အပိုင်း(၆၇)

မူယွန်ချန် ကမထိုက်တန်ဘူး

ရီဖူရှင်းက ဟွာဂျီယူ၏ ဆွဲဆောင်မှုရှိသော သွင်ပြင်ကို ငုံ့ကြည့်လိုက်သည်။ အထူးသဖြင့် သူမ၏နှင်းဆီရောင် နှုတ်ခမ်းဖူးလေးများကို ဖြစ်သည်။ သူ၏နှလုံးကား တဒိတ်ဒိတ် ခုန်နေပြီ။ သူက ပြန်လည်ပွေ့ဖက်ရန် သူ၏ညာလက်ဖြင့် သူမ၏ကိုယ်လေးအား ဆွဲကပ်လိုက်ကာ သိုင်းဖက်လိုက်ပြီး သူမ၏နှုတ်ခမ်းဖူးဖူးလေးအား အသာအယာ ဖိကပ်လိုက်သည်။ သူတို့က အစပိုင်းတွင် အနည်းငယ် သက်သောင့်သက်သာ မဖြစ်သော်လည်း တဖြည်းဖြည်းဖြင့် ခံစားချက်များ ပေါင်းဆုံသွားကာ အရာအားလုံးကို မေ့ပျောက် သွားတော့သည်။ အချိန် အနည်းငယ်ကြာလျှင် သူတို့ လူချင်း ခွာလိုက်သည်။

ဟွာဂျီယူက သူမ၏နှုတ်ခမ်းများအား ဖိကိုက်လိုက်သည်။ သူမ၏ ကြယ်ပွင့်အလား မျက်လုံးဝိုင်းများက ဆွဲဆောင်လွန်းလှသည်… “ငါ့ကို အခု နင်ပိုင်သွားပြီ… ဒါကြောင့် နင်ငါ့ကို တာဝန်ယူရတော့မယ်…”ဟွာဂျီယူက ရီဖူရှင်းအား မျက်လုံးချင်းဆုံအောင် ကြည့်လျက် ပြောလိုက်သည်။

“အာ…” ရီဖူရှင်း မျက်လုံး ပြူးသွားသည်။

“နင်ဘာကို ဆိုလိုတာလဲ… နင် ငြင်းတော့မလို့လား…” သူမက ဒေါသတကြီး ကြည့်လိုက်သည်။

သူမ၏ ဒေါသမျက်နှာလေးကို ကြည့်ပြီး ရီဖူရှင်း ထိတ်ခနဲ ဖြစ်သွားသည်။ သူက ပြောလိုက်သည်… “နင်က ငါ့အပိုင်ဖြစ်ပြီးမှတော့ နောက်တစ်ခေါက်လောက်…” သူက ထိုသို့ပြောပြီး သူမအား ဆွဲယူလိုက်ကာ နောက်တစ်ကြိမ် နမ်းလိုက်ပြန်သည်။ ဟွာဂျီယူ၏မျက်လုံးများ မှိတ်လိုက်သည်။ သူမ၏မျက်နှာလေးကား ပိုမို၍ နီရဲလာသည်။ သို့သော် ရင်ဘတ်ထဲတွင်မူ နွေးထွေးမှုကို ခံစားနေရ၏။ သည်တစ်ကြိမ်ကား အနည်းငယ် ကြာ၏။ လူချင်း ပြန်ခွာလိုက်ပြီးလျှင် ဟွာဂျီယူက ရုတ်တရက် ပြောလိုက်သည်… “နင် မသွားလို့ မရဘူးလား…”

“မသွားလို့…” ရီဖူရှင်း ဇဝေဇဝါ ဖြစ်သွားသည်။

“မနေ့က ကောင်မလေး…” ဟွာဂျီယူက ပြောလိုက်သည်။ ရီဖူရှင်း အတန်ကြာ မှင်တက်သွားသည်။ ထို့နောက် သူက ဟက်ခနဲရယ်လိုက်ကာ သူ၏နတ်သမီးလေးအား ကြည့်လိုက်သည်။ သူမကား သဝန်တိုနေခြင်းပင်။

“ဝန်ကြီးချုပ်ကျိုရဲ့ အမိန့်ဆိုတော့ ငါမသွားလို့ မရဘူး…” သူက ပြောလိုက်သည်။

“ဒါဆိုလည်း သူမကို မကြိုက်ရဘူးလို့ ငါ့ကို သတိပေး… သူမက နင့်ကို ဆွဲဆောင်ဖို့ ကြိုးစားမယ် ဆိုရင်တောင်မှ…” ဟွာဂျီယူက ပြောလိုက်သည်။ ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့။ မိန်းမများ သည်မျှ သဝန်တိုလိမ့်မည်ဟု လုံးဝမထင်ခဲ့ပေ။ သို့သော် ဤသည်က သူ၏ရင်ထဲ နွေးသွားစေသည်။

“သူမကို ကြည့်ရတာ ငါ့ရဲ့ မြေခွေးမလောက် ကောင်းတဲ့နေရာ ဘယ်နေရာမှ မရှိဘူး… ငါက သူ့ကို ဘာလို့ကြိုက်ရမှာလဲ…” သူက မေးလိုက်သည်။

ဟွာဂျီယူက ရီဖူရှင်း၏စကားအား ကြားကာ မိမိကိုယ်ကို ဂုဏ်ယူမိသည်။ သို့သော် သူမက ဆက်ပြောလိုက်သည်… “သူမက ငါ့ထက် ပိုကြည့်ကောင်းရင်တောင် သူမကို မကြိုက်ရဘူး…”

“ကောင်းပြီ… ငါမင်းကိုပဲ ကြိုက်တယ်…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

ထိုမှသာလျှင် ဟွာဂျီယူက ကျေနပ်စွာ ပြုံးလိုက်တော့သည်။ သူမ၏အပြုံးကား တောက်ပ လှပလွန်းသည်။ ယနေ့တွင် သူမ၏ ဆွဲဆောင်မှုအောက်တွင် သူကား သူမကို ဆန့်ကျင်နိုင်သော စိတ်ခံစားချက်များ လုံးဝမရှိတော့။

“နင်က အဖေ့ကိစ္စကို အမြဲ တွေးဖြစ်နေတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ ပြန်ပြီး လက်စားချေမယ်ဆိုရင် နင်က ပိုပြီး သန်မာပြီး စွမ်းအား ကောင်းဖို့ လိုသေးတယ်… နင် အသက် အန္တရာယ်ရှိမယ့်ဟာမျိုး မလုပ်စေချင်ဘူး…” သူမက ပြောလိုက်သည်။

“ငါအခု အဆင်ပြေတယ်… မဟုတ်ဘူးလား…” သူမ မည်သည့်အရာကို ပြောနေသည်ကို ရီဖူရှင်း သိသည်။ သူမက လျိုနန်းတော်မှ ကိစ္စကို ပြောနေခြင်း ဖြစ်သည်။

“သူတို့က ငါတို့ ပတ်သက်မှုကို သိနေတယ်လို့ ငါထင်နေတယ်…” ဟွာဂျီယူက စိုးရိမ်စွာ ပြောလိုက်သည်။ သူတို့က ရီဖူရှင်းအား အန္တရာယ်ပေးမည်ကို သူမ စိုးရိမ်သည်။

“သူတို့ အနှေးနဲ့အမြန် သိသွားမှာပဲ… ဒါပေမဲ့ သူတို့က ဘယ်လိုလုပ် ဒီလို မဟုတ်တဲ့ ကောလာဟလတွေကို ဖန်တီးရဲရတာလဲ… မင်းကို ငါပိုင်တယ်ဆိုတာ အကုန်လုံးကို ပြောပစ်ချင်တာ…” ရီဖူရှင်းက ပြောလိုက်သည်။

“အပြောကတော့… ဟင်း…” ဟွာဂျီယူက ရီဖူရှင်းအား ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်သည်… “အနာဂတ်မှာ နင်ငါ့ကို လက်ထပ်မှာလား…”

“ဒါပေါ့ … နင့်ကို ငါပိုင်တယ်လို့ ပြောပြီးပြီ…” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ဒါဆို ငါနင့်ကို စောင့်မယ်…” ဟွာဂျီယူက သိမ်မွေ့စွာ ပြုံးပြီး ပြောလိုက်သည်… “ဘယ်လောက် အခက်အခဲရှိရှိ လက်မလျှော့ဖို့ ကတိပေး…”

“ငါကတိပေးတယ်… ဆရာနဲ့ဆရာမ လုပ်သလိုမျိုး ငါတို့ လုပ်လို့ရတာပဲ… ငါတို့ နောက်ပြန်လှည့်လို့ မရအောင်လေ… ချက်ပြီးသား ထမင်းက ဆန်ဘယ်တော့မှ ပြန်မဖြစ်လာတော့ဘူး…”

ဟွာဂျီယူ၏မျက်နှာ ရဲတွတ်သွားသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ရယ်မောလိုက်သည်… “နင် ဆန္ဒရှိတာလား…”

“နင်အဲဒီလို လုပ်နေတော့ ငါတကယ် ခံနိုင်ရည် မရှိတော့ဘူး…” ရီဖူရှင်း သက်ပြင်း ချလိုက်သည်။ သူတို့နှစ်ယောက်မှာ တင်းကျပ်စွာ ပွေ့ဖက်ထားဆဲပင်။ ဟွာဂျီယူက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ရီဖူရှင်းအား လွှတ်လိုက်သည်…” နင် ဒီနေ့ ကံကောင်းသွားတယ်… ကျောင်းအုပ်ယိချန်က နင့်ကို စောင့်နေတုန်းပဲ… ဆရာဘိုးဘိုးကို သွားတွေ့ရအောင်…”

“ကောင်းပြီ…” ရီဖူရှင်းက သူ၏မျက်လုံးရှေ့မှ လှပလွန်းနေသော မိန်းမပျိုအား ကြည့်ကာ မိမိကိုယ်ကို တွေးလိုက်သည်။ နောက်ပိုင်းတွင် အချိန်အများကြီး ကျန်နေသေးသည်။

သူတို့အတွဲ အခန်းထဲမှ ထွက်လိုက်ကြကာ ဘေးချင်းကပ် လျှောက်လာနေရင်းက ဟွာဂျီယူက ထပ်မံ၍ သတိပေးလိုက်သည်… “မမေ့နဲ့နော်… တခြား မိန်းကလေးတွေနဲ့ စနောက်တာတွေ မလုပ်ရဘူး…”

“သိပြီ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ သူမ မည်မျှပင် စိုးရိမ်နေလိုက်သနည်း။

“ပြီးတော့… နင့်ရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်… နင် တစ်ခုခု ဖြစ်သွားရင် ငါ နောက်တစ်ယောက်ကို လက်ထပ်မှာ… နင် ဒါကို သေသေချာချာ စဉ်းစားဖို့လိုတယ်…” သူမက ပြောလိုက်သည်။

“နင်ငါ့ကို ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ…” ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့။ သူမက သူ့အား ဒီလိုနည်းဖြင့် ခြိမ်းခြောက်လိမ့်မည်ဟု သူ လုံးဝမထင်ခဲ့ပေ။

“ဘာလို့မရရမှာလဲ…” ဟွာဂျီယူ၏ပုံစံမှာ အတော် ကျေနပ်နေပုံရ၏။ ထို့နောက် သူမက ပြောလိုက်သည်… “ဒီနည်းနဲ့… နင်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လိမ့်မယ်…”

“ငါသိပြီ… ငါသိပြီ… ငါတို့ ပြန်လှည့်လို့မရအောင် မလုပ်ရသေးခင်… ငါ့ကိုယ်ငါ မသေအောင် ဂရုစိုက်မယ်…” ရီဖူရှင်းက ပြောလိုက်သည်။ ဟွာဂျီယူက သူမ၏ လက်သီးဆုပ်လေးဖြင့် ရီဖူရှင်း၏ပခုံးအား ထုရိုက်လိုက်သည်။

သူတို့နှစ်ယောက် အဆောက်အဦတစ်ခုရှေ့သို့ ရောက်လာသည်။ အဆောက်အဦထဲတွင် ယိချိန်အား အဘိုးကြီးတစ်ယောက်နှင့် စကားပြောနေသည်။ သူကား ခေါင်းတွင် ဆံပင်များ ဖြူဖွေးနေကာ အလွန် အိုမင်းနေပုံရသည်။ သို့သော် ယိချိန်နှင့်ပြောနေစဉ် သူ၏မျက်လုံးများ အပြုံများအား ကြည့်လျှင် သူကား သနားကြင်နာတတ်ကြောင်း ပြောနိုင်သည်။

ရီဖူရှင်းက အဘိုးကြီးထံသို့ တိုးသွားလိုက်ကာ ဦးညွှတ်လိုက်သည်… “ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်…”

အဘိုးအိုက ရီဖူရှင်းအား ကြည့်လိုက်ပြီး ရင်းနှီးစွာ ပြောလိုက်သည်… “ဟွာဂျီယူက မင်းအကြောင်းကို ပြောပြထားပြီးပြီ… လာထိုင်…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အဘိုးအို၏ ဘေးနားတွင် ထိုင်လိုက်သည်။

“ဟွာဂျီယူက ငါ့ကိုပြောတယ်… သူက သူ့အဖေဆီက ကု့ချင်းပညာတွေကို မသင်ခဲ့ရဘူးတဲ့… ဘာလို့လဲဆိုတော့ သူ့ရဲ့ပညာတွေကို မင်းကို အကုန်ပေးလိုက်လို့တဲ့… ဒါမှန်လား…” အဘိုးအိုက ရီဖူရှင်းကို မေးလိုက်သည်။

“ဟုတ်ကဲ့… ဆရာက မှော်ဂီတပညာတွေ အများအပြား သင်ပေးပါတယ်…” ရီဖူရှင်းက ပြောလိုက်သည်။

“ငါ့အတွက် အဆင်ပြေတဲ့ သီချင်းတစ်ပုဒ် တီးပေးလို့ရမလား…” အဘိုးအိုက မေးလိုက်သည်။ သူ၏ဘေးတွင်ကား ကု့ချင်းတစ်လက်ရှိသည်။

ရီဖူရှင်းက ကု့ချင်းထံသို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်သည်။ တူရိယာပေါ်တွင် သူ၏လက်အား တင်လိုက်သည်နှင့် သူ၏ကိုယ်ရောင်ကိုယ်ဝါ ပြောင်းလဲသွားသည်။

အဆောက်အဦထဲတွင် အေးချမ်းတည်ငြိမ်သော ကု့ချင်းဂီတသံများ ပျံ့လွင့်လာသည်။ သီချင်းကား အေးဆေးကာ ငြိမ်းချမ်းမှုကို ပေးသည်။ နားထောင်မိသူ၏ စိတ်နှလုံးကို ကြည်လင်စေသည်။ အဆောက်အဦထဲတွင် ကု့ချင်းသံမှအပ တခြား အသံမကြားရတော့ပေ။ သူတို့၏စိုးရိမ်ပူပန်မှုများ အားလုံးမှာ ကု့ချင်းဂီတသံ၏ ဆေးကြောမှုအောက်တွင် အကုန် ပြယ်လွင့်ကုန်သည်။

ရီဖူရှင်းက သီချင်းအား အဆုံးသတ် လိုက်သော်လည်း အဆောက်အဦကား တိတ်ဆိတ်နေမြဲပင်။ အဘိုးအိုက ရီဖူရှင်းအား ပြုံးကြည့်ကာ အတိတ်မှ ဖြစ်ရပ်တချို့ကို သတိရသွားသည်။ ရီဖူရှင်းကို ကြည့်သော အကြည့်မှာလည်း ပို၍ ရင်းနှီးလာသည်။

“ဟွာဂျီယူက ငါ့ကိုပြောတာ… မင်းက ဟွာဖန်းလူဆီက ကု့ချင်းပညာကို သင်တာ တစ်နှစ်တောင် မပြည့်သေးဘူးဆို… မင်းက သူ့ထက်တောင် ပါရမီပါသေးတယ်… ဒါပေမဲ့ ယိချင်ကပြောတော့ မင်းရဲ့သက်စောင့်ဝိညာဉ်က နတ်ငှက်ဆို… ဒါပေမဲ့ မင်းက လျိုနန်းတော်မှာ ဂီတမှော်ပညာကို သုံးခဲ့တယ်… မင်းရဲ့ သက်စောင့်ဝိညာဉ်မှာ ဝိညာဉ်ဓာတ် စွမ်းအင်က တိမ်မြုပ်နေတာလား…”

ရီဖူရှင်းက ယိချင်နှင့် ဟွာဂျီယူအား ကြည့်လိုက်သည်။ ယိချင်းက ရီဖူရှင်း၏အကြည့်ကို နားလည်ဟန်တူကာ ရှင်းပြလိုက်သည်… “အကြီးအကဲချင်က အတိတ်တုန်းက မင်းရဲ့ဆရာအတွက် အများကြီး စွန့်လွှတ်ခဲ့တယ်… သူက ကု့ချင်းပညာကို လေ့လာ စူးစမ်းတာနဲ့ပဲ အချိန်ကုန်နေခဲ့တာ… သူက ကု့ချင်းပညာရပ်မှာ တကယ့်ဆရာပဲ… သူက မင်းရဲ့ဆရာကို သူတတ်နိုင်တာ အကုန်ပေးခဲ့တယ်… ဒါပေမဲ့… နောက်ဆုံးမှာတော့…” ယိချန်က ဆက်မပြောတော့သော်လည်း ရီဖူရှင်း နားလည်သည်။

“ဆရာဘိုးဘိုးက ကြယ်စင်ဧကရာဇ် ကျောင်းတော်က တခြားလူတွေနဲ့ မတူဘူး…” ဟွာဂျီယူက ပြောလိုက်သည်။

ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ အဘိုးအို၏ ကြင်နာသော မျက်လုံးများအား ကြည့်လိုက်ပြီး ရီဖူရှင်းက သူ၏ကု့ချင်းဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ တောက်ပသော ကုချင်းပုံသဏ္ဌာန်တစ်ခု သူ၏နောက်တွင် ခေတ္တပေါ်လာပြီး ပျောက်ကွယ်သွားသည်။

“သက်စောင့်ဝိညာဉ်နှစ်ခု…” ယိချင်က ပြောလိုက်ကာ ဆတ်ခနဲ ဖြစ်သွားသည်။ ရီဖူရှင်းက လျိုနန်းတော်တွင် မှော်ဂီတပညာဖြင့် လူငယ်အများစုကို အနိုင်ယူခဲ့သည်ကို ယိချင် ကြားခဲ့စဉ်က ချက်ချင်းပင် ရီဖူရှင်းမှာ အလွန် ထူးခြားထက်မြက်သူ ဖြစ်မည်ကို သိလိုက်သည်။ သူကား မည်သည့်အရာတွင်မဆို ထက်မြက်လှသည်။ မှော်ပညာနှင့် သိုင်းပညာနှစ်မျိုးလုံး သည်မျှ ထူးချွန်သူကား ရှားပါးလွန်းလှသည်။ ထိုအထဲတွင် သက်စောင့်ဝိညာဉ် နှစ်မျိုးနှင့် မှော်ပညာ။ သိုင်းပညာနှစ်မျိုး ထူးချွန်သူကား ပို၍ပင် ရှားပါးသည်။

“ကောင်းတယ် … အရမ်းကောင်းတယ်… ဟွာဖန်းလူက တပည့်ကောင်း တစ်ယောက် မွေးခဲ့တာပဲ…” အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်… “ငါ့ရဲ့အိုမင်းတဲ့ ဒီအချိန်မျိုးမှာမှ ငါ့ရဲ့ပညာတွေကို လက်ဆင့်ကမ်း ရလိမ့်မယ်လို့ မထင်ခဲ့ဘူး… ငါက ရီဖူရှင်းကို ဒီမှာ ရက်အနည်းငယ် ခေါ်ထားရမယ်နဲ့ တူတယ် … မင်းက ပြဿနာ မရှိဘူးလား…”

“ဘာမှမဖြစ်ဘူး…”

“ယိချန်က ဖြေလိုက်သည်။ သူက ရီဖူရှင်းဘက်သို့ လှည့်၍ ပြောလိုက်သည်…” ငါတစ်ယောက်တည်း ဒီက ပြန်ထွက်သွားရင် ကြယ်စင်ဧကရာဇ်ကျောင်းက လူတွေ ငါ့ကို သတိထားမိကြမှာပဲ… သူတို့က မင်းတို့ရဲ့ ပတ်သက်မှုကို အရင်တည်းက သံသယရှိနေကြတာ… ဒီလိုသာဆို သူတို့က ပိုပြီး သံသယ ဝင်ကြတော့မှာပဲ…”

“ဆရာကြီးက ခန့်မှန်းမိပြီးသားဆိုတော့ သူတို့လည်း ခန့်မှန်းမိပြီး ဖြစ်မှာပေါ့… သူတို့လည်း တုံးတာမှ မဟုတ်တာ… သူတို့က ကျွန်တော်တို့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ သတင်း အမှားတွေကိုတောင် ဖြန့်သေးတာပဲ… သူတို့က တစ်နည်းနည်းနဲ့ သိသွားကြမှာကို ဒီအတိုင်း ထားလိုက်ပါတော့…” ရီဖူရှင်းက ဟွာဂျီယူအား ကြည့်ကာ ပြောလိုက်သည်… “တစ်နေ့ ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံး သိစေရမယ်…”

“မင်းက ဂရုမစိုက်ဘူး ဆိုရင်လည်း ငါ့မှာ ပြောစရာ မရှိတော့ဘူး… အကြီးအကဲချင်… ခင်ဗျားတို့ကို နှောင့်ယှက်မိပြီ…” ယိချန်က ပြောလိုက်သည်။

ရီဖူရှင်းက ယိချင် ထွက်သွားသည်ကို ကြည့်ပြီး ပြောလိုက်သည်… “ကျောင်းအုပ်ယိက ကျွန်တော်က မှော်ဂီတပညာမှာ ထူးချွန်တယ်ဆိုတာ သိလို့ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒီကိုခေါ်လာတယ် ထင်တယ်… ဆရာဘိုးဘိုး…”

“ယိချန်က ရိုးသားပြီးတော့ သစ္စာရှိတယ်… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ မတူဘူး… သူတို့ကတော့ ပြောင်းလဲသွားပြီ…” အဘိုးအိုက ခေါင်းယမ်းလျက် ဟွာဂျီယူကို ပြောလိုက်သည်… “ကလေး… ငါ့ဆီကို ဂီတစာအုပ်တွေ အကုန်လုံးကို ယူလာခဲ့…”

“ဟုတ်ကဲ့…” ဟွာဂျီယူက ခေါင်းညိတ်ပြီး ထွက်သွားသည်။ သူမ ပြန်လာသောအခါ သူမက ဂီတစာအုပ်များနှင့် ဂီတနုတ်စာရွက် တစ်ပွေ့တစ်ပိုက်ကြီးအား သယ်ဆောင်လာသည်။

“အကုန်လုံးကို ရီဖူရှင်းကို ပေးလိုက်… သူက ဒါတွေနဲ့ ရင်းနှီးဖို့လိုတယ်…” အဘိုးအိုက ပြောလိုက်သည်။ ဟွာဂျီယူကလည်း ခေါင်းညိတ်ကာ ရီဖူရှင်းအား အကုန်လုံးကို ကမ်းပေးလိုက်သည်။

ရီဖူရှင်းက စာအုပ်များကို ယူရာတွင် ဂရုတစိုက် ရှိလှသည်။ ဆရာဘိုးဘိုး၏သဘောကို သူ နားလည်သည်။ ဟွာဖန်းလူ၏သက်စောင့်ဝိညာဉ်မှာ ပျက်စီးခဲ့ရပြီ ဖြစ်သည်။ ယခု သူ၏ဆရာဘိုးဘိုးက ဟွာဖန်းလူအား ပေးမည့်အရာများအား သူ့ကို ပေးအပ်နေပြီဖြစ်၏။

“နင် ဒီမှာနေပြီး ဆရာဘိုးဘိုးဆီက သင်ယူနေ… ငါ အရင်သွားတော့မယ်…” ဟွာဂျီယူက ပြောလိုက်သည်။ ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လျက် ဂီတစာအုပ်များအား စတင် ကြည့်ရှုလိုက်သည်။

ဟွာဂျီယူကလည်း သူမ၏အခန်းသို့ ပြန်လာခဲ့သည်။ အတန်ကြာလျှင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများ သူမ၏အခန်းသို့ ရောက်ရှိလာကြသည်။ အကြီးအကဲ တစ်ယောက်က မေးလိုက်သည်… “ကျောင်းအုပ်ယိချန် တစ်ယောက်တည်း ပြန်သွားတယ်… ရီဖူရှင်း မင်းနဲ့ အတူကျန်ခဲ့တာလား…”

“ဆရာဘိုးဘိုးက သူ့ကို နေခိုင်းပြီး သူ့ဆီက ကု့ချင်းပညာ သင်စေတာ… ရှင်တို့ တစ်ခုခုလိုရင် ဆရာဘိုးဘိုးကို သွားမေး…” ဟွာဂျီယူက အေးစက်စွာ ပြောလိုက်သည်။ အကြီးအကဲများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး အကြီးအကဲချင်၏ အဆောင်ဘက်သို့ ထွက်သွားကြသည်။

ဟွာဂျီယူက သူတို့ ထွက်သွားသည်ကို ကြည့်လိုက်သည်။ သူမ၏မျက်နှာကား ပုံမှန်အတိုင်းပင် ငြိမ်းချမ်းလှသည်။ ယခု လျှို့ဝှက်ချက်အား သိသွားကြပြီ။ သူမကား တည်ငြိမ်လှ၏။ သည်အချိန်ကား သည်ကိစ္စကို တည့်တည့် ရင်ဆိုင်ရမည့် အချိန်ပင်။ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်လျှင် သူမအား လေစွမ်းအင် တချို့က သယ်ဆောင်ကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကြီးပေါ်မှ မြေပြင်သို့ ဆင်းသက်လိုက်သည်။

ဒွန်ဟိုင် ကျောင်းတော်တွင် ကျောင်းဝင်းအတွင်း ကျောင်းသား အမြောက်အမြား သွားလာနေကြသည်။ ထိုအခိုက်တွင် တစ်စုံတစ်ယောက် ကောင်းကင်အား မော့ကြည့်လိုက်ပြီး အော်လိုက်သည်… “ဟွာဂျီယူ…”

ချက်ချင်းပင် လူအများအပြားက ကောင်းကင်အား မော်ကြည့်လိုက်လျှင် ဟွာဂျီယူမှာ လေဓာတ်သဘာဝ စွမ်းအင်များ လှည့်ပတ်လျက် နတ်သမီးအလား ကောင်းကင်မှ ဆင်းသက် လာသည်ကို တွေ့ရသည်။

“အရမ်းလှတာပဲ… ဝန်ကြီးချုပ်ကျိုနဲ့ အတူပါလာတဲ့ မိန်းကလေးတောင် သူမကို မယှဉ်နိုင်ဘူး… ဟွာဂျီယူက ဒွန်ဟိုင်ကျောင်းတော်ရဲ့ အလှမယ်နံပါတ်တစ်ပဲ…” ကျောင်းသား တစ်ယောက်က ပြောလိုက်သည်။ ကောင်းကင်မှ နတ်သမီးလေးအား ကြည့်ကာ လူတိုင်း၏ ရင်ခုန်နှုန်းများ မြန်ဆန်လာသည်။ သူတို့ကား သူမကို အဝေးမှသာ ကြည့်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ချစ်ရသူ ရှိနေပြီ မဟုတ်ပါလား။ နတ်သမီးများပင် သူတို့ကြိုက်သောသူ ရှိပေသေးသည်။

မူယွန်ချန်… သည်နာမည်ကား သူတို့ အလွန် အားကျရသော မနာလိုဖြစ်ရသော နာမည်ဖြစ်သည်။

ဟွာဂျီယူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူမက လူအများအပြားက သူမအား အာရုံစိုက်နေကြသည်ကို မြင်လျှင် စကား စတင် ပြောကြားလိုက်သည်… “အခုတလော… ကျွန်မနဲ့ပတ်သက်ပြီး… ကျောင်းတော်မှာ ကောလာဟလတွေ ပျံ့နှံ့နေတယ်…”

လူတိုင်းက သူမအား ကြည့်လိုက်ကြသည်။ ယခု ဟွာဂျီယူမှာ ယခင် ဟွာဂျီယူနှင့် အနည်းငယ် ကွဲပြားနေပုံသည်။

“ဒါတွေက မမှန်ဘူး…” “သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ သူတို့ အားလုံး အံ့အားသင့်သွားကြသည်။ ယမန်နေ့များက ဟွာဂျီယူတွင် ချစ်သူရှိနေသော သတင်းက ကျောင်းတော်၏ နေရာတိုင်းအား ပျံ့နှံ့ခဲ့သည်။ ယခု သူမက ထိုကောလာဟလများမှာ မှားနေကြောင်း ကိုယ်တိုင် ထုတ်ဖော် ပြောကြား လိုက်လေပြီ။ ဟွာဂျီယူက သည်ကိစ္စများအား အမှန်အတိုင်း ဖြစ်စေရန် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ထွက်လာသည်။

သူမ ပြောလိုသည်များအား ပြောပြီး သူမက ထွက်သွားရန် ဟန်ပြင်လိုက်သည်။

“ဒါဆို… မင်းမှာ သဘောကျတဲ့လူ မရှိသေးဘူးဆိုတဲ့ သဘောလား…” တစ်စုံတစ်ယောက်က သတ္တိမွေးပြီး အော်ဟစ်လိုက်သည်။

ဟွာဂျီယူ ရပ်တန့်လိုက်သည်။ သူမ၏စိတ်ထဲတွင် လူငယ်တစ်ယောက်၏ပုံဟန် ပေါ်လာသည်။ သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်… “ငါကြိုက်တဲ့လူ ရှိတယ်…”

ဟွာဂျီယူ၏အပြုံးက လူငယ် အများအပြားအား အေးခဲစေသည်။ တစ်ချိန်တည်းမှာပင် သူတို့၏မျှော်လင့်ချက်များ အိပ်မက်များအားလုံး နောက်တစ်ကြိမ် ပျက်စီးခဲ့ရသည်။ ဟွာဂျီယူတွင်ကား ချစ်ရမည့်သူ ရှိနေပြီးပြီ။ မူယွန်ချန်နှင့် ကောလာဟလအတိုင်းပင်။

“သူက ဘယ်သူလဲ… မူယွန်ချန်ထက် သာလို့လား…” နောက်တစ်ယောက်က မေးလိုက်သည်။

ဟွာဂျီယူက ရီဖူရှင်း၏ ထူးခြားထက်မြက်ပုံများအား တွေးလိုက်လျှင် သူမ၏အပြုံးများကား ပို၍တောက်ပ အသက်ဝင်လာသည်… “မူယွန်ချန်က သူနဲ့နှိုင်းယှဉ်ဖို့တောင် မတန်ဘူး…”ထိုသို့ပြောပြီး သူမက ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားလေတော့သည်။

လူတိုင်း ထိတ်လန့်သွားသည်။ ဟွာဂျီယူပြောခဲ့သည့် စကားလုံးများအား ပြန်ကောက်လျှင် သူမချစ်ရသော သူမှာ အလွန် ထူးချွန်ထက်မြက်သူ ဖြစ်ရပေမည်။

ဟွာဂျီယူ ထွက်ပေါ်လာမှုက ဒွန်ဟိုင်ကျောင်းတော်အား လေထန်စေသည်။ သူမနှင့် မူယွန်ချန်တို့၏ ပတ်သက်သော ကောလာဟလများက ယခုတလော ပေါများလှသည်။ သူတို့က မူယွန်ချန်မှာ သတင်းများအား သူကိုယ်တိုင်က မငြင်းဆန်ခဲ့ရာ အမှန်တကယ်ဟု ယူဆခဲ့ကြသည်။ ယနေ့ ထိုနတ်သမီးကဲ့သို့ အလှမယ်လေးကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ဆင်းသက်လာကာ ထိုကောလာဟလများမှာ မှားယွင်းကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ သူမတွင် ချစ်ရသောသူ ရှိပြီးဖြစ်သော်လည်း မူယွန်ချန် မဟုတ်ပေ။ မူယွန်ချန်ကား သူမချစ်ရသောသူနှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။ လူတိုင်းက သူမ၏ချစ်သူမှာ မည်ကဲ့သို့သောသူ ဖြစ်မည်ကို အလွန် သိလိုနေကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset