Switch Mode

အခန်း(၁)

စတင်မှု

အခန်း (၁)  :  စတင်မှု

မတ် ၂၃ရက်၊ ၂၀၂၀၊ ချင်းဟိုင်၊ ဇက်မြို့

အဝတ်အစုံအပြည့် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက နှာခေါင်းနှင့် ပါးစပ်ကို ကာထားသည့် မျက်နှာဖုံး အကာအကွယ်ဖြင့် အိမ်ပြန်လာသည်။ သူ့မျက်နှာအထက် ပင်ပန်းနွမ်းလျမှုနှင့် ငယ်ရွယ်တက်ကြွမှုတို့ ထင်ဟပ်နေသည်။ သူ့သွင်ပြင်က သာမန်မျှသာ ဖြစ်ပြီး ရုပ်မချောသော်ငြား မျက်စိပသာဓတော့ ဖြစ်လေသည်။ ထူးခြားနေသည့်အရာကား သူ့မျက်ဝန်းအစုံ ဖြစ်၏။

သူ့မျက်ဝန်းက နိုင်ငံရှိ အားလုံးကဲ့သို့ မဟူရာအရောင် ဖြစ်သော်ငြား သူတို့အား စိုက်ကြည့်လိုက်ပါက ခိုင်မာသည့် ဆုံးဖြတ်နိုင်စွမ်းတို့ကို သတိပြုမိနိုင်သည်။ ထိုစိတ်ဆန္ဒ စွမ်းအားကား ရှေ့သို့သာ ဆက်သွားမည့် တွန်းအားမျိုး ပါဝင်နေသည်။ သူ့နာမည်က ဝမ်ဝေ့ ဖြစ်၏။

ဝမ်ဝေ့က အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းဆီ ပြန်လာကာ မျက်နှာဖုံး အကာအကွယ်ကို တံခါးမှာ အသေအချာ ချိတ်ထားလိုက်သည်။ အခန်းထဲကို ဝင်လိုက်သည်နှင့် တမျိုးတဖုံ ခမ်းနားကြီးကျယ်ကာ အထက်တန်းဆန်သည့် တိုက်ခန်းမှန်း မြင်တွေ့နိုင်သည်။ ဤလူငယ်လေးက ငယ်ငယ်ရွယ်ရွယ်ဖြင့် သူ့အလုပ်လမ်းကြောင်း၌ အောင်မြင်မှုတချို့ ရရှိထားပြီးသား ဖြစ်သည်။

ထို့နောက် သူက အဝတ်အစားကို ချွတ်ကာ ဖိနပ်ပါးကို စီးလိုက်ရင်း တစ်ရက်တာ ပင်ပန်းနွမ်းနယ်မှုကို ဖြေလျော့ဖို့ ရေချိုးလိုက်သည်။

“ဟူး ပင်ပန်းလိုက်တဲ့ အပတ်ပဲ ” သူက ညီးညူလိုက်သည်  “ဒါရိုက်တာက ငါတို့ကို ရူးအောင်လုပ်နေတာပဲ”

ရေချိုးပြီးနောက် သူက ညစာစားဖို့ ပြင်လိုက်သည်။ ယနေ့ မီနူးတွင် မီဆိုစွပ်ပြုတ်နှင့် အရံဟင်းတချို့ ပါဝင်သည်။ ထို့နောက် သူက တီဗွီနှင့် လပ်တော့ နှစ်ခုလုံးကို ဖွင့်လိုက်သည်။ သူ ဖွင့်လိုက်သည့် ဖန်သားပြင်အရ ဝမ်ဝေ့သည် အွန်လိုင်းဝတ္ထုများအပေါ် ဝါသနာကြီးမှန်း သိသာလှသည်။

တီဗွီ၌ အမျိုးသမီးဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် သတင်းထောက်လေးက လေသံအနိမ့်အမြင့်နှင့် သေချာပြောပြနေသောကြောင့် ကြည့်ရှုသူများအား ဒရမ်မာ ခံစားချက်ရစေသည်။

“အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မက နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးနေတဲ့ သတင်းထောက် ချန်းဟွာပါ။ ကမ္ဘာ့တစ်ဝှမ်း နိုင်ငံတကာ အာကာသအဖွဲ့အစည်းများက စကြဝဠာအများစုဆီ ပျံ့နှံ့လာသည့် စကြဝဠာဖြစ်စဉ်အကြောင်း ရှာတွေ့ခဲ့ကြပါတယ်။

ကျွန်မနောက်က ကောင်းကင်ကို မြင်တွေ့ရတဲ့အတိုင်း အာကာပြင် အက်ကြောင်းတွေနဲ့ တူတဲ့အရာတွေကို မြင်နိုင်ပါတယ်။ ကျွန်မတို့ တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်က ပညာရှင်ချန်းကို ကြေညာချက်ထုတ်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်  ”

ထို့နောက် ဆံပင်ဖြူဖြူနှင့် လူအိုကြီးတစ်ယောက် ပေါ်လာသည်။ သူ့ကို ကြည့်လိုက်သည်နှင့် ပညာရှင်အငွေ့အသက်တို့ကို သတိထားမိနိုင်သည်။ ချက်ပြုတ်နေဆဲ ဖြစ်သည့် ဝမ်ဝေ့က လုပ်လက်စကို ရပ်လိုက်ပြီး တီဗွီ ကြည့်လိုက်သည်။ ပထမဆုံး သူ သတိထားမိသည့်အရာမှာ ပညာရှင်ချန်းနှင့် သတင်းထောက်တို့က နည်းနည်းဆင်တူနေခြင်း ဖြစ်၏။ သူတို့တွင် မျိုးရိုးနာမည်တူ ရှိသည့်အတွက်  မိသားစုဝင်ဖြစ်ကြောင်း မှန်းဆဖို့ မခက်လှပေ။

ပညာရှင်ချန်းက မိုက်ခ်ကို ယူကာ ပြောလိုက်သည်  “ ကျုပ်တို့ သီအိုရီအရ စကြဝဠာတခွင် ပျံ့နှံ့လာတဲ့ စွမ်းအားလှိုင်းပမာဏရဲ့ ဒေတာတွေကို လေ့လာပြီးတဲ့နောက်မှာ ဒီအရာက စကြဝဠာတစ်ခုချင်းစီရဲ့ မြေဆွဲအားစက်ကွင်းအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာ သိခဲ့ရတယ်။  ”

ပညာရှင်က သူ့သီအိုရီသဘောတရားကို နောက်ခံထားရင်း သိပ္ပံနည်းကျကျ ရှင်းပြလိုက်သည်။ သူက အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးထက် ကျော်လွန်၍ တက်ကြွမှုများကို ပြသနေသောကြောင့် မည်မျှစိတ်လှုပ်ရှားနေကြောင်း မြင်သာလေသည်။

ဝမ်ဝေ့က အာရုံအပြည့်အဝ စိုက်ထားရင်း နားထောင်နေသည်။ သူက အကြောင်းအရင်းကို မသိသော်လည်း ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်တော့မည်မှန်း ဝေဝါးဝါး ခံစားမိလာသည်။ သူ့ခံစားချက်မျှသာဟု မတွေးသင့်ပါလေ။ သူ ငယ်စဉ်ကတည်းက ထူးထူးခြားခြား အလိုလိုသိစိတ်မျိုး ရှိခဲ့သည်။ ထိုအလိုလိုသိစိတ်ဖြင့် သူ့ဘဝကို အကြိမ်များစွာ ကယ်တင်နိုင်ခဲ့သလို သူ့လုပ်ငန်းခွင်၌လည်း များစွာ အထောက်အကူဖြစ်ခဲ့သည်။

ဝမ်ဝေ့သည် မွေးကတည်းက မိဘများစွန့်ပစ်ခံထားရသည့် မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်။ ဤသို့ဖြင့် သူ မှတ်မိနိုင်သည့် အရွယ်ကတည်းက မိဘမဲ့ကျောင်းတွင် နေထိုင်ခဲ့သည်။ မိဘမရှိဘဲ ကြီးပျင်းလာရသောကြောင့် ရွယ်တူများထက် စောစောစီးစီး ရင့်ကျက်လာခဲ့၏။ မိဘမဲ့ကျောင်း၌ သူက ရွယ်စုံကလေးများကြား စာတော်တစ်ယောက် ဖြစ်လာခဲ့သည်။

သူ့ပင်ကိုယ်အသိစိတ် နိုးကြားလာသည့် ပထမဆုံးအချိန်မှာ သူ ရှစ်နှစ်အရွယ် အမွေးစားခံရတော့မည့်အချိန်တွင် ဖြစ်၏။ မိဘမဲ့ကျောင်း ဒါရိုက်တာက အထက်တန်းဆန်ဆန် ဝတ်ဆင်ထားခဲ့သည့် စုံတွဲတစ်တွဲကို ခေါ်ဆောင်လာခဲ့သည်။ သူတို့က အနည်းဆုံး ယွမ်နှစ်သန်းတန်သည့် ကားကို စီးလာကြ၏။ ကလေးအားလုံးက အကောင်းဆုံး အဝတ်အစားကို ဝတ်ဆင်ထားပြီး တစ်ယောက်ချင်းစီ တန်းစီကာ တတ်နိုင်သမျှ ချစ်ဖို့ကောင်းအောင် ကြိုးစားနေကြသည်။ စုံတွဲက တစ်ယောက်ချင်းစီကို သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်ဝေ့ကို ရွေးချယ်လိုက်ကြသည်။ သူက ကလေးများကြား အကောင်းဆုံး ဖြစ်နေ၍ ရွေးချယ်ခံရသည်မှာ မဆန်းလှပေ။

သို့သော်လည်း သူ ရွေးချယ်ခံလိုက်ရသည်နှင့် ဝမ်ဝေ့က သူ့စိတ်ထဲ အကြောက်တရားကို ခံစားလာမိသည်။ သူ့စိတ်ထဲ တစ်ခုတည်းသောအရာမှာ သူ ထိုစုံတွဲနှင့် လိုက်သွားခဲ့ပါက လမ်းဘေးခွေးထက် ဆိုးသော အခြေအနေသို့ ရောက်သွားနိုင်ကြောင်းသာ ဖြစ်၏။ သူက မည်သို့ ဖြစ်လာမှန်း မသိသော်လည်း ယုံကြည်ခဲ့သည်။ ဤသည်မှာ ဝမ်ဝေ့တစ်ယောက် ဒါရိုက်တာအမိန့်ကို ပထမဆုံး ဖီဆန်ခဲ့ခြင်း ဖြစ်သည်။ သူက မွေးစားခံရဖို့ ငြင်းဆန်ခဲ့သည့်အတွက် စုံတွဲက နောက်ထပ် ကောင်လေးနှစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကိုသာ ခေါ်သွားခဲ့သည်။

တကယ်တော့ ဝမ်ဝေ့၏ ပင်ကိုယ်အသိစိတ်က မှန်ကန်နေခဲ့သည်။ တစ်လအတွင်း ကလေးများကို ပြန်ပေးဆွဲကာ လိင်ကျွန်အဖြစ် ရောင်းချသည့် သတင်းများ မုန်တိုင်းထန်လာခဲ့သည်။ သတင်းကို ကြည့်ရင်း ဝမ်ဝေ့က သူ့အား မွေးစားချင်ခဲ့သည့် စုံတွဲသည် ထိုအဖြစ်အပျက်၌ အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခံထားရကြောင်း တန်းမှတ်မိလိုက်သည်။

ကံဆိုးစွာဖြင့် မိဘမဲ့ကျောင်း ဒါရိုက်တာလည်း ထိုအဖြစ်အပျက်အပြီး အလုပ်ပြုတ်သွားခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က သူ့အလိုလိုသိစိတ်အကြောင်း ပိုသိလာပြီး မှီခိုလာခဲ့သည်။ နှစ်နှစ်ကြာမြင့်ပြီးနောက် ဝမ်ဝေ့က သူ့အလိုလိုသိစိတ်ဖြင့် မွေးစားမိဘအသစ်ကို ရွေးချယ်ခဲ့သည်။ ထိုစုံတွဲက ယခင်စုံတွဲလောက် မသားနားဘဲ ကလေးတစ်ယောက် ပြုစုပျိုးထောင်ဖို့ ငွေကြေးတတ်နိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့၏ အသိစိတ်က ထပ်မံ မှန်ကန်သွားလေ၏။

ငါးနှစ်အတွင်း သူ့မွေးစားအဖေ၏ ကုမ္ပဏီက ယွမ်ဘီလီယံနှင့်ချီကာ ပိုင်ဆိုင်မှုများ ရှိလာခဲ့သည်။ ဝမ်းနည်းစရာတစ်ခုကား သူ့မိဘများက သွေးသားရင်းကို မွေးထုတ်ခဲ့သည့်အပြင် မိသားစု ချမ်းသာလာသောကြောင့် ပြဿနာများ တိုးလာခဲ့သည်။ သို့သော်လည်း ဤသည်က ဇာတ်ကြောင်း၏ အရေးကြီးဆုံးအချက် မဟုတ်ပေ။

ဝမ်ဝေ့၏ အသိစိတ် နောက်ထပ် သူ့အသက်ကို ကယ်တင်လိုက်သည့် နောက်အဖြစ်အပျက်မှာ အထက်တန်းကျောင်း တက်နေစဉ်တွင် ဖြစ်၏။ နောက်ခံကောင်းကောင်းရှိပြီး ကျောင်း၏ ထိပ်တန်း စာကြမ်းပိုးတစ်ယောက်အနေနှင့် ဝမ်ဝေ့က ကျောင်းနတ်ဘုရားမလေး၏ သဘောကျမှုကို ဆွဲဆောင်မိသလို ဖြစ်ခဲ့သည်။ သူမက ခံစားချက်များကို ဖွင့်ဟဝန်ခံလိုက်ပြီးနောက် သူမကို သဘောကျနေသည့် လူထဲက တစ်ယောက်သည် သူ့နတ်ဘုရားမလေးကို စာကြမ်းပိုးတစ်ယောက်‌ကြောင့် ညစ်ညမ်းသွားမည်ကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူက သူ့ကိုယ်တိုင် ဝင်ပါဖို့ ဆုံးဖြတ်လိုက်၏။ သူက ဝမ်ဝေ့ တစ်ယောက် အနီးကပ်သင်တန်းကျောင်း သွားရာလမ်း၌ ရိုက်နှက်ဖို့ လူတစ်စုဌားရမ်းခဲ့သည်။

ထိုနေ့ရက်၌ ဝမ်ဝေ့က အနီးကပ်သင်တန်းကျောင်းသို့ သွားစဉ် သူ့စိတ်ထဲ ခံစားချက်တချို့ ရလာခဲ့သည်။ ဤသည်မှာ သူ ပထမဆုံး မွေးစားခံရမည့် နေ့ရက်ကလို ခံစားချက်မျိုး ဖြစ်၏။ သူက တုံ့ဆိုင်းမနေဘဲ အဌားယာဉ်ဖြင့် အိမ်တန်းပြန်လိုက်တော့သည်။ အိမ်ရောက်ရှိပြီးနောက် သူ နေမကောင်း၍ တစ်ရက် အတန်းပျက်ခဲ့ကြောင်း ပြောလိုက်သည်။

ထိုအဖြစ်အပျက်အပြီး ဒုတိယမြောက်ရက်၌ သူက ကျောင်းတွင် ကျောင်းသားတချို့က လူမိုက်များ၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း သိခဲ့ရသည်။ ထိုကျောင်းသားက ဝမ်ဝေ့နှင့် အနီးကပ်သင်တန်းကျောင်း သွားသည့်သူ ဖြစ်နေ၏။

တိုက်ဆိုင်မှုလား … ငါတော့ မထင်ဘူး

ထို့နောက် ဝမ်ဝေ့က သူ့အလိုလိုသိစိတ်ဖြင့် သူ့ဘဝ၌ ဆုံးဖြတ်ချက်များစွာကို ချမှတ်ခဲ့သည်။

ဘယ်ကျောင်းကို တက်ရမလဲ … ဘယ်ပရော်ဖက်ဆာနောက် လိုက်ရမလဲ … ဘယ်အပေါင်းအသင်းတွေနဲ့ အတူတူ ပေါင်းရမလဲ … ဘယ်သူငယ်ချင်းက ယုံကြည်ရလဲ … ဘယ်ပရောဂျက်က ပြဿနာနည်းပြီး  အလားအလာကောင်းလဲ

ထိုဆုံးဖြတ်ချက်များက သူ့အသက်နှစ်ဆယ်လေးဖြင့် ထိပ်တန်း ကုမ္ပဏီ ၅၀၀ ထဲ လက်ထောက်မန်နေဂျာ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန် …

ဝမ်ဝေ့က စိုးရိမ်စွာဖြင့် သတင်းနားထောင်နေသည်။ သူက မည်သို့လုပ်ရမလဲ စဉ်းစားနေမိ၏။ တစ်ချိန်တည်းတွင် ကမ္ဘာတစ်ဝှမ်း နေရာတော်တော်များများတွင် ပရမ်းပတာ ဖြစ်ကုန်ကြလေပြီ။ တချို့နေရာများ၌သာ မြင်နိုင်သည့် အာကာပြင် အက်ကြောင်းက ယခုအခါ မျက်စိနှင့် မြင်ရလောက်အောင်အထိ ပိုမိုကြီးမားလာခဲ့၏။ သူတို့က  “One piece” ထဲမှ မုတ်ဆိတ်ဖြူကြီး သူ့နတ်ဆိုးအသီးစွမ်းအားကို ထုတ်သုံးသည့်အခါလိုမျိုး  ဖြစ်၏။

အက်ကြောင်းများက ပိုမို သိသာလာကာ ကမ္ဘာတစ်ဝှမ်း ရှုပ်ထွေးနေကြသည်။ လူများက စတင်တွေးလာကြ၏။

“ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်လား ”

Comment

  1. aybbanksky.72mya says:

    good

  2. thanlwinheinseth says:

    good

  3. aybbanksky.btt says:

    good

  4. aybbanksky.mya says:

    good

Leave a Reply

Options

not work with dark mode
Reset