လာဘ်လာဘကျောင်းဆောင်မှ ရီဖူရှင်းက ယန်းယန်ကျောင်းဆောင်မှ ဂျင်ယန်အား ပြင်းထန်စွာ ရိုက်နှက်ပြီး အနိုင်ယူလိုက်သော သတင်းက တစ်နေ့တည်းမှာပင် ကျောင်းတော်တစ်ခုလုံး တောမီးအလား ပျံ့နှံ့သွားသည်၊ သတင်းတစ်ခုလုံးအား အသေးစိတ် သိရှိကြပြီးနောက် လူတိုင်းက အချင်းချင်း တီးတိုး ဝေဖန်နေကြသည်။
ဂျင်ယန်က သူ၏ကျောင်းဆောင်၏ဂုဏ်သိက္ခာအား ပြန်လည် ဆယ်ယူချင်သည်၊ သို့သော်လည်း သူကား ဆိုးရွားစွာ အနိုင်ယူခံခဲ့ရသည်၊ သူကား ကာကွယ်ရန်ပင် အချိန်မရခဲ့၊ ထိုအချက်များက ဂျင်ယန်အား လူအများ၏ ရယ်စရာဖြစ်စေသည်၊ သူက ယခင်က ရီဖူရှင်းအား သူ၏စိန်ခေါ်မှုကို ရှောင်ဖယ်နေခဲ့သည့်အတွက် ငကြောက်ဟု သတ်မှတ်ခဲ့သည်၊ သည်တစ်ကြိမ်တွင်ကား သည်အရှက်ခွဲခံရခြင်းမှ ပြန်လည်၍ သက်သာလာမည့် နည်းလမ်း မရှိတော့ပေ၊ ဂျင်ယန်အတွက်သာ မဟုတ်၊ ယန်းယန်ကျောင်းဆောင် အတွက်လည်း အတူတူ ဖြစ်ပေသည်။
ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများမှာ ကျောင်းဝင်းအတွင်း သွားလာလျှင် တခြား ကျောင်းသားများ၏ ဝေဖန်ပြောဆိုမှုများအား ခံစားကြရသည်၊ သူတို့ကား အမှန်တကယ် အရှက်ကွဲကြရပြီ၊ သူတို့က ရီဖူရှင်းအား အရှက်ခွဲခြင်းဖြင့် သူတို့၏ဂုဏ်သိက္ခာများအား ပြန်ဆည်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်လည်း သူတို့ပြောခဲ့သမျှ ယခု လူပုံအလယ် ရယ်စရာဖြစ်ခဲ့ရ၏။ ယခုမူ သူတို့၏ လက်စားချေရန် အကြံအစည်ကား လုံးဝမဖြစ်နိုင်တော့ပေ၊ ရီဖူရှင်းကား သူတို့လက်လှမ်းမမီသည့် ပါရမီရှင်ဖြစ်ပေသည်။
ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများသာလျှင် ထိုသို့ တွေးကြသည် မဟုတ်ပေ၊ ဒွန်ဟိုင်ကျောင်းတော်မှ လူတိုင်းက ထိုသို့ တွေးကြသည်၊ ရီဖူရှင်းကား ရုပ်ဖျက်ထားသော မိစ္ဆာကောင် ဖြစ်ပေသည်။
ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အတွင်းတွင် ဟွာဂျီယူကား သူမ၏အခန်းထဲတွင် ထိုင်နေသည်၊ ရှာယူယန်မှာလည်း သူမ၏ဘေးတွင် ရှိနေသည်၊ သူတို့က ရီဖူရှင်းနှင့် ဂျင်ယန်တို့၏ တိုက်ပွဲအကြောင်းကို ပြောနေကြခြင်း ဖြစ်သည်၊ ဟွာဂျီယူက ပြုံးလျက်ပင် မေးလိုက်သည်…“ နင်ဆိုလိုတာက သူတို့က သွားပြီး အရှက်ခွဲခံတာပေါ့…”
“ဟုတ်တယ်… ငါကြားတာကတော့ ရီဖူရှင်းက သူတို့ရဲ့ စိန်ခေါ်မှုကို စိတ်ဝင်စားပုံမရဘူးတဲ့… ဒါပေမဲ့ သူတို့က အရှက်မရှိဘဲ သူသွားမည့်လမ်းကို ပိတ်ထားကြတယ်လေ… ဒါကြောင့်ပဲ ရီဖူရှင်းက လက်လျှော့ပြီးတော့ ဂျင်ယန်နဲ့တိုက်ဖို့ သဘောတူလိုက်တာတဲ့… ဂျင်ယန် ရောက်လာတော့ ရီဖူရှင်းပြောတဲ့ ပထမဆုံးစကားက မင်းအရိုက်ခံဖို့ အဆင်သင့် ဖြစ်ပြီလားတဲ့… ဘယ်လောက် ကြမ်းတမ်းလိုက်သလဲ…” ရှာယူယန်က ရယ်မောလိုက်သည်။
ဟွာဂျီယူက ပြုံးလျက် ပြန်ပြောလိုက်သည်… “ဟုတ်တယ်… သူတကယ် ဆိုးတယ်…”
ရှာယူယန်က ဟွာဂျီယူအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်၊ သူမကား သည်ကဲ့သို့ အတင်းအဖျင်းများအား တစ်ခါမှ စိတ်မဝင်စားခဲ့ပေ၊ သို့သော် ရီဖူရှင်း၏နာမည်အား ကြားသည်နှင့် ဟွာဂျီယူက သူမပြောသမျှအား စိတ်ဝင်တစား ထိုင်နားထောင်တော့သည်။
“နောက်ဆုံးအကြိမ်က နင်ပြောခဲ့တာ နင်ကြိုက်တဲ့ ကောင်လေးက ဆိုးတဲ့ကောင်လေးဆို… အခုနင်က ရီဖူရှင်းကို အရမ်း စိတ်ဝင်စားနေပုံထောက်ရင် နင့်နှလုံးသားက မပြောင်းလဲသေးဘူးမလား… ဟုတ်လား…” ရှာယူယန်က ဟွာဂျီယူအား ရုတ်တရက် မေးလိုက်သည်။
“အာ….” ဟွာဂျီယူ ထိတ်လန့်သွားသည်၊ သူမက မျက်နှာအား ပြန်တည်လိုက်ကာ ပြောလိုက်သည်… “နင်ဘာကို ပြောနေတာလဲ… ငါက သူ့အကြောင်းက စိတ်ဝင်စားစရာများ ကောင်းမလားလို့…”
“ဒါကောင်းတယ်… နင့်နှလုံးသား ပြောင်းလဲသွားပြီလားလို့ ငါတကယ် ထင်လိုက်တာ… နင်ကြိုက်တဲ့ ကောင်လေးအတွက် ငါစိတ်မကောင်းလိုက်တာ…” ရှာယူယန်က ပြောလိုက်သည်… “ဒါနဲ့… ဆရာက ပြောတာတော့… အနုပညာ သူတော်စင်ရဲ့တပည့် ကျောက်မူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ လာတက်မယ်တဲ့… သူက စစ်ဆေးဖို့တောင်မလိုဘူး… ကောလာဟလတွေအရ သူက တကယ့် ပါရမီရှင်တဲ့…”
“အင်း… ” ဟွာဂျီယူက မထူးခြားသလို ခေါင်းညိတ်လိုက်သည်၊ သူမ စိတ်မဝင်စားသည်ကို ရှာယူယန်က သိလိုက်သည်။“ကြည့်ရတာ အနုပညာသူတော်စင်ရဲ့ တပည့်နဲ့ပတ်သက်ပြီး ဆံခြည်တစ်မျှင်လောက်တောင် နင် စိတ်မဝင်စားဘူး ထင်တယ်… နင်ကြိုက်တဲ့ ကောင်လေးက ဘယ်လိုမျိုးလဲ ငါသိချင်လိုက်တာ… သူက ဘယ်လောက်တောင် ဆိုးတာလဲ…”
“နောက်ခါ နင် သိလာလိမ့်မယ်…. ” ဟွာဂျီယူက လှပစွာပြုံးလျက် ပြောလိုက်သည်၊ ရှာယူယန်က သူမ၏အပြုံးကို မြင်လျှင် မှင်တက်သွားသည်၊ ကြည့်ရသည်မှာ ဟွာဂျီယူကား ဆေးမီပုံမရတော့ပေ။
***
လာဘ်လာဘကျောင်းဆောင်တွင် ယိချိန်ချန်က ရီဖူရှင်းနှင့် ယူချင်းတို့၏အခန်းသို့ ပြန်ရောက်လာခဲ့သည်၊ ရီဖူရှင်းက သူမရောက်ရှိလာသည်ကို မြင်လျှင် ပြုံးလျက် ပြောလိုက်သည်….“ငါ ထွက်သွားရမလား…”
“နင်ဘာကို ပြောနေတာလဲ….” ယိချိန်ချန်က အနည်းငယ် ရှက်ရွံ့သွားပုံရသည်၊ သူမက ယူချင်းအား တစ်ချက် ခိုးကြည့်လိုက်သည်၊ ထို့နောက် ရီဖူရှင်းအား မေးလိုက်သည်… “နင်မနေ့က ဂျင်ယန်ကို ရိုက်လိုက်တာလား….”
“သူနဲ့ထိုက်တန်တယ်….” ရီဖူရှင်း ပခုံးတွန့်လိုက်သည်၊ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများက သူ့အား တွန်းအားပေးခြင်းဖြစ်ရာ သူက တိုက်ခိုက်ရန်မှတပါး အခြားနည်းမရှိပေ။
“ဂျင်ယန်က ယန်းယန်ကျောင်းဆောင်ရဲ့ အဓိကအဆောက်အဦမှာ လေ့လာနေတာ… သူ့ကို နင်က ပြင်းပြင်းထန်ထန် ရိုက်လိုက်တဲ့သတင်းက ကျောင်းတော်တစ်ခုလုံး ပြန့်နေပြီ၊ အခု နင်က သူတို့ ကျောင်းဆောင် တစ်ခုလုံးနဲ့ ရန်သူဖြစ်သွားပြီ….” သူမက ဖျော့တော့စွာ ပြောလိုက်သည်။
ရီဖူရှင်း အတော် စိတ်ညစ်သွားသည်၊ ယခင်က သူက ဂျင်ယန်၏စိန်ခေါ်မှုအား ရှောင်ဖယ်ခဲ့သည်၊ ပထမအချက်အနေဖြင့် သူက ဂျင်ယန်အား အရှက်ခွဲရန် စိတ်မဝင်စားပေ၊ ဒုတိယအနေဖြင့် ပြဿနာများ မဖြစ်လိုပေ၊ ယခု ယန်းယန်ကျောင်းဆောင်က စတင်ကာ သူ့အား ရန်စခဲ့သော်လည်း ယခု အပြစ်များအားလုံးက သူ၏ခေါင်းပေါ်သို့ ပုံကျလာလေပြီ။
ဒွန်ဟိုင်ကျောင်းတော်က ကျောင်းဆောင်ခုနစ်ခု ခွဲခြားထားခြင်းမရှိလျှင် ပြဿနာမရှိပေ၊ သို့သော် သည်ကျောင်းဆောင်များ အကြားရှိ ပတ်သက်မှုများမှာ ရှုပ်ထွေးမှုရှိကြောင်း ရီဖူရှင်းမှာ သိပြီးပြီဖြစ်သည်၊ ကျောင်းဆောင်တစ်ခုစီက သူတို့၏ရပ်တည်မှု ကိုယ်စီရှိကြသည်၊ သူတို့က သူ့အား ခွင့်လွှတ်ရန် မဖြစ်နိုင်ပေ။
ရီဖူရှင်း၏ စိတ်မသက်မသာ ဖြစ်နေသော ပုံဟန်ကို ကြည့်ကာ ယိချိန်ချန်က ဖျော့တော့စွာ ပြုံးလျက် မေးလိုက်သည်… “နင်တို့တွေကို ဟိုနေရာကို ခေါ်သွားရမလား….”
ရီဖူရှင်း မျက်လုံးပြူးသွားသည်၊ ထို့နောက် သူက လာဘ်လာဘ ကျောင်းဆောင်၏ အဓိက အဆောက်အဦကြီးအား လက်ညှိုးထိုးပြကာ မေးလိုက်သည်… “ဟိုအပေါ်ကိုလား…”
“ဟုတ်တယ်… ဒါပေမဲ့… ငါတို့က နင်တို့ရဲ့ စွမ်းရည်တွေကို စမ်းသပ်ဖို့တော့ လိုလိမ့်မယ်… အဆင်ပြေတယ်မလား…” သူမက ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး…” ရီဖူရှင်းက ပြုံးလိုက်သည်၊ ထို့နောက် သူက ယူချင်း၏ပခုံးအား ပုတ်လိုက်ကာ ပြောလိုက်သည်…. “ကောင်လေး… မင်းကြောင့် ငါတို့က တကယ့်အခွင့်အရေးကို ဆုပ်ကိုင်မိတာပဲ…”
“ဒါငါနဲ့ ဘာဆိုင်လို့လဲ… ဟိုတစ်ယောက်ကို ရိုက်လိုက်တာ မင်းမလား…” ယူချင်းက နားမလည်သလို ပြောလိုက်သည်။
“မင်း နားမလည်ဘူးပေါ့…” ရီဖူရှင်းက ခေါင်းယမ်းလျက် ပြောလိုက်သည်။
“မင်းတို့တွေ ရှေ့ကသွား… ငါနောက်က လိုက်လာမယ်…” ရီဖူရှင်းက ပြုံးလျက် ယူချင်းအား ရှေ့ကို တွန်းလိုက်သည်၊ ယူချင်းက သူ့အား နားမလည်စွာ ကြည့်လျက် လျှောက်သွားလိုက်သည်။
ယိချိန်ချန်က ယူချင်း၏ဘေးနားမှ လျှောက်လာရင်း တိုးတိုးလေး မေးလိုက်သည်…“ နင်တို့တွေက ဘာလို့ ဒီလောက် တော်တာလဲ… နင်တို့ ဘယ်လို တန်ခိုးကျင့်တာလဲ…”
“ငါလည်း မသိဘူး…” ယူချင်းက ခေါင်းယမ်းလျက် ပြောလိုက်သည်။
“ငါနောက်ဆုံးအကြိမ် နင်တိုက်ခိုက်တာ မြင်ခဲ့တုန်းက နင်က စိတ်စွမ်းအင်ကို သုံးတာ သတိထားမိလိုက်တယ်… ဆိုလိုတာက နင်လည်း မှော်ပညာမှာ ထူးချွန်နိုင်တယ် ဆိုတာပဲ… ဒါပေမဲ့ နင်က သိုင်းပညာနဲ့ပဲ တိုက်ခိုက်တယ်… နင့်ရဲ့အားအင်တွေကို ဘယ်ကရတယ်ဆိုတာ ငါတကယ် နားမလည်ဘူး…” ယိချိန်ချန်က ချီးကျူးလိုက်သည်။
“သူက အရမ်း မိုက်တယ်မလား…” ရီဖူရှင်းက ဖြတ်ပြောလိုက်သည်။
ယိချိန်ချန်က နောက်လှည့်၍ ရီဖူရှင်းအား ကြည့်လိုက်သည်၊ ရီဖူရှင်းက ပခုံးတွန့်လျက် ပြန်ပြုံးပြလိုက်သည်… “မင်းတို့တွေ ဆက်ပြောကြ… ငါနောက် ဝင်မပြောတော့ဘူးလို့ ကတိပေးတယ်….”
ယိချိန်ချန်က ပြန်လှည့်လိုက်ပြီး ယူချင်းနှင့် စကား ဆက်ပြောပြန်သည်၊ ကတိအတိုင်း ရီဖူရှင်းက သူတို့နှစ်ယောက်အား အဖက်မလုပ်တော့ဘဲ နောက်မှ လိုက်ပါလာသည်၊ ယူချင်းကား ခန့်ညား ထည်ဝါလှပြီး ယိချိန်ချန်မှာ နူးညံ့သိမ်မွေ့ပြီး လှပသည်၊ သူတို့ကား လိုက်ဖက်လှသည်။
လာဘ်လာဘ ကျောင်းဆောင်၏ အဓိကကျောင်းဆောင်မှာ ဆောက်လုပ်ရေး ပညာရှင်များ၏ အနုပညာ လက်ရာတစ်ခုဖြစ်ရာ ခမ်းနား ကြီးကျယ်လှသည်၊ ရီဖူရှင်းက သည်ကျောင်းဆောင်ထံမှ ကျောင်း၏ အငွေ့အသက်ထက် အထွတ်အမြတ်ထားရာ နေရာတစ်ခု အနေဖြင့် ခံစားနေရသည်၊ သူတို့က အထဲသို့ လျှောက်သွားလျှင် လူတိုင်းက ယိချိန်ချန်အား လေးစားစွာ နှုတ်ဆက်ကြသည်၊ သည်အဖြစ်ကာ ရီဖူရှင်းနှင့် ယူချင်းတို့၏ စိတ်ဝင်စားမှုကို ဒီဂရီ မြင့်စေသည်၊ ထို့အပြင် သူမက သူတို့နှစ်ယောက်အား အဓိက ကျောင်းဆောင်သို့ ခေါ်ဆောင်လာနိုင်သည်၊ သူမ မည်သူနည်း။
ရီဖူရှင်းက ပတ်ဝန်းကျင်အား လေ့လာ ကြည့်လိုက်သည်၊ သူက ကျောင်းသားအချို့က ယူချင်းနှင့် ယိချိန်ချိန်တို့ စကားပြောနေကြသည်ကို မြင်ကာ ကျောင်းသားအချို့က မနာလိုစွာ ကြည့်နေကြသည်ကို သတိထားမိလိုက်သည်၊ ကြည့်ရသည်မှာ ယူချင်းတွင် အချစ်ပြိုင်ဘက်များ ရှိနေသည်ဟု ရီဖူရှင်း ကောက်ချက်ချလိုက်သည်။
နောက်ဆုံးတွင် ရီဖူရှင်းနှင့် ယူချင်းတို့အား ယိချိန်ချန်က ကြီးမားသော ခန်းမတစ်ခုသို့ ခေါ်ဆောင်လာသည်၊ ထိုနေရာတွင်ကား လူအချို့ ကြိုတင် ရောက်ရှိနေကြ၏။ အကြီးအကဲ ဖြစ်ဟန်တူသူ လူကြီးနှစ်ယောက်က ရှေ့တွင် ရပ်နေပြီး သူတို့၏နောက်တွင် လူငယ်ရှစ်ယောက် မတ်တတ်ရပ်နေသည်၊ ယိချိန်ချန်က ယူချင်း၏ ဘေးမှနေ၍ အကြီးအကဲ တစ်ယောက်၏ ဘေးနားသို့ သွားရောက် ရပ်နေလိုက်သည်။
ရီဖူရှင်းက သူမအား ကြည့်လိုက်ပြီး သူမ၏ဝိသေသအား တစ်ဖန် စိတ်ဝင်စားမိပြန်သည်၊ အခြေအနေကို ကြည့်လျှင် သည်လူများမှာ သူတို့ ရောက်ရှိလာရန် အတွက် ကြိုတင် ပြင်ဆင်ထားပုံရသည်။
“ယိချိန်ချန်က မင်းတို့နှစ်ယောက်က အတော် ထက်မြက်တယ်တဲ့… အခုငါတို့က မင်းတို့ရဲ့ စွမ်းရည်တွေကို လက်တွေ့မြင်ချင်တယ်… ဒီလူငယ်တွေက ငါတို့ကျောင်းဆောင်ရဲ့ ထက်မြက်တဲ့ လူငယ်တွေပဲ… သူတို့အားလုံးက ကြယ်လေးပွင့် ကောင်းကင်အဆင့်ပဲ… မင်းတို့ရဲ့ ပြိုင်ဘက်ကို မင်းတို့ရွေးပါ… ယိချိန်ချန်ပြောသလို တကယ်ပဲ မင်းတို့က စွမ်းသလား ကြည့်ရအောင်…” အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်၊ ရီဖူရှင်းက နောက်ဆုံးတွင် နားလည်သွားသည်၊ သူတို့အား လာဘ်လာဘ ကျောင်းဆောင်သို့ ဝင်ခွင့်ပေးခြင်းမှာလည်း ယိချိန်ချန်ကြောင့်ပင်။
ဒွန်ဟိုင်ကျောင်းတော် အတွင်းတွင် တိုက်ခိုက်ခဲ့သော သူတို့၏ ပထမဆုံးတိုက်ပွဲမှာ အနည်းငယ် ပြင်းထန်ခဲ့သော်လည်း ကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များက အလေးထားမိရန် မလွယ်ကူပေ၊ ထို့ကြောင့် သူတို့အား တစ်စုံတစ်ယောက်က ထောက်ခံချက်ပေးခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။
“ကြယ်လေးပွင့် ကောင်းကင်အဆင့်…” ရီဖူရှင်း ပခုံးတွန့်လိုက်သည်၊ “ဒါဆို ကျွန်တော်တို့က အချိန်ကုန် သက်သာအောင် တစ်ခါတည်းနဲ့ သူတို့ အကုန်လုံးကို တိုက်ခိုက်လိုက်မယ်… ဘယ်လိုလဲ…” သူက သည်အချိန်မှာ နှိမ့်ချရမည့် အချိန်မဟုတ်ကြောင်း သိသည်၊ အကယ်၍ သူတို့က စွမ်းဆောင်ရည် ကောင်းကောင်း မပြနိုင်လျှင် လာဘ်လာဘ ကျောင်းဆောင်၏ အကြီးအကဲများက သူတို့အား တန်ဖိုးထားကြမည် မဟုတ်ပေ။
“မင်းက သူတို့တွေ ပြောသလို တော်တော် မောက်မာတာပဲ…” ကျောင်းသားတစ်ယောက်က ရယ်မောလိုက်သည်။
“နင် မနေ့က ဂျင်ယန်ကို လက်ဝါးတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်လို့ ကြားတယ်… ငါတကယ် စိတ်ဝင်စားမိတယ်… နင် ဘယ်လောက်တော်သလဲလို့… ငါတို့ကို စိတ်မပျက်စေနဲ့….” ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်ထားကာ ကျောပေါ်တွင် ဓားတစ်လက် လွယ်ထားသော မိန်းမပျိုက ပြောလိုက်သည်။
“မကြာခင် နင်သိလိမ့်မယ်…” ရီဖူရှင်းက ပြုံးလျက် ရိုးရာဟန်ဖြင့် နှုတ်ဆက်လိုက်သည်… “ရီဖူရှင်း… ယူချင်း… တွေ့ရတာ ဝမ်းသာပါတယ်….”
“ဒါဆို ငါတို့က သူတို့ အကုန်လုံးကို ဝင်ခိုင်းလိုက်တော့မယ်…” အကြီးအကဲက ပြောလိုက်သည်၊ လူငယ်ရှစ်ယောက်က စုပေါင်း သိုင်းကွက်ပုံဟန်ဖြင့် ရီဖူရှင်းနှင့် ယူချင်းတို့အား ဝိုင်းရံလိုက်ကြသည်၊ လေးယောက်က ရှေ့မှ ရင်ဆိုင်ပြီး နောက်လေးယောက်က မူလနေရာတွင် ရပ်နေကြသည်၊ စက္ကန့်ပိုင်းအတွင်း ခန်းမတစ်ခုလုံး သဘာဝစွမ်းအင်များဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
လူငယ်နှစ်ယောက်ထံမှ နွယ်ပင်များ အများအပြား ထွက်ပေါ်လာသည်၊ ထိုအရာကား သစ်သားဓာတ်စွမ်းအင် ဖြစ်သည်၊ ရီဖူရှင်းကလည်း သဘာဝစွမ်းအင်များအား စုစည်းကာ သူ၏ကျောပေါ်မှ အတောင်ပံတစ်စုံအား ဖြန့်ကားလိုက်သည်၊ အတောင်ပံအား လှုပ်ခါလိုက်လျှင် သူတို့ထံ တိုးဝင်လာသော နွယ်ပင်များ အပိုင်းပိုင်းအစစ ပြတ်တောက်သွားသည်၊ အခြားတစ်ဖက်တွင် ယူချင်းကား နွယ်ပင်များက သူ၏ကိုယ်အား ရစ်ပတ်သွားလျှင်ပင် လှုပ်ရှားခြင်း မရှိသေးပေ။
ရုတ်တရက် မီးတောက်များ တစ်နေရာမှ ထွက်ပေါ်လာကာ နွယ်ပင်များအား ဝါးမျိုသွားသည်၊ ယူချင်း၏ခန္ဓာမှာ လောင်ကျွမ်းနေပုံရသော်လည်း အပြင်ဘက်တွင်မူ သူ၏ခန္ဓာကိုယ်အား ရွှေရောင် ချပ်ဝတ်တန်ဆာက ကာကွယ်ထားသည်၊ ကျောင်းသားနှစ်ယောက်က ယူချင်းထံ ပြေးဝင်သွားကြသည်၊ နောက်နှစ်ယောက်က ရီဖူရှင်းထံ တိုးဝင်သွားကြသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ယူချင်း၏ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသော နွယ်ပင်များ ပွင့်ထွက်သွားသည်၊ သူက ရှေ့အား တစ်လှမ်း လှမ်းလိုက်လျှင် မြေကြီးက တုန်ခါသွားသည်၊ လက်ဝါးရိုက်ချက်နှစ်ခုက ကွဲပြားသော နေရာနှစ်ခုမှ လာနေသည်၊ ကျယ်လောင်သော လက်ဝါးရိုက်သံနှင့်အတူ ကျောင်းသားများ၏ လက်ဝါးများက ယူချင်း၏ခန္ဓာပေါ်သို့ ကျလာသည်၊ လက်ဝါးတစ်ချက်က သူ၏ရင်ဘတ်အားထိပြီး နောက်လက်ဝါး တစ်ချက်က သူ၏ကျောကို ထိမိသည်၊ သို့သော်လည်း တကယ်တမ်း နာကျင်သွားရသူများကား လက်ဝါးဖြင့် ရိုက်သူများသာ ဖြစ်သည်၊ ချက်ချင်းပင် ယူချင်းက သူ၏လက်များဖြင့် ကျောင်းသားနှစ်ယောက်၏လက်မောင်းအား ဆုပ်ကိုင်ကာ လေထဲသို့ ဆွဲမြှောက်လိုက်သည်။ သူတို့နှစ်ယောက်မှာ အတော်ဝေးဝေးသို့ လွင့်စဉ်သွားသည်။
တစ်ချိန်တည်းတွင်ပင် မိန်းကလေးက သူမ၏ဓားဖြင့် ရီဖူရှင်းအား စတင် တိုက်ခိုက်လိုက်သည်၊ နောက်လူငယ်တစ်ယောက်က တစ္ဆေတစ်ကောင်လို ရီဖူရှင်း၏အနီးတွင် ဝိုးတိုးဝါးတား ပေါ်လိုက် ပျောက်လိုက်ဖြင့် ချဉ်းကပ်လာသည်။
ရီဖူရှင်းကား ရပ်နေဆဲပင်၊ သို့သော် ရုတ်တရက် ရီဖူရှင်းက သူ၏အနီးသို့ ကပ်လာသော မှုန်ဝါးဝါး အရိပ်သဏ္ဌာန် လူငယ်အား လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လျှင် လူငယ်မှာ လေထဲသို့ လွင့်စဉ်သွားသည်၊ ထို့နောက် ရီဖူရှင်းက သူ၏အတောင်ပံအား လှုပ်ခတ်လိုက်ပြီး မိန်းကလေး၏ဓားအား လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ရှောင်တိမ်းလိုက်သည်၊ ထို့နောက် ရီဖူရှင်းက အတောင်ပံအား ပြင်းထန်စွာ ခတ်လိုက်လျှင် မိန်းမပျိုမှာ အတောင်ပံမှ လွင့်စဉ်လာသော အားလှိုင်းအား မခုခံနိုင်ဘဲ လေထဲသို့ မြောက်တက်သွားသည်၊ သူမက မြေကြီးပေါ်သို့ ပြန်ကျလာသောအခါ မြေကြီးနှင့် သူမ၏မျက်နှာလေးက မိတ်ဆက်သွား၏။
တိုက်ပွဲကား ယခုမှပင် စတင်ခြင်း ဖြစ်သည်၊ ကျောင်းသား လေးယောက်မှာ ရှုံးနိမ့်ခဲ့လေပြီ၊ တခြား ကျောင်းသားများ ထိတ်လန့်သွားကြသည်၊ သည်နှစ်ယောက်မှာ လူကား ဟုတ်ပါလေစ။
“ဆက်တိုက်ဦးမလား…” ရီဖူရှင်းက ပြုံးလျက် မေးလိုက်သည်။
“တော်လောက်ပြီ…” အကြီးအကဲများက သူတို့၏ကျောင်းသားများ အရိုက်ခံရမည်ကို ထပ်မကြည့်နိုင်တော့ပေ၊ သူတို့က သူတို့၏ ကျောင်းသားများမှာ အတော် ပါရမီပါသည်ဟု ယုံကြည်ခဲ့ကြသည်၊ သို့သော် ထိုကျောင်းသားများမှာ တိုက်ကွက်ပင် သေချာ မထုတ်လိုက်ရဘဲ ရှုံးနိမ့်ခဲ့ရ၏။
“သွားမယ်…” အကြီးအကဲ နှစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ခန်းမထဲမှ ထွက်သွားကြသည်။
အကြီးအကဲများ ထွက်သွားလျှင် ကျောင်းသားများက ရှက်ရွံ့သွားကြသည်၊ ယူချင်း လွှင့်ပစ်လိုက်သော ကျောင်းသားနှစ်ယောက်မှာ ဖုန်အလိမ်းလိမ်း ကပ်လျက် ပြန်ရောက်လာကြသည်၊ သူတို့နှစ်ယောက်ကလည်း ယူချင်းအား တစ်ချက်ကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားကြသည်၊ သူတို့နှစ်ယောက်က ထွက်သွားရင်းနှင့်ပင် တိုးတိုးလေး ပြောလိုက်ကြသည်… “ဒီကောင်က တော်တော် ကြမ်းတာပဲဟ…”
“အနိုင်ကျင့်တာ…” အခြား ကျောင်းသားတစ်ယောက်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်၊ သူ၏ပထမဆုံး လေထဲသို့ ပျံဝဲသည့် အရသာမှာ သည်ကဲ့သို့ ပုံစံမျိုးဟု လုံးဝ မထင်မိခဲ့ပေ။
ဓားသမား မိန်းကလေးက မြေကြီးမှ လူးလဲထလာကာ ရီဖူရှင်း၏ရှေ့သို့ လျှောက်လာသည်၊ သူမ၏မျက်နှာကား ဖုန်မှုန့်များကြောင့် မည်းညစ်နေပြီ၊ သူမက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်… “နင်က ယောက်ျား မဟုတ်ဘူး…” ထို့နောက် သူမလည်း ထွက်သွားသည်၊ သူမကား ငယ်ရွယ်ကာ လှပသော မိန်းကလေး တစ်ယောက်ဖြစ်သည်၊ ယခင်တိုက်ပွဲများတွင် သူမ၏ ပြိုင်ဘက်များက သူမအား အနိုင်ရလျှင်ပင် အမြဲတမ်း အလျှော့ပေးကြသည်၊ မည်သူကမှ ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်ကြပေ၊ ရီဖူရှင်းက သူမအား အဘယ်ကြောင့် လုပ်ရက်ရသနည်း။
**