ပြည်ထောင်စုကြီး၏ အမျက်ဒေါသထက် သာမန်ပြည်သူများ၏ ခံစားချက်မှာ ပို၍ အရေးကြီးပေသည်။ သတင်းဌာနများမှာ ထိုသတင်းများကို ထုတ်ပြန်ကြေညာနေကြရင်း သတင်းအမှန်များသာမက သတင်းအမှားများပါ စတင်ပျံ့နှံ့လာတော့သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးသာမက ဂြိုဟ်အားလုံးပေါ်ရှိ သာမန်ပြည်သူများနှင့် ကျင့်ကြံသူများအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြရတော့သည်။
ထိုကိစ္စကြီးမှာ ကြီးမားလွန်းနေ၏။ ဂြိုဟ်တစ်ခုပေါ်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများအားလုံးမှာ သူတို့ လုံးဝခုခံနိုင်စွမ်းမရှိသည့် အမည်မသိ ရောဂါပိုးမွှားတစ်မျိုးကြောင့် နှစ်နာရီအတွင်း သေဆုံးသွားကြသည်မဟုတ်ပါလော။ ထိုဖြစ်ရပ်ကြီးကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ထိတ်လန့်ကြောက်ရွံ့နေကြရပြီ ဖြစ်သည်။
အချို့လူများဆိုလျှင် ရှေးဦးဝိညာဉ်ခေတ်သို့ ရောက်ရှိလာခဲ့သောကြောင့် ယခုလို ဖြစ်နေရခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။ သူတို့မှာ ကျင့်ကြံခြင်းပညာရပ်များနှင့် ကျင့်ကြံခြင်းလမ်းစဉ်များကို စွန့်လွှတ်ကာ သိပ္ပံနှင့်နည်းပညာခေတ်သို့ ပြန်၍သွားရန် တောင်းဆိုနေကြ၏။
အကြမ်းဖက်တိုက်ခတ်မှုများ၊ ယဇ်ပူဇော်ပွဲများနှင့် တခြားဂြိုဟ်မှ လူနေမှုအဖွဲ့အစည်းများအား ဆက်သွယ်လိုသည့် အဖွဲ့စည်းများမှာလည်း ပြည်ထောင်စုကြီးထဲ၌ အနှံ့အပြား ပေါ်ပေါက်လာကြသည်။
လူအများစုမှာ ကြောက်ရွံ့နေကြပါသော်လည်း ကြောက်စိတ်များထက် ဒေါသစိတ်များက ပိုများနေကြ၏။ ထို့ကြောင့် ထိုကိစ္စကြီးအား စုံစမ်းစစ်ဆေးကာ လက်စားချေပေးရန် တောင်းဆိုနေကြသည့် စကားဝိုင်းများမှာ ပို၍ပင် အရှိန်ရလာကြသည်။ အဖြစ်ဆိုးကြီး ဖြစ်ပျက်သွားခဲ့ပြီးနောက် တစ်ညအကြာတွင် ထိုသို့ ဆက်ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုကြီး၏ တုံ့ပြန်မှုမှာလည်း အလွန်အင်မတန်မှ လျင်မြန်ပေသည်။ သွမ့်မုချွယ်မှာ လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်လိုက်ပြီးနောက် ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ထုတ်လွှင့်ပြသမည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို စီစဉ်လိုက်၏။ သူသည် သတင်းဌာနအားလုံးကို ဖိတ်ခေါ်ကာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အဖြစ်ဆိုးကြီးနှင့်ပတ်သက်၍ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။
” တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် ကျနော် ဒီကြေညာချက်မျိုးကို မထုတ်ပြန်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေအားလုံးက ဒီလို အဖြစ်ဆိုးကြီးနဲ့ မကြုံချင်ကြတဲ့ လူတွေချည်းပါပဲ ”
” ဒါပေမဲ့ အဲဒီအဖြစ်ဆိုးကြီးက…. ဖြစ်ပြီးသွားခဲ့ပါပြီ။ ဒါဟာ ရှေးဦးဝိညာဥ်ခေတ်ရဲ့ အပြစ်မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အားနည်းမှုကသာ တစ်ခုတည်းသော အပြစ်ပါပဲ ” သွမ့်မုချွယ်မှာ ပြည်ထောင်စုကြီး တစ်ခုလုံး၏ရှေ့၌ ထုတ်ပြန်ကြေညာလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းညှိုးငယ်နေသည့် အရိပ်အယောင်များကို အထင်းသားမြင်နေရပြီး သူ၏ စကားသံမှာ လေးလံနေ၏။
” အားနည်းမှုက ကျနော်တို့ရဲ့ အပြစ်ပါပဲ။ ကျနော် ဒီနေ့ စကားလှလှလေးတွေ ပြောဖို့ အစီအစဉ် မရှိပါဘူး။ ပြီးရင် ကျနော်က ရှင်းပြဖို့လည်း ကြိုးစားမှာ မဟုတ်သလို ပုန်းရှောင်နေဖို့လည်း စဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော် ပြည်ထောင်စုကြီးတစ်ခုလုံးကို အချက်လေးချက်ပဲ ပြောပြချင်ပါတယ်။ ပထမအချက်က ဘာတွေဖြစ်ပျက်သွားခဲ့တာလဲဆိုတဲ့ အမှန်တရားကိုပါ။ ဒုတိယအချက်က ပြည်ထောင်စုကြီးရဲ့ အစိုးရအဖွဲ့အစည်းက လက်တုံ့ပြန်နိုင်ဖို့အတွက် ဆောင်ရွက်နေပြီဆိုတဲ့ အကြောင်းပါ။ တတိယနဲ့ စတုတ္ထအချက်ကိုတော့ မကြာခင်မှာ သိရပါလိမ့်မယ် ”
” ပထမဦးဆုံးအနေနဲ့ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ ကျင့်ကြံသူ စုစုပေါင်း နှစ်သိန်းတစ်သောင်းသုံးထောင့်ခုနစ်ရာငါးဆယ့်ရှစ်ယောက်တိတိ အသက်ပေးခဲ့ရပါတယ်။ ဂြိုဟ်တစ်လုံးချင်းစီတိုင်းမှာ ကိုယ်ပိုင် သက်တမ်းတွေ ရှိပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ကြီးက သူ့ရဲ့ သက်တမ်းစုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို အခိုးခံလိုက်ရတာမလို့ အခုဆိုရင် ပျက်စီးတော့မယ့် အချိန်နားကို ကပ်နေပါပြီ။ သိပ်မဝေးလှတော့တဲ့ အနာဂတ်မှာ ကျနော်တို့ရဲ့မျိုးဆက်တွေက ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အကြောင်းတွေကို မှတ်တမ်းတွေထဲမှာပဲ ဖတ်နိုင်တော့မယ့် အနေအထား ရောက်သွားနိုင်ပါတယ် ”
” လူတွေသေသွားရတဲ့ အကြောင်းအရင်းက အလင်းရောင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားတစ်ခုကြောင့်ပါ။ အဲဒီ ရောဂါပိုးမွှားက အချိန်နှစ်နာရီပဲ သက်တမ်းရှိပါတယ်။ ပြည်ထောင်စုကြီးက အဲဒီရောဂါပိုးမွှားကို လေ့လာပြီးပြီဖြစ်သလို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း ဖော်ထုတ်ထားပြီးသားပါ ”
” တရားခံကတော့ တခြားဂြိုဟ်ပေါ်က အမည်မသိ လူနေမှုအဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာကို သိထားပါတယ် ”
ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ စကားကို ကြားလိုက်ရသောအခါ ထိုထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် လူတိုင်းမှာ အမျက်ချောင်းချောင်း ထွက်သွားရ၏။ သတင်းဌာနအသီးသီးမှ ထုတ်ပြန်ထားသည့် အချက်အလက်များကြောင့် သူတို့မှာ ထိုအကြောင်းများကို သိထားကြပြီးသား ဖြစ်ပါသော်လည်း လူအများစုမှာ ငိုကြွေးနေကြဆဲပင်။ သူတို့၏ နှလုံးသားများထဲရှိ အကြောက်တရားများမှာလည်း ကြီးထွားလာကြ၏။ ဒေသအသီးသီးထဲရှိ လူပေါင်းမြောက်မြားစွာမှာဆိုလျှင် စိတ်ဓာတ်များ ပြိုလဲပျက်ဆီးသွားရ၏။
သွမ့်မုချွယ်ကမူ ထိုအခြင်းအရာများကို ဂရုစိုက်နေခြင်းမရှိပေ။ သူသည် မျက်နာအမူအရာ တည်ကြည်နေဆဲဖြစ်ပြီး တည်ငြိမ်မှုအပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်၏။
” ဒုတိယအချက်အနေနဲ့ ပြည်ထောင်စုကြီးက ဒီကိစ္စကြီးကြောင့် အပြီးအထိ မတည်ဆောက်ရသေးတဲ့ ဂြိုဟ်မန္တန်အစီအရင်ကို စပြီးတော့ အသုံးပြုနေပါပြီ။ တစ်ဝက်တစ်ပျက်လောက်ပဲ ပြီးသေးတာဆိုပေမဲ့ သတ်မှတ်ထားတဲ့ နေရာတစ်ဝိုက်ကို အလုံပိတ် ချုပ်နှောင်ပစ်နိုင်စွမ်း ရှိနေတုန်းပါပဲ။ ပြီးတော့ အဓိကဂြိုဟ်ကြီးတွေပေါ်က မန္တန်အစီအရင်တွေကိုလည်း ဖွင့်ပြီးပါပြီ။ ပြည်ထောင်စုကြီးရဲ့ စစ်တပ်ကိုလည်း နေအဖွဲ့အစည်း တစ်ခုလုံးထဲမှာ တပ်ဖြန့်ထားပြီးတော့ လိုက်ရှာထားခိုင်းထားပါတယ်။ ကျနော်တို့တွေ …. သေချာပေါက် လက်စားပြန်ချေမှာပါ ” သွမ့်မုချွယ်မှာ နောက်ဆုံးဝါကျကို အော်ပြောလိုက်၏။ သူ၏ အငွေ့အသက်များမှာ တည်ငြိမ်နေခြင်းမရှိတော့ဘဲ ရူးသွပ်မှုများနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်လာတော့သည်။
သူ၏ ကြေညာသံကြီး ထွက်ပေါ်လာသည်နှင့် အခြားလူပေါင်းမြောက်မြားစွာမှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ လက်တုံ့ပြန်ခိုင်းသည့် တောင်းဆိုသံများမှာ နယ်မြေဒေသအသီးသီးထဲ၌ ပဲ့တင်ထပ်နေကြပြီး ပြည်ထောင်စုကြီးထဲမှ မြို့သူမြို့သားများအားလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့သည်။
” တတိယအချက်နဲ့ ပြည်ထောင်စုကြီးဆီမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတွေ မရှိတာမဟုတ်ဘူးဆိုတာ အသိပေးပေးရစေ။ အရင်တုန်းက ကျနော်တို့ရဲ့ ဂုဏ်ကျက်သရေရှိ အကြီးအကဲကြီးက တံခါးပိတ် လေကျင့်နေခဲ့တာမလို့ သူ့ကို မနှောင့်ယှက်ပဲ ထားခဲ့တာပါ။ သူက မနေ့ကတင်ပဲ တံခါးပိတ်ကျင့်စဉ်ထဲကနေ ပြန်ထွက်လာခဲ့ပါပြီ။ အဲ့တာမလို့ သူကိုယ်တိုင် အာကာသထဲကို သွားပြီးတော့ တရားခံတွေကို လိုက်လံဖမ်းဆီးတော့မှာပါ ” ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ ထိုသို့ကြေညာလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်လိုက်၏။ ထိုအခါ သူ၏နောက်တွင် ပုံရိပ်ယောင် ဖန်သားဖြင့်တစ်ခု ပေါ်ပေါက်လာသည်။ ထို ဖန်သားပြင်ထဲတွင် ကြယ်ရောင်စုံတောက်ပနေသည့် စကြဝဠာကြီး ရှိနေသည်။ ဓားပုံစံ သင်္ဘောပျံကြီးတစ်စင်းမှာ အာကာသထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။ ထိုသင်္ဘောပျံထဲတွင်မူ အဘိုးကြီးအရွယ် အကြီးအကဲတစ်ယောက် တရားထိုင်နေသည်။
ထို အကြီးအကဲကြီး၏ ပုံရိပ်မှာ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မှုန်ဝါးဝါး ဖြစ်နေ၏။ သို့သော် အာကာသထဲ၌ သင်္ဘောပျံကြီး ဖြတ်ပျံသွားသည့် နေရာတစ်လျှောက်တွင် တုန်ခါမှုလှိုင်းများ ကျန်ရစ်ခဲ့သည်။ ထိုမြင်ကွင်းကြီးမှာ အံ့သြဖွယ်ရာကောင်းလှပေသည်။ ထိုအချိန်တွင် ထိုအကြီးအကဲကြီးမှာ မျက်လုံးများပွင့်လာ၏။ သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်လေးနက်သော အကြည့်တစ်ခုကို မြင်နိုင်ပေသည်။ သူ၏ မျက်ဝန်းများမှာ ထိုဖန်သားပြင်ကြီးကို ထိုးဖောက်ကာ ၎င်းအား ကြည့်ရှုနေသည့် လူတိုင်း၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေ၏။
ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာကြောင့် လူအများ ခံစားနေခဲ့ရသည့် ကြောက်ရွံ့တုန်လှုပ်မှုများမှာ သိသိသာသာ လျော့ကျသွားရပြီးဖြစ်သည်။ ကျင့်ကြံသူအများစုမှာ ထိုကြေညာချက်ကြီးကြောင့် စိတ်ဓာတ်များ တက်ကြွလာကြ၏။ သူတို့မှာ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအစစ်အမှန်ကို သိထားကြသောကြောင့် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။ သူတို့မှာ မျှော်လင့်ချက်များ တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရ၏။
” စတုတ္ထအချက်အနေနဲ့ ပြည်ထောင်စုကြီးက…. ဝိညာဉ်ဆန့်ကျင့်ဗုံးတစ်လုံးကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်သွားပြီ ဖြစ်ပါတယ်။ အဲဒီဗုံးရဲ့ စွမ်းအားက ကနဦးအဆင့်မှာပဲ ရှိသေးတာဆိုပေမဲ့ ပေါက်ကွဲသွားတဲ့ အချိန်ကျရင် ယွမ်ယင်အဆင့်ရှိတဲ့ စွမ်းအားမျိုးကို ထုတ်ပေးနိုင်ပါတယ် ”
” ကျနော်တို့တွေ ဝိညာဉ်ဆန့်ကျင့်ဗုံး ပထမဆုံးအသုတ်ကို ထုတ်လုပ်ဖန်တီးပြီးသွားပါပြီ။ အလုံးရေစုစုပေါင်း တစ်ထောင်တိတိ ပါဝင်ပါတယ်။ အဲလိုဗုံးမျိုး အလုံးငါးဆယ်ကို ဖောက်ခွဲနိုင်မယ်ဆိုရင် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခု မဟုတ်တော့ပါဘူး။ အဲဒီ တခြားဂြိုဟ်ကလာတဲ့ လူနေမှုအဖွဲ့အစည်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီဗုံး အလုံးတစ်ထောင်နဲ့ သူတို့ကို ချေမှုန်းပစ်လို့ ရပါတယ် ” ပြည်ထောင်စုဥက္ကဋ္ဌကြီးက ကျယ်လောင်စွာ ကြေညာလိုက်၏။ ထိုဗုံးအကြောင်း မှတ်တမ်းတင်ထားသည့် ရုပ်သံမှတ်တမ်းများ ရှိမနေပါသော်လည်း အရှေ့မှသုံးချက်အား သက်သေများနှင့်တကွ ပြသခဲ့သည်ဖြစ်ရာ လူများမှာ စတုတ္ထအချက်ကိုလည်း ယုံကြည်သွားကြတော့သည်။ ထိုယုံကြည်မှုကြောင့် သူတို့၏ ကြောက်စိတ်အများစုမှာလည်း လွင့်စင်ပပျောက်သွားရ၏။
သွမ့်မုချွယ်၏ ကြေညာချက်မှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အောင်မြင်သွားသည်ဟု ဆိုနိုင်ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ဝိညာဉ်ဆန့်ကျင့်ဗုံးတို့ကို ထုတ်ပြလိုက်သည်ဖြစ်ရာ လူအများ၏ ယုံကြည်မှုများမှာ မြင့်တက်လာကြ၏။
သို့သော် လူနည်းစုမှာမူ ဝိညာဉ်ဆန့်ကျင့်ဗုံးမှာ အမှန်တကယ် အောင်မြင်သွားခဲ့လျှင်တောင် များများစားစား ရှိနေမည်မဟုတ်ဟု သိရှိထားကြ၏။ ၎င်းတို့၏ အရေအတွက်မှာ ထောင်ဂဏန်းအထိပင် မဆိုထားနှင့် တစ်ရာအထိ ရှိနေလျှင်ပင် သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
သွမ့်မုချွယ်ကမူ ပြည်သူပြည်သားများကို တုံ့ပြန်ချိန် မပေးဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏နောက်တွင်ရှိနေသော ဖန်သားပြင်ကြီးမှာ ပြောင်းလဲသွားပြီး လွှတ်တော်ခေါင်းဆောင်ကြီး၏ အရိပ်တစ်ခု ပေါ်ပေါက်လာ၏။
” လွှတ်တော်ကလည်း ပြည်ထောင်စုကြီးနဲ့ အပြည့်အဝ ပူးပေါင်းပြီးတော့ တရားခံကို ဒဏ်ခတ်နိုင်အောင် ကြိုးစားပေးမှာပါ။ ကျနော်တို့ဘက်က အသက်စွန့်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ ”
” လသုံးစင်း မဟာမိတ်အဖွဲ့ကလည်း ဒီတိုက်ပွဲကြီးထဲမှာ အစွမ်းကုန်ကြိုးစားပေးဖို့ ကတိပေးပါတယ် ”
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကလည်း…. ”
” ဆည်းဆာကြယ်စင်စုဂိုဏ်းက… ”
” ယွီဟွားရှန်ထျန်းဂိုဏ်းက…. ”
” တာအိုကျောင်းလေးကျောင်းကလည်း ပြည်ထောင်စုကြီးကို အသက်ပေးပြီးတော့ ကာကွယ်ဖို့ သစ္စာဆိုပါတယ် ”
လွှတ်တော်ခေါင်းဆောင်ကြီး၏ အရိပ် ပျောက်ကွယ်သွားပြီးနောက် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ၏ ပုံရိပ်များ ပေါ်ပေါက်လာကြသည်။ သူတို့မှာ ထို ဖန်သားပြင်ကြီးပေါ်၌ ပေါ်ပေါက်လာကြခြင်းဖြစ်ပြီး တစ်ယောက်တည်း မဟုတ်ကြပေ။ သူတို့တစ်ယောက်ချင်းစီ၏ နောက်တွင် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်များ ရှိနေကြ၏။ သူတို့၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှုများနှင့် သတ်ဖြတ်လို့စိတ်များဖြင့် တောက်ပနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် လက်တုံ့ပြန်လိုသည့် အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။
ထို့ကြောင့် ပြည်ထောင်စုကြီးထဲမှ ပြည်သူပြည်သားများမှာ စိတ်ပူမနေကြတော့ပေ။ မြို့တော်အသီးသီးထဲရှိ ပြည်ထောင်စုကြီး၏ အရာရှိများမှာလည်း သူတို့၏ မြို့သူမြို့သားများအား နှစ်သိမ့်ကာ သူတို့၏ စိုးရိမ်စိတ်များကို ဖြေဖျောက်ပေးလိုက်ကြ၏။ ထို့ကြောင့် ပြည်ထောင်စုကြီးထဲရှိ ပြဿနာကြီး ပြေလည်သွားရုံသာမက ပြည်သူများမှာ တစ်စုတစ်စည်းတည်း ဖြစ်သွားကြပြီဖြစ်သည်။
ထိုသို့ဖြင့် တရားမျှတမှုအတွက် လက်တုံ့ပြန်လိုသည့် ဟစ်ကြွေးသံများမှာ နေရာအနှံ့၌ ပေါ်ပေါက်လာကြတော့သည်။ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ထိုအသံများဖြင့် ပြည့်နှက်နေကြစဉ် အာကသထဲရှိ တစ်နေရာတွင် အနက်ရောင် ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်း ဖြစ်နေသည့် အနက်ရောင် ရေခူကြီးတစ်ကောင်မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။ ၎င်းမှာ နေအဖွဲ့အစည်းထဲမှ ထွက်ခွာသွားခြင်းမရှိသေးဘဲ အင်္ဂါဂြိုဟ်၏ အနီးအနားတွင် ရှိနေဆဲပင်။ ၎င်း၏ လမ်းကြောင်းကို ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ အင်္ဂါဂြိုဟ်၏ဘေးမှ ဖြတ်သန်းသွားမည်ဖြစ်သည်။
ထိုကျင့်ကြံသူသုံးယောက် နေအဖွဲ့အစည်းထဲ၌ ဆက်ရှိနေရသည်မှာ ထွက်ခွာသွားရန် ဆန္ဒမရှိသောကြောင့်မဟုတ်ဘဲ ပြည်ထောင်စုကြီးမှာ ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သဖြင့် သူတို့မှာ သတိကြီးကြီး ထားနေရသောကြောင့်သာဖြစ်သည်။ အထူးသဖြင့် နေအဖွဲ့အစည်းထဲ၌ ပိတ်ဆို့မှုများ ပေါ်ပေါက်လာပြီးနောက် သူတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူနှစ်ယောက်က သူတို့အား လိုက်လံရှာဖွေနေသကဲ့သို့ ဖြစ်နေသည်ကို အာရုံခံမိခဲ့၏။
ထို့ကြောင့် ထိုကျင့်ကြံသူသုံးယောက်မှာ သတိကြီးကြီး ထားနေရတော့သည်။ စကြဝဠာကြီး၏ ဤအစိတ်အပိုင်းထဲတွင် သူတို့အား ကြောက်ရွံ့တုန်လှုပ်စေသည့် သတ္တဝါပေါင်း မြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။ သို့သော် သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ဆွတ်ခူးနိုင်ခဲ့သည့် ရလဒ်များကို ကျေနပ်အားရနေပြီဖြစ်သောကြောင့် ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်သည်။ လက်ရှိတွင် သူတို့အတွက် အရေးကြီးဆုံးမှာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန်ဖြစ်သည်။
” အကြီးအကဲကြီးရဲ့ ကျောက်စိမ်းလည်ဆွဲနဲ့ ငါတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ထားလို့ရတာမလို့ နောက်တစ်ခါ ဒီလိုထပ်လုပ်ပြီးတော့…. မန္တန်အစီအရင်ကြီးကို ဖျက်ဆီးပြီး ထွက်သွားကြတာပေါ့ ”
” နည်းနည်းလေးတော့ အန္တရာယ်များတယ်နော် ”
သူတို့သုံးယောက်မှာ တစ်ခဏမျှ ဆွေးနွေးလိုက်ကြပြီးနောက် သဘောတူညီချက်တစ်ခု ရရှိသွား၏။ သူတို့မှာ ထိုအကြံအတိုင်း မလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်တွင် ရှေ့သို့ အရှိန်အဟုန် ဖြင့်ပျံသန်းနေသည့် အနက်ရောင် ရေခူကြီးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန်် တုန်ရီသွား၏။ ၎င်းမှာ ခံစားချက်တစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေသောကြောင့် ထိုကျင့်ကြံသူသုံးယောက်မှာ မျက်လုံးများ ပြူးသွားရသည်။ မျက်နှာပေါ်၌ ကင်းခြေများကြီးတစ်ကောင် ရှိနေသော ကျင့်ကြံသူမှာ သံလိုက်အိမ်မြှောင်တစ်ခုကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး မန္တန်လက်ကွက်အချို့ ဖော်လိုက်၏။
ထိုအခါ ထိုသံလိုက်အိမ်မြှောင်မှာ ရုတ်တရက်ဆိုသလို စူးရှတောက်ပလာပြီး အင်္ဂါဂြိုဟ်၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုပုံရိပ်အား အကြိမ်ပေါင်းများစွာ ပုံကြီးချဲ့လိုက်သောအခါ အင်္ဂါဂြိုဟ်၏ မြေကြီးအောက်၌ ရှိနေသည့် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
သူတို့မှာ ၎င်း၏ ပုံသဏ္ဍာန်အတိအကျကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါသော်လည်း သံလိုက်အိမ်မြှောင်ကြီးမှတစ်ဆင့် ထိုအရိပ်ကြီးထဲမှ ထွက်ပေါ်နေသည့် တမူထူးခြားသော ဝိညာဉ်စွမ်းအင်များကို အာရုံးခံမိလိုက်သည်။
” ဘုရားရေ အမှောင်အဆောင်ပစ္စည်း တစ်ခုပ်လားဟ။ တကယ်ကို အမှောင်အဆောင်ပစ္စည်းတစ်ခုပဲ။ ပင်လယ်ဇူဇကာကြီး အခုလိုဖြစ်နေတာ မထူးဆန်းပါဘူး ”
” ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ။ တကယ့်ကို အမှောင်အဆောင်ပစ္စည်း တစ်ခုပဲ။ ဒဏ္ဍာရီတွေအရဆိုရင် စကြဝဠာကြီး တစ်ခုလုံးထဲမှာ အကောင်းအတိုင်းရှိသေးတဲ့ အမှောင်အဆောင်ပစ္စည်းတွေ နည်းနည်းလေးပဲ ကျန်တော့တာလေ။ အမှောင်အဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်တဲ့လူတစ်ယောက်က ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာ ”
သူတို့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ဝေခွဲမရ ဖြစ်နေရတော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအမှောင်အဆောင်ပစ္စည်းအား ဒီအတိုင်း ထားခဲ့လိုက်မည်ဆိုပါက သူတို့မှာ ညအိပ်ပျော်မည် မဟုတ်ကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့မှာ အံကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်တော့သည်။
” သွားကြည့်ကြတာပေါ့။ တကယ်လို့ အဲဒီပစ္စည်းကို ယူနိုင်မယ်ဆိုရင် ယူခဲ့လိုက်မယ်။ မယူနိုင်ဘူးဆိုရင် ချက်ချင်းပြန်ထွက်လာပြီးတော့ အကြီးအကဲတွေကို ဆက်သွယ်လိုက်မယ်။ ပြီးရင် ငါတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ဆင့်ခေါ်ပြီးတော့ ဒီလူနေမှုအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးပြီး သူတို့ဆီမှာ ရှိသမျှအရာအားလုံးကို သိမ်းပိုက်ကြတာပေါ့ ” ထို သုံးယောက်၏ မျက်ဝန်းများမှာ ပို၍ပင် နီမြန်းလာပြီ ဖြစ်သည်။ သူတို့မှာ ထိုအနက်ရောင်ရေခူကြီးကို အခြားအရပ်မျက်နှာတစ်ဘက်သို့ လမ်းကြောင်းပြောင်းကာ အင်္ဂါဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။