အပိုင်း(၆၀)

ညီအစ်ကိုထက် ပိုသော

ရီဖူရှင်းက ဂျင်ယန်၏စိန်ခေါ်မှုကို နောက်ဆုံးတွင် လက်ခံလိုက်သည့် သတင်းက မကြာခင်ပင် ကျောင်းဝင်းတစ်ခုလုံး ပျံ့နှံ့သွားသည်၊ လူတိုင်းက ရီဖူရှင်းနေထိုင်ရာ အဆောင်ဘက်သို့ အပြေးလာနေကြသည်။

ရက်သတ္တပတ် အနည်းငယ်အကြာက ရီဖူရှင်းက လာဘ်လာဘ ကျောင်းဆောင်ကို ဝင်ခွင့်ရခဲ့သော အချိန်တွင် ဂျင်ယန်က ရီဖူရှင်းအား တရားဝင် စိန်ခေါ်စာ ပို့ခဲ့သော်လည်း ရီဖူရှင်းက သူ့တွင် အချိန်မရှိဟု ဆိုကာ ငြင်းပယ်ခဲ့ရာ လူတိုင်းက စိတ်ရှုပ်ထွေးခဲ့ကြသည်၊ ဂျင်ယန်ကလည်း ရီဖူရှင်းအား လူပုံအလယ်တွင် သာမန်မျှသာဟု မှတ်ချက်ပေးသွားခဲ့သည်၊ အခြေအနေ အရပ်ရပ်က ပြဇာတ်ဆန်လှသည်။

တစ်ယောက်မှာ မကြာခင်က ကျောင်းဝင်ခွင့်ရခဲ့သော ပါရမီရှင်ဖြစ်သည်၊ နောက်တစ်ယောက်မှာ ယန်းယန်ကျောင်းဆောင်၏ ထပ်သီးစာရင်းဝင် ပါရမီရှင်ဖြစ်သည်၊ သည်စိန်ခေါ်မှုမှာ ယန်းယန်ကျောင်းဆောင် အတွက် အလွန် အရေးကြီးလှသည်၊ အဘယ်ကြောင့် ဆိုသော် သူတို့ကား လက်စားချေရန် အလွန် ဆာလောင်နေကြခြင်းကြောင့်ပင်၊ ရီဖူရှင်း၏အပြုအမူက သူတို့အား စိတ်ပျက် ဝမ်းနည်းစေသည်၊ ယခု ရီဖူရှင်းက တိုက်ခိုက်ရန် သဘောတူလိုက်လေပြီ။

ထိုနေရာတွင်ကား လူအများအပြားက နဂိုတည်းက ရီဖူရှင်းအား စောင့်ကြည့်နေကြပြီး ဖြစ်သည်၊ သူ၏လက်များအား အင်္ကျီအိတ်ထဲသို့ ထည့်ကာ သူကား ဆရာတစ်ယောက်ကဲ့သို့ ပုံစံဖမ်းကာ အေးဆေးစွာ ရပ်နေသည်၊ တန်ဝမ်လည်း ထိုနေရာတွင်ရှိသည်၊ သူမက ရီဖူရှင်းမှာ ထိုအမူအရာမှာ လူအများအား ဟန်ပြရန် သက်သက်ဟုသာ သတ်မှတ်ထားသည်။

ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားအများစုမှာ တဖြည်းဖြည်းနှင့် ရောက်ရှိလာကြပြီ ဖြစ်သည်၊ သူတို့အားလုံးက ရီဖူရှင်းအား မုန်းတီးစွာ ကြည့်နေကြသည်၊ သူတို့က ဂျင်ယန်မှာ စိန်ခေါ်ပွဲတွင် ရာနှုန်းပြည့် အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားကြသည်၊ အဘယ်ကြောင့်ဆိုသော် ဂျင်ယန်မှာ ယန်းယန်ကျောင်းဆောင်၏ အကြီးအကဲ တစ်ယောက်၏ လက်ရင်းတပည့် ဖြစ်သောကြောင့်ပင်။

ထိုနေရာတွင် လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားများလည်း အများအပြား ရှိသည်၊ တချို့က ရီဖူရှင်းကို သိပ်သဘောကျလှသည် မဟုတ်သော်လည်း ရီဖူရှင်း အနိုင်ရရန် မျှော်လင့်နေကြသည်၊ အနည်းဆုံး ရီဖူရှင်းမှာ သူတို့နှင့် ကျောင်းဆောင်တစ်ခုတည်း အတူတူ တက်ရောက်နေကြခြင်းဖြစ်ပြီး သည်တိုက်ပွဲမှာ မိမိတို့ကျောင်းဆောင် ကိုယ်စီ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်ပေသည်။ မူယွန်နီနှင့် မူယွန်ချိန်တို့လည်း လာကြသည်၊ သူတို့က တိုက်ပွဲအား စိတ်အားထက်သန်စွာ စောင့်နေကြသည်၊ နောက်ဆုံးတွင် သူတို့အတွက် လက်စားချေပေးမည့်သူ ပေါ်လာပြီ မဟုတ်ပါလား။

ဂျင်ယန်က အခြားကျောင်းသားများနှင့် အတူတူ လေ့လာ သင်ယူနေသည် မဟုတ်သောကြောင့် သူရောက်ရှိသည်မှာ အနည်းငယ် နောက်ကျပေသည်၊ သူရောက်လာသောအခါ သူနှင့်အတူ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသား ကျောင်းသူ အတော်များများလည်း ပါလာသည်ကို တွေ့ရ၏။

ပရိသတ်များက ဘေးကိုဖယ်ကာ ဂျင်ယန် သွားလို့ရအောင် လမ်းကြောင်း လုပ်ပေးကြသည်၊ သူနှင့်အတူပါလာသော အုပ်စုကမူ လူအုပ်ထဲတွင် ရပ်တန့် ကျန်ရစ်ခဲ့ကြသည်၊ ဂျင်ယန်က ရီဖူရှင်းရှိနေရာ ကွင်းပြင်သို့ လျှောက်သွားလိုက်သည်။

“နောက်ဆုံးတော့ မင်းက စိန်ခေါ်တာကို လက်ခံလိုက်ပြီပေါ့… ငကြောက်ကောင်… ” ဂျင်ယန်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်၊ အမှန်တကယ်တွင်လည်း ရီဖူရှင်းက စိန်ခေါ်မှုကို ရုတ်တရက် လက်ခံလိုက်သည့်အတွက် သူ အနည်းငယ် အံ့အားသင့်ခဲ့ရသည်။

“တောင်စဉ်ရေမရ ပြောမနေနဲ့… မင်းက တော်တော် အချိန်ဖြုန်းတာပဲ… ပါးစပ်ပိတ်ပြီးတော့ မင်းဖင်ကို အကန်ခံဖို့ပြင်ထား…” ရီဖူရှင်းက ဂျန်ယန်အား ပထမဆုံးအကြိမ် ကြည့်လိုက်သည်၊ ဂျင်ယန်ကား ရီဖူရှင်း၏အပြုအမူနှင့် ပတ်သက်၍ နားမလည်တော့ပေ၊ သည်ကောင်လေးက သူ့အား ထိုသို့ ပြောရဲရလောက်အောင် မည်မျှ ရူးမိုက်လိုက်သနည်း။

ပရိသတ်ကလည်း ထိတ်လန့်သွားသည်၊ ရီဖူရှင်း၏ အမူအရာများအား နားလည်နိုင်စွမ်း မရှိကြတော့ပေ၊ ဂျင်ယန်မှာ ယန်းယန်ကျောင်းဆောင် အကြီးအကဲ တစ်ယောက်၏ လက်ရင်းတပည့်ဖြစ်ရာ အလွန် ထူးချွန်သူဖြစ်သည်၊ သို့သော်လည်း ရီဖူရှင်းကား မောက်မာလှစွာပင် ဂျင်ယန်ကို စောင့်ရသည်မှာ အချိန်ဖြုန်းတီးရာ ရောက်သည်ဟု ပြောခဲ့သည်။

လူတိုင်းက စိန်ခေါ်ပွဲနှင့် ပတ်သက်၍ ရီဖူရှင်း၏ အချိန်မရှိ ဟူသော စကားကို ပြန်လည်၍ အမှတ်ရလာကြသည်၊ သူတို့က ရီဖူရှင်းမှာ သည်စိန်ခေါ်ပွဲကို မည်သည့်အချိန်ကမှ အလေးမထားခဲ့သည်ကို ရိပ်မိလိုက်ကြသည်၊ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများကလည်း သည်အချက်ကို သိလိုက်ကြကာ ရှက်ရွံ့သွားကြသည်၊ ကျောင်းသားတစ်ယောက်က သူတို့၏ ကျောင်းဆောင်အား သည်မျှ လေးစားမှုမရှိသည့် အပြုအမူဖြင့် တစ်ခါမှ မဆက်ဆံဖူးခဲ့ကြချေ။

ဂျင်ယန်က ရီဖူရှင်းအား နှခေါင်းရှုံ့လျက် ပြောလိုက်သည်…“မင်းက ငါ ပထမဆုံး…”

ရီဖူရှင်းက သူပြောသည့်စကားအား အဆုံးသတ်ခွင့် မပေးတော့ပေ၊ သူက စတင်၍ တိုက်ခိုက်လိုက်သည်၊ သူ၏ခန္ဓာကိုယ်အား လျှပ်စီးအလား ဂျင်ယန်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားလိုက်သည်၊ ဂျင်ယန်က သူ၏စကား ဒုတိယပိုင်းအား ပြန်မျိုချလိုက်ရသည်၊ သူက ပြန်လည်တုံ့ပြန်ရန် စကြဝဠာထဲမှ သဘာဝစွမ်းအင်များအား စတင် စုစည်းလိုက်သည်။

“ပိုးခြည်မျှင်ချုပ်နှောင် မှော်သိုင်း…” ဂျင်ယန်က သူ၏တိုက်ကွက်အား ထုတ်လိုက်သည်၊ ရွှေရောင်သဘာဝ ဓာတ်စွမ်းအင်များဖြင့် ဖန်တီးထားသော ပိုးခြည်မျှင်များက ရီဖူရှင်းထံသို့ တိုးဝင်သွားကြသည်၊ သူတို့က ရီဖူရှင်းအား လှုပ်ရှား၍ မရအောင် သူ၏အနားမှ လေဟာနယ်များအား ပိတ်ဆို့ထားကြသည်။

“သူက ပါရမီရှင်ပဲ… ဟုတ်တယ်မလား…” လူတိုင်းက ဂျင်ယန်၏ မှော်သိုင်းကွက်ကို ကြည့်ကာ လေးစား အားကျရသည်၊ သူ၏ပိုးခြည်မျှင် ချုပ်နှောင်ခြင်းမှာ မှော်သိုင်းကွက်များထဲတွင် ထိပ်ဆုံးအဆင့်တွင် ရှိသည်၊ သည်မှော်သိုင်းကွက်မှာ အလွန် အားပြင်းလှသည်၊ အဘယ်ကြောင့်ဆိုသော် သည်မှော်သိုင်းကွက်က ရန်သူအား ချုပ်နှောင်နိုင်သလို ရန်သူအားလည်း ခုခံနိုင်သည်၊ တစ်ချိန်တည်းမှာပင် ရန်သူအား အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိပေသေးသည်။

ထိုစဉ်တွင် ရီဖူရှင်း၏ကျောမှ ရွှေရောင် တောင်ပံတစ်စုံ ပေါ်ထွက်လာသည်၊ ထိုအတောင်ပံများကား အလွန် ထက်မြက်လွန်းရကား သူ့ထံသို့ လာရောက် ရစ်ပတ်လာသော ပိုးခြည်မျှင်များ အားလုံး အပိုင်းပိုင်း ပြတ်တောက် သွားကြလေ၏။ ဂျင်ယန်၏တိုက်ခိုက်မှုက ရီဖူရှင်း၏သန့်စင်သော အားအင်ကို မည်သည့် သက်ရောက်မှုမှ မရှိပေ။

ဂျင်ယန် ထိတ်လန့်သွားသည်၊ သူ၏တိုက်ကွက်မှ ရီဖူရှင်း လွှတ်မြောက်မည်ဟု သူမထင်ထားချေ၊ သူ၏တိုက်ကွက်အား အနည်းငယ် ပြောင်းလဲလိုက်သည်၊ ရုတ်တရက် ပိုးခြည်မျှင်များက ကောင်းကင်သို့ ပျံတက်သွားကာ ရီဖူရှင်းရှိရာသို့ အပ်ချွန်များအလား မိုးသီးမိုးပေါက်ကျသလို တဖွဲဖွဲ ကျလာကြသည်၊ ရီဖူရှင်းက သူ၏အတောင်ပံအား ခေါင်းပေါ်မှ ကာကွယ်ကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဂျင်ယန်ထံသို့ ပြေးဝင်သွားသည်။

ထိုအခိုက်မှာပင် ဂျင်ယန်က သူ့ထံသို့ တိုးဝင်လာသော လက်ဝါးတစ်ချက်ကို မြင်လိုက်သည်၊ လှပသော နည်းစနစ်များအစား ဤသည်ကား သာမန် လက်ဝါးရိုက်ချက် တစ်ချက်မျှသာ ဖြစ်သည်။

တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပဲ ဘန်းခနဲ မြည်သံနှင့်အတူ ဂျင်ယန်၏ပါးစပ်မှ သွေးများ စီးကျလျက် သူ၏ခန္ဓာမှာ မြေကြီးပေါ်သို့ လွင့်စဉ်သွားလေသည်၊ သူကား ရီဖူရှင်းနှင့် တန်ခိုးအဆင့် တူတူမျှသာ ဖြစ်ရာ ရီဖူရှင်းက သူနှင့် အချိန်ဖြုန်းလိုခြင်း မရှိခဲ့ပေ။

သို့သော်လည်း နောက်ဆုံးတွင် ကျောင်းသား အများအပြားက သူ့အား ငကြောက် တစ်ယောက်လို ဆက်ဆံလာကြရာ မည်သို့မျှ မတတ်နိုင်ဘဲ စိန်ခေါ်မှုအား လက်ခံလိုက်ရသည်၊ တစ်ခါတစ်ရံ နဂါးမှန်းသိအောင် အမောက် ထောင်ပြရန်လည်း လိုအပ်ပေသည်။

ထိုလက်ဝါးရိုက်ချက်၏ အင်အားက ပရိသတ်များ၏ ရင်ထဲကိုပင်လျှင် တုန်လှုပ်စေသည်၊ ရိုက်ချက်ကား သေသပ်သလို ကြမ်းတမ်းလွန်းလှသည်။

မကြာခင် ရီဖူရှင်းက ဂျင်ယန်အား သူ၏လက်ဝါးဖြင့် အဆက်မပြတ် ရိုက်နှက်လိုက်သည်ကို မြင်ကြရသည်၊ တဘန်းဘန်းနှင့် အဆက်မပြတ် လက်ဝါးရိုက်သံများ၊ ဂျင်ယန်၏နာကျင်စွာ အော်ဟစ်သံများက ပတ်ဝန်းကျင်ကို ချက်ချင်း ဆူညံသွားစေသည်။

“ကျေနပ်ပြီလား…”  ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။

လူတိုင်းက ပြောစရာစကား ရှာမရတော့၊ ရီဖူရှင်းက တိုက်ပွဲမစမီကပင် ဂျင်ယန်အား သူ၏ဖင်အား အကန်ခံရန် အဆင်သင့် ဖြစ်ပြီလား မေးခဲ့သည်၊ ယခု သူက သူ၏စကားများအား သက်သေပြပြီး ဖြစ်သည်၊ မည်မျှ မောက်မာ ဝင့်ကြွားလှသည့် အပြုအမူ ဖြစ်သနည်း။

ထို့အပြင် လူတိုင်းက ဂျင်ယန်မှာ သည်ကဲ့သို့ အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည်ကို နားမလည်ကြတော့ပေ၊ သူကား ယန်းယန်ကျောင်းဆောင် အကြီးအကဲ တစ်ယောက်၏ လက်ရင်းတပည့် ဖြစ်သည်၊ သူက ရီဖူရှင်းအား သာမန်မျှသာဟု မှတ်ချက်ချခဲ့သည်၊ သို့သော်လည်း သည်တိုက်ပွဲတွင် သူသာလျှင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရလေသည်။

သာမန်မျှသာ…၊ ထိုစကားကား ဂျင်ယန်နှင့်သာ ထိုက်တန်သည်၊ ရီဖူရှင်း မဟုတ်ပေ။

“ရပ်လိုက်…” ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ရီဖူရှင်းကလည်း မတ်တတ်ရပ်လိုက်ပြီး ထိုကျောင်းသားများအား ကြည့်လိုက်သည်၊ သူက ရယ်မောလျက် ပြောလိုက်သည်… “ဒါက မင်းတို့တွေ လိုချင်တာ မဟုတ်ဘူးလား….” သူက ဂျင်ယန်အား လွှတ်ပေးလိုက်ကာ ထိုနေရာမှ ထွက်ခွာ သွားတော့သည်၊ ရီဖူရှင်းက ရာချီသော မျက်လုံးများက သူ၏နောက်ကျောကို စိုက်ကြည့်နေသည်ကို ခံစားရ၏။

“ဒါက ငါ့အပြစ် မဟုတ်ဘူး … ဒီကောင်တွေက တောင်းဆိုနေတာ…” ရီဖူရှင်းက မိမိဘာသာ တွေးလိုက်သည်၊ ကြည့်ရသည်မှာ ရီဖူရှင်း သည်ကျောင်းတော်မှာ ရှိနေသရွှေ့ ယန်းယန်ကျောင်းဆောင်၏အရှက်ရမှုမှာ ပျက်ပြယ်သွားမည့်ဟန် မရှိတော့ပေ။

***

သူ၏ဒေါသများအား ဂျင်ယန်ထံသို့ ပုံချလိုက်ရ၍ သူ၏စိတ်တွင် အနည်းငယ် သက်သာရာ ရသွားသည်၊ သို့သော်လည်း စိတ်ဓာတ်ကျခြင်းများကား သက်သာလှသည် မဟုတ်ပေ၊ အထူးသဖြင့် ယခု ဟွာဖန်းလူ၏ဒဏ်ရာအား ကုသပေးမည့်သူကို ရှာဖွေရန် မဖြစ်နိုင်တော့ပေ။

သူ၏အခန်းသို့ ပြန်ရောက်လာသောအခါ သူက အခန်းထဲတွင်း နောက်ထပ်တစ်ယောက် ရောက်ရှိနေသည်ကို သတိထားမိလိုက်သည်၊ ယူချင်းကား သူနှင့်အတူ နေထိုင်ခဲ့သည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သည်၊ သို့သော်လည်း ယခု ယခင်နှင့်မတူ ယူချင်း၏ဘေးတွင် နောက်တစ်ယောက် ရပ်နေသည်ကို ထူးဆန်းစွာ မြင်တွေ့ရသည်၊ သူက ထိုလူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရလျှင် ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်၊ သူမြင်သည့်အရာမှာ မှားယွင်းခြင်း မရှိရအောင် သူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

မှန်သည်… မိန်းကလေးတစ်ယောက် ဖြစ်သည်၊ အသက် ဆယ့်ခြောက်နှစ်ခန့် ရှိမည်ဖြစ်ကာ ယူချင်း၏ဘေးနားတွင် ရပ်နေသည်၊ သူမကား ချစ်စဖွယ်ကောင်းကာ ချောမောသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည်၊ ရီဖူရှင်းက တစ်ချက် ကြည့်လိုက်လျှင်ပင် သည်မိန်းကလေးမှာ ယူချင်း၏ ရည်းစားဖြစ်ရမည်ဟု ကောက်ချက် ချလိုက်သည်။

ယူချင်းနှင့်မိန်းကလေးက ရီဖူရှင်းပြန်လာသည်ကို သတိထားမိလိုက်ကြသည်၊ မိန်းကလေးက ရီဖူရှင်းအား ကြည့်လိုက်ပြီး ပြုံးလိုက်သည်၊ ယူချင်းက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။

“ဆက်ပြောကြ… ငါ့ကို ဂရုမစိုက်နဲ့…” ရီဖူရှင်းက နောက်လှည့်လိုက်သည်။

“နေဦး…” ဖျော့တော့သော အသံတစ်ခု ထွက်လာသည်၊ ရီဖူရှင်းက ရပ်လိုက်ပြီး နောက်ပြန်လှည့် ကြည့်လိုက်လျှင် မိန်းကလေးက သူ့အား ကြည့်၍ ပြုံးနေသည်ကို မြင်ရ၏။ သူမက ပြုံးလိုက်လျှင် ပျိုမြစ်ငယ်ရွယ်သော သူမ၏အလှတရားက ပိုမို၍ ဆွဲဆောင်နိုင်စွမ်း ရှိနေပြန်သည်။

“ဒါက အဲဒါမျိုး မဟုတ်ဘူး…” ယူချင်းက ရှင်းပြရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက ရယ်မောလျက် မေးလိုက်သည်…“အဲဒါမျိုးဆိုတာ ဘာကိုပြောတာလဲ…”

“အာ….” ယူချင်းက မည်သို့ပြောရမှန်း မသိတော့ဘဲ တိတ်ဆိတ်သွားသည်၊ သူကား ရီဖူရှင်းနှင့် ယှဉ်လိုက်လျှင် သည်ကိစ္စများတွင် အတွေ့အကြုံ နည်းလွန်းလှသည်… “ချိန်ချန်က ငါတို့ဆီကိုလာတာ…” ယူချင်းက ပြောလိုက်သည်။

“ဝိုး… မင်းက သူမရဲ့နာမည် အတိုကောက်ကိုတောင်မှ ခေါ်နေပြီပေါ့… ကြည့်ရတာ မင်းတို့တွေအကြား ခရီး အတော်ရောက်နေပြီပဲ… ဟုတ်တယ်မလား…” ရီဖူရှင်းက ရယ်မောလိုက်သည်၊ ယူချင်းက မည်သို့ ပြန်ပြောရမည် မသိတော့ပေ။

“ငါက သူ့ကို ငါ့နာမည် အတိုကောက်ကို ခေါ်ခိုင်းတာ…” မိန်းကလေးက ပြုံးလျက် ပြောလိုက်သည်…“ငါက ယိချိန်ချန်… ဒါကြောင့်ငါ့ကို ချိန်ချန်လို့ပဲခေါ်….”

“ရီဖူရှင်း…” သူကလည်း မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။

“ငါနင့်ကို သိတယ်…” ယိချိန်ချန်က ခေါင်းညိတ်လိုက်သည်…“နင်နဲ့ ယန်းယန်ကျောင်းဆောင်က လူတွေနဲ့ပထမဆုံး စပြီး တိုက်ခိုက်ကြတုန်းက ငါအဲဒီနေရာမှာ ရှိတယ်… ငါ နင်တို့ရဲ့တိုက်ပွဲ အစအဆုံး အားလုံးကို မြင်ခဲ့ရတယ်… နင်က အရမ်းတော်တာပဲ…”

“ယူချင်းက ပိုတော်တယ်…” ရီဖူရှင်းက ရယ်မောလိုက်သည်၊ သူက ယူချင်းအား ပို၍ ရှက်ရွံ့အောင် ဖန်တီးနေသလား မှတ်ထင်ရသည်။

“နင်တို့ နှစ်ယောက်လုံးက တော်တာပဲ…” သူမက ပြုံးလျက် ပြောလိုက်သည်။

“သူက တော်ရုံပဲ တော်တာမဟုတ်ဘူး… သူက အခုထိ ရည်းစား မရှိသေးဘူး….”

ယူချင်း အခန်းထဲမှ ထွက်ပြေးချင်စိတ် ပေါက်လာပြီဖြစ်သည်။

ယိချိန်ချန်က သူမ၏အဝတ်စများအား ဆုပ်ကိုင်လျက် ပြုံးလိုက်သည်… “နင်တို့တွေက စိတ်ဝင်စားစရာ ကောင်းသားပဲ… နောက်မှတွေ့မယ်…”

ထို့နောက် သူမက အခန်းဝထံသို့ လျှောက်သွားလိုက်သည်၊ သူမက ရီဖူရှင်း၏အနီးမှ ဖြတ်သွားလိုက်လျှင် ရီဖူရှင်းက တိုးတိုးလေး လှမ်းပြောလိုက်သည်… “ငါ့ကောင်ကို ဘယ်လိုထင်လဲ… သဘောကျလား…”

ယိချိန်ချန်၏မျက်နှာ နီရဲသွားသည်၊ ထို့နောက် တိုးတိုးလေး ပြန်ဖြေလိုက်သည်…“သူက သဘောကောင်းတယ်…” ထို့နောက် သူမက အခန်းထဲမှ ထွက်သွားသည်။

ရီဖူရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်၊ သူက ယူချင်းအား ကြည့်ကာ မေးလိုက်သည်…“ယူချင်း… ငါ့ကိုပြော… ငါမရှိတုန်း သူမနဲ့ ဘယ်လောက်အထိ ခရီးရောက်ခဲ့လဲ…”

ယူချင်းက ပြန်ပြောလိုက်သည်… “သူမက ငါတို့ကို စစ်ဆေးတာ ခံယူပြီး လာဘ်လာဘ ကျောင်းဆောင်ရဲ့ အဆင့်မြင့် အထပ်တွေကို တက်ရောက်ချင် သလားတဲ့….”

“သူမကို အကြီးအကဲတွေက လွှတ်လိုက်တာလား…” ရီဖူရှင်းက စိတ်ဝင်စားသွားသည်။

“ငါထင်တာပဲ… ငါ မမေးဖြစ်လိုက်ဘူး…” ယူချင်းက ပြောလိုက်သည်။

“သူမက ဒီကျောင်းတော်မှာ အထူးအလေးပေးခံရတဲ့ သူတစ်ယောက် ဖြစ်ရမယ်… သူမက ညဏ်ကောင်းပြီး လှပတယ်… မင်းအတွက် တော်တော် သင့်တော်တယ်… မင်းရော ဘယ်လိုထင်လဲ…”  ရီဖူရှင်းက ယူချင်းအား မေးလိုက်သည်။

“မင်း ပြောနေတာတွေကို ငါနားမလည်ဘူး…” ယူချင်းက ထုံထိုင်းသည့်ပုံ ဟန်ဆောင်လိုက်သည်။

“ကောင်လေး… ငါသူ့ကို မေးတဲ့အချိန်မှာ ရှက်သွားတယ်… ငါထင်တာကတော့ သူမက မင်းကို တိတ်တခိုး ကြိုက်နေတာ ဖြစ်ရမယ်… မင်းမှာလည်း ဒီလို ခံစားချက်မရှိဘူးလား…” ရီဖူရှင်းက သူ့အား ဆက်လက်၍ နောက်ပြောင်လိုက်သည်။

“အဖေက ငါ့ကို မိန်းကလေးတွေနဲ့ ကင်းကင်းနေရမယ်တဲ့… မင်းလည်း သိတာပဲ… ငါ့ရဲ့အဓိကတာဝန်က မင်းရဲ့တိုင်းပြည်ကို တည်ထောင်တဲ့အချိန်မှာ ကူညီဖို့ပဲ…” ယူချင်းက လေးနက်စွာ ပြောလိုက်သည်။

ယူချင်းဆိုလိုသည်ကို နားလည်လိုက်ကာ ရီဖူရှင်းက စနောက်ရာမှ ရပ်လိုက်သည်၊ သူက ထပ်ပြောလိုက်သည်… “ယူချင်း… မွေးစားအဖေက ငါ့ကို အရမ်းမျှော်လင့်ထားတာ ငါသိတယ်… ဒါပေမဲ့ အနာဂတ်က အဝေးကြီးမှာပဲ ရှိသေးတယ်… ဘဝက ရှည်လျားလှပြီးတော့ ဘယ်မှာ အဆုံးသတ်မလဲဆိုတာ မင်းလည်း မသိဘူး ငါလည်း မသိဘူး… သူက ငါဟာ ဘုရင်ဖြစ်လာဖို့ မွေးဖွားလာတာဆိုပြီး ယုံထားတယ်… ဒါပေမဲ့ ငါတို့ရဲ့ရှေ့မှာ ခရီးက အရှည်ကြီးပဲ… ဒါကြောင့် ဒီခရီးကို ငါတို့တူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ ငါမျှော်လင့်တယ်… ငါတို့က ညီအစ်ကိုတွေပဲ… သခင်နဲ့အစေခံ မဟုတ်ဘူး… အနာဂတ်က ငါတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်တယ်…”

“ငါက မင်းအတွက် အသက်ရှင်ရမယ်ဆိုတာ အဖေ့ရဲ့ဆန္ဒပဲ… ဒီလမ်းတစ်ခုတည်း ရှိတယ်…” ယူချင်းက လက်မလျှော့ပေ။

“ငါမင်းကို ပြောနေတယ်လေ… သူ ဒီမှာမရှိဘူး… ဒါကြောင့် သူပြောတာတွေ မေ့ထား… အခုငါပြောတဲ့ စကားတွေက စည်းကမ်းပဲ…” ရီဖူရှင်းက ရုတ်တရက် ယူချင်းအား ဒေါသတကြီး ပြောလိုက်သည်၊ ယူချင်းက ရီဖူရှင်း ဒေါသထွက်သည်ကို မြင်လျှင် ထိတ်လန့်သွားသည်၊ သူက ခေါင်းငုံ့လိုက်သည်၊ သို့သော် သူကား လက်လျှော့သည့်ဟန် မရှိပေ။

ယူချင်း၏ အပြစ်ရှိသည့်ပုံဟန်ကို မြင်လျှင် ယူချင်းက အော်ဟစ်မိသည့်အတွက် စိတ်မကောင်း ဖြစ်သွားသည်၊ သူကအသံကို ပြန်လျှော့ချလိုက်ပြီး ပြောလိုက်သည်… “ယူချင်း… မွေးစားအဖေ ပေးထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ချထားလိုက်… မင်းက မင်းကိုယ်တိုင်ရဲ့ ပျော်ရွှင်တဲ့ဘဝကို ဖန်တီးသင့်တယ်… မင်းသာ အဲဒီလိုနေရင် တစ်နေ့မှာ မင်းက ငါ့ကို တစ်ယောက်တည်း ထားသွားမယ် ဆိုရင်တောင် ငါတကယ် ပျော်မိမှာပဲ…”

ယူချင်းက ရီဖူရှင်းအား ကြည့်လိုက်လျှင် ရီဖူရှင်း ပြုံးနေသည်ကို မြင်၏။ သူက ငိုချင်စိတ်အား ထိန်းမရဖြစ်လာကာ ရီဖူရှင်းအား မည်သည့်အခါမှ တစ်ယောက်တည်း ထားမသွားဟု မိမိကိုယ်ကို သန္နိဋ္ဌာန်ချလိုက်သည်။

***

အတွဲ(၄) ပြီးပါပြီ။

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset