Switch Mode

အခန်း (၄၄၂)

ပြင်းထန်သောတိုက်ပွဲကြီး

ထို ကျင့်ကြံသူသုံးယောက် ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ဆုံဖြစ်ချက်တစ်ခု ချလိုက်ရ၏။ သူတို့၏ ထူးဆန်းသော ချပ်ဝန်တန်ဆာကြီးနှင့် အနီရောင်မျက်လုံးတို့ကိုကြည့်လျှင် သူတို့မှာ ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများမဖြစ်နိုင်ကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်။

” ဗုဒ္ဓဟူးဂြိုဟ် အဖြစ်ဆိုးကြီးရဲ့နောက်ကွယ်က တရားခံတွေပါလား။ တခြားဂြိုဟ်ပေါ်က လူနေမှုအဖွဲ့အစည်းထဲကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေပဲ ” ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားနေခဲ့ရာမှ သူတို့၏ အကြောင်းနှင့် သူရင်ဆိုင်နေရသည့် အန္တရာယ်ကြီးအား သိရှိနားလည်သွားသောအခါ ပြန်လည်တည်ငြိမ်သွား၏။ ယခုလက်ရှိ အခြေအနေကြီးမှာ သူ၏သက်တမ်းတစ်လျှောက် အတွေ့အကြုံများထဲတွင် အန္တရာယ်အကြီးမားဆုံးပင် ဖြစ်သည်။

သူ့ဘက်မှ ခြေတစ်လှမ်းခန့် မှားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံး ဇီဝိန်ချုပ်သွားနိုင်ပေသည်။ ကံကောင်းသည်မှာ ထိုကျင့်ကြံသူ သုံးယောက်သည် သူ့အား အရှင်ဖမ်းချင်နေသည့်ပုံပင်။ သူတို့မှာ သူ၏ခန္ဓာကိုယ်အား လှုပ်မရအောင် ချုပ်တည်းထားပါသော်လည်း သူ၏ အသိစိတ်များကိုမူ ချုပ်နှောင်ထားခြင်း မရှိပေ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိနေသောကြောင့်လား အခြားအ‌ကြောင်းအရင်းတစ်ခုခု ရှိနေသောကြောင့်လားတော့ မသိပေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး လှုပ်မရဘဲ ဖြစ်နေသည့်တိုင်အောင် သူ၏အသိစိတ်မှာ နိုးနိုးကြားကြား ရှိနေဆဲပင်။

ထိုကဲ့သို့ အသိစိတ် ရှိနေသေးသရွေ့ သူသည် နောက်ဆုံးအခိုက်အတန့်တွင် သူ၏ ဇီဝိန်ချုပ်တိုက်ကွက်ကြီးကို ထုတ်သုံးနိုင်မည်သာဖြစ်သည်။ သို့သော် ထိုတိုက်ကွက်ကြီးကို ချိန်သားကိုက် ထုတ်သုံးနိုင်ရန် အရေးကြီးပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ဆက်လက်စောင့်ဆိုင်းနေလိုက်၏။

သူသည် အကြာကြီး မစောင့်လိုက်ရပေ။ သူ၏အထိစိတ်ထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထိုကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်မှာ သူ့ဆီသို့လှမ်းလာ၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား လှမ်းဆွဲရန်ပြင်လိုက်၏။

အခြားကျင့်ကြံသူနှစ်ယောက်မှာမူ ဝမ်ပေါင်လဲ့အား ဂရုမစိုက်ကြပေ။ သူ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသော အစိမ်းရောင်ကြာပွင့်ကို သူတို့မှာ အဆင့်အတန်း အတိအကျ မခန့်မှန်းနိုင်ပါသော်လည်း သူတို့၏မျက်လုံးထဲတွင် သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေ၏။

ထို့ကြောင့် သုတို့၏အာရုံမှာ လိုဏ်ခေါင်းကြီး၏ အဆုံးဆီသို့ ရောက်ရှိနေကြသည်။ သူတို့မှာ တစ်စုံတစ်ခုအား ရှာဖွေနေကြသည့်ပုံပင်။

ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို စကားလုံးများနှင့် ဖော်ပြရန်မှာ အချိန်ကြာမြင့်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ထိုကျင့်ကြံသူနှစ်ယောက် လိုဏ်ခေါင်းကြီး၏ အဆုံးအား ငေးကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ထဲ၌ ဟစ်ကြွေးလိုက်၏။

” ဉာဏ်အလင်းပွင့်စေသော်… ”

သူ၏ အသိစိတ်ထဲ၌ ထိုစကားလုံးများ ပေါ်ပေါက်လာသည်နှင့် အင်္ဂါဂြိုဟ်ကောင်းကင်ကြီးမှာ တုန်ရီသွား၏။ မိုးကောင်းကင်ကြီး တစ်ခုလုံးမှာ တွန့်လိမ်ပုံပျက်သွားပြီး တိမ်တိုက်များ တလိပ်လိပ် မြင့်တက်လာ၏။ ထို့နောက် စကြဝဠာကြီး၏ အဆုံးမှ အငွေ့အသက်တစ်ခုမှာ ရုတ်တရက်ဆိုသလို ထိုဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

ထို အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီး ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အား လှမ်းဆွဲရန် ပြင်လိုက်သော ယွမ်ယင်အဆင့်ကျင့်ကြံသူကြီးမှာ ရုတ်တရက်ဆိုသလို အထိတ်တလန့်ဖြစ်သွားရ၏။ သူသည် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လည်ဆုတ်ခွာသွားပြီး မှင်တက်နေရတော့သည်။

” ဘယ်သူလဲကွ ”

သူတစ်ယောက်တည်းသာ အံ့ဩတုန်လှုပ်သွားခဲ့ရသည့်မဟုတ်ပေ။ မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးနှင့် တတိယမြောက် ယွမ်ယင်အဆင့်ကျင့်ကြံသူကြီးတို့ နှစ်ယောက်စလုံးမှာလည်း အတွေးများထဲ၌ နစ်မျောနေရင်း ရုတ်တရက်ဆိုသလို ထို ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးကို အာရုံခံမိလိုက်သောကြောင့် အထိတ်တလန့်ဖြစ်သွားရပြီး ပင့်သက်များရှိုက်ကာ နောက်သို့ဆုတ်ခွာသွားရတော့သည်။

” ဘာတွေဖြစ်နေတာလဲ ”

” ဒီ အငွေ့အသက်ကြီးက… ”

သူတို့သုံးယောက် ကယောင်ချောက်ချား ဖြစ်နေကြစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် သူ့အား လှုပ်မရအောင် ထိန်းချုပ်ထားသည့် မန္တန်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိသွားတော့သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်ခွင့် ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် မန္တန်အစီအရင်ကြီးနှင့် ချိတ်ဆက်ကာ အချက်ပေးခေါင်းလောင်းသံကို တီးခတ်ရန် ကြိုးပမ်းလိုက်တော့သည်။

သူ ထိုအချက်ပေးခေါင်းလောင်းအား အောင်မြင်စွာ တီးခတ်နိုင်သွားမည်ဆိုလျှင် အပြင်ဘက်တွင်ရှိနေသည့် လီဝမ်အာနှင့် အခြားသူများမှာ အဆင်သင့် ပြင်လိုက်ကြမည်သာဖြစ်သည်။ ထို့အပြင် ဘုရင်ခံမှာလည်း မြို့တော်အသစ်ထဲရှိ မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီး၏ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားမှုကို သတိထားမည်သွားမည်ဖြစ်ရာ တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ချက်ချင်းပင်ရိပ်မိသွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင်အောင် လက်ရှိတွင် ၎င်းမှာ သူလုပ်နိုင်သည့် အကောင်းဆုံးအရာပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိသွားပြီး မန္တန်အစီအရင်ကြီးနှင့် ချိတ်ဆက်ကာ အချက်ပေးခေါင်းလောင်းအားတီးခတ်ရန် ပြင်လိုက်စဉ်မှာပင် မျက်နှာပေါ်၌ ကင်းခြေများကြီးတစ်ကောင်ရှိနေသော ကျင့်ကြံသူကြီးမှာ မျက်လုံးများအရောင်လက်သွား၏။ သူသည် အထိတ်တလန့်ဖြစ်ကာ တုန်လှုပ်ချောက်ချားနေရသည့်တိုင်အောင် မန္တန်လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုအခါ သူ၏ရှေ့၌ ပုံရိပ်ရောင် သံလိုက်အိမ်မြှောင်တစ်ခု ချက်ချင်းပင်ပေါ်ပေါက်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် မန္တန်အစီအရင်ကြီးနှင့် မချိတ်ဆက်နိုင်ခင်မှာပင် အလင်းတန်းများ ထိုးထွက်လာတော့သည်။ ထိုအလင်းတန်းများမှာ မျက်စိတစ်မှိတ်အတွင်းတွင် အတားအဆီး အကာအရံတစ်ခုကို ဖန်တီးလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးနှင့် ချိတ်ဆက်နိုင်စွမ်းမရှိတော့ပေ။

၎င်းမှာ ဝမ်ပေါင်လဲ့ လုံးဝမကြားဖူးသည့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေသောကြောင့် သူသည် အထိတ်တလန့်ဖြစ်သွားရ၏။ သူသည် သူနှင့် မန္တန်အစီအရင်ကြီး၏ကြားရှိ ဆက်သွယ်မှုကြီးတစ်ခုလုံး ပြတ်တောက်သွားသည်ကို အာရုံခံမိလိုက်သည်။

” တောက်ကွာ ” ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် စိတ်ထဲ၌ ကျမ်းစာကြီးကို ရွတ်ဖတ်ရင်း ထွက်ပြေးရန် ပြင်လိုက်၏။ ထိုအခါ စကြဝဠာကြီး၏ အဆုံး၌ရှိနေသော အငွေ့အသက်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြန်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ခြေကုန်သုတ်ကာ ထွက်ပြေးသွား၏။

သို့သော် သူသည် အခြေတည်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူ လိုဏ်ခေါင်းကြီး အပြင်ဘက်သို့ ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင် ယွမ်ယင်အဆင့်ကျင့်ကြံသူကြီး သုံးယောက်မှာ အသိစိတ်များပြန်ဝင်လာ၏။ သူတို့မှာ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်နေရပါသော်လည်း ၎င်းမှာ အတုအယောင်တစ်ခုမျှသာဖြစ်ကြောင်း ရိပ်မိလိုက်ကြ၏။ ထို့ကြောင့် သူတို့ထဲမှတစ်ယောက်မှာ နှာမှုတ်လိုက်ပြီး လက်မြှောက်ကာ လေထဲ၌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အားကောင်းသော ပြင်းအားတစ်မျိုး ရုတ်တရက်ဆိုသလို ထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့မြင့်တက်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ပါးစပ်ထဲမှ သွေးစိမ်းများပန်းထွက်လာ၏။ သူ၏ အဝတ်အစားများမှာလည်း တစ်စစီ စုတ်ပြဲသွားရသောကြောင့် အောက်တွင်ရှိနေသည့် အဋ္ဌမအဆင့်ဓမ္မလက်နက် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာတော့သည်။ ၎င်းမှာလည်း တစ်စစီ ကြေမွနေပြီ ဖြစ်၏။ ထိုချပ်ဝတ်တန်ဆာကြောင့်သာ ဝမ်ပေါင်လဲ့မှာ ထိုတိုက်ကွက်ကြီးဖြင့် တိုက်ခိုက်ခံလိုက်ရသည်တိုင်အောင် အသက်ရှင်လျက် ရှိနေရခြင်းဖြစ်သည်။ သို့သော်လည်း သူ၏ အတွင်းကလီစာအားလုံးမှာ ပေါက်ပြဲသွားတော့မည့်အလား ဖြစ်သွားကြ၏။ ကံကောင်းသည်မှာ သူ၏ သက်စောင့်စွမ်းအားများမှာ အားကောင်းပြီး ပေါကြွယ်ဝနေသောကြောင့် သူ၏ဒဏ်ရာများမှာ အလျင်အမြန် ပြန်၍သက်လာ၏။ သို့သော်လည်း သူသည် မူးဝေဝေ ဖြစ်နေရပြီ ဖြစ်သည်။

” သူက ချပ်ဝတ်တန်ဆာတွေပါ ဝတ်ထားတာပဲ။ ဒီကောင်က ထူးဆန်းလိုက်တာ။ ငါတို့တွေအကုန်လုံးပေါင်းပြီးတော့ သူ့ကိုအရင်ဆုံး ချုပ်တည်းလိုက်ကြတာပေါ့ ”

” သူက အစိမ်းရောင်ကြာပွင့်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကြောက်ဖို့ကောင်းတဲ့ စိတ်ဆန္ဒကြီးကိုပါ ဆင့်ခေါ်နိုင်စွမ်း ရှိနေတာပဲ… ပြီးတော့ သူက ဒီနေရာမှာလာပြီးတော့ လေ့ကျင့်နေသေးတာ။ အဲ့တာမလို့ သူက ဒီလူနေမှုအဖွဲ့အစည်းရဲ့ မောင်ကံကောင်းလေး ဖြစ်နေလောက်တယ် ” မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ ထိုသို့ဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်လာနေပြီဖြစ်ပြီး အခြားနှစ်ယောက်မှာလည်း ထိုနည်းတူပင်။ သူတို့မှာ ယွမ်ယင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ယခုတွင်မူ သူတို့သုံးယောက်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။

ခဏတာအချိန်လေးအတွင်း ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် စွမ်းရည်များကြောင့် သူ၏ တန်ဖိုးမှာ အဆမတန် မြင့်တက်သွားရပြီးဖြစ်သည်။

ထိုကျင့်ကြံသူမှာ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်ဖြစ်ရာ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူတို့အား ပြန်လည်ခုခံနိုင်ရန်မှာ ခဲယဉ်းနေမည် ဖြစါသည်။ ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဇီဝိန်ချုပ်သွားတော့မည့်အလား ခံစားနေရပြီး သူ၏မျက်ဝန်းများထဲ၌ မျှော်လင့်ချက် အရိပ်အယောင်များ ပျက်သုဉ်းသွားရတော့သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ မိုးနှင့်မြေလို ကွာခြားနေသောကြောင့် သူသည် ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေ။ သူသည် တတ်နိုင်သမျှအစွမ်းကုန် ကြိုးစားပြီးသွားပြီ ဖြစ်သည်။

အကယ်၍ သူသည် ‌နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ခံလိုက်ရမည်ဆိုပါက မလွဲမသွေ သေဆုံးသွားရမည်သာဖြစ်ကြောင်း သိထား၏။

ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်ကြီးနှင့် ကြုံနေရပြီး ထိုကျင့်ကြံသူသုံးယောက် သူ၏ဘေးနားသို့ တည်နေရာပြောင်းရွှေ့လာသကဲ့သို့ ဖြစ်နေကြသည့်အချိန်တွင် ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ အနက်ရောင် မျက်နှာဖုံးလေးမှာ သူ့အလိုလို ပျံထွက်လာခြင်းဖြစ်၏။ ထိုမျက်နှာဖုံးထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ တလက်လက်တောက်ပသွားပြီး မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ မမလေးပင် ဖြစ်သည်။

မမလေး၏ မျက်နှာအမူအရာမှာ တည်ကြည်နေ၏။ သူမသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ပြေးလာသည့် ကျင့်ကြံသူသုံးယောက်အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ မည်သည့်နေရာကမှန်းမသိ ပုံရိပ်ယောင် ကွန်ရက်များ တစ်ထပ်ပြီးတစ်ထပ် ပေါ်ပေါက်လာပြီး ထိုကျင့်ကြံသူသုံးယောက်အား လွှမ်းခြုံသွားသဖြင့် အတားအဆီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုအတားအဆီးမှာ ယာယီမျှသာ ခံမည်ဖြစ်၏။ ၎င်းမှာ မမလေး၏ အစွမ်းကုန်ပင်။ ထို့ကြောင့် သူမ၏ ပုံရိပ်ယောင်ကြီးမှာ မှေးမှိန်သွားရ၏။ ထို့နောက် သူမ၏နှုတ်မှ အလောတကြီးဖြစ်နေသည့် စကားသံတစ်သံ တိုးတိုးလေး ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားရတော့သည်။

” ပြေးတော့။ မြန်မြန်လေး ”

မမလေး ထိုကဲ့သို့ ဆိုလိုက်စဉ်တွင် ဝမ်ပေါင်လဲ့မှာ နောက်သို့ဆုတ်ခွာနေပြီ ဖြစ်သည်။ သူ လိုဏ်ခေါင်းကြီးထဲမှ အပြင်ဘက်သို့ ထွက်ပြေးနိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲနေမည်ဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ သူ အပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားနိုင်လျှင်တောင် ဘာမှဆက်လုပ်နိုင်မည်မဟုတ်ပေ…

သူသည် ဘုရင်ခံ ရောက်မလာခင်အချိန်အထိ သူတို့၏ တိုက်ခိုက်မှုများကို ခုခံတွန်းလှန်တိုင်းမည်မဟုတ်ကြောင်း သိထား၏။ အမှန်အတိုင်းဆိုရလျှင် အကယ်၍ သူသည် အပြင်ဘက်သို့ ထွက်ပြေးသွားလိုက်မည်ဆိုပါက မြို့တော်အသစ်ကြီးမှာ ကပ်ဘေးကြီးတစ်ခုနှင့် ကြုံလိုက်ရသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ အခြားဂြိုဟ်မှ ထို ကျင့်ကြံသူကြီးသုံးယောက်မှာ သူ အချက်ပေးခေါင်းလောင်းကို မတီးခတ်နိုင်အောင် ကြိုးစားအားထုတ်၍ တားဆီးခဲ့သည်ဖြစ်ရာ သူတို့မှာ သူတို့ရှိနေကြောင်း လူအများက သိရှိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိလိုက်၏။ သို့ဖြစ်ရာ သူတို့ ရှိနေကြောင်း မည်သူကမှ မရိပ်မိသေးသရွေ့ သူတို့မှာ မြို့တော်အသစ်အား ဖျက်ဆီးရန် ကြိုးစားကြမည်မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။

၎င်းမှာ…. နတ်ဘုရားလက်နက်လိုဏ်ခေါင်းကြီးပင် ဖြစ်သည်။

မမလေးမှာ ယခင်တုန်းက ထိုအမှောင်အဆောင်ပစ္စည်းအား ပိုင်ဆိုင်ခဲ့ဖူးသည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုအချက်ပေါ်မူတည်၍ စွန့်စားရတော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့ထိုသို့ အဆင့်ဆင့်တွေးတောလိုက်ပြီးနောက် အသက်ရှူသံများမြန်လာ၏။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး လိုဏ်ခေါင်းကြီးထဲမှ ထွက်ပြေးလွှတ်မြောက်နိုင်ရန် မတွေးတော့ဘဲ နောက်သို့လှည့်ကာ လိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ပြေးဝင်သွားလိုက်တော့သည်။ သူသည် ခြေကုန်သုတ်ကာ လိုဏ်ခေါင်းကြီး၏ အဆုံးရှိနေသော နံရံကြီးဆီသို့ ပြေးသွားလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ နင် ဘယ်ကိုသွားနေတာလဲ ” ဝမ်ပေါင်လဲ့ ထိုသို့ ပြေးထွက်သွားသည်နှင့် မမလေး၏ စိုးရိမ်တကြီးဖြစ်နေသော စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” မမလေး။ မမလေး အဲဒီ အမှောင်အဆောင်ပစ္စည်းကို နည်းနည်းလေး ထိန်းချုပ်လိုက်ပြီးတော့ ကျနော့်အတွက် လမ်းကြောင်းတစ်ခုလောက် ဖွင့်ခိုင်းလိုက်လို့ ရမလား ”

” ငါ… ” ထိုစကားကြောင့် မမလေးမှာ ချက်ချင်းဆိုသလိုပင် ဆွံ့အမှင်တက်သွားရ၏။

ဝမ်ပေါင်လဲ့တစ်ယောက် လိုဏ်ခေါင်းကြီး၏ အဆုံးသို့ ပြေးသွားလိုက်ပြီး မမလေးနှင့် အလောတကြီး စကားပြောနေစဉ် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီး သုံးယောက်မှာလည်း သူတို့၏ အစွမ်းများကို ထုတ်သုံးကာ မမလေး ဖန်တီးထားသည့် ကွန်ရက်များအား ဖျက်ဆီးပစ်လိုက်၏။

” ဒီကောင်စုတ်လေးဆီမှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခု ရှိကိုရှိနေရမယ် ”

” ဘယ်လို အဆောင်ဝိညာဉ်ကြီးလဲဟ။ သူက အခုတော့ အားလျော့သွားတာ မှန်ပေမဲ့ လက်ညှိုးလေးတစ်ချက် ထိုးရုံနဲ့ ငါတို့ကို ခဏလောက် ချုပ်နှောင်ထားနိုင်ခဲ့ပါလား ”

ထိုကျင့်ကြံသူသုံးယောက်မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး သူတို့၏ မျက်ဝန်းများထဲ၌ ယခင်တုန်းကနှင့် လုံးဝမတူသည့် လိုချင်တပ်မက်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ဤခဏတာအချိန်လေးအတွင်း ဝမ်ပေါင်လဲ့ ထုတ်သုံးခဲ့သည့် တိုက်ကွက်များကြောင့် သူတို့၏ မျက်ဝန်းများမှာ လောဘစိတ်များဖြင့် နီမြန်းနေကြရပြီ ဖြစ်သည်။

သူတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏နောက်သို့ ချက်ချင်းပင် ပြေးလိုက်သွားကြ၏။ သူတို့မှာ အလွန်အင်မတန်မှ မြန်ဆန်နေကြပြီး သူတို့၏ တည်နေရာပြောင်းရွှေ့ခြင်း ပညာရပ်များကို ထုတ်သုံးလိုက်ကြသည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား လိုက်မီလုနီးပါး ဖြစ်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အချိန်မရှိတော့ကြောင်း သိသွားတော့သည်။ သူသည် မမလေးအား စကားပြောမနေတော့ပဲ အော်ဟစ်မြည်တမ်းလိုက်သဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ လည်ပတ်သွားတော့သည်။ ၎င်းမှာ နံရံကြီးဆီသို့ ၎င်း၏ စုပ်ယူအားများကို ထုတ်လွှတ်လိုက်သဖြင့် ထိုစုပ်ယူအားများမှာ သူ့အား နံရံကြီးရှိရာသို့ ဆွဲငင်နေသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူ၏နောက်တွင် ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့၏။ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ထိုကဲ့သို့ ရုတ်ခြည်းဆိုသလို မြင့်တက်သွားသော အမြန်နှုန်းကို တောင့်ခံနိုင်စွမ်း မရှိသောကြောင့် တစ်

စစီ စုတ်ပြဲသွားတော့မည်အလား ဖြစ်သွားရတော့သည်။

ထိုအချိန်တွင် သူသည် နှလုံးသားထဲမှ နာကျင်မှုများကို မျိုသိပ်ကာ သူ၏ သတ္တမအဆင့်ဓမ္မလက်နက်ဓားပျံလေးအား ထုတ်ယူ၍ အော်ဟစ်လိုက်တော့သည်။

” ပေါက်ကွဲစေ ”

သတ္တမအဆင့်ဓမ္မလက်နက်တစ်ခု၏ ပေါက်ကွဲမှုကြောင့် လိုဏ်ခေါင်းကြီးတစ်ခုလုံးထဲတွင် အားပြင်းသော တုန်ခါမှုလိုင်းများဖြင့် ပြည့်နှက်သွားရမည်ဖြစ်သည်။ ထိုပေါက်ကွဲမှုကို မရပ်တန့်နိုင်ဘဲ ထိုပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာမည့် တုန်ခါမှုလှိုင်းများကို ချုပ်တည်းနိုင်ခြင်းမရှိပါက မန္တန်အစီအရင်ကြီးမှာ ပြင်ပကမ္ဘာကြီးကို ချက်ချင်းပင် သတိပေးလိုက်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူကြီး သုံးယောက်မှာ သူတို့ရှိနေသည်ကို မည်သူ့ကိုမှ မသိစေချင်သည့် အချက်အပေါ် လောင်းကြေးထပ်နေခြင်းဖြစ်၏။ သို့ဖြစ်ရာ သူတို့မှာ ထိုဓမ္မလက်နက်ကြီးအား ပေါက်ကွဲခွင့်ပြုမည် မဟုတ်ဘဲ ၎င်းအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလိုက်ကြမည်သာ ဖြစ်သည်။ သူတို့ ထိုသို့ကြိုးပမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အချိန်ပိုရသွားမည်ဖြစ်၏။ အချိန်အနည်းငယ်မျှသာ ပိုရလျှင်တောင် ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ အဖိုးတန်နေမည် မဟုတ်ပါလော။

Comment

  1. Aung pyae says:

    နောက်တခုထွက်တော့မှာလား

Leave a Reply

Options

not work with dark mode
Reset