အမျှင်တန်း အနည်းငယ် ကျန်ရစ်နေဟန်တူသည်။ ထိုအရာက အသံအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်း၏နားထဲကို ဝင်ရောက်လာလေသည်။ ရီဖူရှင်း၏မျက်ဝန်းများမှ မျက်ရည်စများ တွဲခိုလာနေသည်။
သည်အရာမှာ အမှန်တကယ်ပင် ကံကြမ္မာလား။ လူဝံကြီးကား သူမည်သို့ အဆုံးသတ်မည်ကို သိသည်။ သို့သော် သူကား သည်နေရာတွင် ရပ်တုအား စောင့်ကြပ်ရန် ရွေးချယ်ခဲ့သည်။
နတ်စစ်သူကြီးက ဧကရာဇ်ရီချင်၏ ရုပ်တုအား တစ်ခုခု တွေ့လိုတွေ့ငြား သွားရောက် ရှာဖွေသော်လည်း မည်သည့်အရာမှ မတွေ့ပေ။
ကောင်းကင်မှ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော မိန်းကလေးက ပြောလိုက်သည်… “သူ့ရဲ့ နောက်ဆုံး ရုပ်တုကို ဒီအတိုင်း ထားလိုက်တော့…”
သို့သော် နတ်စစ်သူကြီးကား နားဝင်ဟန်မရှိပေ။ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုက ရုပ်တုအား ကျရောက်သွားကာ ရုပ်တုမှာ အပိုင်းပိုင်းအစစ ဖြစ်ကာ မြေပေါ်သို့ ပြိုဆင်း သွားလေသည်။ လူဝံကြီး အသက်စွန့် ကာကွယ်ခဲ့သော ဧကရာဇ် ရီချင်၏ရုပ်တုကြီးမှာ ကျဆုံးခဲ့လေပြီ။
“မင်းသမီးလေး… မင်းသမီးလေးက အရမ်း သနားညှာတာလွန်းတယ်…” စစ်သူကြီးက သူ၏အလင်းစွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
မိန်းကလေးက သူ့အား အေးစက်စွာ ကြည့်လိုက်ကာ ထိုနေရာမှ လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။ တခြား လူများလည်း သူမ၏နောက်သို့ လိုက်သွားကြလေသည်။ သူမက ထွက်ခွာစဉ် ရီဖူရှင်းအား တစ်ချက် ငုံ့ကြည့်လိုက်သေးသည်။ ထို့နောက် ထိုနေရာမှ ထွက်ခွာသွား၏။ ထို့နောက် သူမ၏ပုံသဏ္ဌာန်က မိုးကုပ်စက်ဝန်းဆီသို့ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။
သူတို့ ထွက်ခွာ သွားပြီးသောအခါ ရီဖူရှင်းလည်း လဲပြိုတော့သည်။ ထိုမတိုင်ခင်က သူ မတ်မတ်ရပ်ရန် တစ်စုံတစ်ခုက တွန်းအားပေးထာဟန်ရှိပြီး ကြောက်မက်ဖွယ် အားလှိုင်းက ဝန်ကြီးချုပ်ကျိုကိုပင်လျှင် ထိခိုက်စေခဲ့ရာ သူ့ကိုမူ ပြောဖွယ် မရှိတော့။ သူက အတင်း မတ်တတ်ရပ်ကာ အရာအားလုံးကို ရင်ဆိုင်ခဲ့သည်။ ဝန်ကြီးချုပ်ကျို သွေးတစ်ပွက် အန်ကျသည်။ သူသည်လည်း လျန်မြန်စွာ မသက်သာနိုင်သေးပေ။ ဖြစ်ပျက်ခဲ့သမျှကား ယုံကြည်နိုင်ဖွယ်ပင် မရှိပေ။ လူဝံကြီး မည်သို့ သေဆုံးသွားသည်ကိုပင် သူ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။
ရီဖူရှင်းထံသို့ လျှောက်သွားရင်း သူက ရီဖူရှင်းအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ရီဖူရှင်းကြောင့်သာ မဟုတ်လျှင် လူဝံကြီးက သူ့အား သတ်သွားမည် ဖြစ်သည်။ သူက လူဝံကြီး၏ လူသတ်လိုစိတ်အား အသေအချာ ခံစားမိခဲ့ရသည်။ ထိုအရာများအား ရင်ဆိုင်ခဲ့သည့်တိုင် သည်ကောင်လေးက အဘယ်ကြောင့် အလွန် တည်ငြိမ်နေခဲ့သနည်း။ သူက ဒူးပင် မထောက်ခဲ့ပေ။
ကောင်းကင်မှ မိန်းကလေးလေးမှာ မျိုးရိုးနာမည် ဒွန်ဟောင်ဖြစ်သည်။ နန်ဒူနိုင်ငံ၏ ဧကရာဇ်ပင်လျှင် သူမအားတွေ့လျှင် ဒူးထောက်ရမည် ဖြစ်သည်။ သူတို့၏ အဆင့်အတန်းမှာ အလွန် ကွာခြားလွန်းလှသည်။ သို့သော်လည်း သည်ကောင်လေးမှာ မတ်မတ်ရပ်ကာ နေခဲ့သည်။ သူကား ထိုသို့လုပ်ခဲ့ခြင်းမှာ တုံးအလွန်းခြင်း ဟုတ်ပုံမကျဘဲ အရိုးထဲ အသားထဲမှပင် မာနကြီးလွန်းသောကြောင့် ဆိုသည်ကို သူခံစားမိသည်။
ထိုအခိုက်တွင်ပင် ဝန်ကြီးချုပ်ကျိုက သူ၏ရှေ့မှ သတိလစ်နေသော ကောင်လေးမှာ ထိုကောင်းကင်မှ မိန်းကလေးကဲ့သို့ မြင့်မြတ်ကာ ကြီးကျယ် ခမ်းနားလှသည်ဟု ထင်မြင်လာသည်။ သူ၏မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ ထို့နောက် သူက ရီဖူရှင်း၏ဘေးနားတွင် ထိုင်လိုက်သည်။ သူ၏သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။ ထိုအရာကား မှော်ဇယားကွက် ဖြစ်သည်။
နန်ဒူနိုင်ငံ၏ ဝန်ကြီးချုပ်ကျိုမှာ ရှားရှားပါးပါး မြင်ရခဲသော နက္ခတ်ဗေဒင်ဆရာ ဖြစ်သည်။ လူအနည်းငယ်မျှသာ သည်လျှို့ဝှက်ချက်ကို သိကြသည်။ နက္ခတ်ဗေဒင် ဆရာများမှာ အသက်ရှည်လေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ လျှို့ဝှက်ချက် အများအပြားအား သိခြင်းကြောင့် ဖြစ်ကြသည်။ မှော်ဇယားကွက်၏ အလင်းရောင်က ရီဖူရှင်းထံ ကျရောက်လာသည်။ ဇယားကွက်မှ ထူးဆန်းသော သင်္ကေတများက အဆက်မပြတ် လှည့်ပတ်လာနေကာ ပိုမို၍ လျင်မြန်လာသည်။
“ဘာဖြစ်တာလဲ…” ဝန်ကြီးချုပ်ကျို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက အကွပ်အကဲ အထိန်းအချုပ် မဲ့သွားသော ဇယားကွက်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုအရာက ရူးသွပ်စွာ လှည့်ပတ်နေပြီး နောက်ဆုံးတွင် နှေးကွေး သွားလေတော့သည်။
ဝန်ကြီးချုပ်ကျိုက ဇယားကွက်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ ညွှန်တံက လျင်မြန်စွာ လှည့်ပတ်လာနေပြီး နောက်ဆုံးတွင် အပေါ်ဆုံးသို့ ညွှန်ပြနေသည်။ ထိုအရာကား ကောင်းကင်သို့ ဖြစ်၏။ ဝန်ကြီးချုပ်ကျို မြေကြီးသို့ ပြိုလဲသွားသည်။ ထိုသက်စောင့် ဇယားကွက်အား ကြည့်ကာ သူ၏နှလုံးခုန်နှုန်းများ အဆမတန် မြန်ဆန်လာသည်။
သည်အရာကား လုံးဝ မဖြစ်နိုင်ပေ။ သူလုံးဝ မယုံကြည်နိုင်တော့။
ကံကြမ္မာ၏ပိုင်ရှင်မှာ ကောင်းကင်မှ မိန်းကလေး ဖြစ်ရမည် မဟုတ်ပေလော။ သူမ၏မျိုးရိုးနာမည်မှာ ဒွန်ဟောင်ဖြစ်သည်။
ရီဖူရှင်းတွင် သည်ကဲ့သို့ ကံကြမ္မာ အဘယ်ကြောင့် ရှိနေရသနည်း။ ဟောကိန်းအရဆိုလျှင် တစ်ဦး တစ်ယောက်တည်းကို သာလျှင် တွေ့ရမည် ဖြစ်သည်။ ဤသို့ ဆိုလျှင် မည်သူနည်း။
မယုံကြည်နိုင်စွာဖြင့် ဝန်ကြီးချုပ်ကျိုက သက်စောင့် ဇယားကွက်အား ဆက်လက် လည်ပတ်စေသည်။ အကြိမ်များစွာ ကြိုးစားပြီးသော် သူကား ချွေးပြန်လာသည်။ သူက ရီဖူရှင်းဘေးတွင် ထိုင်လျက် အိပ်ပျော်နေသော လူငယ်လေးအား စိုက်ကြည့်နေမိသည်။
နန်ဒူနိုင်ငံ၏ကံကြမ္မာကကော… သည်ကောင်လေးကြောင့် ပြောင်းလဲ သွားပါမည်လော။
***
ရီဖူရှင်း နိုးလာသောအခါ သူ၏ဘေးတွင် ဝန်ကြီးချုပ်ကျိုအား တွေ့လိုက်ရ၏။ သူက ပြုံးလျက် မေးလိုက်သည်… “မင်း နိုးလာပြီလား…”
“စီနီယာ…” ရီဖူရှင်းက ထလာရင်းမှ ပြန်၍ နှုတ်ဆက်လိုက်သည်။
“မင်းက ငါ့အသက်ကို ကယ်ခဲ့တယ်… ဒါကြောင့် ငါ့ကို စီနီယာလို့ မခေါ်နဲ့တော့… မင်းအတွက် ပြဿနာမရှိရင် ငါ့ကို ဦးလေးကျိုလို့ ခေါ်လို့ရတယ်…” ဝန်ကြီးချုပ်ကျိုက ပြုံးလျက် ပြောလိုက်သည်။ သူ၏စိတ်ထဲတွင်မူ အပြစ်ရှိသလို ခံစားနေရသည်။ ဝန်ကြီးချုပ် တစ်ယောက် အနေဖြင့် သူကား မသိလိုက်စဉ်မှာပင် သည်ကောင်လေး အပေါ်တွင် အခွင့်အရေး ယူမိလေသည်။
“ဦးလေးကျို…” ရီဖူရှင်းကား အလွန် ဟန်ဆောင်နေစရာ အကြောင်းမရှိပေ။ နန်ဒူနိုင်ငံ၏ ဝန်ကြီးချုပ် တစ်ယောက်နှင့် ရင်းနှီး ခင်မင်ရခြင်းကား ဒွန်ဟိုင်မြို့တော်ကို ပြန်သော အချိန်တွင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
“အင်း…” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်… “မင်းရဲ့ ဒဏ်ရာတွေကော ဘယ်လိုလဲ…”
“သိပ်တော့ မကြီးကျယ်ဘူး…” ရီဖူရှင်းက နောက်ကို လှည့်ကြည့်လိုက်သည်။ ရုပ်တုကြီးကဲ့သို့ လူဝံကြီး၏ခန္ဓာကို မြင်လျှင် သူ အလွန်အမင်း ဝမ်းနည်းရသည်… “ဦးလေးကျို… ကျွန်တော် ဒီနေရာမှာ နည်းနည်းကြာအောင် နေချင်သေးတယ်… ဦးလေးကျို အရင်ပြန်နှင့်လို့ရတယ်…”
ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းလိုက်သည်… “သားရဲကောင်တွေကို ခြောက်လှန့် မောင်းထုတ် ထားပြီးပြီ… ဒါပေမဲ့ သူတို့တွေက ပြန်လာနိုင်သေးတယ်… ဒါ အရမ်း အန္တရာယ်များတယ်… ငါ မင်းနဲ့ အဖော်လုပ်ပေးမယ်…”
“ဒါပေမဲ့…” ရီဖူရှင်းက ဆက်ပြောရန် ဟန်ပြင်လိုက်သည်… သို့သော် ဝန်ကြီးချုပ်ကျိုက ဟန့်တားလိုက်သည်… “မင်းက ငါ့ကို ဦးလေးလို့ ခေါ်ပြီးနေပြီ… ငါတို့က သူစိမ်းတွေလို့ မဆိုနိုင်တော့ဘူး… မင်း လုပ်စရာရှိတာတွေ သွားလုပ်… ငါဒီနေရာမှာပဲ တန်ခိုးကျင့်နေမယ်…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ မပြောတော့။ သူက မတ်တတ်ရပ်လိုက်ပြီး လူဝံကြီး၏ ခန္ဓာကိုယ်ကြီးရှိရာသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် သူလည်း မတ်တတ်ရပ်ကာ ကောင်းကင်အား မော်ကြည့်နေသည်။
“စီနီယာ… အခု ကျွန်တော်က စီနီယာအတွက် ကလဲ့စား မချေပေးနိုင်သေးဘူး… ဒါကြောင့် အခု စီနီယာကို အချိန်နည်းနည်း အဖော်လုပ်ပေးပါ့မယ်…” ရီဖူရှင်း၏အသံကား ဝမ်းနည်း၍ အနည်းငယ် တုန်ခါနေသည်။ သူက လူဝံကြီး၏ဘေးနားတွင် ထိုင်လိုက်သည်။ ကု့ချင်းဝိညာဉ်က ပေါ်လာကာ သူ၏ရှေ့သို့ ဆင်းသက်လာသည်။ ထိုနေရာတွင်ပင် ရီဖူရှင်းက စတင် တီးခတ်လိုက်သည်။ ညိုမှိုင်းသော ဂီတသံစဉ်က ဝမ်းနည်းမှုအတိကို ဖော်ကျူးနေကာ လူဝံကြီးအား နှုတ်ဆက်နေသည့် အလားပင်။
တေးသွားများ တီးခတ်ပြီးသောအခါ ရီဖူရှင်းက စတင်၍ တန်ခိုးကျင့်တော့သည်။ လူဝံကြီးက သူ့အား ကောင်းကင်ဘုံကိုးဆင့် သိုင်းအား သူမသေခင် သင်ကြားပေးသွားခဲ့သည်။ ထို့ကြောင့် လူဝံကြီး၏ ဝိညာဉ်အား နှစ်သိမ့်ရန် သူက ကောင်းကင်ဘုံကိုးဆင့် သိုင်းအား သည်နေရာတွင် လေ့ကျင့်ရန် ဆုံးဖြတ်ထားသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကောင်းကင်ဘုံကိုးဆင့် သိုင်းမှာ အလွန် ခက်ခဲလှသည်။ ရီဖူရှင်းက တတိယ ရိုက်ချက်အား လေ့ကျင့် အောင်မြင်သွားသောအခါ သူ၏မှော်ပညာနှင့် သိုင်းပညာနှစ်မျိုးလုံး ကြယ်ငါးပွင့် ကောင်းကင်အဆင့်သို့ တက်ရောက် သွားတော့သည်။ ယနေ့တွင် ရီဖူရှင်းက လူဝံကြီး၏ရှေ့တွင် ဒူးထောက်နေသည်။ သူက မတ်တတ်မရပ်မီ သုံးကြိမ် ဦးတိုက်၍ ကန်တော့လိုက်သည်။ ထို့နောက် နောက်လှည့် ထွက်လိုက်ကာ လုံးဝ ပြန်လှည့် မကြည့်တော့ပေ။
“ဦးလေးကျို… ပြန်ရအောင်…” ရီဖူရှင်းက မျက်လုံးမှိတ်ကာ တန်ခိုးကျင့်နေသော ဝန်ကြီးချုပ်ကျိုအား ပြောလိုက်သည်။
ဝန်ကြီးချုပ်ကျိုက မျက်လုံးဖွင့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်… “ကောင်းပြီ…” ထို့နောက် သူနှင့် ရီဖူရှင်းတို့ ကောင်းကင်သို့ ပျံသန်းကာ တီအန်ယွာတောင်မှ ထွက်ခွာ သွားကြလေသည်။ ရီဖူရှင်း၏အပြုအမူများက ထူးဆန်းသော်လည်း သူ မမေးတော့ပေ။
တီအန်ယွာတောင်မှ အပြင်ဘက်သို့ ရောက်လာကာ ချင်းကျူကျောင်းတော်နှင့် နီးကပ်လာသည်။ ဝန်ကြီးချုပ်ကျို၏လူများကား ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ ဝန်ကြီးချုပ်ကျို ပြန်လာသည်ကို မြင်လျှင် သူတို့က လေပူများ မှုတ်ထုတ်ကာ စိတ်အေးသွားကြဟန် တူသည်။ သူတို့က လျင်မြန်စွာပင် ဝန်ကြီးချုပ်ကျိုအား နှုတ်ဆက်လိုက်ကြ၏။
“မင်းသမီးလေး ဘယ်မှာလဲ…” ဝန်ကြီးချုပ်ကျိုက မေးလိုက်သည်။
“ဝန်ကြီး ဒီမှာ မရှိတဲ့အချိန် မင်းသမီးလေးက ချင်းကျူ ကျောင်းတော်မှာ နေထိုင်ပါတယ်…” တစ်ယောက်က ပြောလိုက်သည်။
“ဒီမိန်းကလေးတော့ ပေါက်ကရတွေ လုပ်နေတော့မှာပဲ…” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်။ သူက ရှေ့ကို လျှောက်သွားလိုက်ကာ ချင်းကျူ ကျောင်းတော်ထဲသို့ ဝင်သွားလိုက်သည်။
အနီရောင်ဝတ် မိန်းကလေးမှာ နန်ဒူနိုင်ငံ၏ မင်းသမီးလေး ဖြစ်သည်။ ယခု သူမမှာ သိုင်းပညာ ကျောင်းဆောင်တွင် နေထိုင်သည်။ လူအများအပြားလည်း ထိုနေရာတွင် ရှိနေသည်။ ရီဖူရှင်းက အထဲကို ဝင်လိုက်လျှင် သူ ချင်ယီအား မြင်လိုက်ကာ လှမ်းခေါ်လိုက်သည်… “အစ်မချင်…”
“ရီဖူရှင်း…” ရီဖူရှင်းအား မြင်လျှင် သူမ အံ့သြသွားသည်။
“ကျွန်တော် အစ်မချင်ကို သွားရှာသေးတယ်… ဒီကို ဘာလို့ ရောက်နေတာလဲ…” ရီဖူရှင်းက မေးလိုက်သည်။ ထိုစကားကို ကြားလျှင် ချင်ယီ သူမ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
“ဆရာ… ပြန်လာပြီလား… ဒီက အစေခံက လူတွေကို ဘယ်လို ပြုစုရမယ်ဆိုတာ နားမလည်ဘူး… ကျွန်မ အခု ပြန်လို့ရပြီ…” မိန်းကလေး လျှောက်လာသည်။ သိုင်းပညာ ကျောင်းဆောင်မှ အကြီးအကဲ အများအပြား ထိုနေရာတွင် ရှိနေသည်။
သူတို့အားလုံး ရီဖူရှင်းကို မြင်လျှင် အံ့အားသင့် ထိတ်လန့်သွားကြသည်။ သို့သော် ရီဖူရှင်း၏မျက်လုံးက အေးစက်သွားသည်။
အစေခံတဲ့လား…။
***