Switch Mode

အခန်း(၃)

သက်ရောက်မှု

အခန်း (၃)  :  သက်ရောက်မှု

ဝမ်ဝေ့ မွေးဖွားလာမှုက တွေးထားသည်ထက် ပိုမို ကြီးမားသည့် သက်ရောက်မှုမျိုး ရှိသည်။

အသင်္ချေ အင်ပါယာကမ္ဘာ တည်ရှိရာ အလွှာမြင့်၌ အာကာပြင် သို့မဟုတ် ကြယ်တာရာလည်း မရှိသလို ဝမ်ဝေ့၏ ယခင်ဘဝအကြောင်း သိသည့် စကြဝဠာ သဘောတရားလည်း မရှိချေ။

အရာအားလုံး၏ အစနှင့် အဆုံးဖြစ်သည့် သဏ္ဍာန်မဲ့သာ ရှိသည်။ ထိုသဏ္ဍာန်မဲ့ အရာက သက်ရှိ၊ သက်မဲ့ အရာအားလုံးကို မွေးဖွားပေးပြီး ထိုသက်ရှိသက်မဲ့ အရာတိုင်းက တစ်ရက်ကျ သဏ္ဍာန်မဲ့အဖြစ် ပြန်ရောက်သွားလိမ့်မည်။

အဆုံးမဲ့ ကမောက်ကမဖြစ်မှုများကြား အားကောင်းသည့် ကမ္ဘာများစွာ ရှိလေသည်။ အားကောင်းသည့် ကမ္ဘာတစ်ခုချင်းစီက သူတို့ကို အရင်းအမြစ် ထောက်ပံ့ပေးထားသည့် ကမ္ဘာငယ်အပြည့်ရှိသည့် အလွှာနိမ့် တစ်ခုစီ ပါရှိသည်။

အသင်္ချေအင်ပါယာ ကမ္ဘာနှင့် ဆက်စပ်နေသည့် ဟွင်သွမ်းကမ္ဘာကို အဆုံးမဲ့ အထက်ကမ္ဘာဟု ခေါ်ဆို၏။ ထိုဟွင်သွမ်းကမ္ဘာများကြား အဆုံးမဲ့အထက် ကမ္ဘာက စွမ်းအားအကြီးမားဆုံး ကမ္ဘာမဟုတ်လျှင်ပင် တစ်ခု ဖြစ်၏။

ဤအားကြီးလှသည့် ကမ္ဘာကြီးထဲ အသက်ရှုမှုတစ်ခုတည်းဖြင့် အသင်္ချေအင်ပါယာ ကမ္ဘာကို ဖျက်စီးပစ်နိုင်သည့် အားကောင်းသော ကျင့်ကြံသူများစွာ နေထိုင်ကြသည်။ သို့သော်လည်း ကောင်းကင်တာအိုက အလွှာမြင့်မှ တည်ရှိမှုများအား အလွှာနိမ့်သွားဖို့ တားမြစ်ထားသည်။ အနည်းဆုံး သူတို့ အားကောင်းလာမှသာ ပုံရိပ် စေလွှတ်နိုင်သည်။

ထိုကျင့်ကြံသူများကြား တစ်လောကလုံးကို အုပ်စိုးကာ ထိပ်ဆုံးတွင် ရပ်တည်နေကြသည့် အုပ်ချုပ်သူ ကိုးယောက် ရှိလေသည်။ သူတို့စကားများက ဥပဒေ ဖြစ်ပြီး မနာခံသူ သို့မဟုတ် သူတို့အဆင့် ရောက်ဖို့ ကြိုးစားသူတိုင်း တုံ့ဆိုင်းခြင်းမရှိ ဖျက်စီးခံရသည်။ ထို့ကြောင့် သူတို့ကြား တိုက်ခိုက်မှုနှင့် ယှဉ်ပြိုင်မှုတို့က ပြင်းထန်လှသည်။ အတိအကျဆိုရလျှင် သူတို့ကိုးယောက်အနက်  ခုနှစ်ယောက် ပြိုင်ဆိုင်မှုက ဤသို့ဖြစ်၏။

နောက်ဆုံးနှစ်ယောက်က ကွဲပြားပေသည်။ သူတို့စွမ်းအားက ကျန်လူများထက် အဆင့်မြင့်သောကြောင့် သာမန်လောကီရေးရာများအား စိတ်မဝင်စားချေ။ သို့သော်လည်း သူတို့က ဒီကမ္ဘာ၏ ညီမျှမှုကို ထိန်းညှိဖို့ ကြိုးစားနေကြဆဲ ဖြစ်၏။

ပုံမှန်အားဖြင့် အဆုံးမဲ့ အထက်ကမ္ဘာသည် တိတ်ဆိတ်ငြိမ်သက်လေ့ ရှိသော်လည်း ယနေ့ တစ်ချိန်တည်းဆိုသလို အားကောင်းသည့် အရှိန်အဝါ ခုနှစ်ခု ပျံ့လွှင့်လာသည်။ ပို၍ ဆိုးသည်က ပိုအားကောင်းသည့် နောက်ထပ် အရှိန်အဝါနှစ်ခုလည်း နှိုးထလာခြင်း ဖြစ်သည်။ အားလုံးက ထိုအားကောင်းသည့် တည်ရှိမှုအားလုံးကို ဘယ်အရာက နှိုးထစေလိုက်လဲ သိချင်နေကြသည်။ အထူးသဖြင့် နောက်ဆုံး နှစ်ယောက် ဖြစ်၏။

အကယ်၍ သူတို့သာ မွေးဖွားလာခါစ ကလေးတစ်ယောက်ကြောင့်မှန်း သိသွားခဲ့လျှင် အားလုံးက မယုံကြည်နိုင်လောက်အောင်အထိ အံ့ဩတုန်လှုပ်သွားကြလိမ့်မည်။

ဝမ်ဝေ့ မွေးဖွားလာသည့်အချိန် အားကောင်းသည့် လူများက တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်လိုက်ကြသည်။

“ မင်း ခံစားမိလား ” သိမ်မွေ့နူးညံ့သည့် အသံတစ်သံက ပြောလိုက်သည်။

“ အင်း … တစ်ယောက်ယောက်ရဲ့ ဝိညာဉ်က စံပြအဆင့်ကို ရောက်နေပြီ။ မကြာခင် ငါတို့နယ်ပယ်အဆင့်ကို အချိန်မရွေး ချိုးဖောက်တက်လှမ်းသွားနိုင်တယ်” လှပကာ စည်းချက်ကျသည့် အသံလေး ပျံ့လွှင့်လာသည်။

“ ငါတို့ အဲလူကို ရှာပြီး အရွယ်မရောက်ခင် သတ်ပစ်ရမယ် ” သတ်ဖြတ်ငွေ့အပြည့်ဖြင့် ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုစကားဝိုင်းအပြီးတွင် အားကောင်းသည့် အံ့ဖွယ်အသိစိတ် ကိုးခုက အဆုံးမဲ့အထက်ကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားကာ တစ်ခုခုကို လိုက်ရှာဖွေနေကြသည်။

သူတို့က ဘာမှရှာမတွေ့သည့်အခါ လက်မလျော့ဘဲ ပို၍ မှော်ဆန်သည့် နည်းလမ်းများ ထုတ်သုံးလာကြသည်။ သူတို့က ဒီကမ္ဘာ၏ အလွှာတိုင်း၊ နေရာတိုင်းကို ရှာဖွေလိုက်သည်။ တခြားကျင့်ကြံသူများ ဖန်တီးထားသော ကမ္ဘာများပင် ပါဝင်၏။

ထို့နောက် သူတို့က အချိန်နှင့် နေရာ၊ အတိတ်နှင့် ပစ္စုပ္ပန်ကို ရှာကြသည်။ သူတို့က မတူညီသော အချိန်မျဉ်းများနှင့် အပြိုင်စကြဝဠာများအထိပါ လိုက်ရှာကြသည်။ သူတို့ ဘာမှမတွေ့သည့်နောက် သက်ရှိတိုင်း၏ ကံကြမ္မာနှင့် ကံကောင်းမှုထဲ မည်သူကများ စံပြပါရမီရှင် ဖြစ်လောက်အောင် နီးစပ်နေလဲဟု လိုက်ရှာကြသည်။

သို့သော်လည်း သူတို့ရှာဖွေသမျှ အလကားသာ ဖြစ်၏။

စွမ်းအားများစွာ ထုတ်သုံးပြီး ဘာမှရှာမတွေ့သည့်နောက် အင်အားကြီးကိုးယောက်က ဒေါသထွက်ကာ ပို၍ ခက်ထန်သည့် နည်းလမ်းများ သုံးလာကြသည်။

သူတို့က သက်ရှိတိုင်း၏ ကံကြမ္မာကို ကြည့်လိုက်ကြပြီး သံသရာမှတဆင့် ထိုလူက ပြန်လည်ဝင်စားခြင်း စွမ်းအားကို အသုံးချကာ သေချာ ဖုံးကွယ်ထားခြင်း မဟုတ်ကြောင်း သေချာအောင် စုံစမ်းလိုက်ကြပြန်သည်။

အဆင့်နိမ့် ကျင့်ကြံသူများက ကြောက်ရွံ့မှုကို ခံစားနေကြရသည်။ သူတို့က မမြင်နိုင်သည့် မျက်ဝန်းက သူတို့၏ ကိုယ်ခန္ဓာ၊ ဝိညာဉ်၊ စိတ်၊ အတိတ်ဘဝနှင့် အနာဂတ် သေဆုံးမှုအထိ ဖောက်မြင်သွားသလို ခံစားလိုက်ရသည်။

ကိုယ့်ဘဝ သူများလက်ထဲ ရှိနေသည့် ခံစားချက်မှာ အလွန်ကြောက်ဖို့ကောင်းလှ၏။

ကံဆိုးစွာဖြင့် ဒီလောက်ရုတ်ရုတ်သည်းသည်း ရှာဖွေထားသော်လည်း ဘာမှမတွေ့ခဲ့ကြပေ။

………..

တကယ်တော့ ဝမ်ဝေ့ကို ရှာမတွေ့သည့် အကြောင်းအရင်း ရှိလေသည်။ ထိုလူများက အလွှာနိမ့်၌ ဒီလိုမျိုး အားကောင်းသည့် ဝိညာဉ် မွေးထုတ်မလာနိုင်ကြောင်း ယုံကာ ဒီအချက်ကို လွှတ်သွားခြင်း ဖြစ်၏။

သိပ်မကြာခင် အဖြစ်အပျက်က ထိန်းချုပ်မှု အတိုင်းအတာလွန် ရောက်သွားခဲ့သည်။

အဆုံးမဲ့အထက်ကမ္ဘာပေါ်တွင် ဧရာမ မျက်လုံးတစ်လုံး ရုတ်ချည်း ပေါ်လာခဲ့သည်။ ထိုမျက်လုံးကို မြင်လိုက်ရသည့် ပထမဆုံးအမြင်မှာ ကြီးကျယ်ခမ်းနားပြီး ထိုမျက်ဝန်းမှ ခံစားချက်အရိပ်အယောင်စိုးစဉ်းမျှ မမြင်တွေ့နိုင်ပေ။

“ကောင်းကင်တာအို မျက်လုံး ” အုပ်ချုပ်သူကိုးယောက်ထဲမှ တစ်ယောက် ရေရွတ်လိုက်သည်။

ထိုမျက်လုံး ပေါ်ထွက်လာသည်နှင့် ထိုအုပ်ချုပ်သူများက ကိစ္စများက အရင်းအမြစ်နှင့် အခွင့်အရေးအတွက် ယှဉ်ပြိုင်မှုသပ်သပ် မဟုတ်တော့ကြောင်း နားလည်လိုက်ကြသည်။ သူတို့က ကောင်းကင်တာအို ပတ်သက်သည့် ကိစ္စများကို ဝင်မပါနိုင်ပေ။ သို့သော် အားအကောင်းဆုံး အုပ်ချုပ်သူနှစ်ယောက်တော့ မပါပေ။

ကောင်းကင်တာအို မျက်လုံး ပေါ်ထွက်လာသည်နှင့် အုပ်ချုပ်သူနှစ်ယောက်က အရေးပါသည့် ကိစ္စတစ်စုံတစ်ခု ဖြစ်လာတော့မည် ဖြစ်ကြောင်း တန်းသိလိုက်ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ထိုအဖြစ်အပျက်၏ သက်ရောက်မှုနှင့် အကြောင်းအရင်းတို့အား ကောက်ချက်ချဖို့ ကောင်းကင်လျို့ဝှက်ချက်ကို တွက်ချက်လိုက်ကြသည်။

ကောင်းကင်တာအို ပေါ်ထွက်လာသည့် အကြောင်းအရင်းမှာ သူက ကမ္ဘာဆီ ကျူးကျော်လာသည့် နယ်ခြားဝိညာဉ်ကို ခံစားမိ၍ ဖြစ်သည်။ ဤသည်မှာ အဆုံးမဲ့အထက်ကမ္ဘာလို ကမ္ဘာမျိုး၌ မကြာခဏ ဖြစ်လေ့ရှိ၏။ သို့သော် ပုံမှန်အားဖြင့် ထိုကျူးကျော်ဝိညာဉ်များက အားနည်းကာ သဟဇာတ ဖြစ်သွားပြီး ကမ္ဘာ၏ အမြဲတမ်း နေထိုင်သူများ ဖြစ်လာကြသည်။

အားကောင်းသူများအတွက်မူ ကမ္ဘာအပြင်ဘက်၌ ပိတ်ဆို့ခံရသလို  ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲ ဝင်ပြီးနောက် ပျက်သုန်းသွားလေသည်။

ယခု ကောင်းကင်တာအို မျက်လုံးက အကာအကွယ်ကို ဖြတ်ကျော်လာသည့် ဝိညာဉ်ကို သတိထားမိပြီး ထိုဝိညာဉ်က ဒီကမ္ဘာ၏ ကံကြမ္မာနှင့် မူလ ဖွဲ့စည်းပုံစနစ်တို့ကို အပြည့်အဝ ပြောင်းလဲနိုင်သည့် အလားအလာ ရှိနေသည်။

ဒီကမ္ဘာ၏ အထွတ်အထိပ်အုပ်စိုးသူအနေနှင့် ကောင်းကင်တာအိုက ခံစားချက် မရှိသလို စိတ်ဆန္ဒလည်း မရှိချေ။ ဒီကမ္ဘာ၏ လုပ်ဆောင်ချက်များ ဆက်လက် လုပ်ဆောင်စေဖို့ရာအတွက်သာ ရည်ရွယ်ချက်ရှိသည့် အားကောင်းကောင်း အသိစိတ်တစ်ခုသာ ဖြစ်၏။

ကျူးကျော်ဝိညာဉ် သို့မဟုတ် ဝမ်ဝေ့ကို အမြစ်ဖြတ်သုတ်သင်ပစ်ရမည်။

ကောင်းကင်တာအို မျက်လုံ ပေါ်ထွက်လာမှုက ဝမ်ဝေ့အား သူ့ကိုယ်တိုင် သတိမထားလိုက်မိစေဘဲ ကပ်ဘေးကြီး ဆောင်ကျဉ်းလာလေသည်။

အကယ်၍ ယခု သူ ပြဿနာအရင်းအမြစ်ကို သဘောပေါက်လျှင်ပင် သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိပေ။ သူက မွေးကာစ ကလေးလေး မဟုတ်ပါလော။ သူ့တွင် အားကောင်းသည့် ဝိညာဉ် ရှိနေလျှင်ပင် အသုံးမပြုနိုင်ပေ။ တကယ်တော့ သူ့ဝိညာဉ် မည်မျှအားကောင်းကြောင်း သိရဖို့ အချိန်အကြာကြီး ကြာမြင့်ပေဦးမည်။

ကောင်းကင်တာအို မျက်လုံးက အားပိုကောင်းပြီး အုပ်ချုပ်သူကိုးယောက်ထက် ပို၍ နှံ့စပ်လေသည်။ အဆုံးမဲ့အထက် ကမ္ဘာကို စစ်ဆေးပြီးနောက် သူက အလွှာနိမ့်များကို စတင် စစ်ဆေးတော့သည်။

အလွှာနိမ့်က အကန့်အသတ်မဲ့ကာ ရှုပ်ထွေးလှသည်။ ကမ္ဘာမြောက်များစွာရှိပြီး ထိုကမ္ဘာများကိုလည်း အဆင့်နိမ့်မှ အဆင့်မြင့်၊ ကမ္ဘာငယ်ထောင်ချီ၊  အလယ်အလတ်ကမ္ဘာ ထောင်ချီ၊  မဟာကမ္ဘာ ထောင်ချီနှင့် ကောင်းကင်အလိုဆန္ဒ ကမ္ဘာဟူ၍ ပြန်ခွဲထားသေးသည်။

ထိုခွဲခြားထားမှုက ကမ္ဘာများတွင် ရှိသည့် ဝိညာဉ်စွမ်းအား ပမာဏ၊ အရင်းအမြစ် ပမာဏ၊ အရွယ်အစားနှင့် ထိုကမ္ဘာပေါ် ရောက်နိုင်သည့် အမြင့်မားဆုံး ကျင့်ကြံဆင့်ပေါ် မူတည်သည်။

ကမ္ဘာ အဆင့်နိမ့်လေလေ အရေအတွက် ပိုများလေလေ ဖြစ်၏။ ပြောရလျှင် ကမ္ဘာငယ်ထောင်ချီ၌ လူဆယ်သန်းကျော် ရှိလျှင် အလယ်အလတ် ကမ္ဘာထောင်ချီ၌ လူတစ်သန်း သို့မဟုတ် မဟာကမ္ဘာထောင်ချီ၌ လူတစ်သိန်းကျော်လောက်သာ ရှိတတ်သည်။

ကောင်းကင်အလိုဆန္ဒ ကမ္ဘာအတွက်မူ သောင်းဂဏန်းထက် မပိုပေ။

ကောင်းကင်တာအို မျက်လုံးက ကမ္ဘာငယ်၊ အလယ်အလတ် ကမ္ဘာနှင့် မဟာကမ္ဘာအထိ ကြည့်လာခဲ့သည်။ သိပ်မကြာခင် ကောင်းကင် အလိုဆန္ဒ ကမ္ဘာအလှည့် ကျရောက်လာလေပြီ။ ပြောရလျှင်  အသင်္ချေအင်ပါယာ ကမ္ဘာ ပါဝင်နေသည့် အပိုင်း ဖြစ်၏။

ဝမ်ဝေ့ဆီ အန္တရာယ်ကြီး ချည်းကပ်လာလေပြီ။ ဒီကပ်ဘေးအတွင်း အသက်ရှင်နိုင်ပါ့မလား …

သူ့ခရီး မစတင်ရသေးခင်မှာ အဆုံးသတ်သွားမှာလား …

တစ်လျှောက်လုံး ဘေးနားရှိနေခဲ့တဲ့ အရိပ်ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ … မိတ်ဆွေလား ရန်သူလား

Comment

  1. aybbanksky.72tgu says:

    good

  2. aybbanksky.72bth says:

    good

  3. ayb.yangon.myanmar says:

    good

  4. lucky777kayinlay says:

    good

Leave a Reply

Options

not work with dark mode
Reset