အပိုင်း(၆၅)

မိန်းမများကို အနိုင်ယူမိသောအခါ

ယခုတလော ရီဖူရှင်းကား စိတ်ခံစားချက် ကောင်းဟန်မတူပေ။ သူကား သိုင်းပညာကို အရူးအမူး လေ့ကျင့်နေသည်။ ယခုဆိုလျှင် သူကား အင်းကွက်ထဲတွင် အချိန်ကြာမြင့်စွာ နေနိုင်ပြီ ဖြစ်သည်။ ထို့အပြင် သိုင်းပညာတွင် ကြယ်လေးပွင့် ကောင်းကင် အဆင့်သို့ပင်လျှင် တက်ရောက်သွားခဲ့၏။ သို့သော်လည်း မှော်ပညာတွင်မူ အဆင့်တက်ရန် လိုနေသေးသည်။ သဘာဝစွမ်းအင်အား လေ့ကျင့်ရန် မှော်ဆရာ တစ်ယောက်မှာ စိတ်တည်ငြိမ် ရှင်းလင်းရန် လိုပေသည်။ သူ၏စိတ်ကား သည်အချိန်တွင် တည်ငြိမ်ရန် မဖြစ်နိုင်ပေ။

ကောလာဟလများမှာ ပုံမှန်အတိုင်းပင် ဒွန်ဟိုင်ကျောင်းတော်အတွင်း ပျံ့နှံ့နေဆဲဖြစ်သည်။ ယနေ့တွင် ကွဲပြားသော သတ္တဝါဆန်းများအား စီးနင်းထားသော လူတစ်စု ကျောင်းတော်သို့ ရောက်ရှိလာကြသည်။ ထိုအဖြစ်က ကျောင်းဝင်းအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။ ထိုအုပ်စု၏ ခေါင်းဆောင်မှာ အမှန်တကယ်ပင် အနီသွေးသွေး ဝတ်ရုံရှည်အား ဝတ်ဆင်ထားသော ငယ်ရွယ်သော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ သူမကား တခြား အလှအပများနှင့် နှိုင်းယှဉ်ရ ခက်လောက်အောင် ချောမောလှပသူလေး ဖြစ်သည်။ သူမ၏ပုံဟန်က သိမ်မွေ့ကာ သူမ၏မျက်လုံးများက ထွင်းဖောက်မတတ် စူးရှတောက်ပလှသည်။

“အရှေ့ပင်လယ်ဒေသမှာ ဒွန်ဟိုင်ကျောင်းတော်က တန်ခိုးကျင့်ဖို့အတွက် အကောင်းဆုံးနေရာလို့ ငါကြားတယ်… ဒီနေရာမှာ ငါနဲ့ တန်ခိုးအဆင့်တူတဲ့သူတွေ အများကြီးရှိမှာပဲ… ဒါကြောင့် ငါလာကြည့်တာ…” မိန်းမပျိုက ပြောလိုက်သည်။ သူမက ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသားများအား ဝှေ့ကြည့်ရင်း ပြောလိုက်လျှင် သူမ၏လေသံက အန္တရာယ်၏ အငွေ့အသက်များအား ပေးနေသည်။

ထို့နောက် သူမတို့အုပ်စုက ကျောင်းတော်၏ အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်လာကြသည်။ တဖြည်းဖြည်းနှင့် လူအများအပြားက စိတ်ဝင်တစား သူမ၏နောက်မှ လိုက်ပါလာကြသည်။ ကျောင်းတော်၏ တာဝန်ရှိသူများက သူမအား မတားဆီးကြသည်ကို မည်သူမျှ နားမလည်ကြပေ။

လျှပ်တစ်ပြက်ပင် မိန်းမပျိုက သတ္တဝါဆန်းပေါ်မှ မြေပြင်သို့ ဆင်းသက်လိုက်သည်။ သူမက လူအုပ်၏ရှေ့တွင် ရပ်လိုက်ကာ အေးစက်စွာ မေးလိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်မှာ ဘယ်သူမှ မရှိဘူးလား…”

“မင်းက တန်ခိုး ဘယ်အဆင့်လဲ…” ကျောင်းသား တစ်ယောက်က မေးလိုက်သည်။

“ကြယ်ငါးပွင့် ကောင်းကင်အဆင့်…” မိန်းမပျိုက ပြန်ပြောလိုက်သည်။

“ကျုပ်စမ်းကြည့်မယ်…” အသက် ဆယ့်ခုနစ်နှစ်ခန့်ရှိသော လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူက မိန်းမပျိုအား ကြည့်ကာ မိတ်ဆက်လိုက်သည်… “လိယန်… ကြယ်ငါးပွင့် ကောင်းကင်အဆင့်… မှော်ဆရာ… သင်ယူပါရစေ…” သူက ထိုသို့ပြောပြီးသည်နှင့် အားကောင်းလှသော စိတ်စွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။ ကြီးမားကာ တောက်ပသော ရွှေရောင်ငှက်ကြီး တစ်ကောင် ဖြစ်ပေါ်လာကာ မိန်းမပျိုထံသို့ လျှပ်စီးအမြန်နှုန်းဖြင့် တိုးဝင်လာနေသည်။

မိန်းမပျိုကလည်း ချက်ချင်းပင် မီးဓာတ် သဘာဝ စွမ်းအင်များအား စုစည်းလိုက်လျှင် ငှက်ကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။ ထိုအရာကား ဖီးနစ်ငှက်ဖြစ်သည်။ ဖီးနစ်ငှက်ကား မီးတောက်မီးလျှံများ ကြောက်မက်ဖွယ် လောင်ကျွမ်းလျက်ရှိရာ ရွှေရောင်ငှက်ကြီးနှင့် ရင်ဆိုင်မိလျှင် ရွှေရောင်ငှက်ကြီးမှာ မီးလျှံများအကြား ပျောက်ကွယ် သွားလေသည်။ ဖီးနစ်ငှက်က ထိုနေရာတွင် မရပ်တန့်ပေ။

လိယန်က နောက်သို့ လျင်မြန်စွာ ဆုတ်ရင်း သူ၏မျက်နှာက စိုးရိမ်စိတ်ကြောင့် သွေးဆုတ်သွားသည်။ ဖီးနစ်ငှက်က သူ့ထံ တည့်တည့် လာနေသည်ကို မြင်နေရ၏။ သူက မျက်လုံးအား မှိတ်လိုက်လျှင် မီးတောက်များ၏အပူမီးက သူ့ထံ စိမ့်ဝင်လာနေသည်ကို ခံစားရသည်။ ထို့နောက် ဖီးနစ်ငှက်က သူ၏ရှေ့တွင် ရပ်တန့်သွားက ဖီးနစ်ငှက်က သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

“အရမ်း အားနည်းတယ်…” မိန်းမပျိုက ပြောလိုက်သည်… “ဒါက အရှေ့ပင်လယ်က အကောင်းဆုံး ကျောင်းတော် ဆိုတာလား…”

ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသားများ အရှက်ရကြသည်။ နောက်တစ်ယောက် ရှေ့ကို တက်လာသည်။ သို့သော် ရလဒ်က တူတူပင်။ တစ်ကွက်တည်းနှင့်ပင် သူမ၏ပြိုင်ဘက်မှာ အရေးနိမ့်ခဲ့ရသည်။

ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ရှေ့ကိုထွက်ကာ တိုက်ခိုက်ကြသည်။ သို့သော် ထိုနည်းအတိုင်းပင် အားလုံး ရှုံးနိမ့်ကြသည်။

“မူယွန်ချိန်… ကြယ်ငါးပွင့် ကောင်းကင်အဆင့်… မှော်ထိန်းချုပ်သူ…” ယန်းယန် ကျောင်းဆောင်မှ မူယွန်ချိန် ရှေ့တက်လာသည်။ သူ၏မူလဝိညာဉ်အား ထုတ်လွှတ်လိုက်လျှင် ရွှေရောင်သိမ်းငှက်ကြီး ထွက်ပေါ်လာသည်။ အတန်ကြာခန့်က သူ၏တန်ခိုး အဆင့်မြင့်တက်ခဲ့ပြီး ယခု ပို၍ စွမ်းအားမြင့်လာသည်။ မိန်းမပျို၏လှပသော မျက်နှာလေးနှင့် သူမ၏ထူးချွန်မှုအား ကြည့်ကာ မူယွန်ချိန် စိတ်ကူးများ ယဉ်နေမိသည်။

လေဓာတ်သဘာဝများက သူ့အား လှည့်ပတ်လိုက်လျှင် မူယွန်ချိန်က သတ္တဝါဆန်း အသွင်ပြောင်းသွားကာ မိန်းမပျိုထံသို့ ပြေးသွားလိုက်သည်။ သူ၏မှော်ပညာအား အသုံးပြုလိုက်လျှင် တောက်ပသော ရွှေဝါရောင်များက သူ၏ကိုယ်မှ ထွက်ပေါ်လာကြပြီး မီးလျှံများအား ပျော်ဝင်သွားစေသည်။ သူက ယုံကြည်မှုရှိစွာ ဟက်ခနဲ ရယ်မောလိုက်သည်။ သို့သော် ရုတ်တရက် မိန်းမပျိုက သူမ၏ကိုယ်ခန္ဓာအား လှုပ်ရှားလိုက်လျှင် လေပွေတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။ သူမ၏လှုပ်ရှားမှုက သိမ်မွေ့သော်လည်း မူယွန်ချိန်ထက် အဆမတန် မြန်ဆန်၏။ စက္ကန့်ပိုင်းအတွင်း သူတို့နှစ်ယောက်အကြား အကွာအဝေးမှာ နီးကပ်သွားသည်။ ပရိသတ်များက မီးလျှံအလင်းတန်း တစ်ခုအားသာလျှင် မြင်လိုက်ရပြီး ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာကာ မူယွန်ချိန်လေပေါ်သို့ ပျံတက်သွားပြီး မြေပေါ်သို့ ဖွဲအိတ်ပမာ ကျဆင်းသွားသည်ကို တွေ့ရ၏။

မိန်းမပျိုက မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်လိုက်သည်။ သည်အံ့ဖွယ် မိန်းကလေးအား ကြည့်ရသည်မှာ လွတ်လပ်လှပြီး သူမ၏ကျောပေါ်တွင် အနီသွေးရောင် မီးလျှံ အတောင်ပံ တစ်စုံကိုလည်း တွေ့ရသည်။ သူမ၏လက်ဝါးများပင်လျှင် မီးလျှံရောင် ညီးညီးတောက်နေသည်။ မြေကြီးသို့ ရောက်သည်နှင့် သူမ၏ကိုယ်မှ မီးတောက်မီးလျှံများ ပျောက်ဆုံးသွားကြသည်။

“ဘယ်လောက်တောင် အားနည်းတဲ့ မှော်ထိန်းချုပ်သူလဲ…” မိန်းမပျိုက ပြောလိုက်သည်။ မူယွန်ချိန်က မြေကြီးပေါ်မှ အားတင်းကာ ထပ်ရပ်လိုက်သော်လည်း သူ၏မျက်နှာကား ပြာနှမ်းနေလေပြီ။ သို့သော် မိန်းမပျိုက သူ့အား တစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူ၏ရင်ဘတ်မှ နာကျင်သလို ခံစားလိုက်ရသည်။ ရီဖူရှင်း သည်ကျောင်းတော်ကို ရောက်ရှိပြီးနောက် သူ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်မှာ သည်တစ်ကြိမ်နှင့် ဆိုလျှင် သုံးကြိမ်မြောက် ဖြစ်သည်။

တိုက်ပွဲဖြစ်နေသော သတင်းပြန့်သွားပြီးနောက် လူအများအပြား ကြည့်ရှုရန် ရောက်ရှိလာကြသည်။ သူမ ဘယ်သူဖြစ်သည်ကို သိလိုကြသလို သူမ၏ စွမ်းရည်များအားလည်း ထိတ်လန့်ကြရသည်။

ကျောင်းဆောင်ခုနစ်ခုလုံးမှ ကြယ်ငါးပွင့်အဆင့် ကျောင်းသားများက သူမနှင့် တိုက်ခိုက်ကြသည်။ သူတို့က မိန်းကလေးအား တန်ခိုးအဆင့်မြင့်သော သူများဖြင့် အနိုင်မကျင့်လိုကြပေ။ သို့သော် သူမနှင့် တန်ခိုးအဆင့်တူသော သူများအားလုံးမှာ ရှုံးနိမ့်နေကြသည်ကို သတိထားမိလာကြသည်။ ကြည့်ရသည်မှာ သူမ၏ စွမ်းအား အစစ်အမှန်ကိုပင် ထုတ်ဖော်ရအောင် သူတို့ စွမ်းဆောင်နိုင်ပုံမရပေ။

ထိုစဉ် တခြားသော ကြယ်ကြွယ်ကျောင်းဆောင်မှ အလွန် ကျော်ကြားသော လူငယ်တစ်ယောက်က ရှေ့ထွက်လိုက်ပြန်သည်။ သည်တစ်ကြိမ်တွင် မိန်းမပျိုက လျှော့တွက်ရဲဟန် မတူပေ။ မီးလျှံအကာအရံတစ်ခု သူမအား ဝန်းရံလိုက်ပြီး မီးဖီးနစ်ငှက်တစ်ကောင် သူမ၏ကိုယ်မှ ထွက်ပေါ်လာသည်။ ဤသည်ကား သူမ၏သက်စောင့်ဝိညာဉ် ဖြစ်သည်။ ထိုအခိုက်တွင်ကား မိန်းမပျို၏ အရှိန်အဝါမှာ ပို၍ အားကောင်းလာသည်ဟု ထင်ရပေသည်။ မီးလျှံဖီးနစ်ငှက် သက်စောင့်ဝိညာဉ်ဖြင့် မှော်ထိန်းချုပ်သူ…။ လေဓာတ်နှင့် မီးဓာတ်နှစ်မျိုးသုံး သိုင်းပညာနှင့် မှော်ပညာ နှစ်မျိုးလေ့ကျင့်သူ…။

“သူမက အရမ်းလှတာပဲ…” တစ်စုံတစ်ယောက်က မမျိုသိပ်နိုင်တော့ဘဲ ရေရွတ်မိသည်။ သည်မိန်းကလေးနှင့် နှိုင်းယှဉ်နိုင်သော တစ်ဦးတည်းသော သူမှာ ဟွာဂျီယူသာ ရှိပေသည်။ ဟွာဂျီယူသည်လည်း အလွန်ထူးချွန်သော မိန်းမပျိုဖြစ်သည်။ သို့သော် သူမမှာ သီးခြားနေတတ်ပြီး နှိမ့်ချစွာ နေထိုင်သည်။ သူမက တိုက်ခိုက်ရန် စိတ်ဝင်စားမည် မဟုတ်ပေ။ ထို့အပြင် လတ်တလော ကောလာဟလများအရ သူမမှာ ချစ်ခင်ရသူ ရှိနေပြီဖြစ်သည်။

ကြယ်ကြွယ်ကျောင်းဆောင်မှ လူငယ်မှာလည်း အရေးနိမ့်ခဲ့သည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဆက်လက် စိန်ခေါ်ကြသော်လည်း မည်သူမှ သူမအား မယှဉ်နိုင်ကြပေ။ သူမအား မှော်ပညာသာမက တိုက်ခိုက်ရေး ပညာတွင်လည်း အလွန် ထူးချွန် ထက်မြက်လှသည်။

“မီးလျှံဖီးနစ်ငှက် ဝိညာဉ်… ငါသိချင်လိုက်တာ… ဘယ်သူက ပိုပြီး စွမ်းအားမြင့်သလဲ… မီးလျှံဖီးနစ်ဝိညာဉ်နဲ့ နတ်ငှက်ဝိညာဉ်…” လူအုပ်ထဲမှ တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။ ဖီးနစ်နှင့်နတ်ငှက် နှစ်မျိုးလုံးမှာ ထူးဆန်းအံ့ဖွယ် ငှက်များဖြစ်သည်။ ဖီးနစ်က လေဓာတ်နှင့် မီးဓာတ် အခြေခံပြီး နတ်ငှက်က လေဓာတ်နှင့် သတ္တုဓာတ်ကို အခြေခံသည်။

မိန်းမပျို၏မျက်လုံးတွင် အရောင်တစ်ချက် လက်သွားသည်။ သူမက တိုးတိုးလေး ပြောလိုက်သော လူအား စိုက်ကြည့်လိုက်ကာ မေးလိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်မှာ နတ်ငှက်ဝိညာဉ်ပိုင်တဲ့သူ ရှိတာလား…”

ထိုလူ ထိတ်လန့်သွားသည်။ သူတို့ တိုးတိုးလေး ပြောနေသည်ကိုပင် ကြားနိုင်လောက်အောင် မိန်းမပျိုကား နားပါးလှသည်။

“ဟုတ်တယ်… လာဘ်လာဘ ကျောင်းဆောင်က ပါရမီရှင်တစ်ယောက်ပဲ… သူ့နာမည်… ရီဖူရှင်း…”

“သူ့စွမ်းရည်တွေက ဘယ်လိုလဲ…” မိန်းမပျိုက ဆက်မေးလိုက်သည်။

“မကြာခင်က သူက ကြယ်သုံးပွင့် ကောင်းကင်အဆင့်ပဲ… အခုတော့ မသိဘူး… ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်း အားကောင်းတယ်… သူက ကြယ်ငါးပွင့် ကောင်းကင် အဆင့်ကိုတောင် အနိုင်ယူနိုင်တယ်…” ထိုလူက ရှင်းပြလိုက်သည်။ သူက ကျောက်မူနှင့် ယှဉ်တိုက်ခိုက်နိုင်သည် ဆိုပါက သူသည်လည်း အလွန်စွမ်းရမည် ဖြစ်ပေသည်။

“သူ့အဆင့်က အရမ်းနိမ့်တယ်… ဒါပေမဲ့ သူ့ရဲ့ နတ်ငှက်ဝိညာဉ်ကို ငါကြည့်ချင်တယ်… လာဘ်လာဘ ကျောင်းဆောင်ကို သွားပြီး သူ့ကိုခေါ်လာခဲ့…” သူမက သူမ၏လူများအား အမိန့်ပေးလိုက်သည်။ သူမ၏နောက်မှ လူများက ခေါင်းညိတ်လိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ထိုမြင်ကွင်းက လူအများအပြားကို အံ့အားသင့်စေသည်။ သူမကား အလွန်ဂုဏ်မြင့်သော မိသားစုတစ်ခုမှ ဖြစ်ဟန်တူသည်။ သူမက သူမ၏လူများအား စေလွှတ်ကာ ရီဖူရှင်းအား သွား၍ ဖမ်းခေါ်လာခိုင်းသည်။ သူတို့မသိသည်ကား သူတို့က ရီဖူရှင်းအား အမှန်တကယ် သွားရှာဖွေကြပြီး ကိုယ်တိုင် သွားရှာဖွေသောသူမှာ ကျောင်းအုပ် ယိချိန် ကိုယ်တိုင်ပင်။

“ကျွန်တော့်ကို စိန်ခေါ်တဲ့သူရှိတယ်… ဟုတ်လား…” ရီဖူရှင်းကား စိတ်ပျော်ရွှင်နေသော အချိန်မဟုတ်ပေ။ သူက သက်ပြင်းချလျက် ပြောလိုက်သည်… “စိတ်မဝင်စားဘူး…”

ယိချိန်က သူ့အား ကြည့်လိုက်သည်… “မင်းက စိတ်မဝင်စားဘူး ဆိုရင်တောင် သွားရမယ်… သာမန်လူက မင်းကို စိန်ခေါ်တယ်ဆိုရင် ငါကိုယ်တိုင်လာပါ့မလား…”

ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်… “ဘယ်သူ ကျွန်တော့်ကို စိန်ခေါ်တာလဲ…”

“မင်းကိုယ်တိုင် သွားကြည့်လိုက်…” ယိချန်က ပြောလိုက်သည်။ ရှောင်ဖယ်၍ ရတော့မည့်ဟန် မရှိတော့ရာ ရီဖူရှင်း ခေါင်းညိတ်ရတော့သည်… “ကောင်းပြီ…”

ရီဖူရှင်း၊ ယူချင်းနှင့် ယိချိန်ချန်တို့က ယိချန်၏နောက်မှ မိန်းမပျို စောင့်နေရာ နေရာသို့ လိုက်သွားကြသည်။ သူတို့ ရောက်ရှိသောအခါ ထိုနေရာကား လူအုပ်ကြီး ဖြစ်နေလေပြီ။ ရီဖူရှင်းတို့က လူအုပ်ကြီးအား တွန်းဖယ်လျက် အတွင်းပိုင်းသို့ လျှောက်သွားလိုက်လျှင် နောက်ဆုံးတွင် ဝတ်ရုံနီ မိန်းကလေးအား တွေ့မြင်ရတော့သည်။ ထိုအချိန်ကား မိန်းမပျိုက နောက်တစ်ယောက်နှင့် တိုက်ခိုက်နေသည်။ သူမ၏နောက်မှ မီးလျှံဖီးနစ်ငှက်မှာလည်း အနီစွေးစွေး တောက်ကာ အလွန်လှပပေသည်။ လျင်မြန်စွာပင် သူမ၏ပြိုင်ဘက်မှာ ရှုံးနိမ့်သွားပြန်သည်။

“ရီဖူရှင်း…” လူတိုင်းက ရီဖူရှင်း ရောက်ရှိလာသည်ကို သတိထားမိကြသည်။ သူတို့အကြား အချင်းချင်း တီးတိုး ဝေဖန်နေကြသည်။ မိန်းမပျိုက သူ့အား လှည့်ကြည့်လိုက်သည်။

“နင့်ရဲ့ သက်စောင့်ဝိညာဉ်က နတ်ငှက်လား…” သူမက သူ့အား မေးလိုက်သည်။ ရီဖူရှင်းက သူမအား ထူးဆန်းစွာ ကြည့်ကာ ရေရွတ်လိုက်သည်… “မိန်းမတစ်ယောက်လား…”

မိန်းမပျိုက အနည်းငယ် မှင်တက်သွားကာ ပြန်မေးလိုက်သည်… “နင် ဘာကို ပြောချင်တာလဲ…”

“ငါမိန်းမတွေကို မရိုက်ချင်ဘူး…” ရီဖူရှင်းက ထိုသို့ပြောကာ ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ နောက်ဆုံးအကြိမ်က ဓားသမား မိန်းကလေးနှင့် တိုက်ခိုက်ပြီး ကတည်းက မိန်းကလေးများနှင့် တိုက်ခိုက်ရန် စိတ်မပါတော့ပေ။

“ရပ်စမ်း…” သူမ အော်ဟစ်လိုက်သည်… “ငါက သွားလို့ရပြီ ပြောလို့လား…”

ရီဖူရှင်း အနည်းငယ် အံ့အားသင့် မှင်တက်သွားသည်။ သည်မိန်းကလေးကား အလွန် မောက်မာလှ၏။ ယိချန်ကိုယ်တိုင်က သူ့အား သည်မိန်းကလေးထံ ခေါ်လာရလောက်အောင် သည်မိန်းကလေး၏ ဇာစ်မြစ်က အဘယ်နည်း။

ရီဖူရှင်းက သူမဘက်သို့ လှည့်ကာ ပြောလိုက်သည်… “တိုက်ပွဲတစ်ခု ဖြစ်လာရင် ဘယ်နည်းလမ်းမဆို မျှတတယ် မိန်းကလေး… မင်းက ဒီလို ချောမောတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတယ်… ငါက မတော်တဆ ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ… မတိုက်ခိုက်ဘဲ နေရအောင်…”

လူအုပ်ကား ရီဖူရှင်း၏စကားကို ကြားကာ ချွေးစေးများပင် ပြန်သွားကြသည်။ ရီဖူရှင်းကား အမြဲတမ်း ဝင့်ကြွားနိုင်သော ရီဖူရှင်းသာ ဖြစ်ပေသည်။

“အဓိပ္ပာယ်မရှိတာ…” မိန်းမပျိုက ရယ်မောလိုက်သည်…” ငါ့ကို ထိခိုက်မိမယ်… ဟုတ်လား… တကယ်ကော လုပ်နိုင်လို့လား…”

“အာ…” ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့။ မိန်းကလေးတိုင်း သည်လိုများလား သူမတွေးတတ်တော့။ သို့တိုင်အောင် သူ တိုက်ခိုက်လိုစိတ် မရှိပေ။

“ယူချင်း…” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ အတန်ကြာလျှင် မည်သူကမှ သူ့အား ပြန်မဖြေသည်ကို သိလိုက်သည်။ သူက နောက်လှည့် ကြည့်လိုက်လျှင် ယူချင်းက ယိချိန်ချန်နှင့် တီးတိုး ပြောနေကြသည်ကို တွေ့လိုက်ရသည်။

ရီဖူရှင်းတွင် ပြောစရာစကား မရှိတော့ပေ။… “သူငယ်ချင်းကောင်း… ဟင်း…” သူက နှုတ်ခမ်းအားကွေးကာ မှတ်ချက်ချလိုက်ပြီး ရှေ့ကို လှမ်းတက်လိုက်သည်။ မိန်းမပျိုကမူ သူ့အား အေးစက်စွာ စိုက်ကြည့်နေဆဲပင်။

“နင့်ရဲ့သက်စောင့်ဝိညာဉ်ကို လွှတ်လိုက်… မဟုတ်ရင် တိုက်ခိုက်တဲ့အခါ အခွင့်အရေးရမှာ မဟုတ်ဘူး…” မိန်းကလေးက ရင့်သီးစွာ ပြောလိုက်သည်။

ရီဖူရှင်းက သက်ပြင်းတစ်ချက် ချလိုက်ကာ သူ၏နတ်ငှက်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ သူမကလည်း မီးဖီးနစ်ငှက်အား ထုတ်လွှတ်လိုက်၏။ သူတို့နှစ်ယောက်၏ သက်စောင့်ဝိညာဉ်များမှ ထုတ်လွှတ်လိုက်သော အရောင်အဝါများက ထိုပတ်ဝန်းကျင် တစ်ခုလုံးကို စူးရှ တောက်ပသွားစေသည်။ လူတိုင်းက ရီဖူရှင်းက သည်မိန်းကလေးအား အနိုင်ယူနိုင်မည်လော… အလွန် သိချင်နေကြလေပြီ။

ဘုန်း… မီးဓာတ်သဘာဝ စွမ်းအင်များမှ မီးငှက်တစ်ကောင် ဖြစ်ပေါ်လာကာ မီးငှက်၏ မီးတောက်များက ရီဖူရှင်းထံ ပြေးဝင်သွားသည်။ ထိုမီးတောက်များကား ဖီးနစ်ငှက်၏ မီးတောက် ငှက်မွေးများ ဖြစ်ကြသည်။

ရွှေရောင် သဘာဝ စွမ်းအင်များက ရီဖူရှင်းအား အရူးအမူး လှည့်ပတ် လာနေကြသည်။ ထို့နောက် သူ၏ကျောတွင် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာကာ စွမ်းအင်များက အတောင်ပံများသို့ စီးဆင်းလာနေကြသည်။ ရီဖူရှင်းက ဖီးနစ်ငှက်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် သူ၏ အတောင်ပံများအား ကြက်ခြေခတ်ပုံစံဖြင့် သူ၏ရှေ့မှ ကာကွယ်လိုက်သည်။

ဖီးနစ်ငှက်၏ မီးတောက်များက သူ၏အတောင်ပံနှင့် ထိလုခင်တွင် ရီဖူရှင်းက သူ၏အတောင်ပံအား လှုပ်ခတ်လိုက်လျှင် မီးတောက်များမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး လေထဲ ပျောက်ကွယ်သွားသည်။ ထိုအခိုက်မှာပင် ရီဖူရှင်းက လျှပ်စီးကဲ့သို့ မြန်ဆန်စွာ မိန်းမပျိုထံသို့ ပြေးသွားလိုက်သည်။ မိန်းမပျိုကား ဝေဝါးသော ပုံရိပ်တစ်ခုက သူမထံသို့ ပြေးလာသည်ကိုသာ မြင်၏။ မီးဖီးနစ်ငှက်နှင့် နတ်ငှက်တို့ လျင်မြန်စွာ နီးကပ်လာနေသည်။

မိန်းမပျိုကလည်း လေထက်သို့ ခုန်တက်လိုက်လျှင် သူတို့နှစ်ယောက်မှာ လေထဲတွင် ရင်ဆိုင်မိကြသည်။ မိန်းမပျိုက ဖီးနစ်ငှက်၏ အော်ဟစ်သံနှင့်အတူ သိမ်မွေ့ကာ ထူးဆန်းသော လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။ ရီဖူရှင်းကလည်း နဂါးတစ်ကောင်၏ ဟိန်းသံအလား အားပါကာ ကြမ်းတမ်းသော လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ထိုအခိုက်တွင်ပင် သူတို့နှစ်ယောက် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ အော်သံများ။ ဟိန်းသံများ။ လေထုပေါက်ကွဲသံများနှင့် သဘာဝစွမ်းအင်လှိုင်းများ ရိုက်ခတ်သံများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။

ဘုန်း… ဘုန်း… အလွန်ကျယ်လောင်သော လက်ဝါးရိုက်သံ နှစ်ချက် ကြားလိုက်ရသည်။ ထို့နောက် လူတိုင်းက မိန်းမပျိုမှာ လေထဲမှ ကျဆင်းလာကာ မြေကြီးနှင့် ထိခိုက်သံကို ကြားလိုက်ကြရသည်။ သူမ၏သက်တော်စောင့်များက သူမထံ ပြေးလွှားသွားကြသည်။

ပိန်ပါးကာ ခန့်ညားသော လူကြီးတစ်ဦးလည်း ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုလူ ရောက်ရှိလာသည်နှင့် ဒွန်ဟိုင်ကျောင်းတော်၏ တာဝန်ရှိသူများ အားလုံး ရှေ့သို့ ထွက်လာကြသည်။ ယိချန်ပင်လျှင် ရောက်ရှိနေပေသည်။ သူတို့အားလုံးက ထိုခန့်ညားသော လူကြီးအား ဦးညွှတ်လိုက်ကြသည်။

“ဝန်ကြီးချုပ်ကျိုကို နှုတ်ဆက်ပါတယ်…” လူတိုင်းက ထိုလူကြီးအား နှုတ်ဆက်ကြသည်။ ဒွန်ဟိုင်ကျောင်းသား အတော်များများ အံ့သြ ထိတ်လန့်သွားကြသည်။

ထိုအခိုက်တွင် မိန်းကလေးက သူမ၏ရင်ဘတ်အား လက်တစ်ဖက်ဖြင့် ဖိကာ ထရပ်လိုက်သည်။ လူတိုင်း၏အကြည့်က သူမထံရောက်သွားကြသည်။ သူတို့မြင်သည်ကား ထိုမိန်းကလေးက ရီဖူရှင်းရှိနေရာ ကောင်းကင်အား မော်ကြည့်လျက် အော်ဟစ်လိုက်သည်ကိုပင်… “အရှက်မရှိတဲ့ အရူး…”

“ငါ…” ရီဖူရှင်း မည်သို့ ပြန်ပြောရမည် မသိတော့။ အဘယ်ကြောင့် သည်ကဲ့သို့ ဖြစ်ရပြန်သနည်း သူ လုံးဝနားမလည်တော့။


Comment

Leave a Reply

Options

not work with dark mode
Reset