Switch Mode

အခန်း(၄)

လွတ်မြောက်ခြင်း

အခန်း (၄)  :  လွတ်မြောက်ခြင်း

ဝမ်ဝေ့ဆီ အန္တရာယ် ချည်းကပ်လာသော်လည်း သူက သတိမမူမိပေ။

ကောင်းကင်တာအို မျက်လုံးက အသင်္ချေအင်ပါယာ ကမ္ဘာနား ရောက်လာသည့်အခါ အပြောင်းအလဲ တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။

စကြဝဠာတစ်ခုလုံး ရုတ်ချည်း ဆိတ်ငြိမ်သွားလေသည်။

စကြဝဠာထဲရှိ သက်ရှိအားလုံး – အလွှာမြင့် ကမ္ဘာများတွင် ဖြစ်စေ သို့မဟုတ် အလွှာနိမ့်ရှိ ကမ္ဘာမြောက်များစွာတွင် ဖြစ်စေ ရုတ်ချည်းဆိုသလို သူတို့ လုပ်လက်စကို ရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

သန်းပေါင်းမြောက်များစွာသော မျိုးနွယ်မတူ၊ ဇစ်မြစ်မတူ၊ ကျင့်ကြံဆင့် မတူသည့် သက်ရှိများ …

သူတို့အားလုံးက ခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့အထက်တွင် – အတိအကျဆိုရလျှင် စကြဝဠာတစ်ခုလုံးအထက်တွင် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ကြရသည်။ ဘယ်နေရာရောက်နေနေ ကိစ္စမရှိသလို ဘယ်လောက်ဝေးဝေး ကိစ္စမရှိပေ။ အရွယ်အစားလည်း အရေးမပါတော့သလို တည်ရှိခြင်း၊ မတည်ရှိခြင်းကလည်း အရေးမကြီးတော့ပေ။ အရာအားလုံးက ထိုလူငယ်လေးကို မြင်လိုက်ကြရသည်။

စကြဝဠာအတွင်း နေထိုင်သူအားလုံးက ထိုအမျိုးသား၏ မျက်နှာကို မမြင်ကြရသော်လည်း သူ့စိတ်နေသဘောထားနှင့် မျက်ဝန်းတို့ကို မြင်လိုက်ရသည်။

ထိုအမျိုးသားက လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းပြီး လောကီကြိုးများဖြင့် တုပ်နှောင်ထားခြင်း မရှိဘဲ သူ့အပြုအမူများက သူ့စိတ်ဆန္ဒအရ ဖြစ်တည်လာကြောင်း ခံစားချက်ပေးနေသည်။ တစ်ခြားနည်းဖြင့်ဆိုရလျှင် သူက သူလုပ်ချင်တာ မှန်သမျှ လုပ်နိုင်ပေသည်။

သူက သာလွန်းသည်။ သူက သီးခြားဆန်လှ၏။

ထို့နောက် သူ့မျက်ဝန်းများ ဖြစ်၏။

သူ့မျက်ဝန်းထဲ သက်ရှိအားလုံး၊ အရာအားလုံး၏ မွေးဖွားခြင်း၊ ကြီးထွားခြင်းနှင့် ပျက်စီးခြင်း အစရှိသည့် ကံကြမ္မာအားလုံးကို မြင်နေရသည်။ ဤသည်မှာ လှပသော်လည်း ကြောက်စရာကောင်းသည့် သံသရာတစ်ခု ဖြစ်၏။

ထိုမျက်ဝန်းကို မြင်လိုက်ရသည့်အခါ လူများက သူတို့ဘာသာ မေးခွန်းပြန်ထုတ်မိသွားကြသည်။

ကံကြမ္မာဆိုတာ တကယ် တည်ရှိလား … ငါတို့ မွေးကတည်းက သေတဲ့အထိ ဇာတ်ကြောင်းတစ်ခု ရေးသားထားပြီးသားလား …

အဲလိုဆိုရင် စာရေးသူက ဘယ်သူလဲ … ငါတို့တွေ ဒီနှောင်ကြိုးတွေကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲ …

ဒီအမျိုးသားက အဖြေကို သိနေလောက်တယ်။

ဒါပေမဲ့ သူက ငါတို့မေးခွန်းတွေကို ဖြေပေးဖို့ ရောက်နေတာ မဟုတ်ဘူး … ဒါပေမဲ့လည်း ငါတို့ သူ့တည်ရှိမှုနဲ့တင် ပျော်ရွှင်ရတယ်

သို့သော် ထိုလူငယ်လေး ပေါ်လာပြီးပြီးချင်း ဧရာမ မျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။

လူများကို ပဟေဠိဖြစ်စေသည့် လူငယ်လေးနှင့် မတူဘဲ သက်ရှိအားလုံးက ထိုမျက်လုံးအကြောင်း ဘာတစ်လုံးမှ မသိထားပေမဲ့ ချက်ချင်းဆိုသလို တန်းမှတ်မိသွားကြသည်။ ဤသည်မှာ သူတို့စိတ်ထဲ အလိုလိုရောက်လာသလိုမျိုး ဖြစ်၏။

ဤသည်မှာ မဟာတာအို မျက်လုံး ဖြစ်၏။

ဤစကြဝဠာအတွင်း အဆုံးမဲ့ အထက်ကမ္ဘာလိုမျိုး ဟွင်သွမ်း ကမ္ဘာများစွာ ရှိလေသည်။ ထိုသို့ကမ္ဘာတစ်ခုချင်းစီတွင် မူလဖွဲ့စည်းပုံကို ထိန်းသိမ်းထားဖို့ ကောင်းကင်တာအို မျက်လုံးတစ်လုံးစီ ရှိကြသည်။ ထိုကမ္ဘာများနှင့် ကောင်းကင်တာအို မျက်လုံးများ စုဝေးထားသည်ကို ဟွင်သွမ်း စကြဝဠာဟု ခေါ်ဆိုနိုင်သည်။

ထို့ကြောင့် မဟာတာအို မျက်လုံးက ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ တကယ့် အရှင်သခင် ဖြစ်သလို အုပ်စိုးသူ ဖြစ်ပေသည်။

မဟာတာအို မျက်လုံး အမျိုးအစား နှစ်မျိုး ရှိလေသည်။ တစ်မျိုးက ခံစားချက် ပါရှိပြီး တစ်မျိုးက ခံစားချက် ကင်းမဲ့နေခြင်း ဖြစ်၏။ သူတို့တစ်မျိုးချင်းစီ၏ ခြားနားချက်ကိုတော့ နောက်ပိုင်းမှ ဝမ်ဝေ့ဘာသာ ရှာဖွေရလိမ့်မည်။

သို့သော်လည်း ယခု ပေါ်ထွက်လာသည်က ခံစားချက်မရှိသည့် အမျိုးအစား ဖြစ်၏။

မဟာတာအို မျက်လုံးက သူ့အထက်တွင် ရပ်နေဟန်ပေါ်သည့် လူငယ်လေးကို ကြည့်လိုက်သည့်အခိုက်အတန့် သူ့မှတ်ဉာဏ်ထဲ နှစ်မြှပ်နေသည့် အကြောက်တရားကို ခံစားမိလိုက်သည်။

ကောင်းကင်တာအို မျက်လုံးက ရုတ်ချည်း စိတ်ခံစားချက်ကို သင်ယူလိုက်၍ မဟုတ်ဘဲ အဆင့်နိမ့် သက်ရှိမှ အဆင့်မြင့်သူနှင့် ရင်ဆိုင်သည့်အခါ ဖြစ်ပေါ်လာသည့် အလိုလို ခံစားချက်မျိုး ဖြစ်သည်။

ဤသည်မှာ ပုရွက်ဆိတ်များက သူတို့ကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်သည့် လူသားကို တွေ့လိုက်သလိုမျိုး သို့မဟုတ် လူသားများက သူတို့ကံကြမ္မာ ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါးနှင့် တွေ့လိုက်သလိုမျိုး ဖြစ်၏။

အဆုံးမဲ့သက်တမ်းတစ်လျှောက် မဟာတာအို မျက်လုံးက ဒီလိုမျိုး ခံစားချက် ခံစားဖူးသည်မှာ ငါးကြိမ်ပင် မပြည့်ပေ။

လူငယ်လေးက မျက်လုံးကို တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုသွားလေသည်။ သူက ပါးစပ်ဖွင့်ဟကာ ပြောလိုက်သည် ။

“ ရပ် ”

ဤစကားလုံး တစ်လုံးက ဟွင်သွမ်း စကြဝဠာတစ်ခုလုံး ပဲ့တင်ထွက်သွားသည်။ ထို့နောက် အထွတ်အထိပ် စိတ်ဆန္ဒတစ်ခု စကြဝဠာကို ဖြတ်သန်းလာပြီး  ထိုအမျိုးသား၏ အမိန့်ကို ထမ်းဆောင်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို ….

အချိန်နှင့်နေရာ ရပ်တန့်သွားပြီး အရာအားလုံးက ငြိမ်ကျသွားသည်။

သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းလည်း ဆက်လက် မလှည့်ပတ်နိုင်တော့ပေ။ ထိုအခိုက်အတန့်လေး၌ သက်ရှိအားလုံးက ထာဝရရှင်သန်သူများ ဖြစ်လာကြသည်။

ကံကြမ္မာ အနှောင်အဖွဲ့များလည်း ပြေလျော့သွားလေသည်။ အတိအကျဆိုရလျှင် ထိုအထွတ်အထိပ် စိတ်ဆန္ဒပိုင်ရှင် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ သက်ရှိအားလုံး၏ ကံကြမ္မာက သူတို့ဘာသာ မဟုတ်တော့ အမြဲတည်ရှိသွားသည်။

အကြောင်းအရင်းနှင့် သက်ရောက်မှုအားလုံး၊ ကံကြမ္မာနှောင်ကြိုးများ ဖြတ်တောက်ခံလိုက်ရသောကြောင့် သက်ရှိအားလုံးက သူတို့အပြုအမူ အကျိုးဆက်မှ လွတ်မြောက်သွားကြသည်။ သူတို့၏ အပြစ်ကြွေးများနှင့် ကုသိုလ်များလည်း ဆေးကြောလိုက်သလို ဖြစ်ကာ ဗလာစာရွက်လို ဖြစ်သွားသည်။

ယင်နှင့် ယန်ကို မခွဲခြားနိုင်တော့ပေ။ သက်ရှိအားလုံးက အကောင်းနှင့် အဆိုး၊ နေ့နှင့်ည၊ မီးနှင့်ရေ သဘောတရားမှ လွတ်မြောက်သွားလေသည်။

ဒီစကားတစ်ခွန်းတည်းဖြင့် ထိုတည်ရှိမှု၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြသလိုက်၏။ သက်ရှိများကြား လူနှစ်ယောက်တည်းကသာ စကြဝဠာတစ်ဝိုက် ဖြစ်ပျက်တော့မည့် ကိစ္စများကို သိလေသည်။ တစ်ခုက မဟာတာအို မျက်လုံး ဖြစ်ပြီး အခြားတစ်ဖက်က ဝမ်ဝေ့ မွေးဖွားရာအခန်းထဲ ရပ်နေသည့် အရိပ် ဖြစ်၏။ သူတို့ကို ကြောက်လန့်စေသည်က သူတို့အနေနှင့်  အင်အားမဲ့ကာ ထိုင်ကြည့်ရုံသာ တတ်နိုင်၍ ဖြစ်သည်။

ထို့နောက် လူငယ်လေးက ဟွင်သွမ်း စကြဝဠာ၏ မဟာတာအိုနှင့် မူလဖွဲ့စည်းပုံများကို ပြန်လည်ရေးသားလိုက်သည်။

သူက ဘာလို့ဒီလိုတွေ လုပ်နေတာလဲ ..

အသင်္ချေအင်ပါယာ ကမ္ဘာတွင် မွေးဖွားလာခါစ ကလေးလေး တစ်ယောက်ကြောင့် ဖြစ်၏။

သီးခြားဆန်သည့် အမျိုးသားက မဟာတာအို မျက်လုံးအား ဝမ်ဝေ့ကို သတိမထားမိစေရန် ကာကွယ်ပေးခဲ့သည်။ သူက သက်ရှိအားလုံး၏ မှတ်ဉာဏ်ကို ဖျက်ပစ်ခဲ့ပြီး အဆုံးမဲ့အထက်ကမ္ဘာမှ အားကောင်းသည့် အုပ်ချုပ်သူများ၏ မှတ်ဉာဏ်ကိုလည်း ဖျက်ပစ်ခဲ့သည်။ ထို့နောက် ကောင်းကင်တာအို မျက်လုံးလည်း အပါအဝင် ဖြစ်၏။ ကောင်းကင်တာအို မျက်လုံး၏ ခေါင်းဆောင်ကိုလည်း ချမ်းသာမပေးခဲ့ပေ။ သူက ကလေး မွေးဖွားလာသည့်အချိန်ကို နောက်ပြန်ရစ်ပြီး ကမ္ဘာက အသိအမှတ်ပြုသည့် နယ်မြေသား အထောက်အာထားကို ပေးခဲ့သည်။

သက်ညှာပေးလိုက်သည့် တစ်ဦးတည်းသောသူမှာ အရိပ်သာ ဖြစ်၏။ သို့သော် သူတို့နှစ်ဦးကြားမှ ကျင့်ကြံဆင့် ကွာခြားချက်ကြောင့် သူ့အနေနှင့် ထိုအထွတ်အထိပ် တည်ရှိမှု လက်အောက်မှ လွတ်မြောက်သွားခြင်းမျိုး မဟုတ်ပေ။ သို့သော်လည်း သူက ထိုအထွတ်အထိပ် တည်ရှိမှု၏ ဇစ်မြစ်အကြောင်း အနည်းငယ် ဖမ်းဆုပ်မိလေသည်။

အရိပ်က ပြုံးကာ သူ့ဘာသာ ရေရွတ်လိုက်သည်  “ဒီလိုဖြစ်သွားတာကိုး … အခုမှပဲ ကိစ္စတော်တော်များများ ရှင်းသွားတော့တယ် ”

အရိပ်က အထွတ်အထိပ် တည်ရှိမှု၏ မျက်ဝန်းကို ကြည့်ကာ ပြောလိုက်သည် “ ငါက နောက်ဆုံးအောင်နိုင်သူ ဖြစ်မှာပဲ ”

ထိုအရာများလုပ်ဆောင်ပြီးနောက် သီးခြားဆန်သည့် အမျိုးသားသည် မွေးဖွားခါစ ကလေးငယ်လေးကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် အရိပ်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ ခရီးလမ်းတော့ စတင်ပြီ ”

“ ဒါပေမဲ့ အဆုံးသတ်သွားပြီးပြီ …” အမျိုးသားလို သီးခြားဆန်လှသလိုမျိုး လှပကြော့ရှင်းသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ ထိုအသံက အမျိုးသမီး အသံမှန်း သိသာလှ၏။

“ ဒီတစ်ကြိမ် ပိုစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ရင်ရော ဘယ်လိုလဲ ” သူမက ပြုံးလိုက်သည်။

“ အရေးကြီးတဲ့ ကိစ္စတွေကို ကစားမနေနဲ့” အမျိုးသားက သတိပေးလိုက်သည်။

အမျိုးသမီးက ဂရုမစိုက်ဘဲ ရယ်လိုက်သည်။ ထို့နောက် သူမက ဟွင်သွမ်း စကြဝဠာထဲ မမြင်နိုင်လောက်အောင် သေးသည့် အဖြူရောင်လိုင်းကို ခိုးကြောင်ခိုးဝှက် ပစ်လိုက်သည်။

လူငယ်လေးက သူမ အပြုအမူကို သတိထားမိသော်လည်း လျစ်လျူရှုထားလေသည်။ သူမ ပြောသလိုမျိုးက တချို့ကိစ္စများက ရှောင်လွဲ၍ မရပေ။ ဖြစ်စဉ်က ကွဲပြားသော်လည်း အဆုံးသတ်က အတူတူသာ ဖြစ်ပေမည်။

သူတို့နှစ်ယောက်၏ စကားဝိုင်း ပြောဆိုပုံများမှ ထိုလူနှစ်ယောက်သည် အလွန်ရင်းနှီးကြောင်း သိနိုင်လေသည်။ ထို့အပြင် တူညီသော အဆင့်အတန်းလည်း ပိုင်ဆိုင်ထားကြသည်။

အင်မော်တယ်နှင့် တူသည့် လူနှစ်ယောက်က ထူးထူးဆန်းဆန်း နေရာတွင် နေကြသည်။ အရာအားလုံး ဖြူစွတ်နေသည့် ထူးထူးဆန်းဆန်း နေရာ၌ တည်ရှိမှု သဘောတရာအားလုံးက ဆက်တိုက် ဖြစ်ပေါ်နေသည်။

 အချိန်၊ နေရာ၊ ဒြပ်၊ စွမ်းအား၊ သေခြင်း၊ ရှင်ခြင်း၊ လက်တွေ့၊ အိပ်မက်၊ စိတ်ကူး၊ ယင်နှင့်ယန်၊ အစပြုခြင်းနှင့် အဆုံးသတ်ခြင်း ….

သဘောတရားအားလုံးက လူသားများ၏ သိနားလည်ခြင်း မသိနားလည်ခြင်းတို့ ဆက်တိုက်တည်ရှိနေသည့်နေရာမှာ ဟုန်မုန့် ဖြစ်၏။

တာအို ကျင့်ကြံသည့် ကျင့်ကြံသူများကြား ဟွင်သွမ်းသည် စကြဝဠာ ဖြစ်တည်မလာခင် တည်ရှိခဲ့သည်။ ဟွင်သွမ်းက အရာအားလုံးကို မွေးဖွားပေးခဲ့၏။

ဒီလိုဆိုရင် ဟွင်သွမ်းရှေ့ကရော … ဘယ်အရာက ဟွင်သွမ်းကို မွေးဖွားပေးခဲ့တာလဲ … အဖြေက ဟုန်မုန့် ဖြစ်ပေသည်။

ဟုန်မုန့်က ဟွင်သွမ်း မတိုင်ခင်တည်းက တည်ရှိခဲ့သည်။

Comment

  1. aybbanksky.byf says:

    good

  2. aybbanksky.bya says:

    good

  3. aybbanksky..byc says:

    good

Leave a Reply

Options

not work with dark mode
Reset