Switch Mode

အခန်း (၄၄၁)

ဘေးအန္တရာယ်ကြီး

ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အဖြစ်ဆိုးကြီးမှာ ပြည်ထောင်စုကြီးတစ်ခုလုံးအပေါ် ကြီးကြီးမားမားရောက်သွားခဲ့၏။ ၎င်းကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားခဲ့ရပြီး အင်္ဂါဂြိုဟ်မှာလည်း ထိုနည်းတူပင်။ လူပေါင်းများစွာမှာ သွမ့်မုချွယ်၏ ထုတ်ပြန်ကြေညာချက်ကို စောင့်ကြည့်ခဲ့ကြ၏။ ထို့နောက် အင်္ဂါဂြိုဟ်ဘုရင်ခံသည်လည်း အင်္ဂါဂြိုဟ်ပေါ်တွင် ကြေညာချက်တစ်ခုထုတ်ပြန်လိုက်သည်။

သူမ၏ ကြေညာချက်ကိုကြည့်၍ တရားခံအား အပြစ်ပေးရန် စိတ်ပိုင်းဖြတ်ထားပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကြောင်း သိနိုင်ပေသည်။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အဖြစ်ဆိုးကြီးကို ဖန်တီးခဲ့သည့် လူများ အင်္ဂါဂြိုဟ်အား မတိုက်ခိုက်နိုင်ရန် အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးကိုလည်း အပြည့်အဝ အသုံးချထား၏။

လက်ရှိတွင် အင်္ဂါဂြိုဟ်မှာ သတိဝီရိယအပြည့်ရှိနေပြီး အင်္ဂါဂြိုဟ်စစ်တပ်တစ်ခုလုံးအား တပ်ချထား၏။ ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲတွင်လည်း အစောင့်အပြည့် ချထားသည်။ ဧရာမသစ်ပင်ကြီး အပါအဝင် သူတို့၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူအားလုံးမှာ ကောင်းကင်ယံကြီး၏ အလွန်ရှိ ကြယ်တာရာများနှင့် အာကာသကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

အင်္ဂါဂြိုဟ်မြို့တော်အသစ်မှာလည်း ထိုနည်းတူပင်။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အဖြစ်ဆိုးကြီးကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ မြို့တော်အသစ်အား အဆင့်မြှင့်တင်လိုသော အစီအစဉ်များမှာ ကမောက်ကမဖြစ်ကာ နှောင့်နှေးသွားရ၏။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ မြို့တော်အသစ်၏ မြို့တော်သခင်အဖြစ် ဆက်ရှိနေဆဲပင်။

သူသည် တံခါးပိတ်တရားကျင့်ကြံနေပါသော်လည်း ပြင်ပကမ္ဘာကြီးနှင့် လုံးဝအဆက်ပြတ်နေခဲ့သည်တော့ မဟုတ်ပေ။ ဗုဒ္ဓဟူးဂြိုဟ် အဖြစ်ဆိုးကြီးမှာ အလွန်အင်မတန်မှ အရေးကြီးသော ကိစ္စကြီးတစ်ခုဖြစ်သည်။ လီဝမ်အာဖြစ်စေ၊ လင်းတျန်ဟောက်ဖြစ်စေ၊ ကျင့်သိုမင်ဖြစ်စေ၊ အခြားသူများဖြစ်စေ သူတို့အားလုံးမှာ ထိုဖြစ်ရပ်ကြီးအကြောင်းကို ချက်ချင်းပင် အစီရင်ခံလိုက်ကြ၏။ ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း ဆွေးနွေးငြင်းခုံမှုစကားဝိုင်းများမှာ အရှိန်ရနေကြပြီဖြစ်သည်။

ထို့ကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံကြီး ဂြိုဟ်တစ်ခုလုံးအား သတိကြီးကြီးထားရန် အမိန့်မပေးခဲ့ခင်ကတည်းက ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်နေရင်း မြို့တော်အသစ်၏ မန္တန်အစီအရင်ကြီးအား အပြည့်အဝ အသုံးချထားခဲ့၏။ ထို့အပြင် သူသည် ခုန်းတောက်အား မြို့တော်အသစ်အား လုံခြုံမှုအပြည့်ရှိအောင် စောင့်ကြည့်ထားရန် ညွှန်ကြားခဲ့သေးသည်။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်ဆိုးကြီး အင်္ဂါဂြိုဟ်ပေါ်၌ ထပ်မဖြစ်သွားအောင် တားဆီးရမည်ဖြစ်သည်။

ထိုအတောအတွင်းတွင် ပြည်ထောင်စုကြီးမှာ အလင်းမှတစ်ဆင့် ကူးစက်သော လျှို့ဝှက်ဆန်းကြယ် ရောဂါပိုးမွှားအတွက် ကာကွယ်ဆေးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့၏။ ထိုကာကွယ်ဆေးအား လူတစ်ယောက်ချင်းစီတိုင်းကို လိုက်ပေးနေရန် မလိုအပ်ပေ။ ၎င်းအား မန္တန်အစီအရင်ထဲသို့ ထည့်သွင်းလိုက်ရုံနှင့် ရောဂါများကို ခုခံသွားနိုင်အောင် ကူညီပေးမည်ဖြစ်သည်။

ထိုကာကွယ်ဆေးအား အင်္ဂါဂြိုဟ်ဆီသို့ ပေးပို့ထားပြီးသားဖြစ်သည်။ ပင်မမြို့တော်ကြီးနှင့် မြို့တော်အသစ် နှစ်ခုစလုံးမှာ ထိုကာကွယ်ဆေးအား ၎င်းတို့၏ မန္တန်အစီအရင်များထဲသို့ ထည့်သွင်းထားပြီးသားဖြစ်သည်။ ထို့အပြင် အင်္ဂါဂြိုဟ်ပေါ်မှ ဝိညာဉ်ဆန့်ကျင်‌‌ဗုံး သုတေသနစက်ရုံမှာလည်း အစွမ်းကုန် ကြိုးစားနေ၏။ သူတို့မှာ အချိန်မရွေး ဖောက်ခွဲပစ်နိုင်မည့် ဝိညာဉ်ဆန့်ကျင်ဗုံး ဆယ်လုံးတိတိကို ပိုင်ဆိုင်ထားကြပြီဖြစ်သည်။

လက်ရှိတွင် အင်္ဂါဂြိုဟ်ကြီးမှာ သေသေချာချာ ပြင်ဆင်ထားပြီးသား ဖြစ်သောကြောင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ဖြစ်ပွားခဲ့သည့် ကျူးကျော်မှုမျိုးကို ခုခံတွန်းလှန်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် ထိုကျူးကျော်သူများကိုပင် ပြန်၍ သတ်လျှင်သတ်ပစ်နိုင်ခြေ ရှိပေသည်။

သို့သော် ထိုပြင်ဆင်မှုများအားလုံးမှာ အခြားဂြိုဟ်မှ လျှို့ဝှက်ဆန်းကြယ် လူနေမှုအဖွဲ့အစည်းတစ်ခု ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ဆင်နွှဲခဲ့သည့် ကျူးကျော်မှုကြီးနှင့် ပတ်သတ်၍ ပြည်ထောင်စုကြီးဘက်မှ လေ့လာသိရှိထားသမျှ အချက်အလက်များအပေါ် မူတည်၍ ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ပြန်လည်ခုခံနိုင်သည့် အဆင့်တွင်သာ ရှိသေးသည်။ ပြည်ထောင်စုကြီးမှာ အခြားဂြိုဟ်မှ ထိုလူနေမှုအဖွဲ့အစည်း အသုံးပြုခဲ့ဖူးသည့် တိုက်ကွက်များကိုသာ ခုခံနိုင်စွမ်းရှိမည်ဖြစ်သည်။ သူတို့ လုံးဝမမြင်ဖူးသော တိုက်ကွက်အသစ်အဆန်းများကို ခုခံတွန်းလှန်တိုက်ရန်မှာမူ ခဲယဉ်းနေမည်သာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင် ရေခူကြီးမှာ ၎င်းထဲ၌ ထိုင်နေသည့် ကျင့်ကြံသူသုံးယောက် ပြောခဲ့သော အကြီးအကဲကြီး၏လည်ဆွဲကို အသုံးပြုကာ ပုန်းကွယ်နေဆဲပင်။ ထို့ကြောင့် ထိုအနက်ရောင် ရေခူကြီးမှာ အင်္ဂါဂြိုဟ်၏ အနီးသို့ မည်သူမှ သတိမထားမိအောင် တိတ်တဆိတ် ချဉ်းကပ်လာတော့သည်။

အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးမှာ ၎င်းအား လုံးဝအာရုံမခံနိုင်ခဲ့ပေ။ ထိုသို့ဖြစ်နေရသည်မှာ လူနေမှုအဖွဲ့အစည်း အဆင့်အတန်းများ ကွာခြားနေသောကြောင့်ဖြစ်သည်။ ပြည်ထောင်စုကြီး၏ လူနေမှုအဖွဲ့အစည်း အဆင့်အတန်းမှာ အနိမ့်ပိုင်းတွင်သာ ရှိသေး၏။ ၎င်းမှာ အဖွဲ့အစည်းအချို့အား အံ့ဩတုန်လှုပ်သွားစေနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားပါသော်လည်း ကဏ္ဍအသီးသီး၌ လိုအပ်ချက်များ ရှိနေဆဲပင်။

သို့သော် ပြည်ထောင်စုကြီး ရှေးဦးဝိညာဉ်ခေတ်ထဲသို့ ရောက်လာခဲ့သည်မှာ ဆယ်စုနှစ်လေးခုမျှသာ ရှိသေးသည်မဟုတ်ပါလော။ ထိုအချိန်တိုလေးအတွင်း ယခုလောက်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းမှာ မည်သည့်လူနေမှုအဖွဲ့အစည်းအတွက်မဆို အံ့ဩဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်နေမည်သာဖြစ်သည်။

အကယ်၍ ပြည်ထောင်စုကြီးကိုသာ နောက်ထပ် အနှစ်ခြောက်ဆယ်ခန့် အချိန်ထပ်ပေးလိုက်မည်ဆိုပါက ၎င်း၏လူနေမှုအဖွဲ့အစည်းမှာ လက်ရှိအနေအထားထက် ပို၍ ဖွင့်ဖြိုးတိုးတက်လာမည်သာဖြစ်သည်။

သို့သော် ဤကမ္ဘာကြီးထဲတွင် ‘ အကယ်၍ ‘ ဆိုသည့် စကားလုံးများအတွက် နေရာမရှိပေ။ လက်ရှိတွင် အနက်ရောင် ရေခူကြီးမှာ တိတ်တဆိတ် ချဉ်းကပ်လာနေဆဲပင်။ ၎င်းမှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်တုန်းကအတိုင်း ပြုမူခဲ့ခြင်းမရှိဘဲ အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင်သာ ရပ်လိုက်ပြီး တွက်ချက်မှုများ ပြုလုပ်နေသည့်ပုံပင်။ အချိန်အတော်အတန်ကြာပြီးသွားသောအခါမှ ၎င်း၏ ခန္ဓာကိုယ်ထဲမှာ တလက်လက် တောက်ပနေသော အလင်းရောင်တစ်ခု စတင်ထွက်ပေါ်လာ၏။ ၎င်း၏ အငွေ့အသက်မှာလည်း ပြောင်းလဲသွားပြီး ၎င်းမှာ သူ့ကိုယ်သူ အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးနှင့် လိုက်လျောညီထွေရှိသွားအောင် ပြောင်းလဲလိုက်သည့်ပုံပင်။ ထို့နောက် ၎င်းမှာ ရုတ်တရက်ဆိုသလို အရှိန်မြင့်တက်သွားပြီး ရှေ့သို့ ပျံထွက်သွားလိုက်၏။ ထိုသို့ဖြင့် ၎င်းမှာ အင်္ဂါဂြိုဟ်မဟာမန္တန်အစီအရင်ကြီးအား ကျော်ဖြတ်သွားပြီး အင်္ဂါဂြိုဟ်လေထုထဲ၌ ပေါ်ပေါက်လာတော့သည်။

မည်သူကမှ ထိုအနက်ရောင် ရေခူကြီး ပေါ်ပေါက်လာသည်ကို မမြင်ရသလို မန္တန်အစီအရင်ကြီးမှာလည်း မည်သည့်နှောင့်ယှက်မှုမျိုးကိုမှ အာရုံမခံမိခဲ့ပေ။ ထို့သို့ဖြင့် အနက်ရောင် ရေခူကြီးမှာ မည်သူမှ မသိအောင် အင်္ဂါဂြိုဟ်ထဲသို့ ဝင်ရောက်လာတော့သည်။

အနက်ရောင် ရေခူကြီးထဲရှိ ကျင့်ကြံသူသုံးယောက်မှာ သတိကြီးကြီးထားနေရသောကြောင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ အသုံးပြုခဲ့သည့် နည်းလမ်းများကို ပြန်လည်အသုံးပြုခြင်းမရှိပေ။ သူတို့မှာ အင်္ဂါဂြိုဟ်ထဲသို့ ရောက်သွားပြီးချိန်တွင် သတိကြီးကြီးထားရန် ဆုံးဖြတ်ချက်ချထားခဲ့၏။ သူတို့အတွက် အရေးကြီဆုံးမှာ ထိုနေရာတစ်ဝိုက်အား စူးစမ်းရှာဖွေရန်ဖြစ်ပြီး သူတို့မှာ ရသမျှအရာအားလုံးကို ယူဆောင်သွားကြမည်ဖြစ်သည်။ အကယ်၍ ထိုသို့မလုပ်နိုင်ပါက သူတို့မှာ ချက်ချင်းထွက်ခွာသွားပြီး သူတို့၏ နေရပ်ဂြိုဟ်ဆီသို့ ပြန်ကာ သူတို့၏ အကြီးအကဲကြီးကို ဆင့်ခေါ်လိုက်ကြမည်သာဖြစ်သည်။

အနက်ရောင် ရေခူကြီးမှာ အင်္ဂါဂြိုဟ်ထဲသို့ ဝင်ရောက်လာပြီနောက် လူများကို သတ်ဖြတ်ခြင်းမရှိသလို ရပ်တန့်သွားခြင်းလည်းမရှိပေ။ ၎င်း၏ အမြန်နှုန်းမှာ တဖြည်းဖြည်းနှင့် မြင့်တက်လာပြီး နောက်ဆုံးတွင် ၎င်း၏ ရွေ့လျားမှုများမှာ တည်နေရာပြောင်းရွှေ့ခြင်းများနှင့်ပင် ဆင်တူနေတော့သည်။ ၎င်းမှာ နတ်ဘုရားလက်နက်လိုဏ်ခေါင်းကြီးရှိရာ မြို့တော်အသစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေ၏။

၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် အသက်ရှူကြိမ် နှစ်ရာအတွင်းတွင် မြို့တော်အသစ်၏ အပြင်ဘက်သို့ ရောက်ရှိလာတော့သည်။

အနက်ရောင် ရေခူကြီးထဲမှ ကျင့်ကြံသူသုံးယောက်မှာ မြို့တော်အသစ်ကြီးအား စိုက်ကြည့်နေကြ၏။ သူတို့၏အနီရောင် မျက်ဝန်းများထဲ၌ အထင်သေးနေသည့်အကြည့်များကို အထင်းသား မြင်နိုင်ပေသည်။ သို့သော် သူတို့မှာ မြို့တော်အသစ်၏ အောက်တွင်ရှိနေသော အရာကို မြင်လိုက်သောအခါ ထိုအကြည့်များမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာ၌ စိတ်လှုပ်ရှားမှုများနှင့် လိုချင်တက်မက်မှုများ အစားထိုးဝင်ရောက်လာတော့သည်။

” ငါ ဝင်ပေါက်ကို ရှာတွေ့ပြီ ” သူတို့ထဲမှ တစ်ယောက်က ဆိုလိုက်ပြီး စိတ်လှုပ်တရှားနှင့် မန္တန်လက်ကွက်အချို့ကို ဖော်လိုက်၏။ ထိုအခါ သူတို့၏ ရှေ့တွင်ရှိနေသော သံလိုက်အိမ်မြှောင်ထဲတွင် မြို့တော်အသစ်၏ ပုံရိပ်အသစ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုပုံရိပ်ထဲတွင် ထိုလိုဏ်ခေါင်းကြီးနှင့် တိုက်ရိုက်ဆက်သွယ်ထားသော ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေသည်။

ထိုဥမင်လိုဏ်ခေါင်းမှာ နတ်ဘုရားလက်နက်လိုဏ်ခေါင်းကြီး၏ အဓိကအစိတ်အပိုင်း ရှိနေသည့်နေရာတွင် တည်ရှိနေခြင်းဖြစ်သည်။

” သွားကြစို့ ” မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသည့် ကျင့်ကြံသူမှာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး နှုတ်ခမ်းအား လျှာဖြင့်လျှက်လိုက်၏။ သူထိုသို့ဆိုလိုက်ပြီးနောက် အနက်ရောင် ရေခူကြီးမှာ ရှေ့သို့ ပျံထွက်သွားကာ မြို့တော်အသစ်၏ မန္တန်အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး နတ်ဘုရားလက်နက်လိုဏ်ခေါင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

သူတိုါ သွားနေသည့်နေရာမှာ ဝမ်ပေါင်လဲ့ တံခါးပိတ်ကျင့်ကြံနေသည့် နေရာပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်ရန်အတွက် နတ်ဘုရားလက်နက်လိုဏ်ခေါင်းကြီး၏ ဥမင်လိုဏ်ခေါင်းထဲတွင် လျှို့ဝှက်အခန်းတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့၏။ သူသည် ထိုအခန်းထဲတွင် တရားထိုင်နေ၏။

လေထုထဲတွင် အမှောင်ချီများ ပြည့်နှက်နေသောကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ မြန်ဆန်နေ၏။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အဖြစ်ဆိုးကြီးကြောင့် အင်္ဂါဂြိုဟ်အား အဆင့်မြှင့်တင်မည့် အစီအစဉ်မှာ နှောင့်နှေးသွားခဲ့ရပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အလွယ်တကူ အလျှော့ပေးမည်မဟုတ်ကြောင်းကို သူက သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဟူးဂြိုဟ်ကိစ္စရပ်ကြီး ပြီးဆုံးသွားသည်နှင့် သူတို့မှာ ထိုအစီအစဉ်အား ပြန်၍ အာရုံစိုက်လာကြမည်ဖြစ်ကြောင်း သူက မှန်းဆထားသည်။

ထို့ကြောင့်လည်း သူသည်အမြုတေအဆင့်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဗုဒ္ဓဟူးဂြိုဟ် အဖြစ်ဆိုးကြီးကို သူကိုယ်တိုင် မမြင်ခဲ့ရပါသော်လည်း သူ၏ရာထူးအဆင့်အတန်းကြောင့် အချို့သော လျှို့ဝှက်မှတ်တမ်းများကို ဖတ်ရှုနိုင်ခဲ့၏။ ထို့ကြောင့် သူသည် ဗုဒ္ဓဟူးဂြိုဟ်မှာ ၎င်း၏ ကြယ်တာရာရင်းမြစ် တစ်ဝက်ကျော်အထိ ဆုံးရှုံးလိုက်ရသည်ဖြစ်ကြောင်းကို သိထားပြီးသားဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုကြီးမှာ အခြားဂြိုဟ်ရှိ လူနေမှုအဖွဲ့အစည်းတစ်ခုမှ ပင်လယ်ဇူဇကာကြီးတစ်ကောင်မှာ နေအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာခဲ့ကြောင်း သဲလွန်စများ ရရှိထား၏။ ၎င်းထဲ၌ ပါဝင်သည့် လူအရေအတွက်နှင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုမူ အတိအကျမသိသေးပေ။ သို့သော် သူတို့မှာ အရေအတွက် အများကြီးမရှိနိုင်ကြောင်းနှင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ပြိုင်ဘက်ကင်းအဆင့်၌ ရှိနေမည်မဟုတ်ကြောင်း ပြည်ထောင်စုကြီးက ခန့်မှန်းထား၏။ ထိုသို့သာမဟုတ်ပါက သူတို့မှာ အားအနည်းဆုံးဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်အား သူတို့၏ ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုဖြစ်ရပ်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့်၏ အရေးပါပုံကို ပို၍ပင် နားလည်သွားတော့သည်။ သူယုံကြည်ထားခဲ့သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းနေသည်ဆိုသည့်အချက်မှာ မှားယွင်းနေကြောင်း သူက သိလာရပြီဖြစ်သည်။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ရောက်ရှိလာစဥ်ကတည်းက သူတို့ဘက်ရှိ စကြ၀ဠာကြီးမှာ ဘေးကင်းလုံခြုံမှာ မရှိတော့ပေ။

ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်နေရင်း ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ မိန့်ခွန်းအား နားထောင်ခဲ့၏။ သူသည် ထိုမိန့်ခွန်းတစ်ခုလုံး နှုတ်ဆိတ်နေခဲ့ပြီး ခံစားချက်များ ရှုပ်ထွေးနေခဲ့ရသည်။ တစ်ချိန်ထဲမှာပင် သူသည် သွမ့်မုချွယ် ပြောခဲ့သည့်စကားတစ်ခွန်းကိုလည်း သဘောတူခဲ့၏။

” ကျနော်တို့ရဲ့ အားနည်းမှုက ကျနော်တို့ရဲ့ အပြစ်ပါပဲ ”

ထိုစကားလုံးများမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေ၏။ ထို့ကြောင့် သူသည် ပို၍ပင် ကြိုးစားအားထုတ်၍‌ လေ့ကျင်ရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူသည် အခြေတည်ထိပ်ဆုံးအဆင့်မှ ဖောက်ထွက်နိုင်ရန်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ လေ့ကျင့်နေ၏။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေ၏။ ထိုအချိန်တွင် အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြိုးပမ်းနေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရတ်ဆိုသလို တုန်ရီသွားရ၏။ သူသည် အငွေ့အသက်ကြီးတစ်ခု သူ၏ မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအား ဖြတ်သွားပြီး အထဲသို့ ဝင်ရောက်လာသည်ကို တစ်ခဏမျှ ခံစားမိလိုက်ခြင်းပင် ဖြစ်သည်။

၎င်းမှာ ချစ်ချစ်တောက်ပူနေသော နွေရာသီသို့ ရောက်နေပါသော်လည်း မိမိ၏ ခန္ဓာကိုယ်အား အေးစက်စက် လေပြည်လေညင်းတစ်ခု ဖြတ်၍ တိုက်ခတ်သွားသည့် ခံစားချက်နှင့် ဆင်တူနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားရပြီး မျက်လုံးများ ပွင့်လာတော့သည်။

သူ မျက်လုံးများပွင့်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားလက်နက် လိုဏ်ခေါင်းကြီးထဲ၌ အနက်ရောင်ရေခူကြီးတစ်ကောင်၏ အရိပ်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

ထို ရေခူကြီး၏ အရွယ်အစားမှာ အလွန်အင်မတန်မှ ကြီးမားနေပြီး သူရှိနေသည့် နေရာတစ်ခုလုံး၏ တစ်ဝက်ကျော်အထိ ရှိနေသည်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အသိစိတ်များ ကယောင်ချောက်ချားဖြစ်သွားရပြီး သူ၏မျက်နှာပေါ်‌၌ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် ထွက်ပြေးရန်ပြင် လိုက်ပါသော်လည်း ဘာမှမလုပ်နိုင်ခင်မှာပင် အံ့ဩမှင်တက်ဖွယ် အသိစိတ်ကြီးတစ်ခု ပျံ့လွင့်လာပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။ ထို့ကြောင့် သူသည် ကြက်သေသေသွားရပြီး တစ်လက်မလေးပင် လှုပ်၍မရတော့ပေ။ ထိုအသိစိတ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုလိုက်၏။

” ဟင်း ”

” ဒါက… အစိမ်းရောင်ကြာပွင့် တစ်ပွင့်ပါလား။ ဘုရားရေ။ ဒီလူရိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ အစိမ်းရောင်ကြာပွင့်တစ်ပွင့် ရှိနေရတာလဲ ”

” အဲဒီ အစိမ်းရောင်ကြာပွင့်ရဲ့ အဆင့်ကို အတိအကျမသိနိုင်တာ နှမြောစရာပဲ။ ပြီးတော့ အဲဒီကြာပွင့်က ဒီလူရိုင်းနဲ့ တစ်သားတည်း ပေါင်းစည်းထားပြီးသား ဖြစ်နေပြီ။ ဒါပေမဲ့ တကယ်ရှားတာတော့ အမှန်ပဲကွ။ ငါတို့တွေကို သူ့ကို အရှင်ဖမ်းပြီးတော့ ရှားပါးပစ်စည်းတွေ စုဆောင်းရတာကြိုက်တဲ့ အဆုံးမဲ့မျိုးနွယ်စုဆီကို ရောင်းလို့တော့ရမယ်။ သူဆိုရင် ဈေးကောင်းတစ်ခုရမှာ သေချာတယ် ”

အနက်ရောင် ရေခူကြီးထဲမှ ယွမ်ယင်အဆင့် ကျင့်ကြံသူသုံးယောက် အပြင်သို့ထွက်လာစဉ် ဝမ်ပေါင်လဲ့မှာ သူတို့ စိတ်လှုပ်တရှားပြောနေကြသည့် စကားများကို ကြားလိုက်ရသည်။ သူတို့မှာ အလွန်အင်မတန်မှ ပျော်ရွှင်နေကြသည်ပုံပင်။ သူတို့ အပြင်သို့ထွက်လာကြပြီးနောက် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူမှာ သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်အချို့ ဖော်လိုက်၏။ ထိုအခါ အနက်ရောင်ရေခူကြီးမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားကြုံ့ဝင်သွားပြီး သိမ်းဆည်းခံလိုက်ရ၏။ ကျင့်ကြံသူသုံးယောက်မှာ အံ့အားသင့်ကာ ပျော်ရွှင်ကျေနပ်နေကြသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြ၏။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်လေးပင် လှုပ်ရှား၍မရဖြစ်နေ၏ သူ၏ အသက်ရှုသံများမှာလည်း ရပ်တန့်သွားသကဲ့သို့ ဖြစ်နေပါသော်လည်း သူသည် အသိစိတ်တော့ရှိနေဆဲပင်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ယခင်တုန်း လုံးဝ မခံစားခဲ့ဖူးသော် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်

အကြေးခွံ ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားကြသည့် ကျင့်ကြံသူသုံးယောက်၏ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်များကြောင့် ထိုကဲ့သို့ခံစားနေကြရခြင်း ဖြစ်၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ကြုံ‌‌တွေ့ဖူးသည့် ကျင့်ကြံသူအားလုံးထက် ပို၍ အစွမ်းထက်နေ၏။ သွမ့်မုချွယ်ပင်လျှင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

” သူတို့တွေက… ” ဝမ်ပေါင်လဲ့မှာ အတွေးများ ယောက်ယက်ခက်သွားရပြီး အသိစိတ်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။

” ယွမ်ယင်အဆင့် ကျင့်ကြံသူတွေပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset