ဒွန်ဟိုင်ကျောင်းတော်၏ အလှဆုံး မိန်းကလေးဖြစ်သူ ဟွာဂျီယူ၏ စကားများကြောင့် မည်မျှ လှိုင်းထန်သွားသည်ကို သင် တွေးကြည့်နိုင်သည်။ ထိုအရာကား ကြယ်စင်ဧကရာဇ် ကျောင်းတော်မှ ပါရမီရှင် မူယွန်ချန်အတွက် ပါးရိုက်ခံရချင်းနှင့် အတူတူပင်။ သူ့အတွက် မည်သည့် ဂုဏ်သိက္ခာမှ မကျန်တော့ပေ။ သူမ အမှန်တကယ် ချစ်မြတ်နိုးရသူအား ထိခိုက်စေနိုင်သော ကောလာဟလများကြောင့် ဟွာဂျီယူကား အမှန်တကယ်ပင် ဒေါသထွက်သွားပုံရသည်။
ဒွန်ဟိုင်ကျောင်းတော်မှ လူများက ယခုအချိန်အတွင် မူယွန်ချန်၏ ခံစားချက်များအား ခန့်မှန်းနိုင်သည်။ သို့တိုင်အောင် သူတို့က ဟွာဂျီယူ၏ချစ်သူနှင့် ပတ်သက်၍ ပိုမို သိလိုစိတ် ပြင်းပြနေကြသည်။
ဟွာဂျီယူကဲ့သို့သော အလှနတ်သမီးပင်လျှင် သူ့အကြောင်းအား ပြောလိုက်လျှင် သည်မျှလှပစွာ ပြုံးမိနိုင်အောင် လုပ်နိုင်သူမှာ မည်သူနည်း။ မူယွန်ချန်ပင်လျှင် ယှဉ်နိုင်စွမ်းမရှိသောသူမှာ မည်သူနည်း။ ဒွန်ဟိုင်ကျောင်းတော်မှာ သူ့လိုလူ အမှန်တကယ် ရှိနေနိုင်သလော။ မည်သို့ပင်ဆိုစေ မူယွန်ချန်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ နံပါတ်တစ် ပါရမီရှင် မဟုတ်ပါလား။
ထိုအချိန်တွင် ဟွာဂျီယူ ရည်ညွှန်းသောသူမှာ ကျောင်းဆောင် တစ်နေရာတွင် ကု့ချင်း တီးခတ်နေ၏။ သူကား ဂီတထဲတွင် နေ့မှ ညတိုင်အောင် နစ်မျောနေခဲ့သည်။ သူ၏ဆရာဘိုးဘိုးမှာ ကု့ချင်းပညာတွင် အမှန်တကယ် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ပညာရပ်မှာ ထိပ်ဆုံးတွင်ရှိသည်။ ဟွာဖန်းလူမှာ မည်သို့မျှ မယှဉ်နိုင်ပေ။ သူက ဂီတသင်္ကေတများအား အသုံးပြု၍ တခြား ကျောင်းဆောင်များမှ မှော်သိုင်းကွက်များအား ပုံစံတူ ပြန်လည် အသုံးပြုနိုင်အောင် အစွမ်းထက်လှသည်။ ပိုပြောရလျှင် သူဖန်တီးလိုက်သော မှော်သိုင်းကွက်က မူရင်း မှော်သိုင်းကွက်ထက်ပင် စွမ်းအား မြင့်နေသေးသည်။ ထိုပညာရပ်များမှာကား ဟွာဖန်းလူ သင်ပေးသော ပညာရပ်များထက် အဆမတန် နက်ရှိုင်းလှသည်။ သူ၏ဆရာပင် သည်ပညာရပ်များအား သင်ယူခဲ့ပုံ မပေါ်ပေ။
ညကောင်းကင်ကား မင်နက်ရည်ထက်ပင်လျှင် မည်းမှောင်လှသည်။ သို့သော် လမင်း၏ အလင်းရောင်အောက်တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကား ပို၍ပင် ခမ်းနားလှပနေသည်။ အဆောင်ငယ်တစ်ခုမှ ဂီတသံများ ထွက်ပေါ်လာနေသည်။ လူငယ်တစ်ယောက် ကျောက်တုံး ခုံတန်းလေးတွင် ထိုင်ကာ ကု့ချင်းတီးခတ်နေသည်။ သူ၏ဘေးတွင် လှပသော မိန်းမပျိုတစ်ယောက်က ဂီတသံအား တိတ်ဆိတ်စွာ နားဆင်နေသည်။ ထိုမြင်ကွင်းကား လှပကာ အေးချမ်းလှသည်။
အတန်ကြာလျှင် ဂီတသံ ရပ်တန့်သွားသည်။ ကောင်လေးက မိန်းမပျိုအား ညင်သာစွာ ကြည့်ကာ ပြောလိုက်သည်… “မြေခွေးမ… အနားယူဖို့ အချိန်ကျပြီ…”
“မဟုတ်ဘူး… ငါနင်နဲ့အတူတူ ရှိနေချင်တယ်…” ဟွာဂျီယူ၏မျက်လုံးများကား ရေစင်ကဲ့သို့ ကြည်လင်လှသည်။ သူမက ပြုံးလျက် ခေါင်းခါလိုက်သည်။
“ဒါဆို ငါနင်နဲ့ အတူတူလိုက်ပြီး အနားယူမယ်လေ…” ရီဖူရှင်းက ပြောလိုက်သည်။
“မရဘူး…” ဟွာဂျီယူ ပြုံးလိုက်သည်။ သည်ကောင်ဆိုးလေးက မည်သို့သော အရာများအား တွေးနေသနည်း။
“ဟမ် … နင်က ငါ့မိန်းကလေး မဟုတ်သေးဘူး…” ရီဖူရှင်းက ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။
“ဒီလိုလိမ်နည်းက အလုပ်မဖြစ်ဘူး…” ဟွာဂျီယူက ပြုံးလိုက်သည်။ သူကား အမြဲတမ်း သနားစရာပုံစံ ဟန်ဆောင်လေ့ရှိသည်။
ထိုသို့ပြောသော်လည်း သူမက အသာအယာ လဲလျောင်းကာ ရီဖူရှင်း၏ ပေါင်ပေါ်တွင် ခေါင်းအုံးလိုက်သည်။ ဒွန်ဟိုင်ကျောင်းတော်မှ မာနကြီးကာ နတ်သမီးကဲ့သို့ လှပသော မိန်းကလေးမှာ ယခုကား သာမန်ချစ်သူ မိန်းကလေးတစ်ယောက်သာ။ သူမကား သိမ်မွေ့နူးညံ့လှသည်။
“ကြည့်ရတာတော့… အလုပ်လုပ်သားပဲ… ရီဖူရှင်းက သူ၏ပေါင်ပေါ်မှ လှပသော မိန်းကလေးအား ကြည့်လိုက်သည်။ သူမ၏ ရှည်လျားလှသော ဆံနွယ်များက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော်လည်း သူမ၏ အလှတရားအား ထိခိုက်ဟန်မရှိပေ။ သူက သူမ၏နဖူးလေးအား တစ်ချက် နမ်းလိုက်သည်။ သူ၏မျက်လုံးများက နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေ၏။ ဟွာဂျီယူက ချိုမြစွာ ပြုံးလိုက်သည်။ ဟွာဂျီယူက တိုးတိုးလေး ပြောလိုက်သည်…” ဟိုဟိုဒီဒီ တွေးမနေနဲ့… ဆက်ပြီး လေ့ကျင့်နေ… ငါဒီမှာပဲ အနားယူတော့မယ်…”
ရီဖူရှင်းက ဟွာဂျီယူအား အပြစ်ကင်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်… “မြေခွေးမ… နင် အဲဒီလိုနေတော့ ငါ လေ့ကျင့်လို့ ရမယ်ထင်လား…”
“ငါဂရုမစိုက်ဘူး… ငါ ခဏလောက်အိပ်မယ်…” ဟွာဂျီယူက ကျေနပ်စွာ ပြုံးလိုက်ပြီး သူမ၏မျက်လုံးများအား မှိတ်လိုက်သည်။
“ဟင်း… ဉာဏ်များတဲ့ မြေခွေးမလေး…” ရီဖူရှင်းက ကံဆိုးမိုးမှောင်ကျသလို ခံစားလိုက်ရသော်လည်း သူ၏ကု့ချင်းကို ဆက်လက် တီးခတ်လိုက်သည်။
ရီဖူရှင်း ယခုအချိန် ဝမ်းနည်းနေသည်ကို ဒွန်ဟိုင်ကျောင်းတော်မှ တစ်ယောက်ယောက်က သိခဲ့ပါလျှင် သူတို့က ရီဖူရှင်းအား မသေမချင်း ပါးရိုက်ကြမည် ထင်သည်။
ဂီတ၏သံစဉ်များကား အေးချမ်းလှရာ မကြာခင်ပင် ဟွာဂျီယူမှာ အမှန်တကယ် အိမ်ပျော်သွားလေသည်။ ရီဖူရှင်းက မိန်းကလေးအား ငုံ့ကြည့်လိုက်သည်။ သူမ၏မျက်ခုံးများမှာ ရှည်လျားကာ လှပသည်။ သူမကား အိပ်ပျော်နေလျက်ပင် ပြုံးနေသေးသည်။ ထိုအိပ်ပျော်နေသော နတ်မိမယ်လေးအား ကြည့်ပြီး ရီဖူရှင်းလည်း ပြုံးလိုက်သည်… “မြေခွေးမ… နင်မကောင်းလိုက်တာ…” ထို့နောက် သူက သူ၏ခေါင်းအား မော့ကာ တစ်ဖန် ကု့ချင်းအား ဆက်လက် တီးခတ် နေလိုက်တော့သည်။
ဂီတကား တစ်ညလုံး ဆက်လက် ပျံ့လွင့်နေသည်။ ထိုညတွင် ရီဖူရှင်းက သူ၏စွမ်းအင်များ ပြောင်းလဲမှုတချို့ကို သတိထားမိလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာသည်။ ဤရက်ပိုင်းအတွင်းက သူကား ကောလာဟလများကြောင့် အတော် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သို့သော် ယနေ့ညတွင်ကား ယခင်နေ့များထက် သက်သောင့်သက်သာ ဖြစ်ကာ အေးချမ်းမှုကို ခံစားရသည်။ ဂီတသံစဉ်များ တီးခတ်နေရင်းက သူမသိလိုက်စဉ်မှာပင် သူကား စိတ်စွမ်းအင် အဆင့်တက်သွားပြီ ဖြစ်၏။ ယခု သူကား သိုင်းပညာတွင် သာမက မှော်ပညာတွင်လည်း ကောင်းကင်ကြယ်လေးပွင့် အဆင့်ဖြစ်နေလေပြီ။
တိတ်ဆိတ်ငြိမ်သက်သော မနက်ခင်းအား ခေျာင်းဟန့်သံတစ်ချက်က ဖြိုခွင်းလိုက်သည်။ အဘိုးအိုက သူ့အား လျှောက်လာသည်ကို ရီဖူရှင်း မြင်ရသည်။ ဟွာဂျီယူက မျက်လုံးအား ဖွင့်လိုက်ပြီး လျင်မြန်စွာ ထရပ်လိုက်သည်။ သူမ၏မျက်နှာကား ရှက်သွေးများကြောင့် နီရဲသွားသည်။
“ဆရာဘိုးဘိုး …” “ဟွာဂျီယူက သူမ၏ခေါင်းအား ငုံ့လျက် ခေါ်လိုက်သည်။ သူမ၏အသံတွင် ရှက်ရွံ့မှုအား အတိုင်းသား ပေါ်လွင်နေသည်။
“ငယ်ရွယ်တာလည်း ဆုလာဘ်တစ်ခုပါပဲလေ…” အဘိုးအိုက သူတို့နှစ်ယောက်အား ပြုံးကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကား ပြီးပြည့်စုံသော စုံတွဲဖြစ်သည်။ သူတို့အား ကြည့်ကာ သူတို့၏သန့်စင်သော ခံစားချက်များအား သူ သိရှိခံစားရသည်… “မင်းတို့က ဒီလိုပဲ တစ်သက်လုံး ချင်ခင်သွားနိုင်ဖို့ ငါမျှော်လင့်တယ်…” သူက ပြုံးလျက် ချီးမြှောက်လိုက်သည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများကား ပျော်ရွှင်သောဟန် ရှိနေသည်။
“ဆရာဘိုးဘိုး … ကျွန်တော်တို့ တစ်သက်လုံး ချစ်ခင်သွားမှာပါ…” ရီဖူရှင်းက ပြောလိုက်သည်။
“မင်းရဲ့ တန်ခိုးကျင့်စဉ်တွေမှာလည်း ပျင်းနေလို့မရဘူး…” အဘိုးအိုက ပြောလိုက်သည်။ ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူက ဆက်လက်၍ လေ့ကျင့်လိုက်သည်။ ဟွာဂျီယူက ထိုနေရာတွင် ဆက်လက် ထိုင်ကာ တန်ခိုးကျင့်လိုက်သည်။
“ဟန်မိုက စီနီယာကို လာရောက် တွေ့ဆုံပါတယ်…” အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။
အဘိုးအို၏အပြုံး ပျောက်ကွယ်သွားသည်။ သူက ထူးမခြားနားစွာ ပြောလိုက်သည်… “ဝင်လာခဲ့…” သူက ထိုသို့ ပြောလိုက်သည်နှင့် လူအချို့ ဝင်ရောက် လာကြသည်။ ပထမဆုံး ဝင်လာသူကား ရီဖူရှင်း ယခင်တွေ့ဖူးသော ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အကြီးအကဲ ဖြစ်သည်။
“စီနီယာ… နေကောင်းလား…” ဟန်မိုက ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်။
“ဘာလိုလို့လဲ…” အကြီးအကဲချင်က မေးလိုက်သည်။
“သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး… ရီဖူရှင်းက ဒီမှာ လေ့ကျင့်နေတယ်ကြားလို့ တစ်ခေါက်လောက် လာကြည့်တာ…” ဟန်မိုက ပြောလိုက်သည်။ သူ၏အကြည့်က ရီဖူရှင်းထံ ရောက်သွားသည်… “နောက်ဆုံးအကြိမ် ငါက မင်းကို ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို လာလည်လို့ရတယ် ပြောခဲ့တယ်… မင်းလာတော့ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ…”
“ကျွန်တော်က ကျောင်းအုပ်ယိနဲ့ လာခဲ့တာပါ… ဆရာကြီးကို အသိမပေးခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဒါက အဆင်ပြေပါတယ်… မင်းက ငါ့ရဲ့စီနီယာနဲ့ လေ့ကျင့်နေမှတော့ ဒီကျောင်းဆောင်ကို ဘာလို့ မဝင်တာလဲ…” ဟန်မိုက ပြုံးလျက် မေးလိုက်သည်။
ရီဖူရှင်းက မချိပြုံးပြုံးကာ ခေါင်းယမ်းလိုက်သည်…” ဆရာကြီးက ရယ်စရာပြောနေပြန်ပြီ… ကျွန်တော်က လာဘ်လာဘကျောင်းဆောင်ကို ဝင်ထားပြီးပြီ… တကယ်လို့ ကျွန်တော်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို ဝင်ခဲ့ရင် ကျွန်တော်က သစ္စာဖောက် ဖြစ်သွားမှာပေါ့… ဆရာကြီးက ဒီလို ကျောင်းသားကို လက်ခံနိုင်ပါ့မလား…”
“ဒါမှန်တယ်…” ထိုအကြီးအကဲက ခေါင်းညိတ်၍ ပြောလိုက်သည်… “ဒါပေမဲ့ မင်းက ဒီကျောင်းဆောင်ဝင် မဟုတ်တာကြောင့် စည်းမျဉ်းစည်းကမ်းအရ ဒီမှာ အကြာကြီး နေလို့မရဘူး…”
ထိုစကားများအား ကြားလျှင် ရီဖူရှင်း၏မျက်လုံးမှ အရိပ်တချို့ ဖြတ်ပြေးသွားသည်။ သူက ထိုအဘိုးအို၏အပြုံးအား ကြည့်လိုက်သည်။ ထို့နောက် သူ၏နောက်မှ မူယွန်ချန်အား ကြည့်လိုက်၏။ ဟန်မို တစ်ခုခု ကြံစည်နေသည်ကို သူသိသည်။ လျိုနန်းတော်တွင် သူ့အား သတိပေးခဲ့သောသူမှာ ဟန်မို မဖြစ်နိုင်တော့ပေ။
“ငါက သူ့ကို ဒီမှာခေါ်ပြီး လေ့ကျင့်စေတာ မင်းအတွက် ပြဿနာ ရှိနေတာလား…” အကြီးအကဲချင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါများ ပြောင်းလဲလာသည်။ သူ၏ဝတ်စုံက တဖျတ်ဖျတ် ခါလာပြီး သူ၏ဆံပင်ရှည်များက လေမတိုက်ပဲ လေထဲဝဲနေသည်။
ဟန်မိုက ချက်ချင်း ဦးညွှတ်လိုက်သည်… “စီနီယာ… ကျေးဇူးပြုလို့ စိတ်မဆိုးပါနဲ့… ကျွန်တော်က သာမန်ပြောတာပါ… ဒါပေမဲ့… အခု ပြန်တော့မယ်…” ထိုသို့ ပြောပြီး သူ အမှန်တကယ် လှည့်ပြန်သွားသည်။ တစ်ချိန်တည်းမှာပင် သူက မူယွန်ချန်အား ပြောခဲ့သည်… “ယွန်ချန်… ဂျီယူကို တောင်းပန်ခဲ့…”
“ဟုတ်ကဲ့…” မူယွန်ချန်က ဟွာဂျီယူထံ လျှောက်လာပြီး ပြောလိုက်သည်… “ကောလာဟလတွေက မင်းကို ထိခိုက်စေခဲ့တယ်… စိတ်မရှိပါနဲ့…”
“ထွက်သွား…” မူယွန်ချန်အား အေးစက်စွာ ကြည့်လျက် ဟွာဂျီယူက တင်းမာစွာ ပြောလိုက်သည်။
မူယွန်ချန်၏မျက်နှာ တောင့်တင်းသွားသည်။ သူ၏ချောမောသော မျက်နှာတွင် ရှက်ရွံ့ဟန် ပေါ်လာ၏။ အကယ်၍ ဟွာဂျီယူက ယမန်နေ့က ကောလာဟလများကို ငြင်းပယ်ရာတွင် သာမန်မျှ ပြောခဲ့လျှင် ဖြေသာသေးသည်။ ထိုကိစ္စက မူယွန်ချန်အား မည်သို့မှ ထိခိုက်မည် မဟုတ်ပေ။ သို့သော် ဟွာဂျီယူက သူ့၏ဂုဏ်သိက္ခာများအား လုံးဝ သက်ညှာမပေးခဲ့ပေ။ သူမက မူယွန်ချန်မှာ သူမ၏ချစ်သူနှင့် နှိုင်းယှဉ်ရန်ပင် အဆင့်မရှိဟု ပြောခဲ့သည်။ လူတိုင်းက သူ့အား ဟာသအနေဖြင့် မြင်သွားကြသည်။ ယခု ဟွာဂျီယူက သူ့အား သက်ညှာခြင်းမရှိဘဲ ထွက်သွားရန် တင်းမာစွာ ပြောနေသည်။
သူမ၏ဘေးမှ ရီဖူရှင်းကို ကြည့်ကာ သူမ၏ချစ်ရသူမှာ ရီဖူရှင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။
“မနေ့က ဟွာဂျီယူက ပြောခဲ့တယ်… ငါက မင်းနဲ့ ယှဉ်လို့မရဘူးတဲ့… ဒီနေ့ မင်းရဲ့ ဆရာရှိနေလို့ မနှောင့်ယှက်တော့ဘူး… ဒါပေမဲ့ နောက်ဆို ငါတို့ ပညာဖလှယ်လို့ရတာပဲ…” မူယွန်ချန်က ရီဖူရှင်းအား ယဉ်ကျေးစွာ ပြောလိုက်သည်။
ရီဖူရှင်းက ယမန်နေ့က မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိပေ။ သို့သော်လည်း မူယွန်ချန်၏ စကားလုံးများမှ ခန့်မှန်းမိသည်။ သူ မနေ့က သည်ကျောင်းဆောင်တွင် ကျန်နေခဲ့မည်ဟု ဆုံးဖြတ်ပြီးရာ ဟွာဂျီယူက သူ့အား ထပ်မံ၍ ရှောင်ဖယ်နေရန် မလိုအပ်တော့ပေ။ ထို့ကြောင့်ပင် သူမက အမှန်တရားအား ကိုယ်တိုင် ဖွင့်ပြောခဲ့ဟန် တူပေသည်။ ထိုသို့တွေးမိလျှင် ရီဖူရှင်းက ဟွာဂျီယူအား ညင်သာစွာ ပြုံးလိုက်သည်။ သူက သူမ၏လက်များအား ဆုပ်ကိုင်လိုက်ကာ မူယွန်ချန်အား ကြည့်လိုက်သည်။ မူယွန်ချန်ပြောခဲ့သည့် စကားအား ပြန်းထန်စွာ တုံ့ပြန်ခြင်း တစ်နည်းပင်။
ဤသည်ကို မြင်လျှင် မူယွန်ချန်၏ အမူအရာမှာပို၍ သက်သောင့်သက်သာ ရှိဟန်မတူတော့။
“ထွက်သွား…” ရီဖူရှင်းက ဟွာဂျီယူပြောသည့် စကားအတိုင်း အတိအကျ ပြောလိုက်ပြန်သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏သဘောအတိုင်း သူလုပ်ခဲ့ခြင်း ဖြစ်ဟန်တူသော်လည်း မူယွန်ချန်က သူ ဟွာဂျီယူနှင့် ကြိုက်နေသည်ဟု ပြောခဲ့သည်ကို သည်းမခံနိုင်ပေ။
ဟွာဂျီယူ၏ ရီဖူရှင်းအပေါ် မှီခိုအားထားမှုကို ခံစားမိကာ ရီဖူရှင်းက သည်အဖြစ်အပျက်က သူမအား အလွန် ထိခိုက်စေသည်ကို သိသည်။ သူမကား အထိခိုက်မခံနိုင်ကာ အားနည်းသွားပုံရသည်။ မူယွန်ချန်အား သည်အတွက် ပေးဆပ်ရန် သူလိုလားသည်။
“နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး…” မူယွန်ချန်က အကြီးအကဲချင်အား ဦးညွှတ်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူ၏လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရှေ့မှ ထွက်သွားသော ဟန်မိုရှိရာသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
ဟန်မို၏မျက်နှာလည်း နက်မှောင်နေသည်။ မူယွန်ချန်က သူ၏အနီးသို့ ရောက်လာလျှင် အေးစက်စွာ ပြောလိုက်သည်… “နန်ဒူမိသားစုက သူမကို ဒီနေရာသို့ တန်ခိုးကျင့်ဖို့ ခေါ်လာတယ်… ဒါပေမဲ့… ကြည့်ရတာတော့… ဘာမှဖြစ်လာမှာ မဟုတ်ဘူး… ဒီလိုဆို… သူမရဲ့ ပါရမီကလွဲရင် တခြား ဘာအသုံးဝင်လို့လဲ…”
“ဆရာ… နောက်ဆို ရီဖူရှင်းလည်း ပြဿနာကောင် ဖြစ်လာမယ်ထင်တယ်…” မူယွန်ချန်က ပြောလိုက်သည်။
“သူလား…” ဟန်မို နှာခေါင်းရှုံ့လိုက်သည်… “ကိုယ့်နေရာကိုယ် မသိတဲ့ လူငယ်တွေက မြန်မြန်သေတာ များတယ်… လာဘ်လာဘ ကျောင်းဆောင်က သူ့ကို အကြာကြီး မကာကွယ်နိုင်ပါဘူး…”
ထိုစကားများအား ကြားကာ မူယွန်ချန်၏ မျက်လုံးများတွင် အေးစက်ကာ လူသတ်လိုသော အရပ်အငွေ့များ ယှက်သန်းသွားသည်။
***
ရက်အတန်ကြာလျှင် ယိချန်က ရီဖူရှင်းအား ခေါ်ရန် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ ရောက်ရှိလာသည်။ ဝန်ကြီးချုပ်ကျိုက သူ၏လူများအား လွှတ်လိုက်ကာ ရီဖူရှင်းအား ခေါ်ခိုင်းလိုက်သည်။ သူတို့ကား ချင်းကျူမြို့ကို သွားရန် အဆင်သင့် ဖြစ်နေကြလေပြီ။
အဆောက်အဦထဲသို့ ယိချင် လှမ်းဝင်လိုက်သည်။ သူကား လေထဲတွင် မျောလွင့်နေပြီး သူ၏လက်များအား တင်ပါးတွင် ချိတ်ဆွဲထားသည်။ သူ၏နောက်တွင် ရီဖူရှင်းက ဟွာဂျီယူအား ပြောလိုက်သည်… “ချင်းကျူက ဒွန်ဟိုင်နဲ့ သိပ်မဝေးဘူး… ဝန်ကြီးချုပ်ကျိုနဲ့ သတ္တဝါဆန်းကြီးနဲ့ဆို ငါတို့က တစ်ရက်ပဲကြာမယ်… ငါမကြာခင် ပြန်လာမယ်… မစိုးရိမ်နဲ့…”
“ကောင်းပြီ… ငါနင့်ကို စောင့်နေမယ်…” ဟွာဂျီယူက ညင်သာစွာ ပြောလိုက်သည်။ မည်မျှပင် ကြာပါစေ သူမစောင့်မည် ဖြစ်သည်။
“မြေခွေးမ… ငါသွားပြီ…” ရီဖူရှင်း၏ မျက်လုံးများကား မလိုလားဟန် ဖော်ပြနေသော်လည်း ယိချန်နှင့် ထွက်ခွာသွားသည်။ ဟွာဂျီယူကား သူ၏နောက်ကျောကို ကြည့်နေသည်။ သူမက တန်ခိုးကျင့်ရန် မသွားသေးပေ။ ရီဖူရှင်း လုံးဝ ပျောက်ကွယ် သွားသည့်တိုင် ထိုနေရာတွင် ရပ်နေသည်။
***