ရီဖူရှင်းက သူ မည်သို့မှ အမှားမလုပ်ဟန်ဖြင့် ထိုနေရာတွင်ပင် ရပ်နေသည်၊ ခန်းမရှေ့တွင်ကား ယိချိန်ချန်က ရယ်မောလိုက်သည်၊ သည်နှစ်ယောက်ကား လွန်ကဲလွန်းလှသည်။ “ဒါလည်း ငါ့အပြစ်ပေါ့…. ” ယိချိန်ချန်က သူ့အား ရယ်မောနေသည်ကို ရီဖူရှင်း သတိထားမိလိုက်သည်၊ သူက မိန်းမတစ်ယောက်က သူ့အား ဟာသအဖြစ် မြင်နေသည်ကို ကြည့်ကာ စိတ်ညစ်သွားသည်။
“ဒါပေါ့… ဒါက နင့်အပြစ်မဟုတ်ဘူး…” ယိချိန်ချန်က ဆက်၍ ရယ်မောလိုက်လျှင် သူမ၏ပုံဟန်က ပိုမို၍ပင် ချစ်စရာ ကောင်းလာ၏။
ထိုစဉ် ခန်းမထဲသို့ လူတစ်ယောက် ဝင်လာသည်၊ သူကား အလွန် စွမ်းအား ကြီးမားဟန်တူကာ သူ၏မျက်လုံးများက ယူချင်းအား စိုက်ကြည့်နေသည်။
“အဖေ… သမီး မလိမ်ဘူးနော်… ဟုတ်တယ်မလား…” ယိချိန်ချန်က ထိုဝင်လာသော လူကြီးအား ပြုံးလျက် မေးလိုက်သည်။
သူက မည်သို့မှ ပြန်မပြောဘဲ ယူချင်းအား ကြည့်နေသည်၊ ယူချင်းက နားမလည်တော့ပေ။
“မင်းက သိုင်းပညာရှင်အဖြစ် မွေးဖွားလာတာ… ငါ့တပည့်ဖြစ်ဖို့ စိတ်ဝင်စားလား…” ယိချိန်ချန်၏အဖေက သူ့အား မေးလိုက်သည်။
ရီဖူရှင်း မျက်လုံးပြူးသွားသည်၊ သည်မိန်းကလေးမှာ သည်ကျောင်းတော်တွင် နှယ်နှယ်ရရ ဟုတ်ဟန်မတူပေ၊ သူတို့အား ယခင်စစ်ဆေးခဲ့ကြသော အကြီးအကဲ နှစ်ယောက်မှာ သည်လူကြီးအတွက် အကြိုစစ်ဆေးပေးကြခြင်း ဖြစ်ဟန်တူသည်၊ တကယ်တမ်း ဆုံးဖြတ်မည့်သူကား ယိချိန်ချန်၏ အဖေဖြစ်၏။
ယူချင်းက ရီဖူရှင်းအား ကြည့်လိုက်သည်။
“အားနာပါတယ်… ဆရာကြီးက…” ရီဖူရှင်းက ယဉ်ကျေးစွာ မေးလိုက်သည်၊ ယူချင်းက သူ၏တပည့်ဖြစ်ရန် သည်လူကြီး၏အကြောင်းအား သိရှိရန် လိုအပ်ပေသည်။
“ငါက ဒီကျောင်းဆောင်ရဲ့ အကြီးအကဲမှူးပဲ…” ထိုလူကြီးက ပြန်ဖြေလိုက်သည်၊ ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်၊ ထို့နောက် ပြုံးလျက် ယိချိန်ချန်အား ကြည့်လိုက်သည်၊ အံ့အားသင့်စရာ ကောင်းအောင်ပင် သူတို့နှစ်ယောက်၏ တိုက်ပွဲအား မျက်မြင်ကိုယ်တွေ့ကြုံကာ သူတို့အား ကျောင်းတော်သို့ ဝင်ခွင့်ရအောင် ထောက်ခံပေးခဲ့သည့် မိန်းကလေးမှာ သည်ကျောင်းဆောင် အကြီအကဲမှူး၏သမီး ဖြစ်နေသည်၊ ယခု သူမက သူနှင့် ယူချင်းအား သူမ၏အဖေနှင့် မိတ်ဆက် ပေးနေပြန်သည်။
“အဖေက သူ့ရဲ့သိုင်းပညာတွေကို အမွေဆက်ခံမယ့်သူကို ရှာနေတာလေ… ဒါပေမဲ့ တစ်ယောက်မှ မတွေ့သေးဘူး… ဒါကြောင့် နင်တို့တိုက်ပွဲကို မြင်ပြီးတာနဲ့ နင်တို့အကြောင်းကို အဖေ့ကို ငါပြောခဲ့တာ…” ယိချိန်ချိန်က သူတို့အား ရှင်းပြလိုက်သည်။
ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်၊ ထို့နောက် သူကယူချင်းကို ပြောလိုက်သည်… “ယူချင်း… မင်းရဲ့ဆရာကို အရိုအသေ ပေးတော့လေ…” သည်လူကြီးမှာ လာဘ်လာဘ ကျောင်းဆောင်၏ အကြီးအကဲမှူး ဖြစ်သည်၊ ထို့ကြောင့် သည်လူမှာ သည်ကျောင်းတော်ရှိ အလွန်သြဇာကြီးသော သူများထဲမှ တစ်ဦးအပါအဝင် ဖြစ်ရမည်ဟု ရီဖူရှင်း ယူဆထားသည်။
ယူချင်းက ခေါင်းညိတ်လိုက်သည်၊ ထို့နောက် သူက အကြီးအကဲမှူးအား ရိုသေစွာ ဦးညွှတ် အရိုအသေ ပေးလိုကသည်… “ ဆရာကို အရိုအသေပေးပါတယ်….”
“ကောင်းပြီ…” အကြီးအကဲမှူးက အလေးထားသည့်ဟန် ပျောက်သွားသည်၊ သူက ယူချင်းအား ပြုံးလျက် ပြောလိုက်သည်… “မင်းက အခုကစပြီး ငါနဲ့အတူ တန်ခိုးကျင့်ရမယ်…” ထို့နောက် သူက ရီဖူရှင်းအား ကြည့်လိုက်သည်… “မင်းရဲ့ အထူးပြုကကော ဘာလဲ… မှော်ပညာလား… သိုင်းပညာလား…”
“နှစ်မျိုးလုံးပါ…” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ငါက ငါ့ရဲ့သိုင်းပညာတွေကို ဆက်ခံဖို့ တပည့်ရှာနေတယ်… မင်းက ငါ့ကို ဆရာတင်ဖို့ စိတ်ဝင်စားလား…” သူက မေးလိုက်သည်။
“ကျွန်တော့်မှာ ဆရာ ရှိနေပြီးပါပြီ… ဆရာကြီး… ကု့ချင်းမိစ္ဆာကို သိပါသလား…” ရီဖူရှင်းက မေးလိုက်သည်။
အကြီးအကဲမှူးက မျက်မှောင်ကုတ်သွားသည်၊ ထို့နောက် သူက ရီဖူရှင်းအား မေးလိုက်သည်…“ မင်းက ဟွာဖန်းလူရဲ့ တပည့်လား….”
“ဟုတ်ကဲ့….” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်၊ ကြည့်ရသည်မှာ ကု့ချင်းမိစ္ဆာ၏နာမည်မှာ ကျော်ကြားလွန်းရကား ဒွန်ဟိုင်ကျောင်းတော်မှ လာဘ်လာဘကျောင်းဆောင် အကြီးအကဲမှူးပင်လျှင် သိပုံရ၏။
“သူ ဘယ်လိုလဲ … ဘယ်မှာနေသလဲ…” အကြီးအကဲမှူးက မေးလိုက်သည်။
“ဆရာက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပါတယ်… အခု ဆရာက ကု့ချင်းဥယျာဉ်မှာ နေထိုင်ပါတယ်…” ရီဖူရှင်းက ဖြေလိုက်သည်။
“ဒါဆို မင်းလည်း ကု့ချင်းဥယျာဉ်ကို ရောက်ခဲ့မှာပေါ့… တန်လန်ကော ဘယ်လိုလဲ …” အကြီးအကဲမှူးတွင် မေးခွန်း အများအပြား ရှိနေပုံရသည်၊ ရီဖူရှင်း အတော်စဉ်းစားရ ခက်သွားသည်၊ အကြီးအကဲမှူးနှင့် တန်လန်တို့အကြား တစ်ခုခု ရှိနေပုံရ၏။
“တန်အဒေါ်လည်း အဆင်ပြေပါတယ်… အမှန်က တန်အဒေါ်ကပဲ ဆရာ့ကို ဂရုစိုက်ပေးနေရတာပါ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။
“ငါသိတယ်… တန်လန်က ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး ဆိုတာကို… အဲဒီကောင်နဲ့ ဝေးဝေးနေဖို့ ငါအကြိမ်ကြိမ် ပြောခဲ့တယ်… ဟွာဖန်းလူက ဘာမှကောင်းတာ မရှိဘူး… လိမ်ရတာကို မှားတယ်လို့မမြင်တဲ့ ဝံပုလွေလိုကောင်မျိုး… တန်လန်က သူ့ကို ဘာလို့ ဒီလောက်ကြိုက်တာလဲ ငါ လုံးဝနားမလည်ဘူး…”
အကြီးအကဲမှူးကား ပြောရင်းဆိုရင်း ဒေါသထွက်လာလေသည်၊ ရီဖူရှင်းလည်း ထိတ်လန့်သွားသည်၊ ကြည့်ရသည်မှာ သူ၏ဆရာနှင့် အကြီးအကဲမှူးကြားတွင် အမုန်းတရားက အတော်ပြင်းထန်ပုံရ၏။
“ဆရာကြီး… ဒါဆို… ဆရာကြီးနဲ့ ဆရာကြားမှာ အတိတ်ဟောင်းတစ်ခု ရှိခဲ့တာပေါ့….” ရီဖူရှင်းက အသံနှိမ့်၍ မေးလိုက်သည်။
“အတိတ်ဟောင်း…. တန်လန်က ငါ့ရဲ့တပည့်ပဲ… ဟွာဖန်းလူကြောင့် တန်လန်က ဒီကျောင်းက ထွက်သွားတာ…”
ရီဖူရှင်းက မည်သို့ ပြန်ပြောရမည် မသိတော့၊ သူက မေးခွန်း မေးမိသည်ကို ရှက်ရွံ့စွာဖြင့် ထိုနေရာတွင် ရပ်နေလိုက်သည်။
“ဘာပဲဖြစ်ဖြစ်… ဒီအဖြစ်အပျက်တွေက နှစ်တွေ အကြာကြီးရှိပြီ… တန်လန်က ဒီလောက် ခေါင်းမာမယ်လို့ ငါမထင်ခဲ့ဘူး… သူ့ဆရာကို တကယ်ပဲ မေ့ထားနိုင်တယ်… နောက်တစ်ခါ တန်လန်ကို တွေ့ရင် ပြောလိုက်… အတိတ်က အတိတ်ပဲလို့… အချိန်အားရင် ငါ့ဆီလာလည်လို့ ရတယ်လို့…” အကြီးအကဲမှူးက ပြောလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်… “ဆရာကြီး… တန်အဒေါ်က သူ ခင်မင်ရင်းနှီးတဲ့သူတွေကို အလေးထားတယ် ဆိုတာ ကျွန်တော် သေချာ ပြောနိုင်ပါတယ်… တန်အဒေါ်က ဆရာကြီးကို မေ့မှာ မဟုတ်ပါဘူး… သူမက ဆရာကြီးဆီကို မလာတာက ဖြစ်ပျက်ခဲ့တာတွေအတွက် အပြစ်ရှိနေသလို ခံစားရလို့ နေမှာပါ….”
“ငါသိတယ်… မဟုတ်ရင် တန်လန်က ဟွာဖန်းလူကို ဘယ်ဂရုစိုက်ပါဦးမလဲ…” အကြီးအကဲမှူးက သက်ပြင်းချလိုက်သည်၊ ထို့နောက် သူက ရီဖူရှင်းအား ကြည့်လိုက်သည်… “မင်းက စကားပြော ကောင်းပြီးတော့ ရုပ်ခံလည်း ကောင်းတယ်… ဟွာဖန်းလူက မင်းကို တပည့်အဖြစ် လက်ခံတာ အကြောင်းပြချက် တစ်ခုရှိတယ်ဆိုတာ ငါသိတယ်…”
ရီဖူရှင်းကမူ သူ၏ဆရာနှင့် ပတ်သက်၍ တွေးနေမိသည်၊ အဘယ်ကြောင့် သူ၏ဆရာအား လူတိုင်းက လူရှုပ်လူပွေဟု တွေးထင်ကြသနည်း၊ ထို့အပြင် ထိုဂုဏ်ထူးကြီးအား သူ့ထံ အဘယ်ကြောင့် တွန်းပို့နေကြသနည်း။
“ချိန်ချန်… ဒီကောင်လေးနဲ့ ဝေးဝေးနေ… ယူချင်းနဲ့ပဲနေ…” အကြီးအကဲမှူးက သူ၏သမီးအား ပြောလိုက်သည်။
ထိုပြောကြားချက်က ရီဖူရှင်းအား အနည်းငယ် ကသိကအောက် ဖြစ်စေသည်၊ သူက ရယ်မောလျက် ပြောလိုက်သည်… “ဆရာကြီးပြောတာ မှန်မလား မသိဘူး….”
“ကောင်းပြီ… ငါနဲ့လိုက်ခဲ့ကြ…” အကြီးအကဲမှူးက နောက်ပြန်လှည့်လိုက်ကာ လျှောက်သွားလိုက်လျှင် ယိချိန်ချန်၊ ယူချင်းနှင့် ရီဖူရှင်းတို့က သူ၏နောက်မှ လိုက်သွားကြသည်။
အကြီးအကဲမှူး၏ နာမည်မှာ ယိချန် ဖြစ်သည်၊ သူက ရီဖူရှင်းနှင့် ယူချင်းတို့အား ဥယျာဉ်တစ်ခုသို့ ခေါ်လာသည်၊ ဥယျာဉ်ကား အတော် ကျယ်ဝန်းသည်၊ သို့သော် အထဲတွင် သီးခြားဖြစ်စေသော ခံစားချက်အား ပေးနိုင်သော အဆောင်တစ်ခုနှင့် သစ်ပင်ကြီး တစ်ပင်သာလျှင် ရှိသည်။
“ဒွန်ဟိုင်ကျောင်းတော်နဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လောက် သိထားလဲ…” ယိချန်က သစ်ပင်ကြီးအောက်တွင် ထိုင်လိုက်လျှင် လူငယ်များကလည်း ထိုင်လိုက်ကြသည်။
“ဒွန်ဟိုင်ကျောင်းတော်ကို ကျောင်းဆောင်ခုနစ်ခုနဲ့ ဖွဲ့စည်းထားတယ်… ပြီးတော့ ကျောင်းဆောင်တစ်ခုစီက မိသားစုကြီး တစ်ခုစီပဲ… ကျောင်းဆောင်တွေရဲ့ အကြီးအကဲတွေက ဒွန်ဟိုင်ကျောင်းတော်ကို ပူးပေါင်းပြီး ဖွင့်လှစ်ထားတယ်…” ရီဖူရှင်းက ဖြေလိုက်သည်။
“မင်းမှန်တယ်… ကျောင်းဆောင်ခုနစ်ခုက ဒွန်ဟိုင်မြို့တော်ရဲ့ ထိပ်တန်းမျိုးနွယ်စု ခုနစ်ခုက ဖြစ်ပေါ်လာတာ… လွန်ခဲ့တဲ့ နှစ်သုံးရာက ဧကရာဇ်ရီချင်နဲ့ အရှင်ဒွန်ဟောင်တို့က ကောင်းကင်ဒေသ တစ်ခုလုံးကို စုစည်းပြီးနောက် သူတို့က တန်ခိုးကျင့်ခြင်းကို လှုံ့ဆော်ခဲ့တယ်… ဒါကြောင့် နယ်မြေဒေသတွေရဲ့ အရာရှိ၊ အကြီးအကဲတွေ၊ မျိုးနွယ်စုကြီးတွေက ဒီရည်ရွယ်ချက်နဲ့ပဲ ကျောင်းတော်ကို တည်ထောင်ခဲ့ကြတယ်… ဒီနောက်ခံကြောင့်ပဲ ဒွန်ဟိုင်ကျောင်းတော်က ဒီမြို့ရဲ့ တရားဝင် တန်ခိုးကျင့်ရာနေရာ ဖြစ်လာတယ်… ဒါကြောင့် ပိုမိုတဲ့ သြဇာအာဏာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒွန်ဟိုင်မြို့တော်က ထိပ်တန်းမိသားစုတွေက ကျောင်းတော်ကို ထိန်းချုပ်ခွင့်ရဖို့ လက်မလွှတ်နိုင်ကြဘူး… ဒါကြောင့်ပဲ ဒီကျောင်းတော်က အဓိကမျိုးနွယ်စု ခုနစ်ခုက ပူးပေါင်းထားတာ ဖြစ်တဲ့အတွက် ကျောင်းတော် ခုနစ်ခု ဖြစ်ပေါ်လာတာပဲ…”
ယိချန်က ဒွန်ဟိုင်ကျောင်းတော်၏ သမိုင်းကြောင်းအား စတင် ပြောကြားလိုက်သည်…“အခု ဒွန်ဟိုင်ကျောင်းတော်ရဲ့ ကျောင်းဆောင်တစ်ခုစီက အရင်ခေတ်က မျိုးနွယ်စုကြီး တစ်ခုစီရဲ့ ထင်ရှားတဲ့ ကိုယ်ပိုင်ဟန်ကိုယ်စီ ရှိကြတယ် … ဥပမာ… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က စိတ်စွမ်းအင်ကို အသားပေးတယ်… အနုပညာသူတော်စင်၊ မင်းရဲ့ဆရာ ကုချင်းမိစ္ဆာတို့လည်း ကြယ်စင်ဧကရာဇ် ကျောင်းကပဲ… ကျောင်းဆောင် ခုနစ်ကျောင်းမှာတော့ သူက အင်အား အကောင်းဆုံးလို့ သတ်မှတ်ထားကြတယ်… ရတနာကြယ် ကျောင်းဆောင်က ဒုတိယပဲ…”
“ဒီကျောင်းဆောင်ကရော…” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
“ဒီကမ္ဘာကြီးက သိုင်းပညာကို တန်ဖိုးမထားကြဘူး…” ယိချန်က ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်… “ဒီကမ္ဘာကြီးမှာ လူအများစုက မှော်ပညာဟာ သိုင်းပညာထက် ပိုပြီး စွမ်းအား ထက်မြက်တယ်လို့ ယုံကြည်ထားကြတယ်… ဒါကြောင့် တန်ခိုးရှင်တွေက သိုင်းပညာထက် မှော်ပညာကိုပဲ လက်ခံကြတယ်… နှစ်မျိုးလုံးမှာ ပါရမီပါတဲ့ သူတွေကလည်း မှော်ပညာကိုပဲ ရွေးကြတယ်… ဒါပေမဲ့ တန်ခိုးရှင်တွေက ပိုမြင့်တဲ့ အဆင့်တစ်ခုမှာ သိုင်းပညာဟာ မှော်ပညာနဲ့ အဆင့်တူနိုင်သလို ပိုပြီးတောင် စွမ်းအား ကောင်းနိုင်တယ်… ကံမကောင်းစွာနဲ့ပဲ ဒါကို လူအများက နားမလည်ကြတော့ ဒီကျောင်းဆောင်ဟာလည်း ဆုတ်ယုတ်ခဲ့တာ ကြာခဲ့ပြီ… ဒီနေရာမှာ ငါ့အတွက် သိုင်းပညာမှာ ပါရမီပါတဲ့သူကို တွေ့ဖို့ ခက်ခဲလွန်းတယ်… ယူချင်းကို တွေ့ရတာ တကယ် ဝမ်းသာစရာပဲ… အနာဂတ်မှာ လူတွေက ငါ့သဘောကို နားလည် လာကြလိမ့်မယ်…”
“ဒီအတန်းအစား နှစ်ခုက တူညီတယ်ဆိုတာ ကျွန်တော် အမြဲတမ်း ယုံကြည်ထားတယ် …” ရီဖူရှင်းက ပြောလိုက်သည်၊ သူ၏မွေးစားအဖေက တန်ခိုးရှင်များအား ကြိုးစား အားထုတ်မှုကသာလျှင် ခွဲခြားသည်၊ လေ့လာသည့် အတန်းအစားနှင့် မဆိုင်ကြောင်း သူ ငယ်စဉ်ကတည်းက ပြောဖူးသည်။
“ကောင်းတယ်…” ယိချိန်က ခေါင်းညိတ်လိုက်သည်… “ဒါပေမဲ့… ယူချင်း… မင်းရဲ့ စိတ်စွမ်းအင်ကို ဆက်လက် လေ့ကျင့်ရလိမ့်မယ်… မင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က စိတ်စွမ်းအားမြင့် မှော်ဆရာတွေနဲ့ တိုက်ခိုက်ရင် မင်းရဲ့ စွမ်းအားတွေကို ထုတ်ဖော်ဖို့ ခက်ခဲလိမ့်မယ်…”
“ကျွန်တော် နားလည်ပါတယ်… ” ယူချင်းက ပြောလိုက်သည်၊ သူက သိုင်းပညာရှင်များအား စိတ်စွမ်းအားမြင့် မှော်ပညာရှင်များက အသာစီးယူ၍ တိုက်ခိုက်နိုင်သည်ကို သိသည်။
“ယူချင်း… မင်းရဲ့ကြံ့ခိုင်မှုနဲ့ အားအင်တွေက ထိပ်တန်းပဲ… ဒါပေမဲ့ မင်းက နှေးနေသေးတယ်… ဒီဥယျာဉ်က ငါအရင်တုန်းက တန်ခိုးကျင့်တဲ့ နေရာပဲ… ဟိုက အခန်းတွေ မင်းတွေ့လား… အဲဒါ အိပ်ခန်းနဲ့ စာအုပ်တွေ ထားတဲ့အခန်းပဲ… အဲဒါ မင်းတို့တွေ အခုကစပြီး နေရမည့်အခန်းပဲ…” ယိချန်က ပြောလိုက်သည်။
“ဟုတ်ကဲ့ ….” သူတို့က ခေါင်းညိတ်လိုက်သည်။
“ဟိုနားဒီနား သွားကြည့်ပြီး ဒီပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ပေါ့… ချိန်ချန်… ငါတို့သွားရအောင်…” ထို့နောက် ယိချန်က သူ၏သမီးနဲ့ ထွက်သွားသည်။
သူတို့ ထွက်သွားပြီးသည်နှင့် ရီဖူရှင်းက ယူချင်း၏ပခုံးအား ပုတ်လိုက်ကာ ပြောလိုက်သည်… “ယူချင်း … မင်းက သူ့ရဲ့သမက်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်… မင်း ဒါကို သိလား….”
“အတွေ့အကြုံအရ ပြောတာမလား…” ယူချင်းက ဟာသလုပ်ကာ ပြောလိုက်သည်။
“အာ….” ရီဖူရှင်းက မည်သို့ပြောရမည်မသိ ဖြစ်သွားသည်၊ မကြာမီသူက ပြောလိုက်သည်… “အနည်းဆုံးတော့ ဒါက အောင်မြင်တဲ့ အတွေ့အကြုံပဲ…” ထို့နောက် သူက ဥယျာဉ်အတွင်းမှ အခန်းတစ်ခန်းသို့ ဝင်သွားသည်၊ သို့သော် ချက်ချင်းပင် ထိုအခန်းထဲမှ လွင့်စဉ်ထွက်လာကာ သနားစဖွယ် အော်ဟစ်လိုက်သည်… “ဒါက ဘယ်လိုနေရာကြီးလဲဟ….”
***
ယူချင်းအား လာဘ်လာဘ ကျောင်းဆောင်၏ အကြီးအကဲမှူးက တပည့်အဖြစ် လက်ခံလိုက်သည့် အကြောင်းမှာ အဓိက သတင်းတစ်ပုဒ် ဖြစ်လာသည်၊ အကြီးအကဲမှူးမှာ တပည့်လက်မခံခဲ့သည်မှာ အလွန်ကြာမြင့်လှပြီဖြစ်ရာ ယူချင်းအား ခြွင်းချက်ထားကာ လက်ခံပုံထောက်လျှင် အကြီးအကဲ၏ ယူချင်းအပါ ယုံကြည်မှုကို သက်သေပြနေသည်၊ ရီဖူရှင်းလည်း ထိုနေရာတွင်ပင် တန်ခိုးကျင့်မည် ဖြစ်သည်။
ဒွန်ဟိုင်ကျောင်းတော်သို့ လတ်တလောကမှ ဝင်ရောက်ခဲ့သော ပြဿနာကောင် နှစ်ကောင်မှာ နောက်ဆုံးတွင် ကျောင်းတော်၏ နာမည်ကျော်များ ဖြစ်လာကြ၏။
ထို့အပြင် တခြား နာမည်ကြီး သတင်းတစ်ပုဒ်လည်း ရှိပေသေးသည်၊ အနုပညာ သူတော်စင်၏ တပည့် ကျောက်မူအား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လက်ခံလိုက်သည့် သတင်းပင် ဖြစ်သည်၊ ဒွန်ဟိုင်ကျောင်းတော်အတွင်း လူအများက ထိုလူငယ်များအား စတင်၍ နှိုင်းယှဉ်လာကြသည်၊ သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့မှာ ထူးချွန်သော်လည်း ကျောက်မူကဲ့သို့ နောက်ခံအင်အား မကောင်းဟု ယုံကြည်ကြသည်၊ ကျောက်မူအား အနုပညာ သူတော်စင်၏ တပည့်ဖြစ်ပေသည်။
မကြာမီ လူအများက ပြောကြသည်မှာ ရီဖူရှင်းမှာ အနုပညာ သူတော်စင်က မူလဝိညာဉ်ကို ဖျက်ဆီးလိုက်သော သူ၏မဟာရန်သူ ကု့ချင်းမိစ္ဆာ၏တပည့်ဖြစ်ကြောင်းပင်။
တခြားသတင်းများမှာ ရီဖူရှင်းက လျိုနန်းတော်တွင် အရှင်လျို၏မွေးနေ့အား နှောင့်ယှက်ရန် ရောက်လာကြောင်း၊ ရီဖူရှင်းက ထိုနေရာရှိ လူငယ် အတော်များများကို အနိုင်ယူခဲ့သော်လည်း ကျောက်မူအား ရှုံးနိမ့်ခဲ့ကြောင်း ပြောလာကြသည်။
***