Switch Mode

အခန်း (၄၃၉)

ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အန္တရာယ်ကြီး

သို့သော် ထိုရုပ်လုံးကြွမြေပုံထဲတွင် ကမ္ဘာကြီးမှာ အပြာရောင်မဟုတ်ဘဲ အဝါရောင်ဖြစ်နေ၏။

လမင်းကြီးကမူ အစိမ်းရောင် ဖြစ်နေသည်။

အင်္ဂါဂြိုဟ်မှာလည်း အဝါရောင် ဖြစ်နေ၏။ အခြားဂြိုဟ်များအားလုံးမှာမူ အစိမ်းရောင်နှင့် အပြာရောင်များ ဖြစ်နေကြသည်။ ဂြိုဟ်ကြီးရှစ်လုံးထဲ၌ မပါသော နေမင်းကြီးနှင့် ပလူတိုဂြိုဟ်တို့သာလျှင် ထူးဆန်းသောအရောင်များ ပိုင်ဆိုင်ထားကြသည်။

ပလူတိုဂြိုဟ်မှာ လိမ္မော်ရောင် ဖြစ်နေပြီး နေမင်းကြီးမှာ အနီရောင်ဖြစ်နေ၏။

ထိုအရောင်များ ပေါ်ပေါက်လာသောအခါ အနက်ရောင် ရေခူကြီးထဲ၌ လောဘစိတ်များတက်ကာ စိတ်လှုပ်တရှားဖြစ်နေကြသည့် လူကြီးသုံးယောက်မှာ ချက်ချင်းဆိုသလိုပင် အံ့သြတုန်လှုပ်သွားရ၏။ သူတို့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မျက်လုံးများပြူးသွားကြကာ မှင်တက်သွားပြီး အသံတိတ်သွားကြတော့သည်။

အချိန်အတော်အတန် ကြာပြီးသောအခါမှ သူတို့ထဲမှတစ်ယောက်မှာ ပင့်သက်ရှိုက်မိလိုက်ပြီး လေးလံနေသော အသက်ရှူသံများဖြင့် ရေရွတ်မိလိုက်၏။

” ဘာတွေဖြစ်နေတာလဲဟ။ ဘာလို့ အနီရောင်ဖြစ်နေရတာလဲ။ ဘုရားရေ။ အနီရောင်ဆိုရင် ထာဝရကြယ်အဆင့်မလား ”

” မဟုတ်ဘူး။ အနီရောင်ရှိတိုင်း ထာဝရကြယ်အဆင့်ကို ကိုယ်စားပြုတာမဟုတ်ဘူး။ ထာဝရကြယ်အဆင့်ရဲ့ အငွေ့အသက်တွေ ရှိနေတယ်လို့ပဲ သတ်မှတ်ရမှာ။ ဒဏ္ဍာရီလာ ကြယ်အဆင့်တွေ တကယ်ရှိမရှိကိုတော့ ငါတို့ရဲ့ စက်ကိရိယာတွေက အာရုံခံနိုင်မှာမဟုတ်ဘူး ” မျက်နှာပေါ်၌ ကင်းခြေများကြီး ရှိနေသော ကျင့်ကြံသူကြီးမှာလည်း မယုံသင်္ကာဖြစ်နေရ၏။ သူသည် ဖြည်းဖြည်းချင်း ရှင်းပြလိုက်ပြီး ပလူတိုဂြိုဟ်အား စိုက်ကြည့်နေလိုက်တော့သည်။

” အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ မိုးပြာရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်….. အနီရောင်က အနည်းဆုံး ထာဝရကြယ်အဆင့်ကို ကိုယ်စားပြုတယ်။ လိမ္မော်ရောင်က ဂြိုဟ်အဆင့်၊ အဝါရောင်က ထာဝရဝိညာဉ်အထွတ်အထိပ်အဆင့်၊ အစိမ်းရောင်က ဝိညာဉ်အခြေတည်အဆင့်…. ကြည့်ရတာ ငါတို့တွေ ဒီလူ့အဖွဲ့စည်းကို လျှော့တွက်မိခဲ့တဲ့ပုံပဲ။ ဒါမှမဟုတ် သူတို့ဆီမှာ လျှိ့ဝှက်ချက် အကြီးကြီးတွေ ရှိနေတာပဲ ဖြစ်ရမယ် ”

သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြ၏။ သူတို့၏ လောဘစိတ်များမှာလည်း လုံးဝနီးပါး ပျောက်ကွယ်သွားကြပြီဖြစ်သည်။ သူတို့၏ အစွမ်းအစများနှင့်ဆိုလျှင် အဆင့်နိမ့်လူနေမှုအဖွဲ့အစည်းများကို ကြီးစိုးနိုင်ကြမည်ဖြစ်ပါသော်လည်း ယခုကဲ့သို့ ထူးဆန်းလွန်းလှသည့် နေအဖွဲ့အစည်းနှင့် ကြုံလိုက်ရသောအခါ သူတို့ပင်လျှင် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

ထိုအခြေအနေကြီးမှာ ချောက်ချားဖွယ်ရာကောင်းလွန်းနေသည် မဟုတ်ပါလော။ သူတို့သုံးယောက်၏ သက်တမ်းတစ်လျှောက်‌၌ စကြဝဠာကြီး၏ ဤအစိတ်အပိုင်းတွင် ယခုကဲ့သို့သော လူနေမှုအဖွဲ့အစည်း ရှိနေသည်ဆိုသည့် အကြောင်းကို လုံးဝမကြားဖူးခဲ့ပေ။ ၎င်းမှာ ယုတ္တိ လုံးဝမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထာဝရကြယ်အဆင့်နယ်မြေတစ်ခု ရှိနေသည့် လူနေမှုအဖွဲ့အစည်းမှာ စကြဝဠာကြီး တစ်ခုလုံးထဲတွင် အတော်အသင့် နာမည်ကြီးနေရသည်ဖြစ်သောကြောင့်ဖြစ်သည်။

ဒုတိယအချက်အနေနှင့်…. အကယ်‌၍ ထာဝရကြယ်အဆင့်နယ်မြေတစ်ခု အမှန်တကယ်ပင် ရှိနေမည်ဆိုပါက သူတို့မှာ ဂြိုဟ်အဆင့်နယ်မြေတစ်ခုနားသို့ပင် ချဉ်းကပ်၍ ရမည်မဟုတ်ပေ။ သူတို့မှာ အဝေးကြီးတွင် ရှိနေစဉ်ကတည်းက တွန်းထုတ်ခံလိုက်ရမည်သာ ဖြစ်သည်။ အကယ်၍ သူတို့မှာ ယခုလောက်အထိ နီးကပ်နေသော နေရာသို့ ရောက်ရှိလာမည်ဆိုပါက ဖျက်ဆီးချေမှုန်းခံလိုက်ရမည်သာဖြစ်သည်။

သို့သော် ယခုတွင်မူ သူတို့မှာ ဘေးကင်းမှုအပြည့် ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ မျက်လုံးများ မှေးသွားကြပြီး အတွေးများထဲ၌ နစ်မျောသွားရတော့သည်။ ထိုအချိန်တွင် မျက်နှာပေါ်၌ ကင်းခြေများကြီး ရှိနေသော ကျင့်ကြံသူကြီးမှာ ရုတ်တရက်ဆိုသလို မန္တန်လက်ကွက်အချို့ ဖော်လိုက်၏။ ထို့နောက် သူသည် ထိုသံလိုက်အိမ်မြှောင်အား နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။ ထိုအခါ ထိုသံလိုက်အိမ်မြှောင်ထဲမှာ အလင်းရောင်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ စူးရှတောက်ပလာ၏။

၎င်းမှာ ပို၍ပင် စေ့စပ်တိကျသော စုံစမ်းရှာဖွေမှုများကို ပြုလုပ်နေသည့်ပုံပင်။ ထို့နောက် ထိုသံလိုက်အိမ်မြှောင်ပေါ်၌ နေမင်းကြီး၏ ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုပုံရိပ်ကြီးထဲတွင် နေမင်းကြီးထဲသို့ စိုက်ဝင်နေသော ဧရာမဓားကြီးကို မြင်နိုင်ပေသည်။ ထိုဓားကြီးကြောင့် ၎င်းမှာ အနီရောင် ဖြစ်နေရခြင်းဖြစ်၏။

” ဒီပစ္စည်းက ”

” ဒါ ဒီလူနေမှုအဖွဲ့အစည်း ပိုင်တဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူး။ ကြောက်ဖို့ကောင်းလိုက်တာ။ စကြဝဠာအဆင့် ရတနာတစ်ခုက ဒီမှာ ရှိနေရတယ်လို့ ”

” ဒီလူနေမှုအဖွဲ့အစည်းက ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်သေးပေမဲ့ တုန်လှုပ်ချောက်ချားဖို့ကောင်းနေရတဲ့ အကြောင်းအရင်းကို ငါ နားလည်သွားပြီ ” သူတို့အားလုံးမှာ ထိုဓားကြီးကိုမြင်လိုက်ရသောအခါ မှင်တက်သွားကြ၏။ သို့သော် သူတို့မှာ ထိုဧရာမဓားကြီးအား လောဘတက်မနေကြပေ။ အဘယ့်ကြောင့်ဆိုသော ဂြိုဟ်အဆင့်ရှိသော သက်တမ်းရင့် အကြီးအကဲကြီးများ ဤနေရာသို့ ရောက်ရှိလာလျှင်တောင် သူတို့မှာ ထိုဧရာမဓားကြီး၏ ရှေ့တွင် ပြဿနာရှာရဲကြမည်မဟုတ်ကြောင်း သူတို့က သိထားသောကြောင့်ဖြစ်သည်။

စကြဝဠာအဆင့် ရတနာတစ်ခုချင်းစီတိုင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ဝိညာဉ်များကို ပိုင်ဆိုင်ထားကြသည်။ ၎င်း၏ ခွင့်ပြုချက်ကို မရရှိပါက မည်သူကမှ အထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့မှာ အသားများ တဆတ်ဆတ် တုန်ရီလာရတော့သည်။ ထို့နောက် သူတို့မှာ ပလူတိုဂြိုဟ်အား ထပ်၍ အကဲခတ်လိုက်၏။ ထိုသို့ ဒုတိယအကြိမ်မြောက် အကဲခတ်လိုက်ချိန်တွင် သူတို့မှာ မျက်လုံးများ ပြူးသွားရတော့သည်။ ထို ပလူတိုဂြိုဟ်ထဲ၌ နောက်ထပ်နေမင်းတစ်စင်း ရှိနေသည်ကို သူတို့က ရှာဖွေတွေ့ရှိသွားကြသည်ပုံပင်။

ထိုနေမင်းကြီးဆီမှ ထွက်ပေါ်နေသော စွမ်းအင်များကြောင့် သူတို့မှာ ပင့်သက်များ ရှိုက်မိသွားကြ၏။ ထို့နောက် သူတို့မှာ ၎င်းအား ဆက်မကြည့်ရဲကြတော့ပေ။

” အန္တရာယ်များလိုက်တာ။ ဒီနေရာကြီးက တော်တော်ကို အန္တရာယ်များတာပဲကွ ”

” ဒီနေရာမှာရှိတဲ့ ကျင့်ကြံသူတွေ ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေကြတာလဲ။ ငါတို့ရဲ့ လူနေမှုအဖွဲ့အစည်းထဲမှာသာ အခုလို ဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့တွေအကုန်လုံး ဘဝပျက်နေတာ တော်တော်ကြာ နေလောက်ပြီ။ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ ကပ်ဘေးဒုက္ခတွေနဲ့ ပြည့်နှက်နေတာပဲ ”

သူတို့သုံးယောက်မှာ ကြောက်စိတ်များကြောင့် အသားများတုန်ရီနေရ၏။ ထို့နောက် သူတို့မှာ အခြားဂြိုဟ်များအား ထပ်၍ ကြည့်လိုက်ကြပြန်သည်။ ကမ္ဘာပေါ်၌ မသိမသာ တုန်ခါနေသည့် စွမ်းအင်လှိုင်းများမှာ ပလူတိုဂြိုဟ်ပေါ်ရှိ စွမ်းအင်လှိုင်းများလောက် ကြောက်မက်ဖွယ် ရာမကောင်းပါသော်လည်း သူတို့မှာ ချီတုံချတုံဖြစ်နေရဆဲပင်။ လမင်းကြီးနှင့် အင်္ဂါဂြိုဟ်တို့မှာလည်း ထိုနည်းတူပင်ဖြစ်သည်။ အခြားဂြိုဟ်များမှာမူ ပုံမှန်အတိုင်း ဖြစ်နေကြသည့်ပုံပင်။ အထူးသဖြင့် ဗုဒ္ဓဟူးဂြိုဟ်ဆိုလျှင် အခြားဂြိုဟ်များနှင့် မတူလောက်အောင် အားနည်းနေသည့်ပုံ ပေါက်နေ၏။

သူတို့သုံးယောက်မှာ ဝေခွဲမရဖြစ်ကာ နှုတ်ဆိတ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံးတွင် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ အံ့ကြိတ်ကာ ဆိုလိုက်တော့သည်။

” ဒီနေရာကြီး အခုလို ငြိမ်းငြိမ်းချမ်းချမ်း ရှိနေရတဲ့ အကြောင်းအရင်းက အရမ်းကို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကြီးတွေ မနိုးထလာသေးလို့ပဲ ဖြစ်ရမယ်။ ဒီနေရာမှာရှိတဲ့ ကြယ်တာရာရင်းမြစ်က ငါတို့တွေ ကြုံခဲ့ဖူးတဲ့ တခြားကြယ်တာရာရင်းမြစ်တွေနဲ့ မတူဘဲ နည်းနည်းလေး ကွဲပြားနေတာကို မင်းတို့တွေ သတိထားမိလား ”

” ငါကတော့ ငါတို့တွေ ဒီထဲဝင်၊ ကြယ်တာရာရင်းမြစ်ကို မြန်မြန်လေး တူးဖော်ပြီးတော့ ပြန်ထွက်သွားသင့်တယ်လို့ ထင်တယ်။ ငါတို့ရဲ့ မဟာကြီးအကဲကြီး ပေးထားတဲ့ ကျောက်စိမ်းလည်ဆွဲနဲ့သာဆိုရင် ငါတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်နိုင်မှာပါ။ ငါတို့တွေ မြန်မြန်လေးလှုပ်ရှားမယ်ဆိုရင် အောင်မြင်နိုင်ခြေ အများကြီးရှိတယ် ” မျက်နှာပေါ်တွေ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ ဗုဒ္ဓဟူးဂြိုဟ်အား လက်ညှိုးထိုးကာ တိုးတိုးလေးဆိုလိုက်၏။

ထိုအခါ အခြားနှစ်ယောက်မှာ တစ်ခဏမျှ တွေးဝေးတုံ့ဆိုင်းသွားပြီးမှ အံကြိတ်ကာ ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် သူတို့မှာ ကြုံတွေ့ရနိုင်သည့် အရာများကို ကြိုတင်စဉ်းစားတွေးတောလိုက်၏။ နောက်ဆုံးတွင် သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အနက်ရောင်ရေခူကြီးကို ထိန်းချုပ်ကာ နေအဖွဲ့အစည်းဆီသို့ မောင်းနှင်သွားလိုက်တော့သည်။

သူတို့ ရွေ့လျားသွားကြသောအခါ ရေခူကြီးမှာ ကိုယ်ပျောက်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ အာကာသကြီးနှင့် တစ်သားတည်းပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားသောကြောင့် ရိုးရိုးမျက်စိဖြင့် မမြင်နိုင်တော့ပေ။ အတိုင်းအတာတစ်ခုအထိ အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို မပိုင်ဆိုင်ထားပါက မည်မျှပင်ကြိုးစားစေကာမူ ထိုရေခူကြီးအား အာရုံခံမိမည် မဟုတ်‌ပေ။

အနက်ရောင်ရေခူကြီးမှာ နေအဖွဲ့အစည်းဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာပြီး ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် အာကာသကြီးကို ကျော်ဖြတ်ကာ နေအဖွဲ့အစည်းနယ်မြေထဲသို့ ရောက်ရှိလာ၏။ ထိုထဲသို့ ရောက်သွားသောအခါ ရေခူကြီးမှာ ရပ်တန့်သွား၏။ ၎င်းမှာ အခြေအနေများကို စောင့်ကြည့်ကာ စောင့်ဆိုင်းနေသည့်ပုံပင်။

နာရီဝက်တိတိ ကုန်ဆုံးသွားသောအခါမှ နေအဖွဲ့စည်းထဲရှိ မည်သူကမှ သူတို့အား ရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်းနှင့် သူတို့၏ အငွေ့အသက်များကို အာရုံခံနိုင်ခြင်းမရှိသေးကြောင်း သိလိုက်ရသဖြင့် သူတို့မှာ ယုံကြည်ချက်များ ပိုမိုကြီးထွားလာရတော့သည်။ သူတို့၏ နှလုံးသားများထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူတို့မှာ လောဘစိတ်များကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရ၏။ ထိုခံစားချက်နှစ်မျိုး ရောထွေးသွားကြသောကြောင့် သူတို့မှာ နှစ်ပေါင်းမြောက်မြားစွာအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်တရှား ဖြစ်သွားရ၏။ သူတို့၏ မျက်နှာများပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ ထို့နောက် သူတို့မှာ အနက်ရောင် ရေခူကြီးအား ထိန်းချုပ်ရင်း ဗုဒ္ဓဟူးဂြိုဟ်ဆီသို့ တည့်မတ်စွာ ဦးတည် သွားလိုက်တော့သည်။

ဗုဒ္ဓဟူးဂြိုဟ်မှာ နေမင်းကြီးနှင့် အနည်းငယ်ခန့် ဝေးပါသော်လည်း သူတို့မှာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးမှ ၎င်းဆီသို့ ဦးတည်သွားကြ၏။ သူတို့မှာ ဖြစ်နိုင်ခြေအားလုံးအတွက် အဆင်သင့်ပြင်ထားကြပြီးသား ဖြစ်သည်။ သို့သော် အရာအားလုံးမှာ ချောချောမွေ့မွေ့နှင့်လည်း ပြီးဆုံးသွားနိုင်ပေသည်။ သူတို့မှာ အနက်ရောင်ရေခူကြီး ဗုဒ္ဓဟူးဂြိုဟ် အစွန်အဖျားဆီသို့ ရောက်ရှိလာချိန်တွင် ထိုနေအဖွဲ့အစည်းထဲမှ လူနေမှုအဖွဲ့အစည်းမှာ သူတို့အား အာရုံခံမိခြင်း မရှိသေးကြောင်း သိလိုက်ရသဖြင့် ပို၍ပင် ရဲတင်းလာကြတော့သည်။

” တိုက်ကြ ” ဗုဒ္ဓဟူးဂြိုဟ်အပြင်ဘက်ရှိ ကင်းခြေမြား မျက်နှာကြီးနှင့် ကျင့်ကြံသူကြီးမှာ တည်ကြည်စွာဆိုလိုက်၏။ ထိုအခါ အနက်ရောင်ရေခူကြီးမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး ဗုဒ္ဓဟူးဂြိုဟ်ဆီသို့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်းမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် တစ်ဂြိုဟ်လုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် အနက်ရောင်ရေခူကြီးမှာ ပြန်လည်လှုပ်ရှားလာပြီး ဗုဒ္ဓဟူးဂြိုဟ်၏ အပြင်ဘက်၌ လွှမ်းခြုံထားသော လေထုထဲသို့ ဝင်ရောက်သွားကာ ၎င်း၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်တော့သည်။

ဗုဒ္ဓဟူးဂြိုဟ်မှာ နေအဖွဲ့အစည်းထဲကရှိ အဓိကဂြိုဟ်ကြီးရှစ်လုံးထဲမှ တစ်လုံးဖြစ်သည်။ ယခင်တုန်းက ပြည်ထောင်စုကြီးမှာ ထိုဂြိုဟ်ကြီးအား သိမ်းပိုက်ခဲ့ဖူးပါသော်လည်း ရှေ့ဦးဝိညာဉ်ခေတ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ပြည်ထောင်စုကြီးမှာ အင်္ဂါဂြိုဟ်ပေါ်သို့ ပို၍အာရုံစိုက်ခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ပြင်ဆင်မှုများ အများကြီး ရှိ‌မနေခြင်း ဖြစ်သည်။

ထိုဂြိုဟ်ပေါ်၌ ကိုလိုနီမြို့တော်တစ်ခုပင် မရှိပေ။ ဗုဒ္ဓဟူးဂြိုဟ်မှာ နေမင်းကြီးနှင့် နီးကပ်နေသောကြောင့် ပြည်ထောင်စုကြီးမှာ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ဆင်းသက်မည့် အစီအစဉ်များထဲ၌ ဗုဒ္ဓဟူးဂြိုဟ်အား အသုံးချရန် ကြံရွယ်ထားခဲ့သည်။

ထိုအစီအစဉ်များကြောင့်လည်း ဗုဒ္ဓဟူးဂြိုဟ်အား သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။ သို့သော် သူတို့မှာ အချိန်အများကြီး လိုအပ်နေသေးသည်။ ဗုဒ္ဓဟူးဂြိုဟ်အား သိမ်းပိုက်မည့် အစီအစဉ်များ စတင်ခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် တစ်ဝက်လောက်အထိသာ ခရီးပေါက်သေး၏။ သို့သော်လည်း ထိုဂြိုဟ်ပေါ်၌ ကျင့်ကြံသူ သိန်းဂဏန်းအချို့ ရောက်နေကြပြီဖြစ်ပြီး နယ်မြေသိမ်းပိုက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြ၏။

ယနေ့မှာ…. ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး ကံဆိုးမိုးမှောင်ကျရမည့် နေ့ရက်ပင်ဖြစ်သည်။ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ရှေးဦးဝိညာဉ်ခေတ်စတင်ခဲ့သည့် အချိန်ကတည်းက ယနေ့အထိ မကြုံတွေ့ခဲ့ရဖူးသော အမျက်ဒေါသများကို ခံစားလိုက်ရတော့မည်ဖြစ်သည်။

ဗုဒ္ဓဟူးဂြိုဟ် တစ်ခုလုံးမှာ သုဿာန်တစပြင်တစ်ခုကဲ့သို့ ပြောင်းလဲသွား၏။ ကျင့်ကြံသူအားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးမှာ လျှို့ဝှက်ဆန်းကြယ်သော အကြောင်းအရင်းများကြောင့် သေဆုံးသွားကြရသည်။ သူတို့မှာ တိုက်ပွဲထဲ၌ ကျဆုံးသွားခြင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သည့် ရောဂါပိုးမွှားတစ်မျိုးကြောင့် သေဆုံးသွားကြရခြင်းဖြစ်၏။

ထိုရောဂါပိုးမွှားမှာ အလင်းရောင်မှတစ်ဆင့် ကူးစက်သည့်ပုံပေါ်ပြီး အလွန်အင်မတန်မှ ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။ ၎င်းကြောင့် စက္ကန့်ပိုင်းအတွင်းတွင် လူများမှာ အစုလိုက်အပြုံလိုက် သတိလစ်သွားကြ၏။ ထို့နောက် ခန္ဓာကိုယ်များမှာ ပိန်ချုံးချည့်နဲ့သွားပြီး ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအင်ရင်းမြစ်တစ်ခုအသွင် ပြောင်းလဲသွားကြသည်။

ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ကျူးကျော်မှုကြီးမှာ တစ်နာရီခန့်ပင် မကြာလိုက်ဘဲ ပြီးဆုံးသွား၏။

တစ်နာရီတိတိ ကုန်ဆုံးသွားပြီး အနက်ရောင်ရေခူကြီး ပြန်လည်ထွက်ခွာသွားသောအခါ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ရုပ်အလောင်းများပင် သိပ်၍ မကျန်တော့ပေ။ သေဆုံးသွားခဲ့သည့်လူတိုင်းမှာ ကြယ်တာရာရင်းမြစ်ကို သွားရောက်သိမ်းပိုက်ကြမည့် ထိုကျင့်ကြံသူကြီးသုံးယောက်အား ကူညီအားဖြည့်ပေးသည့် စွမ်းအင်ရင်းမြစ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။

ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ ကြယ်တာရာရင်းမြစ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မှာ တူးထုတ်ခံလိုက်ရပြီး ကျန်ရှိနေသေးသည့် သုံးဆယ်ရာခိုင်နှုန်းခန့်မှာ အလယ်ဗဟို၌ နစ်ဝင်နေသောကြောင့်သာ တူးထုတ်ခံရလိုက်ရသည့်ဘေးမှ လွတ်မြောက်သွားခဲ့၏။ သို့သော် ကြယ်တာရာရင်းမြစ် သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်တော့သည့် ဗုဒ္ဓဟူးဂြိုဟ်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ အရာအားလုံးမှာ ပုပ်သိုးဆွေးမြည့်ကာ တွန့်လိမ်ရှုံ့တွနေကြပြီး ဂြိုဟ်ကြီးတစ်ခုလုံးပေါ်၌ သေဆုံးခြင်းအငွေ့အသက်များ ပျံ့နှံ့နေပြီ ဖြစ်သည်။ ထိုဂြိုဟ်ကြီးမှာ တစ်နာရီအတွင်းတွင် သက်တမ်းကုန်သွားခဲ့သောကြောင့် ပျက်စီးသွားရတော့မည့်အချိန်သို့ ရောက်ရှိသွားသကဲ့သို့ပင်။

ခြောက်နာရီတိတိ ကုန်ဆုံးသွားပြီးမှ ပြည်ထောင်စုကြီးမှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သိလိုက်ရ၏….

ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ အစုလိုက်အပြုံလိုက် သေကျေပျက်စီးသွားကြပြီး ဂြိုဟ်ကြီးတစ်ခုလုံး တွန့်လိမ်ရှုံ့တွကာ ပုံပျက်သွားပြီးနောက် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံး၏ ပုံရိပ်များမှာ ပြည်ထောင်စုကြီးသို့ ရောက်ရှိလာကြ၏။ ထိုအခါ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အမျက်ချောင်းချောင်း ထွက်သွားတော့သည်။ သတင်းထုတ်လွှင့်ရေး ဌာနအားလုံးမှာ ထိုကိစ္စနှင့်ပတ်သက်သည့် အကြောင်းအရာများကို ချက်ချင်းပင် ထုတ်ပြန်ကြေညာလိုက်ကြသောကြောင့် ထိုကိစ္စကြီးအား ဖုံးဖိ၍ မရတော့ပေ။ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ကြောက်ရွံ့တုန်လှုပ်ကာ အမျက်ဒေါသ ထွက်သွားရတော့သည်။

” ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ လူတွေအစုလိုက်အပြုံလိုက် သေသွားတာတဲ့ဟ ”

” တခြားဂြိုဟ်က လာရောက်ကျူးကျော်တာ ဖြစ်နိုင်တယ် ”

” ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ ရောဂါပိုးမွှားတစ်မျိုး ပျံ့နှံ့သွားခဲ့တာတဲ့။ အဲဒီရောဂါပိုးမွှားက ဘယ်လိုနည်းနဲ့ ကူးစက်သလဲဆိုတာကိုတော့ မသိသေးဘူး ”

” ဗုဒ္ဓဟူးဂြိုဟ်က… ပျက်စီးတော့မှာဆိုပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset