ရီဖူရှင်း၊ ယူချင်းနှင့် ယိချိန်ချန်တို့ သူတို့နေထိုင်ရာ နေရာသို့ ပြန်လာကြသည်။ လမ်းတစ်လျှောက်တွင် ရီဖူရှင်းကား မျက်မှောင်ကုတ်လျက်ပင်။
“သူက ဘယ်သူလဲ… ချိန်ချန်…” ရီဖူရှင်းက မေးလိုက်သည်။
“မူယွန်ချန်… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က အကြီးအကဲတွေ ကိုယ်တိုင် သီးခြား လေ့ကျင့်ပေးခြင်းခံရတဲ့ တကယ့်ပါရမီရှင်… အခု ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်… ပြီးတော့ သူက အရမ်းတော်တဲ့ စိတ်စွမ်းအင် အထူးပြုမှော်ဆရာပဲ…” ယိချိန်ချန်က ပြောလိုက်သည်။ သူမက မူယွန်ချန်က ရီဖူရှင်းအား သည်ကဲ့သို့ ပြောခဲ့သည်ကို ကသိကအောက် ခံစားရသည်။
“မူယွန်ချန်…” ရီဖူရှင်းက နာမည်အား ထပ်ခါ ရေရွတ်လိုက်ပြီး မှတ်မိရန် ကြိုးစားလိုက်သည်။
ယူချင်းက ရီဖူရှင်း စိတ်ညစ်နေသည်ကို သိသည်။ သူက ယိချိန်ချန်အား တစ်ချက်ကြည့်လိုက်ပြီး ရီဖူရှင်းအား နှိပ်သိမ့်ရန် ကြိုးပမ်းလိုက်သည်… “ငါ့ရဲ့မရီးက ဒီလိုမျိုး မိန်းကလေး မဟုတ်ဘူးဆိုတာ ငါသိတယ်…”
“သေချာတာပေါ့… ငါ့ရဲ့မြေခွေးမက ဒီလိုမျိုးမဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်… “ဒါပေမဲ့ မူယွန်ချန်က ထူးဆန်းတယ် မထင်ဘူးလား… သူက ငါ့ကို ဘာလို့ ဒီလို တမင်ပြောတာလဲ…”
“ဟုတ်တယ်… တကယ် ထူးဆန်းတယ်…” ယူချင်းက ထောက်ခံလိုက်သည်။
“သူက ငါ့ကို စမ်းသပ်နေသလို ခံစားရတယ်… သူ တစ်ခုခုသိနေရမယ်…” ရီဖူရှင်းကား စိတ်မအေးနိုင်ပေ။
“မရီး… မြေခွေးမ…” ယိချိန်ချန်က နားမလည်ဟန်ဖြင့် မျက်တောင်များ ကွေးသွားသည်။ သူတို့က ဟွာဂျီယူအကြောင်းအား ပြောနေသည်ကို ခံစားရ၏။
“ချိန်ချန် … မှတ်ထားနော် … ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောနဲ့…” ယူချင်းက သူမအား ပြောလိုက်သည်။ သူတို့က သိလာသည်မှာ အတော်ကြာပြီဖြစ်ရာ သိသာစွာပင် ယူချင်းက သူမအား အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်လို သတ်မှတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သည်ကဲ့သို့ အရေးကြီးသော ကိစ္စမျိုးအား သူမ၏ရှေ့တွင် ဆွေးနွေးခြင်း ဖြစ်ပေသည်။
“ဟွာဂျီယူက ငါ့ရဲ့ချစ်သူပဲ…” ရီဖူရှင်းက ယိချိန်ချန်ကို ရှင်းပြလိုက်သည်။
ယိချိန်ချန်က ခန့်မှန်းမိပြီး ဖြစ်သော်လည်း တကယ်တမ်း ဝန်ခံသောအခါ အံ့အားသင့် ထိတ်လန့်ရ၏… “တကယ်ပေါ့…”
“နင်ငါ့ကို ဘာလို့ မယုံရတာလဲ…” ရီဖူရှင်းက ယိချိန်ချန်၏ တုံ့ပြန်မှုကို ကြည့်ကာ စိတ်ဓာတ်ကျသွားသည်… “ငါက ဒီလောက်ပါရမီပါပြီး ချောမောတဲ့ကောင်လေး ဖြစ်နေတာ… ဒီကျောင်းတော်ရဲ့ အလှဆုံး မိန်းကလေးက ငါ့ချစ်သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ…”
“…” ယိချိန်ချန် ပြောစရာစကား ရှာမရ ဖြစ်သွားသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူမက ယူချင်းအား မေးလိုက်သည်… “သူက ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် အရမ်း ဘဝင်မြင့်နေတတ်တာလား…”
“အင်း…” ယူချင်းက ဖြေလိုက်သည်။
“သေစမ်း…” ရီဖူရှင်းက သူတို့နှစ်ယောက် ပြောသည်ကို ကြားကာ ပို၍ စိတ်ဓာတ်ကျသွားသည်… “လာပါ… ညီအစ်ကိုတွေ မဟုတ်ဘူးလား… မင်းက မိန်းကလေးတစ်ယောက် အတွက်နဲ့ ငါ့ကိုပစ်သွားပြီပေါ့…”
သူတို့နှစ်ယောက် တစ်ဖန် မည်သို့ ပြောရမည်မသိ ဖြစ်သွားကြပြန်သည်။
“ဒါက စမ်းသပ်မှုတစ်ခု ဟုတ်တာ မဟုတ်တာ ငါဂရုမစိုက်ဘူး… ငါအဲဒီကောင်နာမည်ကို မှတ်ထားတယ်… မူယွန်ချန်…” မူယွန်ချန်၏ စကားများအား တွေးကာ ရီဖူရှင်း ပြုံးမိသည်။ ထိုအပြုံးအား ကြည့်ကာ ယူချင်းက ပြင်းထန်သော လက်စားချေမှုတစ်ခု ရီဖူရှင်း၏ အနာဂတ် အစီအစဉ်တွင် ပါဝင်နေပြီကို သိလိုက်ပြီးဖြစ်သည်။
သူတို့က ဥယျာဉ်သို့ ပြန်ရောက်သောအခါ ယိချိန်ကား သူတို့ကို ကြိုတင်၍ စောင့်ဆိုင်းနေပြီ ဖြစ်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်… “ငါနဲ့လိုက်ခဲ့…” ရီဖူရှင်းက မည်သို့ ဖြစ်ပျက်ခဲ့သည် မသိပေ။ သူက ခေါင်းညိတ်လျက် ယိချန်နှင့်အတူ အခန်းထဲသို့ လိုက်သွားသည်။
“မင်းက လျိုနန်းတော်မှာ ပြဿနာ သွားရှာခဲ့တယ်… ဟုတ်တယ်မလား…” ယိချန်က မေးလိုက်သည်။
“အဲဒါ ဒီနေရာကို မရောက်ခင်ကပါ… အမှန်က လျိုနန်းတော်က ပြန်လာတာနဲ့ ချိန်ချန်နဲ့ တွေ့တာ…” ရီဖူရှင်းက ရှင်းပြလိုက်သည်… “ကျွန်တော်က အဲဒီကို ပြဿနာသွားရှာတာ မဟုတ်ပါဘူး…”
“မင်းက အရှင်လျိုကို မင်းရဲ့ဆရာကို ကုသပေးဖို့ တောင်းဆိုမလို့ မဟုတ်လား…” ယိချန်က မေးလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ဒါက တကယ် ညဏ်မဲ့တာပဲ… မင်း ဘာလုပ်ခဲ့တယ်ဆိုတာ မင်းသိလား…” ယိချိန်၏အသံက အေးစက်လာသည်… “မင်းက သိပ်အရေးပါတဲ့သူ မဟုတ်သေးတာကို အရမ်း ကံကောင်းတယ် မှတ်ပါ… ဒါကြောင့် လျိုနန်းတော်က လူတွေက သူတို့ ဂုဏ်သိက္ခာကျမှာစိုးလို့ မင်းကို မသတ်ဘဲ လွှတ်လိုက်တာ… မဟုတ်ရင် အခုဆို မင်းက သေလူဖြစ်နေပြီ… မင်းက အနုပညာသူတော်စင်။ အရှင်လျိုနဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွေရဲ့ ဆက်ဆံရေးကို သိလား…”
ရီဖူရှင်းက ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာပင် နားမလည်စွာ မေးလိုက်သည်… “ကျွန်တော်က ဆရာကြီးယိနဲ့ သိပြီးနောက်ပိုင်းမှသာ အနုပညာ သူတော်စင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ တက်ရောက်ခဲ့တာကို သိပါတယ်…”
“မင်းက ဟွာဖန်းလူရဲ့ တပည့်ဖြစ်တာ မထူးဆန်းဘူး… မင်းတို့က ကိုယ်မှန်တယ် ထင်တာ လုပ်တဲ့ စိတ်ထားက တူတူပဲ…” ယိချိန်၏ပုံက ဒေါသထွက်နေသာ ပုံစံပင်… “မင်းဆရာရဲ့ မူလဝိညာဉ် ဖျက်ဆီးခံရပြီး ဒွန်ဟိုင်မြို့က နှင်ထုတ်ခံရတယ်ဆိုတာ သိလား…”
“ဆရာက အနုပညာ သူတော်စင်ဆီမှာ ရှုံးနိမ့်ခဲ့တယ် ဆိုတာပဲ ကျွန်တော် သိပါတယ်… ပြီးတော့ အနုပညာ သူတော်စင်နဲ့ နန်ဒူမိသားစုက ဒွန်ဟိုင်မြို့က နှင်ထုတ်ခဲ့တယ်…” ရီဖူရှင်းက ပြောလိုက်သည်။
“သူက အနုပညာ သူတော်စင်ကို အနိုင်ရခဲ့ရင်ရော… ပိုပြီး ကောင်းလာဦးမလား… သူ့ရဲ့ ကံဆိုးမိုးမှောင်ကျမှုက နန်ဒူမိသားစုရဲ့ မင်းသမီးလေးနဲ့ သွားပတ်သက်မိ ကတည်းကပဲ…” ယိချန်က ဆက်ပြောလိုက်သည်… “ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ နန်ဒူမိသားစုက အနုပညာသူတော်စင်နဲ့ နန်ဒူမိသားစု မင်းသမီးလေးတို့ကို နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားဖို့ စီစဉ်ခဲ့ကြတာ… ဒီမျိုးနွယ်စုတွေရဲ့ သြဇာအာဏာရှိတဲ့လူတွေ အကုန်လုံးက ဒီလက်ထပ်ပွဲက အကျိုးအမြတ်တွေ အများကြီးရကြမှာ… မင်းရဲ့ဆရာက သူတို့တွေရဲ့ အစီအစဉ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့တယ်… သူ ဘာတွေ တွေးခဲ့တာလဲ… ဒီလှပတဲ့ မျက်နှာလေးက အကုန်လုံးလား…”
ယိချန်က ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောလိုက်သည်။ ရီဖူရှင်း အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။ ယိချန်က သူ၏ဆရာအား မည်မျှ သဘောမကျသည်ဖြစ်စေ သူ၏ချောမောသော ရုပ်ရည်အား မထိခိုက်သင့်ဟု သူတွေးလိုက်သည်။
“သူက မိန်းကလေးနဲ့ ကလေးတောင် ရလိုက်သေးတယ် … သူက ဒီမြို့ အသက်ရှင်ရက် ထွက်သွားနိုင်တာ အရမ်း ကံကောင်းလို့ပဲ…”
ရီဖူရှင်းက ယိချင်မှာ သည်ကိစ္စအား အခဲမကျေသေးသည်ကို သိ၏။ သူ၏မုန်းတီးမှုက သည်မျှ ကြီးမားသည်ကို သူ နားမလည်တော့ပေ။ တန်လန်ကြောင့်လည်း ဖြစ်နိုင်၏။
“အနုပညာသူတော်စင်နဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကြားမှာ ဘယ်လို ပတ်သက်မှုတွေ ရှိနေတာလဲ…” ရီဖူရှင်းက ဆက်မေးလိုက်သည်။
“လူအနည်းငယ်ပဲသိတဲ့ အကြောင်းအရာ တစ်ခုရှိတယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလည်း နည်းနည်းပဲသိတယ်… အနုပညာသူတော်စင်က ဝန်ကြီးချုပ်ဟွာနဲ့ ပတ်သက်မှု အနည်းငယ်ရှိတယ်…” ယိချိန်က ဖြေလိုက်သည်… “သူက နန်ဒူစစ်တပ်ကို အုပ်ချုပ်ရတဲ့ နန်ဒူနိုင်ငံရဲ့ ဝန်ကြီးချုပ် နှစ်ယောက်ထဲက တစ်ယောက်ပဲ… အခု သူက ဒီနိုင်ငံရဲ့ အင်အား အကြီးဆုံး လူဖြစ်နေပြီ… သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ပညာသင်ခဲ့တာ… အခုတော့ ဒီကျောင်းရဲ့ အားကောင်းတဲ့ နောက်ခံ ဖြစ်နေပြီပေါ့…”
“ဒါဆို… ဒီနိုင်ငံရေး လက်ထပ်ပွဲမှာ တကယ်တမ်း အကျိုးအမြတ်ရတာက နန်ဒူမိသားစုနဲ့ ဝန်ကြီးချုပ် ဟွာပေါ့…” ရီဖူရှင်း တဖြည်းဖြည်း နားလည်လာသည်။
“ငါထင်တယ်… ဟွာဖန်းလူက ဒီလက်ထပ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို မသိဘူးဆိုတာ… အခု မင်းနားလည်ပြီလား… မင်းရဲ့ဆရာက သူ့ရဲ့ကံဆိုးမှုကို ကိုယ့်ဘာသာ ဘယ်လို ယူဆောင်လာလဲဆိုတာ…” ယိချန်က ဆက်ပြောလိုက်ပြန်သည်… “မင်းကလည်း လျိုနန်းတော်ကို တစ်ယောက်တည်း သွားတယ်… မင်းသိလား… အဲဒီအချိန်က သူတို့အားလုံးက မင်းကို သတ်ချင်နေကြတာ…”
ရီဖူရှင်း၏ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေသည်။ သူက အကြောင်းအရာ အများအပြားအား တွေးလိုက်ပြီးဖြစ်သည်။ မကြာခင် သူက မေးလိုက်သည်… “ဒါဆို ဟွာဂျီယူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ဘာလို့ တက်နေတာလဲ…”
“ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်ဟွာက အခုအရမ်း သြဇာအာဏာ ကြီးနေတယ်လေ… ငါထင်တာကတော့ နန်ဒူမိသားစုက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ပြန်လည် တည်ဆောက်နေတယ်… ဒါကြောင့် သူတို့က ဟွာဂျီယူကို ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို ပို့လိုက်တာပဲ… သူမက ဘာလို့ လာဖို့ သဘောတူလဲဆိုရင်… နန်ဒူမိသားစုရဲ့ ဆန္ဒအပြင် တခြားအကြောင်းပြချက်က မင်းရဲ့ ဆရာဘိုးဘိုးဖြစ်ရမယ်… သူကလည်း လေစားဖို့ကောင်းတဲ့ အဘိုးကြီးပါပဲ… ဒါပေမဲ့…” ယိချိန် သက်ပြင်းချလိုက်သည်။
“ကျွန်တော့်ရဲ့ဆရာဘိုးဘိုး ဟုတ်လား…” ရီဖူရှင်း အံ့အားသင့်သွားသည်။
“သူမက တကယ်လှတဲ့ မိန်းကလေးပဲ… ငါထင်တာကတော့ သူမက မင်းရဲ့ချစ်သူမလား… ဟုတ်တယ်မလား… လူညစ်ကလေး…” ယိချန်ကား အရာအားလုံးကို တွက်ချက်ထားပြီး ဖြစ်ပုံရသည်။ ရီဖူရှင်းက သူ မည်ကဲ့သို့ သည်မျှ မှန်ကန်စွာ တွက်ချက်နိုင်သနည်း မတွေးတတ်တော့ပေ။
“မင်းက မင်းရဲ့ဆရာ အတိတ်က လုပ်ခဲ့အတိုင်း တစ်ပုံစံတည်း တူအောင် လုပ်နေတာ… ညင်ညင်သာသာ ပြောရရင် တခြားလူတွေနဲ့ ပတ်သက်တဲ့အခါ မင်းရဲ့အပြုအမူတွေကို သတိထားပါ… အထူးသဖြင့် ကျောင်းတော်ရဲ့ ပြင်ပမှာပေါ့… မင်းကို ဟွာဖန်းလူ နောက်တစ်ယောက် မဖြစ်စေချင်တော့ဘူး… ပြီးတော့ ငါ့တပည့်ရဲ့ အနာဂတ်ကို မဖျက်ဆီးပစ်နဲ့…” ယိချန်က ထိုသို့ပြောပြီး ထွက်သွားသည်။ သူက ဤသို့ သေသေချာချာ သတိပေးနေသည်မှာ သူ၏တပည့်အား မထိခိုက်စေလို၍ ဖြစ်ကြောင်း ရီဖူရှင်း ရိပ်မိလိုက်သည်။ သူက နောက်ကို လှည့်လျက် ယူချင်းနှင့် ယိချိန်ချန်တို့အား ကြည့်ကာ ဝမ်းနည်းသလို ခံစားလိုက်ရသည်။
သို့သော်လည်း ယိချန်၏မျက်ခုံးများက ရှုံ့တွနေခဲ့ပုံကို ကြည့်ကာ သူ အမှန်တကယ် တစ်ခုခုအား ခန့်မှန်းမိနေသည့်ဟန် ရှိနေသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်တို့၏ လာရောက် လည်ပတ်ခြင်းက မူမမှန်သော တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ခံစားရစေသည်။ ဝန်ကြီးချုပ်ဟွာ အင်အား ကြီးလာသည်နှင့်အမျှ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာလည်း ဒွန်ဟိုင်ကျောင်းတော်အား ပိုမို ထိန်းချုပ်လိုလာကာ အာဏာအား အလွန် လောဘတက်လာဟန် ရှိနေသည်။ သည်ကျောင်းတော်၏ ငြိမ်းချမ်းမှုမှာ မကြာခင် ပျက်စီးရတော့မည့် အခြေအနေပင်။
***
ရက်အနည်းငယ် ကြာသောအခါ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများက ဟွာဂျီယူမှာ မူယွန်ချန်၏ ရည်းစားဖြစ်သွားပြီ ဖြစ်ကြောင်း သတင်းလွှင့်ကြသည်။ တစ်ကျောင်းလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ ကျောင်းတော်၏နံပါတ်တစ် မိန်းမလှတစ်ယောက် ဖြစ်သည့် ဟွာဂျီယူမှာ နဂိုကတည်းက ကျောင်းသားအများစု၏ အိပ်မက်နတ်သမီးပင်။ သူမက ရုတ်တရက် တခြားတစ်ယောက်၏ ရည်းစားဖြစ်သွားရခြင်းကို မယုံကြည်နိုင်ကြပေ။ သူမ၏ချစ်သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ပါရမီရှင် မူယွန်ချန်ဖြစ်နေလျှင်ပင် ကျောင်းသားများကား လက်ခံနိုင်ရန် ခက်ခဲလှ၏။
ရီဖူရှင်းလည်း ထိုသတင်းအား ကြားသည်။ သူ ပိုမို၍ပင် နားမလည်တော့ပေ။ မူယွန်ချူ မည်သို့ ကြံစည်နေသနည်း။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ သည်ကောလာဟလများအား အဘယ်ကြောင့် သည်မျှ အလေးထားကာ ဖြန့်နေရသနည်း။
သူက သည်သတင်းကို သိပ်အလေးမထားလှသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သတင်းမှာ ပိုမို၍ပြန့်လာကာ ယူချင်းနှင့် ယိချိန်ချန်တို့ပင်လျှင် ခံစားမိရလောက်အောင် ရီဖူရှင်း စိတ်ပျက်လာရ၏။
ဟွာဂျီယူကလည်း ကြားသည်။ ရှာယူယန်က ထိုနေ့က ပြန်လာသောအခါ သူမက မူယွန်ချန်က ရီဖူရှင်းအား မည်သို့ပြောကာ ရန်စသည်ကို အတိအကျ ပြောပြသည်။ ရီဖူရှင်းနှင့် ပတ်သက်သော ဖြစ်နိုင်ဖွယ် သံသယများအား မဖြစ်ပေါ်စေရန် သူမက မည်သို့မျှ မှတ်ချက်မပေးခဲ့ပေ။ နန်ဒူမိသားစုက သူတို့၏ပတ်သက်မှုအား သိရှိသွားပါက ရီဖူရှင်းမှာ အတိအကျ ပြဿနာတက်မည် ဖြစ်ပေသည်။
သို့သော်လည်း ကောလာဟလများ ပိုမို၍ ဆိုးရွားလာသည်။ သူမက နောက်ဆုံးတွင် တစ်စုံတစ်ခု လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက မူယွန်ချန်အား လိုက်ရှာခဲ့သော်လည်း သူကား ကျောင်းဝင်းထဲတွင် အစအနမျှပင် ရှာမတွေ့ပေ။ သူမက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ထွက်၍ ရီဖူရှင်းကို ရှာဖွေကာ ရှင်းပြမည် ကြံသော်လည်း သူမက ကျောင်းဆောင်မှ ထွက်သည်နှင့် သူမအား နောက်ယောင်ခံ လိုက်နေသည်ဟု ခံစားရသောကြောင့် လှည့်ပြန်ခဲ့ရ၏။ တစ်စုံတစ်ယောက်က သူမအား အကွက်ချ လုပ်ကြံနေသလို ခံစားနေရသည်။
သူမ၏အခန်းတွင် ဟွာဂျီယူကား ပြတင်းပေါက်၏ ဘေးနားတွင် ရပ်နေသည်။ ကျောင်းဝင်းတစ်ခုလုံးအား ကြည့်နေလျက်ကပင် သူမက ရှာယူယန်အား မေးလိုက်သည်… “ယူယန်… သူ ငါ့ကို အထင်လွဲမလား…”
“သူက နင့်ကို တကယ်နားလည်ရင် အထင်လွဲမှာ မဟုတ်ဘူး…” ရှာယူယန်က ပြောလိုက်သည်။
“ကောလာဟလတွေက သေအောင် သတ်နိုင်တယ်… အထူးသဖြင့် လူအများအပြားက ပြောကြတဲ့အခါမျိုးမှာ… သူတို့ပြောနေတာက တကယ့်အမှန်တရားလိုမျိုး… သူက ငါ့ကို ယုံတယ် ဆိုရင်တောင် ငါသိသလောက် သူ့စိတ်နေစိတ်ထားအရ တော်တော်ကြီးကို စိတ်ညစ်မှာပဲ… ပြီးတော့ ငါက သူ့ကို သွားပြီး ရှင်းပြလို့မရဘူး…” ဟွာဂျီယူက သက်ပြင်းချလိုက်သည်… “ငါတကယ် သူ့ကို မထိခိုက်စေချင်ဘူး…”
“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ဒီသတင်းကို တမင် လွှင့်နေတယ်ဆိုတာ ထင်ရှားတာပဲ… ငါထင်တာကတော့ သူတို့က နင်တို့ရဲ့ ပတ်သက်မှုကို သံသယရှိနေတာ ဖြစ်ရမယ်… ဒါကြောင့် ငါတို့က အခု ရှင်းပြဖို့မလွယ်ဘူး… မဟုတ်ရင် နင်တို့ နှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေပြီလို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲ…” ရှာယူယန်က ပြောလိုက်သည်။
“ဒါကြောင့်ပဲ ငါချီတုံချတုံ ဖြစ်နေတာပေါ့…” ဟွာဂျီယူက ရေရွတ်လိုက်သည်။ ရှာယူယန်က သူမ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ဟွာဂျီယူ၏ စိတ်မသက်မသာ ဖြစ်မှုကို သူမ ခံစားနေရသည်။
တစ်ချိန်တည်းမှာပင် တခြားတစ်နေရာတွင် လူနှစ်ယောက် စကားပြောနေကြသည်။ သူတို့မှာ ရီဖူရှင်းနှင့် လျိုနန်းတော်တွင် တွေ့ခဲ့သော ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အဘိုးအိုနှင့် နန်ဒူကူတို့ ဖြစ်ကြသည်။
“နန်ဒူမိသားစုက ဟွာဂျီယူကို နိုင်ငံရေးလက်ထပ်ပွဲ အနေနဲ့ အသုံးမပြုဖို့ ကတိပေးခဲ့တယ်… ဒါပေမဲ့ ဒီကောလာဟလတွေသာ ဆက်လက်ပြီး ပြန့်နေရင် ရှာဖန်ပြောတာ မှန်နေမှာ ငါစိုးရိမ်မိတယ်…” အဘိုးအိုက နန်ဒူကူအား ပြောလိုက်သည်။
“ကျုပ်တို့က အတိအကျ ပြောမရသေးဘူး… ကောင်လေးက ဟွာဖန်းလူရဲ့တပည့်ဖြစ်လို့ သူတို့နှစ်ယောက် ရင်းနှီးတာက ဖြစ်သင့်တဲ့ကိစ္စပဲ…” နန်ဒူကူက ပြောလိုက်သည်။
“အချက်အလက်တွေက စကားပြောတာထက် တိကျတယ်… ငါထင်တာကတော့ မင်းတို့မိသားစုက ဒီမင်းသမီးလေးက သမိုင်းတစ်ကျော့ ပြန်လိမ့်မယ် ဆိုတာပဲ… အထူးသဖြင့် ပုံပြင်ထဲက ကောင်လေးက ဟွာဖန်းလူရဲ့ တပည့်ဖြစ်နေလို့ပဲ… ဘယ်လောက် ဆိုးရွားလိုက်သလဲ…” အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။
“ငါ့မိသားစုကို ဒီကိစ္စကို သေချာ အသိပေးပါ့မယ်… ပြီးတော့ ဂျီယူက ငယ်သေးတယ်… တကယ်လို့ သူတို့နှစ်ယောက်ကြား ပတ်သက်မှု ရှိနေတယ် ဆိုရင်တောင် မကြာခင် သူမက မေ့နိုင်သွားမှာပါ…” နန်ဒူကူက ပြောလိုက်သည်။
“ဒါဆို မင်းတို့ မိသားစုကို ကိစ္စတွေကို သေချာ ရှင်းလင်းဖို့ပြော… သမိုင်းတစ်ကျော့ မပြန်စေနဲ့… ရီဖူရှင်းက ယိချန်နဲ့အတူ တန်ခိုးကျင့်နေတယ်… ဒီတိုက်ပွဲရဲ့ အစစ်အမှန်ကို လူအနည်းငယ်ကပဲ သိပေမဲ့ ယိချန်က ဒီအထဲက တစ်ယောက်ပဲ… သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် အများကြီးကို သိတယ်… အကယ်၍ ဒွန်ဟိုင်ကျောင်းတော်က ပါရမီရှင်က ငါတို့ကျောင်းတော်ကို အနာဂတ်မှာ ဆန့်ကျင်ခဲ့ရင် ဒါက သည်းမခံနိုင်စရာပဲ… မင်းက သေချာ ဖြေရှင်းဖို့လိုတယ်…” သူက ဒေသထွက်နေသည့်ဟန် ပေါ်နေကာ ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်ခွာသွားသည်။
သို့သော်လည်း နန်ဒူကူကား စိုးရိမ်သည့်ဟန် ပေါ်နေသည်။ ယခုဖြစ်ပျက်နေသည်က အတိတ်မှ အဖြစ်အပျက်များအား ပြန်မြင်နေရသလိုပင်။ ယခင်က နန်ဒူမိသားစုက တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သတိထားမိခဲ့သော်လည်း ဖြေရှင်းရန် တုံ့ဆိုင်းနေခဲ့ကြသည်။ နောက်ဆုံးတွင် အစားထိုးမရသော ဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။
**