အခန်း(၅)

ဧကရာဇ်လမ်းစဉ်

အခန်း (၅)  :  ဧကရာဇ်လမ်းစဉ်

ဝမ်ဝေ့ မွေးဖွားလာပြီး မြင်ကွင်း ရပ်တန့်သွားသည့်အချိန် အဖေဖြစ်သူ ဝမ်ထျန်းက သူ့သားအား အပြေးအလွှား လာကြည့်လေသည်။ ထို့နောက် သူ့ဇနီးက ဉာဏ်ပညာကြီးမားကာ ကြည်လင်တောက်ပနေသည့် မျက်ဝန်းအစုံနှင့် ကလေးလေးကို ပွေ့ချီထားသည်ကို မြင်လိုက်ရသည်။ သူက သူ့ဇနီးနှင့် မွေးဖွားလာခါစ သားဖြစ်သူတို့ကို ကြည့်လိုက်သည်။

သူ့ဇနီးဖြစ်သူက မီးဖွားပြီးခါစ ဖြစ်သော်လည်း အားနည်းနေခြင်းမျိုး မရှိပေ။ သူမကလည်း သူမခင်ပွန်းဖြစ်သူလောက် အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ သူမက ကလေးလေးကို ပျော်ရွင်စွာ ထွေးပွေ့ထားရင်း ချော့မြူနေသည်။

“ ယောက်ျားရေ ကျွန်မတို့သားကို ဘယ်လိုနာမည်ပေးကြမလဲ ”

ဝမ်ထျန်းက တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

“ ဒါက အကြံကောင်းတော့ မထင်ဘူး။ အဖေကို ခေါ်ပြီး သားအတွက် နာမည်ပေးခိုင်းရင်ရော … ”

“ ဒါပေမဲ့ အဖေက အကြီးအကဲချုပ် ဂူမှာ ကျင့်ကြံနေတာ နှစ်အများကြီးရှိနေပြီ။ အခုအထိ ထွက်မလာသေးဘူးလေ။ သူ့ကို နှောင့်ယှက်ဖို့ သင့်တော်ပါ့မလား ”

ဝမ်ထျန်းက သူ့ဇနီးဖြစ်သူ စကားများကို စဉ်းစားလိုက်ပြီးနောက် မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ သူအဖေက နှစ်ရာချီ ကြာမြင့်အောင် ကျင့်ကြံနေသည် ဖြစ်ရာ သူ့သားနှင့် ဆက်သွယ်ဖို့ ရံဖန်ရံခါမှ ထွက်လာတတ်သည်။

ဝမ်ထျန်းက သူ့သားနာမည်အား သူ့ဘာသာ ရွေးပေးဖို့ ဆုံးဖြတ်တော့မည့်ဆဲဆဲတွင် တာအိုအခွင့်အလမ်းဂိုဏ်းတစ်လျှောက် လွှမ်းမိုးနိုင်သည့် ရယ်သံတစ်သံ ပဲ့တင်ထွက်လာသည်။

သိပ်မကြာခင် အသက်ကြီးကြီး လူတစ်ဦးက မီးဖွားခန်းထဲ ဝင်လာသည်။

ထိုအမျိုးသားက အသက်အရွယ်ရကာ ပိုစွမ်းအားကြီးသည့်ပုံကလွဲ၍  ဝမ်ထျန်းနှင့် ဆင်ပေသည်။ ဂိုဏ်းချုပ်က ထက်ရှသည့် ဓားတစ်ချောင်းသဖွယ် ခံစားချက်ပေးစွမ်းလျှင် သူ့ဖခင်ဖြစ်သူက လွှမ်းမိုးနိင်သည့် အာဏာရှင်တစ်ယောက် အငွေ့အသက်မျိုး ပေးစွမ်းသည်။

သူ့ကို တွေ့လိုက်ရသည့် ပထမဆုံး ခံစားချက်မှာ “ငါ့ဆီ ဦးညွှတ်ရင် မင်း ချမ်းသာမယ်။ ငါ့ကို ဆန့်ကျင်ရင် ပျောက်ကွယ်သွားရမယ် ” ဟု ပြောနေသကဲ့သို့ ဖြစ်၏။

ဂိုဏ်းချုပ်ဝမ်က သူ့ဖခင်ကို မြင်လိုက်ရသည့်အခါ အံ့ဩသွားလေသည်။ သူ့ဖခင်က အကြီးအကဲချုပ်ဖြစ်ပြီး ဂိုဏ်းကိစ္စများ၌ အရေးကြီးသည့် ကိစ္စမဟုတ်သရွေ့ သိပ်ဝင်မပါတော့ပေ။

သူက ဇနီးနှင့် သားဖြစ်သူတို့နှင့်အတူ အမြန် ဂါရဝပြုလိုက်သည်။

ဂိုဏ်းချုပ်ဝမ်ထျန်း၏ အဖေဖြစ်သူက သူ့သားမိသားစုအား ပျော်ပျော်ရွင်ရွင် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့မြေးလေးကို ပွေ့ချီထားရင်း ချော့မြူနေသည်။

အခန်းထဲ မိသားစုဝင်များက ပျော်ပျော်ရွင်ရွင် ဆက်ဆံနေသော်လည်း မည်သူကမှ အခန်းထဲရှိ အရိပ်ကို သတိမထားမိကြပေ။

အရိပ်က မိသားစုဝင်များနှင့် မွေးဖွားလာခါစ ကလေးကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက တစ်ခါမှ မတည်ရှိဖူးသလိုမျိုး ပျောက်ကွယ်သွားလေသည်။

သူ ရောက်လာစဉ်က မည်သူမှ သူ့တည်ရှိမှုကို သတိမထားမိသကဲ့သို့ ထွက်သွားတော့လည်း အတူတူ ဖြစ်၏။ လေတိုက်ခြင်း မရှိသလို ဖုန်မှုန့်ပင် မကျန်နေခဲ့ပေ။

အကြီးအကဲချုပ်က သူ့မြေးလေးအား ချော့မြူနေရင်း ရုတ်ချည်း ပြောလိုက်သည်။

“ အခုကစပြီး မင်းနာမည်က  ကြီးမြတ်တဲ့ ဘုရင်လို့ အဓိပ္ပါယ်ရတဲ့ ဝမ်ဝေ့ပဲ … ”

ဒီနာမည်က သာမန် ဖြစ်သော်ငြား ဝမ်မိသားစုသာ မကဘဲ တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံးမှ ဒီကလေးအပေါ် ထားရှိသည့် မျှော်လင့်ချက်တို့ ပါဝင်နေသည်။

“အဖေ … သီးသန့်ကျင့်ကြံနေတာကနေ ဘယ်လိုကြောင့် ထွက်လာတာလဲ ”

“ အဟမ်း … တောင်အနောက်မှာ ငါနဲ့ ကျန်လူအိုကြီးတွေက ငါ့ချစ်စဖွယ်မြေးလေးကြောင့် ဖြစ်လာတဲ့ မြင်ကွင်းကြောင့် နိုးထလာကြတာပဲ ”

ဝမ်ထျန်းက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ချက်ချင်း မေးလိုက်သည်။

“ တခြားဆုံးဖြတ်ချက်များ ရှိသေးလား ”

“အင်း … ငါတို့ ဝမ်ဝေ့လေးကို ဂိုဏ်းရဲ့ အမွေခံသားတော် ဖြစ်ဖို့ မဲပေးလိုက်ကြတယ်။ ငါတို့ ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒ နေရာအတွက် ယှဉ်ပြိုင်နိုင်အောင် သူ့ကို ကျင့်ကြံရေး အရင်းအမြစ်အကုန် ထောက်ပံ့ပေးကြမယ် ”

ဝမ်ထျန်းနှင့် သူ့ဇနီးဖြစ်သူတို့ နှစ်ယောက်လုံးက ထိုသတင်းကို ကြားပြီး ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့က ထိုအဓိပ္ပါယ်ကို သေချာသိလေသည်။ သူတို့သားဖြစ်သူက ဂိုဏ်းမှ ထောက်ခံမှု အပြည့်အဝကို ရရှိသွားလေပြီ။

တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး ဂိုဏ်းကြီးတစ်ခုအတွက် မြောက်များစွာသော အရင်းအမြစ်များ ရှိလေသည်။ သို့သော်လည်း ထိုအရင်းအမြစ်များကို ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများလည်း ရှိနေတတ်သည်။ သူတို့ဝမ်မိသားစုက အားအကောင်းဆုံးထဲမှ တစ်ခု ဖြစ်သော်လည်း ဂိုဏ်းတစ်ခုလုံးကို သူတို့ဘာသာ မထိန်းချုပ်နိုင်သလို ဂိုဏ်းအရင်းအမြစ်များအား မည်သူ့ဆီ ပေးမည်အား မဆုံးဖြတ်နိုင်ပေ။

တကယ်တော့ သေချာစဉ်းစားကြည့်လိုက်လျှင် ဒီဆုံးဖြတ်ချက်က အဓိပ္ပါယ်များစွာရှိလေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်အသစ် မွေးထုတ်မပေးနိုင်ခဲ့သည်မှာ နှစ်သန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ထို့အပြင် ကမ္ဘာကြီးထဲ အင်အားစု တစ်ခု သို့မဟုတ် အဖွဲ့တစ်ဖွဲ့မှ မဟာဧကရာဇ် ရှိနိုင်သည့် အရေအတွက်မှာ ကိုးယောက်သာ ဖြစ်ကြောင်း ကောလဟာလများ ထွက်ခဲ့ဖူးသည်။ ထို့နောက် ကောင်းကင်တာအိုက ထိုအဖွဲ့အား ဆယ်ယောက်မြောက် ဧကရာဇ် မွေးဖွားလာမှုကို ကာကွယ်ဖို့အတွက် ကျိန်စာတိုက်လိမ့်မည်။

တာအိုအခွင့်အလမ်းဂိုဏ်းက အမြင့်ဆုံး အရေအတွက် ရောက်သွားလေပြီ။ ထို့နောက် ဂိုဏ်းက မည်မျှကြိုးစားစေကာမူ သူတို့ မည်မျှတန်ကြေး ပေးစေကာမူ နောက်ထပ် ဧကရာဇ်ကို မပျိုးထောင်နိုင်တော့ပေ။

ထိုစဉ်ကတည်းက နှစ်သန်းချီ ကြာမြင့်သွားပြီ ဖြစ်၏။ တာအိုအခွင့်အလမ်းဂိုဏ်းက တခြားဧကရာဇ်များစွာအား မြင့်တက်လာအောင် ကူညီပေးခဲ့သော်လည်း သူတို့ဘာသာ ဧကရာဇ်တစ်ပါး မွေးမထုတ်နိုင်တော့ပေ။

ဝမ်ဝေ့၏ ဖခင်က ထိုကျိန်စာကို ချိုးဖောက်လုနီးပါး ဖြစ်ခဲ့သူ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက ကံမကောင်းခဲ့ပေ။ အတိအကျဆိုရလျှင် သူ့မျိုးဆက်တစ်ခုလုံး ကံမကောင်းခဲ့ရှာပေ။

အချိန်အတော်ကြာ ဝမ်ထျန်း ခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ ဒါပေမဲ့ အဖေ … ဝမ်ဝေ့ရဲ့ ဝိညာဉ်က ထူးခြားပေမဲ့  ထူးကဲရုပ်ခန္ဓာ မရထားဘူး။ သူတော့ အခက်အခဲအများကြီး ရင်ဆိုင်ရတော့မှာပဲ ”

ဝမ်ထျန်းနှင့် သူ့ဇနီးဖြစ်သူတို့ နှစ်ယောက်လုံးက ကလေးမွေးလာပြီးပြီးချင်း စစ်ဆေးခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူတို့က သူ့သားတွင် ထူးခြားသည့် ဝိညာဉ် ပိုင်ဆိုင်ထားသော်လည်း ထူးကဲရုပ်ခန္ဓာ မပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်။

ဝမ်ဝေ့၏ အဘိုးဖြစ်သူက ပြောလိုက်သည်။

“အဲဒီအကြောင်း စိတ်ပူမနေနဲ့။ ငါ ဟိုလူအိုကြီးတွေနဲ့ ဆွေးနွေးပြီးပြီ။ သူတို့က ဝမ်ဝေ့ကို ထူးကဲရုပ်ခန္ဓာနဲ့ မွေးဖွားလာတဲ့ တခြား ကောင်းကင်ရွေးချယ်ခံတွေနဲ့ ကွာခြားချက် မရှိရအောင် ရှေးဟောင်းသီးခြားခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံခိုင်းဖို့ သဘောတူထားတယ်”

ထိုအရာကို ကြားကာ ဝမ်ထျန်းတို့ လင်မယားက အံ့ဩသွားကြသည်။

ဇနီးဖြစ်သူက မြန်မြန် ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ အဖေ … ရှေးဟောင်းသီးခြား ခန္ဓာသန့်စင်ကျမ်းက ကျင့်ကြံဖို့ အရမ်းခက်တယ်လေ။ လူနည်းနည်းလောက်ပဲ စတင်နိုင်ကြတာ … အောင်အောင်မြင်မြင် ကျင့်ကြံဖို့ကို မပြောနဲ့ဦး ”

ရုတ်ချည်းဆိုသလို ဝမ်ဝေ့ အဘိုးဖြစ်သူဆီမှ ဖိအားပြင်းပြင်း ထွက်လာကာ အေးစက်စက် ပြောလိုက်သည်  “ အဲတော့ ဘာဖြစ်လဲ။ ဧကရာဇ်လမ်းစဉ်ဆိုတာ ခက်ခဲတယ်။ ရက်စက်တယ်။ စိတ်ပျက်အားငယ်စရာတွေလည်း အပြည့်ပဲ … ရှောင်ဝေ့သာ ဒီအခက်အခဲလေးကို မဖြတ်ကျော်နိုင်ရင် ကောင်းကင်အလိုဆန္ဒကို ထမ်းဆောင်ဖို့ ဟာသ ဖြစ်သွားမှာပေါ့ ”

မိဘနှစ်ယောက်လုံးက သက်ပြင်းချလိုက်ကြသည်။ သူတို့က အကြီးအကဲချုပ် ပြောသည်က အမှန်ဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် သူတို့က နှုတ်ဆိတ်ကာ ဒီအကြောင်း ထပ်မပြောကြတော့ပေ။

သူတို့က မိသားစုဘဝကို စတင်၍ ပျော်ပျော်ရွင်ရွင် ခံစားလိုက်ကြသည်။

……….

ရုတ်ချည်းဆိုသလို ၈ နှစ်တာ ကုန်ဆုံးသွားလေပြီ။

တောင်ပေါ် လမ်းတစ်ခု၌ ကလေးတစ်ယောက်က လူတချို့ကို ဦးဆောင်လျက် လျှောက်လာနေသည်။ သူတို့၏ အပြုအမူအရ  အစေခံများဖြစ်ကြောင်း အလွယ်တကူ ခွဲခြားနိုင်လေသည်။

ရှေ့ဆုံးမှ ကလေးငယ်လေးက အတော်လေး ချစ်ဖို့ကောင်းလှသည်။ ထူးခြားနေသည့် တစ်ခုတည်းသောအရာမှာ သူ့မျက်ဝန်း ဖြစ်၏။ သူ့အကြည့်များက အရွယ်နှင့်မမျှလောက်အောင် ရင့်ကျက်မှု၊ ဉာဏ်ပညာတို့ ရှိနေသည်။

ဒီကလေးငယ်က ဝမ်ဝေ့ ဖြစ်၏။

ဝမ်ဝေ့ မှတ်မိသည်က အဖြူရောင်အလင်းထဲ ဝါးမျိုခံရပြီးနောက် ဆက်တိုက် လည်သွားခြင်း ဖြစ်သည်။ သူ့မျက်လုံး ဖွင့်လိုက်သည့်အခါ ဧရာမ လူသုံးယောက် သူ့အား ကြည့်နေကြခြင်းသာ ဖြစ်ပြီး သူက ကလေးလေး ဖြစ်နေခဲ့သည်။

သူက တောင်ပေါ်လျှောက်သွားရင်း အတိတ် ရှစ်နှစ်လုံးအား ပြန်လည်အောက်မေ့လိုက်၏။

သူ မွေးဖွားလာပြီးနောက် ဘာသာစကားကို သင်ယူဖို့ နှစ်ရက်မျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် သူ့မိဘများနှင့် အစေခံများ၏ စကားဝိုင်းမှတဆင့် ဒီကမ္ဘာအကြောင်း သင်ယူခဲ့ရ၏။

ထို့နောက် လတချို့ကြာမြင့်ပြီးနောက် သူက စတင် လမ်းလျှောက်ကာ စကား ကောင်းကောင်းပြောတတ်ခဲ့သည်။ သူက ထိုသို့လုပ်ခြင်းက သူ့အာ ဉာဏ်ကြီးရှင်ဟု ခေါ်ဆိုကာ ချီးကျူခံရမည် ထင်ထားခဲ့သော်လည်း  အတွေးလွန်ခဲ့ခြင်းသာ ဖြစ်၏။ သူက ဂိုဏ်းထဲရှိ လူများထက် သာလွန်သော်လည်း သူ ရလိုက်သည်က ဘာမှမဟုတ်သည့် အသိအမှတ်ပြုမှုတချို့သာ ဖြစ်သည်။

နောက်ပိုင်းကျ သူက ဒီကမ္ဘာကြီးထဲ ဝိဇ္ဇာငယ်လေးများ မွေးဖွားလာကြောင်း သိခဲ့ရသည်။ သူတို့က မွေးဖွားလာသည်နှင့် စကားပြောတတ်သလို လမ်းလျှောက်တတ်ကြသည်။ သူတို့က ကမ္ဘာကြီး၏ အမှန်တရားများကို သိပြီး အခြားသူများကို ဉာဏ်အလင်းဖွင့်ပေးနိုင်ကြသည်။ သူ့အောင်မြင်မှုလေးက မရှားပါးလှပေ။

နောက်ပိုင်းကျ ဝမ်ဝေ့က ဂိုဏ်းစာကြည့်တိုက်ဆီ သွားကာ ကမ္ဘာအကြောင်း ပိုမို သင်ယူခဲ့သည်။ ဝမ်ဝေ့က ဒီကမ္ဘာသည် ကျင့်ကြံရေးကမ္ဘာတစ်ခု ဖြစ်ကြောင်း သိထားသော်လည်း အမှန်တကယ် ထိတွေ့မိသည့်အခါ စိတ်လှုပ်ရှားကာ အံ့ဩနေမိဆဲ ဖြစ်၏။

ဒီကမ္ဘာ၏ ကျင့်ကြံရေးကို နယ်ပယ်အဆင့် ဆယ်ဆင့် ခွဲထားသည်။

ခန္ဓာသန့်စင်ခြင်း၊ အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်ယစ်ပလ္လင်၊ သဘာဝလွန်၊ အံ့ဖွယ်ခန္ဓာ၊ ကမ္ဘာဦးဝိညာဉ်၊ လေဟာနယ် ကြေမွခြင်း၊ သူတော်စင်နှင့် အထွတ်အထိပ်တို့ ဖြစ်ကြသည်။

အထွတ်အထိပ် နယ်ပယ်အဆင့် ရောက်ရှိပြီးနောက်  အရည်အချင်း ပြည့်မှီသည့် ကောင်းကင်ရွေးချယ်ခံ အားလုံး တိုက်ခိုက်ကြရမည်။ အနိုင်ရရှိသူက ကောင်းကင်အလိုဆန္ဒကို သယ်ဆောင်ကာ သူတို့တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာပေမည်။

ဤသို့ဖြင့် မျိုးဆက်တိုင်းက မဟာဧကရာဇ် တစ်ယောက်သာ ရှိနိုင်လေသည်။ အနိုင်ရရှိသူက အထွတ်အထိပ်ရှင် ဖြစ်လာကာ ရှုံးနိမ့်သွားသူက ဘာမှမရပေ။

မဟာဧကရာဇ်ဆိုတာ ဘာလဲ …

မဟာဧကရာဇ်က အသင်္ချေသက်ရှိအားလုံး၏ အထက်တွင် ရှိ၏။ ဆိုလိုသည်မှာ သေခြင်းရှင်ခြင်း နှောင်ကြိုးမှ လွတ်မြောက်သွားသောကြောင့် ထာဝရရှင်သန်သူဟု ဆိုနိုင်သည်။

မဟာဧကရာဇ်တွင် အဆုံးမဲ့ သက်တမ်း ရှိထားပြီး အထွတ်အထိပ်ရှင်တွင် အများဆုံး နှစ်သန်းချီမျှသာ သက်တမ်းရှိသည်။

ဆိုလိုသည်မှာ မည်သည့် အင်အားစု၊ ဂိုဏ်း၊ နယ်မြေ၊ အင်ပါယာမှ မဟာဧကရာဇ် မွေးထုတ်နိုင်ပါစေ သူတို့က အချိန်တစ်ခုအထိ တစ်ကမ္ဘာလုံးကို ချုပ်ကိုင်နိုင်လေသည်။

သို့သော်လည်း ကိစ္စများက ပြောရသည်လောက် မရိုးရှင်းပေ။

ဧကရာဇ်တိုင်းက ခဏကြာပြီးနောက် ပျောက်ကွယ်သွားကြပြီး နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းရသည်။ တချို့က တစ်ကမ္ဘာလုံးကို ထာဝရအုပ်စိုးလိုလျှင်ပင် ဘယ်တော့မှ မအောင်မြင်ကြပေ။

သူတို့ ဘယ်လိုဖြစ်သွားတယ် … ဘယ်ပျောက်သွားတယ်တော့ မည်သူမှ မသိပေ။

ဒီလောကက နက်နဲလှ၏။


Comment

Leave a Reply

Options

not work with dark mode
Reset