အပိုင်း(၆၉)

ငါ့မိသားစုနာမည် ဒွန်ဟောင်

ရီဖူရှင်းက ဒွန်ဟိုင်ကျောင်းတော်၏ ဝင်ပေါက်ကို ရောက်ရှိသောအခါ ဝန်ကြီးချုပ်ကျိုကား သူ့အား စောင့်နေပြီဖြစ်၏။

မိန်းကလေးက သူ့အား မြင်သည်နှင့် ပြောလိုက်သည်… “ငါတို့ နောက်တစ်ပွဲ တိုက်ရအောင်…”

ရီဖူရှင်း ပြောစရာစကား ရှာမရတော့။ သည်မိန်းကလေးက ရှုံးနိမ့်ရသည်ကို သဘောကျသလား သူတွေးလိုက်သည်။

“မတိုက်ဘူး…” သူ ဖြေလိုက်သည်။ ရီဖူရှင်းက သူမအား တစ်ချက် ကြည့်လိုက်သည်။

“ဒီအကြည့်က ဘာကို ဆိုလိုချင်တာလဲ…” ရီဖူရှင်း၏ကြည့်သော ပုံစံအား မြင်ကာ သူမက ဒေါသတကြီး မေးလိုက်သည်။

“ငါတို့ နောက်တစ်ခေါက် တိုက်ခိုက်ရင် နင်ငိုသွားမှာ ငါစိုးရိမ်တယ်…” ရီဖူရှင်းက ပြောလိုက်သည်။ သူကား မိန်းမများနှင့် မည်သည့်အခါမှ မတိုက်ခိုက်တော့ဟု ဆုံးဖြတ်ချက် ချထားသည်။

“နင်…” မိန်းကလေးက သူ့အား လက်ညှိုးထိုးလိုက်သည်။

“တော်ပြီ… မင်းသမီးလေး… သွားရအောင်… လမ်းတစ်လျှောက်လုံး မြန်မြန် သွားခိုင်းတာ ဘယ်သူလဲ…” ဝန်ကြီးချုပ်ကျိုပင်လျှင် မိန်းကလေးနှင့် ပတ်သက်၍ လက်မှိုင်ချရဟန် တူသည်။

“နင်စောင့်နေ… ရီဖူရှင်း…” ထို့နောက် သူမက ဝန်ကြီးချုပ်ကျို၏ဘက်သို့ လှည့်ကာ ပြောလိုက်သည်…” ဆရာ… သူ့ကို ကျွန်မရဲ့ သက်တော်စောင့်အနေနဲ့ လိုချင်တယ်…”

“ကျွန်တော်…” ရီဖူရှင်း ထိတ်လန့်သွားသည်။ သူက ဝန်ကြီးချုပ်ကျိုအား ကြည့်လိုက်သည်… “စီနီယာ… သူမက ဒီလိုလုပ်လို့မရဘူး… ဟုတ်တယ်မလား…”

“အရူးထမနေနဲ့တော့…” ဝန်ကြီးချုပ်ကျိုက မိန်းကလေးအား ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်… “သွားမယ်ဟေ့…” သူတို့အုပ်စု သတ္တဝါဆန်းများပေါ်သို့ တက်လိုက်ကြကာ အရှေ့ပင်လယ်ဒေသသို့ ဦးတည်၍ ထွက်ခွာလိုက်ကြသည်။

“ကျွန်မ ဂရုမစိုက်ဘူး… ဆရာ… သူ့ပါရမီနဲ့ စွမ်းရည်က အရမ်း ကောင်းတယ်ဆို… ဒါဆို သူက ကျွန်မရဲ့ သက်တော်စောင့်ဖြစ်ဖို့ ပြည့်စုံနေပြီ… သူက ကျွန်မနဲ့ အမြဲတမ်း တိုက်ခိုက်ပြီးတော့ တိုက်ပွဲ အတွေ့အကြုံယူလို့လည်း ရတယ်…” မိန်းကလေးက ဝန်ကြီးချုပ်ကျိုအား တိုက်တွန်းလိုက်ပြန်သည်။ ရီဖူရှင်းက သူမအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမက သူ့အား အဘယ်ကြောင့် ရွေးရသနည်း။

“ဒါဆို မင်းသမီးလေးက ရီဖူရှင်း လက်ခံလား မေးရလိမ့်မယ်…” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်။ ရီဖူရှင်းက ဝန်ကြီးချုပ်ကျိုအား တိတ်တဆိတ်ပင် ကျေးဇူးတင်လိုက်သည်။

မိန်းကလေးက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်ပြန်သည်… “နင်က ဒွန်ဟိုင် ကျောင်းတော်မှာထက် ငါ့ဘေးမှာ ပိုပြီး အဆင်ပြေလိမ့်မယ်…”

“မလိုဘူး…” ရီဖူရှင်းက ဟွာဂျီယူအား ပေးထားသော ကတိကို သတိရကာ ချက်ချင်း ငြင်းလိုက်သည်… “ငါ့မှာ တကယ်ကို ရည်းစားရှိတယ်…”

“နင် …” မိန်းကလေးက ရီဖူရှင်း၏ အရှက်မရှိသော ပုံစံအား လိုက်လျောညီထွေ ဖြစ်အောင် လုပ်ယူနေပုံရသည်။ ထို့ကြောင့် သူမက ရုတ်တရက် ပြုံးလိုက်သည်။ သူမက ရီဖူရှင်းအား မျက်နှာချင်းဆိုင်လျက် မေးလိုက်သည်… “နင့်ရဲ့ ချစ်သူက လှလို့လား…”

ရီဖူရှင်းက သူမ၏အပြုံးအား မြင်ကာ မည်သို့ပြောရမည် မသိတော့။ သူမ၏အမူအရာက သည်မျှမြန်မြန် မည်သို့ ပြောင်းလဲနိုင်သနည်း။ သူမကား သူမ၏နည်းလမ်းဖြင့် သူ့အား ဆွဲဆောင်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက သူမ၏နည်းလမ်းများမှာ မည်သို့မှ အရာမထင်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူကား ရိုးသားသောသူ ဖြစ်သည်။

သို့သော်လည်း ယမန်နေ့က သူပြောသော စကားများအား သူမ မှတ်မိနေသည်ကို သူ မယုံကြည်နိုင်ပေ။ ရုပ်ရည်နှင့် ပတ်သက်လျှင်ကား မိန်းမများမှာ အမှန်တကယ်ပင်…။

“နင်က အရမ်းလှတယ်… ဒါပေမဲ့… ငါ့ချစ်သူက ပိုပြီးလှတယ်…” ရီဖူရှင်းက အလေးအနက် ပြောလိုက်သည်။ ချက်ချင်းပင် မိန်းကလေး၏အပြုံးမှာ ပျောက်ကွယ်သွားပြီး သူမက ရီဖူရှင်းအား နှာခေါင်းရှုံ့လျက် ပြောလိုက်သည်… “နင်ပြောတာ ဘယ်သူယုံမှာလဲ…” သူမအား ကြည့်ရသည်မှာ ရီဖူရှင်းနှင့် စကားယှဉ်ပြောရန် နိုင်မည် မဟုတ်သည်ကို သဘောပေါက် သွားဟန်တူကာ လှည့်၍ပင် မကြည့်တော့ပေ။

ထိုသို့ မိမိကိုယ်ကို ယုံကြည်မှုမျိုးအား ကြည့်ကာ ရီဖူရှင်းက အံ့ဩရသည်။ ရီဖူရှင်းက တွေးမိသည်။ သည်မိန်းကလေးက ဟွာဂျီယူအား မြင်ဖူးပါက သည်မျှ မိမိကိုယ်ကို ယုံကြည်မှု ရှိနိုင်ပါမည်လော။

ဟွာဂျီယူက သူ၏အတွေးထဲသို့ ဝင်ရောက်လာလျှင် သူ၏မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာသည်။ ရီဖူရှင်းက သူ၏မျက်လုံးများအား ပိတ်လိုက်ပြီး ညင်သာစွာ တိုက်ခတ်လာသော လေပြည်လေညင်းများအား တိတ်ဆိတ်စွာပင် ခံစားနေလိုက်သည်။

လျင်မြန်စွာပင် သူတို့အုပ်စုက မြို့အား ကျော်လွန်၍ အရှေ့ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။ ကျယ်ပြန့်လှသော ပင်လယ်ကြီးတွင် လေများက တဟူးဟူး တိုက်ခတ်နေပြီး သင်္ဘောများက ရွက်လွှင့်နေကြသည်။ သူတို့အုပ်စု အချိန်မဆိုင်းဘဲ လမ်းကြောင်းအတိုင်း ပျံသန်းလိုက်ကြသည်။ သူတို့၏ ဦးတည်ရာကား ချင်းကျူ ကျောင်းတော် ဖြစ်ပေသည်။ နာရီပေါင်းများစွာ ကြာမြင့်သောအခါ အရှေ့ပင်လယ်၏ ကောင်းကင်ကို ကျော်လွန်၍ ကျွန်းစုလေးတစ်ခုက သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ရီးဖူရှင်းက သတ္တဝါဆန်းကြီး၏ ဦးပိုင်းတွင် ရပ်လိုက်ကာ နီးကပ်လာသော ကျွန်းကလေးအား ကြည့်လိုက်သည်။ သည်နေရာကို သည်မျှ အလျင်အမြန် သူပြန်လာရမည်ဟု လုံးဝမထင်မိခဲ့ပေ။ သည်ကျွန်းမှ ထွက်လာခဲ့သော အချိန်မှာ သိပ်ကြာမြင့်ခဲ့သည်ဟုလည်း မခံစားမိပေ။ အတွေးများစွာက သူ၏စိတ်ထဲသို့ ဖြတ်သန်း သွားလာနေကြသည်။ သူ၏စီနီယာ အစ်မချင် မည်သို့ အခြေအနေ ရှိသနည်း။ ဗိုလ်ချုပ်ချင်ကော ပို၍ အဆင်ပြေနေသလော။ ဖန်းရှင်းဇွီကော သူ့ကို သတိရနေသလော။ ထိုဖြစ်နိုင်ဖွယ်ရာများအား တွေးကာ သူ၏ အိမ်ပြန်အတွေးများက သူ့အား ပြုံးစေသည်။

နောက်ဆုံးတွင် သတ္တဝါဆန်းများက ကျွန်း၏အပေါ်သို့ ရောက်ရှိလာကြသည်။ သူတို့က မရပ်တန့်ဘဲ ချင်းကျူမြို့ရှိရာဘက်သို့ ဆက်လက် ပျံသန်းလာကြသည်။

ထိုအခိုက် မြေပြင်တစ်နေရာမှ ဘုန်းခနဲ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ရီဖူရှင်းနှင့် တခြားလူများအားလုံးက မြေပြင်အား စိုးရိမ်စွာ ကြည့်လိုက်ကြသည်။ မြေငလျင် လှုပ်ခတ်နေသည့်အလား မြေကြီးများ တုန်ခါနေပြီး ချင်းကျူမြို့မှာ ပြိုလဲ ပျက်စီးတော့မည့် အလားပင်။

“ဘာဖြစ်နေတာလဲ…” ဝန်ကြီးချုပ်ကျို၏ မျက်လုံးများက အရောင်တစ်ချက် ပြေးသွားပြီး သတ္တဝါဆန်းများက ရှေ့သို့ဆက်လက် ပျံသန်းကြ၏။ ထိုအခိုက်တွင်ပင် ကျယ်လောင်သော အသံကြီးတစ်ချက် ကြားလိုက်ရပြီး မြေပြင်မှာ တုန်ခါသွားပြန်သည်။ ချင်းကျူ မြို့သူမြို့သားများအား ကြောက်လန့်တကြား အော်ဟစ် ပြေးလွှားနေကြပြီ။ တန်ခိုးရှင်များက လေထဲသို့ ပျံဝဲတက်လာကြသလို သာမန်လူများက လမ်းများတွင် ပြေးလွှားနေကြသည်။ လူတိုင်း ထိတ်လန့် နေကြသည်။

ဘုန်း… မြေပြင်ကား အစီအစဉ်မကျဘဲ တုန်ခါနေသည်။ ရီဖူရှင်း ရင်ထိတ်သွားသည်။ သူကား ချင်းကျူ ကျောင်းတော်၏ တရားဝင်ကျောင်းသား မဖြစ်ခဲ့သော်လည်း အချိန်ကာလ တစ်ခုအားဖြင့် ပညာသင်ကြားရာ နေရာဖြစ်ခဲ့ရာ ထိုနေရာအား တစ်နည်းနည်းဖြင့် တွယ်ငြိမိသည်သာ။ ကျောင်းတော်အား တစ်စုံတစ်ခု ထိခိုက်မည်ကို သူမလိုလားပေ။

သတ္တဝါဆန်းများအား အရှိန်မြှင့်လိုက်ကြကာ ရှေ့ဆက်သွားလိုက်ကြလျှင် သူတို့ ချင်းကျူ ကျောင်းတော်သို့ ရောက်ရှိလာကြသည်။

ယခုကား ထိုနေရာ တစ်ခုလုံး အဆက်မပြတ် တုန်ခါ လှုပ်ယမ်းနေပြီ ဖြစ်သည်။ အဆောက်အဦတချို့မှာ ပြိုလဲပျက်စီးနေခဲ့ပြီ။ ကျောင်းသားများနှင့် ဆရာများက တီအန်ယွာ တောင်ကြောထံသို့ မျှော်ကြည့်နေကြ၏။ သူတို့၏နှလုံးများ တုန်ခါနေကြသည်။ ကြည့်ရသည်မှာ တီအန်ယွာတောင်တွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်နေပုံရသည်။

တီအန်ယွာတောင်… ဤသို့ဆိုလျှင် စီနီယာ လူဝံကြီး ရှိနေသောနေရာ…။ ရီဖူရှင်း၏ အမူအရာ ပြောင်းလဲသွား၏။ သည်မျှပြင်းထန်သော တိုက်ပွဲ အခြေအနေကို ကြည့်ရသည်မှာ စီနီယာ လူဝံကြီးနှင့် အမည်မသိ စွမ်းအားမြင့် တန်ခိုးရှင်တို့၏ တိုက်ပွဲ ဖြစ်ရပေမည်။

လူဝံကြီး၏ စွမ်းအားများမှာ နှိုင်းဆမရအောင် ကြီးမားလှသည်။ ဧကရာဇ် ရီချင်ပြီးလျှင် လူဝံကြီးမှာ စွမ်းအား အကြီးဆုံး ဖြစ်နိုင်ပေသည်။ သူနှင့် တိုက်ခိုက်နေသော တန်ခိုးရှင်မှာမူ မည်မျှ စွမ်းအားမြင့်မည်ကို သူမခန့်မှန်းနိုင်။ သို့သော် လူဝံကြီးနှင့် ယှဉ်တိုက်ခိုက်နိုင်သည် ဆိုပါက သူသည်လည်း ကြောက်မက်ဖွယ် ပြိုင်ဘက် ဖြစ်ရပေမည်။ ရီဖူရှင်း တဖြည်းဖြည်းဖြင့် စိုးရိမ်စိတ် ဝင်လာသည်။

“ကြည့်ရတာတော့ ငါ့မတိုင်ခင် ကြိုရောက်တဲ့သူ ရှိနေပြီ …” သူတို့အုပ်စုက တီအန်ယွာတောင်နှင့် ချင်းကျူကျောင်းတော် အကြားတွင် ရပ်လိုက်ကြသည်။ အခြေအနေအား သွားရောက် လေ့လာကြသော လူများ ပြန်ရောက်လာကာ သတင်းပို့ကြသည်။ သူတို့က ဝန်ကြီးချုပ်ကျိုအား ဦးညွှတ်လိုက်ကြသည်… “ဝန်ကြီး … အခြေအနေ မကောင်းဘူး…”

“သူ ဘယ်သူလဲ… မင်းတို့ သိလား…”

“ဒီလို စွမ်းအားမြင့်တဲ့လူ နန်ဒူနိုင်ငံမှာ မရှိဘူး…” သတင်းပေးသူက ခေါင်းယမ်းလျက် ပြောသည်။ ဝန်ကြီးချုပ်ကျိုက အနည်းငယ် တွေးလိုက်ကာ ပြန်ပြောလိုက်သည်… “မင်းတို့တွေ ဒီမှာနေခဲ့… ငါ သွားကြည့်လိုက်မယ်…”

သူက သည်ခရီးအတွက် ပြင်ဆင်ခဲ့သမျှ အသုံးဝင်ဟန် မတူတော့။ အစီအစဉ်ကား ပျက်စီးခဲ့ရပြီ။ အလွန်အမင်း စွမ်းအားမြင့်သော တန်ခိုးရှင်က သတင်းရကာ ချင်းကျူမြို့ကို ရောက်ရှိလာခဲ့ပြီ။

“ဝန်ကြီး… ကျွန်တော့်ကို ခေါ်သွားပေးလို့ရမလား…” ရီးဖူရှင်းက မေးလိုက်သည်။

“မင်းရဲ့စွမ်းရည်တွေက အားနည်းတယ်… မင်းအတွက် အန္တရာယ် များလွန်းတယ်…”

“ရပါတယ်… ကျွန်တော် အဲဒီနေရာမှာ ဘာဖြစ်နေလဲ သိချင်ရုံပါ…” ရီဖူရှင်းက ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။

“မင်းရဲ့လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ် ငါမသေချာဘူး…” ဝန်ကြီးချုပ်ကျိုက ပြောလိုက်ပြန်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်လျှင် သူတို့နှစ်ယောက် တီအန်ယွာ တောင်ပေါ်သို့ တက်လာကြသည်။

တောင်ပေါ်သို့ ရောက်လာသည်နှင့်အမျှ မြေကြီး၏ တုန်ခါမှုများက ပိုမို ပြင်းထန်လာနေ၏။ သားရဲများက ကြောက်လန့်တကြား ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ ဝန်ကြီးချုပ်ကျို၏ စွမ်းအားကြောင့် မည်သည့် သားရဲမျှ သူတို့၏လမ်းကြောင်းတွင် ဝင်မနှောင့်ယှက်ရဲကြပေ။ နောက်ဆုံးတွင် သူတို့က တုန်ခါမှု အပြင်းထန်ဆုံးသော နေရာသို့ ရောက်ရှိလာကြသည်။

“စီနီယာ…” ရီဖူရှင်းက လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကား တုန်ခါနေသည်။ သူ၏မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး သူ၏လက်မောင်းများမှ သွေးကြောများကိုပင် မြင်နေရသည်။

မော်ကြည့်လိုက်လျှင် တောင်ကုန်းများထက်ပင် မြင့်မားသော လူဝံကြီးတစ်ကောင် ရပ်နေသည်။ လူဝံကြီးကား ယခင် ရီဖူရှင်းနှင့် တွေ့စဉ်ကထက်ပင် ပိုမို ကြီးမားနေသည်။ သူ၏ဦးခေါင်းကား မိုးတိမ်များ အကြားတွင် တည်ရှိနေသည်။ သို့သော် သူကား တောင်ကုန်းများကဲ့သို့ပင် မြဲမြံစွာ ရပ်နေ၏။ လူဝံကြီး၏ခန္ဓာတွင် ရွှေရောင် သံကြိုးများက ချည်နှောင် ထိန်းချုပ်ထားပုံရသည်။ ရွှေရောင် ချိန်းကြိုးများမှလာသော အလင်းရောင်များကား နေရောင်ထက်ပင် တောက်ပနေသည်။ ချိန်းကြိုးများက ကောင်းကင်မှ နေ၍ မြေပြင်ကို ဆက်နွှယ်ထားသည့် အလားပင်။

လူဝံကြီးက စွမ်းအင်များ စုဆောင်းလျက် လက်များအား ဆန့်တန်းလိုက်သည်။ သို့သော်လည်း လူဝံကြီး၏ အဖြူရောင် အမွေးအမှင်များကား သွေးနီရောင် လွှမ်းနေလေပြီ။ သူ၏ဒဏ်ရာများက သွေးများ တသွင်သွင် စီးကျလာနေသည်။ သူက ကောင်းကင်မှ ပုံသဏ္ဌာန်တစ်ခုအား ဒေါသတကြီး ကြည့်လိုက်သည်။ ရီဖူရှင်းကလည်း သူ၏ နီရဲသော မျက်လုံးများဖြင့် ကောင်းကင်ကို ကြည့်လိုက်သည်။

ကောင်းကင်တွင်ကား လူတစ်စု ရှိနေသည်။ သူတို့ကား လေထဲတွင် ဖြန့်ကြက်လျက် နေရာယူထားကြဟန် တူသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကား ချပ်ဝတ်တန်ဆာများ အလား တောက်ပလွန်းကာ ကောင်းကင်မှ နတ်ဘုရားများအလား အောက်မေ့ရသည်။ သူတို့၏အပေါ်တွင်ကား လူနှစ်ယောက် ရှိနေပေသေးသည်။ သူတို့ကား တိတ်ဆိတ်စွာ ရပ်နေကြသည်။

တစ်ယောက်မှာ နူးညံ့ပျော့ပျောင်းကာ သန့်ပြန့်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမကား နတ်သမီးအလား အလွန် အင်မတန် ကြော့ရှင်း လှပလှသည်။ သူမမှာ အသက်ကြီးပုံ မရသေးပေ။ ရီဖူရှင်း၏ အသက်အရွယ်ခန့်သာ ရှိပေသေးသည်။ သူမ၏အသက်မှာ ငယ်ရွယ်ဟန် ရှိသော်လည်း သူမ၏ ကိုယ်ရောင်ကိုယ်ဝါကား တောက်ပလွန်းလှသည်။ သူမကား တခြားလူများထက် သာလွန်ထက်မြက်ရန် မွေးဖွားလာသကဲ့သို့ပင်။

သူမ၏ပုံစံက အခြေအနေကို ကျေနပ်နှစ်သိမ့်ပုံရ၏။ သူမ၏ဘေးတွင် ရပ်နေသူမှာကား နတ်ဘုရား စစ်သူကြီး၏ ဟန်ပန် အမူအရာများ ရှိနေသည်။ သူ၏စွမ်းအင် စက်ကွင်းက မိန်းမပျိုအား ကာကွယ်ထားဟန် ရှိသည်။ ဝန်ကြီးချုပ်ကျို၏တပည့် မိန်းကလေးနှင့်ယှဉ်လျှင် သည်မိန်းကလေးမှာ ပို၍ လှပကြော့ရှင်းလှသည်။

အမှန်တကယ်တွင် နတ်သမီးကဲ့သို့သော ဟွာဂျီယူပင်လျှင် သည်နေရာတွင် ရှိနေပါက သည်မိန်းကလေးအား လှပကြော့ရှင်းမှုတွင် အနိုင်ရမည့်ဟန် မရှိပေ။ ရုပ်ရည်သွင်ပြင်တွင် မိန်းကလေးနှစ်ယောက်မှာ တူညီနိုင်သော်လည်း နူးညံ့သိမ်မွေ့မှုတွင် ဟွာဂျီယူပင်လျှင် သည်မိန်းကလေးအား ယှဉ်နိုင်ဖွယ် မရှိပေ။ ဟွာဂျီယူမှာ နတ်သမီးကဲ့သို့သော လှပချောမွေ့သူ ဖြစ်ပါက သည်မိန်းကလေးမှာ ကောင်းကင်မှ နတ်သမီးဟု သတ်မှတ်နိုင်ပေသည်။

ထိုစဉ် ရုတ်တရက် လူဝံကြီးက ရီဖူရှင်း ရောက်ရှိလာသည်ကို ခံစားမိဟန်တူကာ ရီဖူရှင်း ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။ လူဝံကြီးက ရီဖူရှင်းအား ဝန်ကြီးချုပ်ကျိုက ဖမ်းဆီးထားသည်ဟု အထင်လွဲသွားပုံရသည်။ သူ၏ဒေါသမျက်ဝန်းများဖြင့် ဝန်ကြီးချုပ်ကျိုအား သတ်ဖြတ်လိုသော စိတ်ဖြင့် မီးပွင့်မတတ် ကြည့်လိုက်သည်။

ကျယ်လောင်သော ဟိန်းသံတစ်ချက် ထွက်လာသည်။ ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားသလို ထင်ရကာ နှင်းများ ဖုံးလွှမ်းသွားသည်။ လူဝံကြီးက သူ၏လက်များအား မြှောက်လိုက်ပြီး ဝန်ကြီးချုပ်ကျိုအား တိုက်ခိုက်ရန် ပြေးဝင်လာ၏။ ဝန်ကြီးချုပ်ကျို၏ မျက်နှာ ပြာနှမ်းသွားသည်။ သူ၏ခန္ဓာမှာ ရေခဲများအကြား ပိတ်နှောင်ခံထားရသလို ခံစားနေရသည်။

“စီနီယာ…” ရီဖူရှင်းက ဝန်ကြီးချုပ်ကျို၏ ရှေ့သို့ ခုန်ထွက်လိုက်သည်။ လူဝံကြီးက ဝန်ကြီးချုပ်ကျိုက သူ့ဆန္ဒမပါဘဲ ထိန်းချုပ်ထားသည်ဟု အထင်လွဲသွားသည်ကို သိလိုက်သည်။

လူဝံကြီး၏ လက်ဝါးရိုက်ချက်က ကျယ်လောင်သော အသံနှင့်အတူ ဝန်ကြီးချုပ်ကျိုနှင့် ရီဖူရှင်းတို့အား လွင့်စဉ်သွားစေသည်။ ချိန်းကြိုးက တစ်ဖန် တင်းမာလာပြန်ကာ လူဝံကြီးအား နောက်ကို ပြန်ဆွဲလိုက်လေသည်။

ဝန်ကြီးချုပ်ကျိုနှင့် ရီဖူချင်းတို့က မြေပေါ်မှ ပြန်ထရပ်လိုက်ကြ၏။ ထိုစဉ် ကောင်းကင်မှ လူများက သူတို့နှစ်ယောက်အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်ကြသည်။ နတ်ဘုရား စစ်သူကြီးကဲ့သို့သော သူက သူတို့အား ပြောလိုက်သည်… “ဒူးထောက်စမ်း…” သူ၏အသံကား အရှိန်အဝါကြီးကာ မောက်မာ ဝင့်ကြွားလွန်းလှသည်။

“နှုတ်ဆက်ပါတယ်… ကျုပ်က နန်ဒူနိုင်ငံရဲ့ ဝန်ကြီးချုပ်ပါ… ခင်ဗျားတို့က ဘယ်သူလဲ သိပါရစေ…” ဝန်ကြီးချုပ်ကျိုက လက်သီးနှင့် လက်ဝါးဆုပ်ကာ ဦးညွှတ်လျက် မေးလိုက်သည်။

နတ်သမီးကဲ့သို့သော မိန်းကလေးက ငုံ့ကြည့်ကာ ပြောလိုက်သည်… “ငါ့မိသားစုနာမည်က… ဒွန်ဟောင်…”

ဝန်ကြီးချုပ်ကျို၏ ဒူး မြေကြီးနှင့် ထိရိုက်သံ ထွက်လာသည်။ သူက မြေပြင်သို့ ဝပ်တွား၍ ဦးချလိုက်သည်။ တစ်ဖက်လူက စွမ်းအားမြင့်ခြင်းကြောင့် သည်ကဲ့သို့ ပြုမူသည် မဟုတ်ဘဲ သူမ၏ မျိုးရိုးနာမည်မှာ ဒွန်ဟောင် ဖြစ်သောကြောင့်ပင်။

သူမ၏မျိုးရိုးနာမည်မှာ ဒွန်ဟောင် ဖြစ်သည်။

ဟောကိန်းကား ပြီးမြှောက်ခဲ့လေပြီ။ ဝန်ကြီးချုပ်ကျိုက မိမိကိုယ်ကို တွေးလိုက်သည်။ သူ၏ကျောမှ ကြက်သီးများ ထလာသည်။ သည်နေရာကို သူအသက်စွန့်၍ လာရောက်ရသည့် အကြောင်းအရင်းမှာ သူက မိမိ၏အနာဂတ်အား ကိုယ်တိုင် တွက်ချက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဟောကိန်းအရ သည်ခရီးမှာ အန္တရာယ် မရှိပေ။ အနှစ်ချုပ်ရလျှင် သူက သည်ခရီးတွင် ဧကရာဇ် ဖြစ်လာမည့်သူကို တွေ့ရမည်ဖြစ်သည်။ သူ၏ဟောကိန်းအရ ဧကရာဇ်ဖြစ်ရန် ဟောကိန်းမှာ နန်ဒူနိုင်ငံ၏ ဧကရာဇ်မဟုတ်ဘဲ ကောင်းကင်ဒေသတစ်ခုလုံး၏ ဧကရာဇ်မှန်း သူလုံးဝ မမျှော်လင့်မိခဲ့ပေ။

ရီဖူရှင်းမူကား ဒူးမထောက်ပေ။ သူက ကောင်းကင်အား မော်ကြည့်လိုက်သည်။ သူကား မားမားမတ်မတ် ရပ်နေသည်။ ထိုအခိုက်တွင် သူကား ယခင်ကထက်ပင် တည်ငြိမ်နေ၏။ သူ၏မျက်လုံးများက သူမ၏မျက်လုံးနှင့် သွားဆုံသည်။ သူတို့က အနာဂတ်အား အတူတူ မျှဝေထားသည့်အလား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset