Switch Mode

အပိုင်း(၅၉)

ငါသူ့ကိုဒီကစောင့်နေမယ်

ထိုစဉ် ရီဖူရှင်း အေးစက်သွားသလို တစ်ချက် ဖြစ်သွားသည်။ စိတ်ဝိညာဉ် စွမ်းအင်၏ သိစိတ်အင်အား…။ စိတ်ဝိညာဉ်စွမ်းအင်ကား မမြင်ရသော အားအင်ဖြစ်သည်။ အကယ်၍ အကာနာအဆင့် စွမ်းအားမြင့် တန်ခိုးရှင်က အသုံးပြုလိုက်လျှင် ပတ်ဝန်းကျင်မှ လူများက ရိပ်မိရန် မလွယ်ပေ။

“ဒီလောက်ဆို တော်လောက်ပြီ… အိမ်ပြန်တော့…” သူ၏စိတ်ထဲသို့ တိုးညင်းသော အသံလေးတစ်ခု ဝင်ရောက်လာသည်။ သည်အသံက မည်သူ့အသံ ဖြစ်သည်ကို ပြောရန် ခက်ခဲသော်လည်း သူ့အား အန္တရာယ် ဖြစ်စေလိုသော ဆန္ဒရှိပုံမရပေ။ ဤအသံက သူ့အား သည်နေရာတွင် ရပ်တန့်ရန် တိုက်တွန်းရုံမျှသာ ဖြစ်သည်။

အမှန်တကယ်တွင်ကား ရီဖူရှင်းက ဇူချိန်ကို အနိုင်ယူပြီး ကတည်းက ထွက်သွားမည့် အကြောင်းကို ကြေညာပြီးပြီ ဖြစ်သည်။ သို့သော် ကျောက်မူက ရှေ့ဆက်တိုးလျှင် သူက ရွေးစရာလမ်း မရှိတော့ဘဲ ဆက်လက် တိုက်ခိုက်ရတော့သည်။ ဟွာဖန်းလူက အနုပညာ သူတော်စင်အား တစ်ကြိမ်ရှုံးနိမ့်ခဲ့ဖူးကာ သူ၏သက်စောင့်ဝိညာဉ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ယနေ့ လူများက သူ့အား စော်ကားခဲ့ကြသည်။ အနုပညာ သူတော်စင်၏တပည့်က ပထမဦးစွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ရီဖူရှင်း၏ ကု့ချင်းကိုပင်လျှင် ဖျက်ဆီးခဲ့သည်။ သည်အရှုံးဖြင့် သည်အတိုင်း ထွက်မသွားနိုင်ပေ။ ဟွာဖန်းလူသိလျင် မည်သို့ ခံစားရမည်နည်း။

ထို့ကြောင့်ပင်လျှင် သူက ကျောက်မူနှင့် ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ရီဖူရှင်းက အတွေးနက်နေစဉ် ကျောက်မူက သူ၏နောက်ထပ် ရေးဆွဲမှုတစ်ခုအား အပြီးသတ်လိုက်ပြီ ဖြစ်သည်။ သည်တစ်ကြိမ်တွင်ကား အားကောင်းကာ ကြီးမားလှသော ရွှေရောင်နဂါးကြီး တစ်ကောင်ဖြစ်သည်။ ရွှေဝါရောင်နဂါးက ကျောက်မူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်နေပြီး သူ၏သက်စောင့်ဝိညာဉ်ထံမှ စွမ်းအင်များက ရူးသွပ်စွာပင် ရွှေဝါရောင်နဂါးကြီးထံသို့ စီးဆင်းနေကြသည်။ နဂါးကြီးကား အသက်ဝင်လှသည်။ ရီဖူရှင်းကြောင့် ထိတ်လန့်ခဲ့ကြသူများမှာ ယခု ကျောက်မူကြောင့် တစ်ဖန် အံ့အားသင့်ကြရပြန်သည်။ သူကား အားကုန် ထုတ်တိုက်ခိုက်ရန် ကြံရွယ်ထားရာ ရီဖူရှင်းထက်ပင်လျှင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရီဖူရှင်းက မည်သို့မျှ ခံစားရဟန်မတူပေ။ သဘာဝစွမ်းအင် အားလှိုင်းတစ်ခုက သူ၏ခန္ဓာမှာ စုစည်းလာကာ နတ်ငှက်တစ်ကောင်ပုံစံ ဖြစ်လာသည်။ သူက လေထဲသို့ ပျံတက်လိုက်လျှင် အရာအားလုံးထက် တောက်ပ ထွန်းလင်းနေဟန်ရှိသည်။ သည်အခြေအနေတွင်ကား တိုက်ခိုက်ရန်မှတစ်ပါး အခြားလမ်းမရှိတော့။ သူ့အား သတိပေးသော အသံကိုမူ သူ ကျေးဇူးတင် အသိအမှတ်ပြုမိလေသည်။

ကျောက်မူနှင့် ရီဖူရှင်းတို့က တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ ရွှေရောင်နဂါးနှင့် နတ်ငှက်တို့က ရင်ဆိုင်မိကြသည်။ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ အရိုင်းဆန်သွားကာ ကောင်းကင်က အရောင်ပြောင်းသွားသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ကျောက်မူနှင့် ရီဖူရှင်းတို့ထံမှ ထိုပျံ့နှံ့လာသော အားလှိုင်းများအား တားဆီးရန် အကာအကွယ်တစ်ခု ပူးပေါင်း၍ ဖန်တီးလိုက်ကြသည်။

ထိုအခိုက်မှာပင် သူ၏ စိတ်ဝိညာဉ်နယ်ပယ်သို့ ကျူးကျော် ဝင်ရောက်လာသော စိတ်အားလှိုင်းတစ်ခုကို ရီဖူရှင်း ခံစားလိုက်ရပြန်သည်။ သို့သော် သည်တစ်ကြိမ်ကား သတိပေးခြင်း မဟုတ်ပေ။ တိုက်ရိုက် တိုက်ခိုက်ခြင်းဖြစ်သည်။ ရီဖူရှင်းက အပ်ဖြင့် ထိုးဆွသကဲ့သို့ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရကာ သူ၏အာရုံများ ထုံထိုင်းသွားကာ သူ၏အာရုံခံစားမှုများ အားလုံး ပျောက်ဆုံး သွားတော့မည့်အလား ခံစားရ၏။ သူ၏တိုက်ကွက်က ကျောက်မူထံသို့ ချဉ်းကပ်ခါနီးတွင်ပင် သူ၏သဘာဝစွမ်းအင် ထိန်းချုပ်မှုမှာ ပရမ်းပတာ ဖြစ်သွားလေသည်။

သူတို့နှစ်ယောက် ရင်ဆိုင်မိလျှင် ဘန်းခနဲ ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရသည်။ ရီဖူရှင်းက ထိုစိတ်ဝိညာဉ် တိုက်ခိုက်မှုက မည်သူ့ထံမှလာသည်ကို မသိပေ။ သို့သော် ထိုတိုက်ခိုက်ခံရမှုကြောင့် သူ၏ကျောက်မူကို တိုက်ခိုက်လိုက်သော အားအင်မှာ သိသိသာသာ လျော့နည်းခဲ့ရလေသည်။ ရွှေရောင်နဂါးကြီး ပျက်ပြယ်သွားသည်။ ကျောက်မူနှင့် ရီဖူရှင်းတို့က တစ်ချိန်တည်းမှာပင် နောက်ဆုတ်လိုက်ကြသည်။ ထိုအဖြစ်အပျက်များက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက မြေပြင်တွင် တစ်ဖန် ထိတွေ့လိုက်လျှင် ဒေါသထွက်ရမည့်အစား ပြုံးလိုက်သည်။

ယနေ့ဧည့်ခံပွဲတွင် အရေးပါသော ပုဂ္ဂိုလ်အများအပြား ရောက်ရှိနေကြသည်။ သူတို့က လူငယ်နှစ်ယောက်အကြား ဝင်၍ စွက်ဖက်ခြင်းဖြင့် သူတို့၏ ဂုဏ်သိက္ခာအား နိမ့်ကျအောင် မလုပ်နိုင်ချေ။ သို့သော် သူတို့က အပြင်ပန်းက မလုပ်နိုင်သော်လည်း တိတ်တဆိတ် လုပ်၍ရသည်။ ကြည့်ရသည်မှာ ပထမ အသံပိုင်ရှင်က သည်ကဲ့သို့ ဖြစ်လာမည်ကို ကြိုသိပုံရပေသည်။

မည်သူက သတိပေး၍ မည်သူက တိုက်ခိုက်သည်ကိုကား ရီဖူရှင်း မတွေးတတ်တော့။

သို့သော်လည်း သည်ကိစ္စအား လူပုံအလယ် ပြောရလောက်အောင် ရီဖူရှင်း မမိုက်မဲသေးပေ။ တိုက်ခိုက်သူက ရီဖူရှင်းအား သူ၏ခွင်ထဲသို့ ရောက်လာမည့် နည်းလမ်းအား ချောင်းနေမည်မှာ သေချာလှသည်။ အကယ်၍ သူက ထိုဂုဏ်သရေရှိ လူကြီးမင်းများအား သက်သေမရှိဘဲ စွပ်စွဲမိပါက သူ့အား ဖယ်ရှားရန် တရားဝင် အကြောင်းပြချက် ရရှိသွားကြမည် ဖြစ်သည်။

“အတွေ့အကြုံအတွက် ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ သို့သော်လည်း သူက ကျောက်မူကို ကြည့်၍ ပြောရမည့်အစား အထူးတန်းတွင် ထိုင်နေသော လူကြီးများအား ကြည့်၍ ပြောလိုက်သည်။ သူ့အား လျှို့ဝှက်တိုက်ခိုက်သူက သူ၏ဆိုလိုရင်းကို နားလည်မည်ဖြစ်သည်။

“ကျွန်တော်က အရှင်လျိုရဲ့ မွေးနေ့ပွဲကို မထင်မှတ်ဘဲ နှောင့်ယှက်မိပြီ… နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ခင်ဗျားတို့ခွင့်ပြုရင် ကျွန်တော် ပြန်ပါတော့မယ်…” ရီဖူရှင်းက ဦးညွှတ်လိုက်ပြီး နောက်လှည့်ကာ ထိုနေရာမှ ထွက်သွားလိုက်သည်။ သူက ဆက်လက်၍ တိုက်ခိုက်လိုသော ဆန္ဒမရှိတော့။ သူ၏တိုက်ခိုက်မှုက သည်နည်းဖြင့် နှောင့်ယှက်ခံခဲ့ရသည်။ သူက ဆက်လက်၍ တိုက်ခိုက်ပါက အသာစီးရရန် မရှိပေ။

“တိုက်ပွဲက မပြီးသေးဘူး… မင်းက ထွက်သွားတော့မလို့လား…” ကျောက်မူက နောက်မှ လှမ်းအော်လိုက်သည်။ သူ့အား ကြည့်ရသည်မှာ အတော် ယုံကြည်ချက် မြင့်မားနေပုံရသည်။

“ကျောက်မူ… တော်လောက်ပြီ…” အနုပညာသူတော်စင်က ပြောလိုက်သည်။ ကျောက်မူ အေးခဲသွားသည်။ သတိပြန်လည်လာသောအခါ သူက ထပ်ပြောလိုက်သည်…” အခွင့်အရေး ကြုံလာတဲ့အခါ ဆက်ပြီး တိုက်ကြတာပေါ့… အဲဒီအချိန်ရောက်ရင် ကျုပ်က အားကုန်ထုတ်တိုက်မှာပဲ…”

“သေချာတာပေါ့… ဒီနေ့က အရှင်လျိုရဲ့ မွေးနေ့ပွဲပဲ… ဒါကြောင့် ငါက မဆိုင်တဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး… ဒါကြောင့်လည်း ငါက ငါ့ရဲ့အားကို ငါးဆယ်ရာနှုန်းအထိပဲ အသုံးပြုခဲ့တာ… ငါတို့ ထပ်ပြီး တိုက်ခိုက်ကြရင် ငါဘာကို ဆိုလိုတယ်ဆိုတာ မင်း သိလိမ့်မယ်…” ရီဖူရှင်းက ထိုသို့ ပြောပြီး နန်းတော်မှ ဆက်လက် ထွက်ခွာသွားတော့သည်။

သူ၏စကားလုံးများက ကျောက်မူအား စိတ်ဝင်စားစေသည်။ ရီဖူရှင်းက သူ့အား အထွတ်အထိပ် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်အောင် တွန်းအားပေးနိုင်ခဲ့သည်။ ယခု သူက သူ၏ ငါးဆယ်ရာခိုင်နှုန်းသော စွမ်းအားကိုသာ သုံးခဲ့သည်ဟု ပြောခဲ့သည်။

“အရှက်မရှိလိုက်တာ…”

“အရူး…” လူအများအပြားက ရီဖူရှင်းအပေါ် သူတို့၏အမြင်အား စတင် ပြောကြားလိုက်ကြသည်။ တစ်စုံတစ်ယောက်က အနုပညာသူတော်စင်အား မျက်နှာချိုသွေးရန် ကြိုးပမ်းလိုက်သည်…” အနုပညာသူတော်စင်က စိတ်ကောင်းရှိလို့ သူ့ကို အရှက်တကွဲ မရှုံးနိမ့်စေဘဲ အလွယ်တကူ လွှတ်ပေးလိုက်တာကို ဒီကောင်က ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောရဲသေးတာလဲ…”

“ဒီအရှက်မရှိတဲ့ ခွေးကောင်…” ထိုနေရာတစ်ဝိုက် ဆဲရေးကာ စော်ကားသော စကားများ အများအပြား ထွက်ပေါ်လာနေသည်။

“ကျောက်မူရဲ့ စွမ်းဆောင်ရည်က တော်တော် ကောင်းတာပဲ… သူက ခင်းဗျားရဲ့ တပည့်ပီသပါပေတယ်… ဟွာအစ်ကို…” အရှင်လျိုက ချီးကျူးလိုက်သည်။ လူအတော်များများက သူ့စကားအား သဘောတူကြသည်။ သို့သော် စွမ်းအားမြင့်သော သူများက ကျောက်မူက အဆုံးအထိ ရီဖူရှင်း၏တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သော်လည်း ဆက်လက်၍ တိုက်ခိုက်ပါက အခြေအနေ မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရ ခက်ပေသေးသည်။ ထို့အပြင် ကျောက်မူကား ရီဖူရှင်းထက် တန်ခိုးအဆင့် မြင့်လှသည်။ သူက အနိုင်ရခဲ့လျှင်ပင် ဂုဏ်ယူစရာ မဟုတ်ပေ။

ရှာဖန်လည်း အတော် စိတ်ညစ်သွားသည်။ သူက ရီဖူရှင်းအား အမှန်တကယ် နားလည်နိုင်စွမ်း မရှိကြောင်း ရိပ်မိလိုက်သည်။ သူ၏ထူးခြားသော စွမ်းရည်များက ဟွာဖန်းလူက အဘယ်ကြောင့် တပည့်အဖြစ်မွေးကာ သူ့အား ကယ်တင်ရန် အရူးအမူး ကြိုးပမ်းခဲ့သည်ကို သူ နားလည်လိုက်သည်။ ရီဖူရှင်းကား မြန်နိုင်သမျှ မြန်အောင် ဖယ်ရှားပစ်ရမည့် ဆူးငြောင့်ခလုတ် ဖြစ်သည်။ သူ့အား သည်ထက် စွမ်းအား မြင့်လာမည်ကို သူ ခွင့်မပြုနိုင်ပေ။

မွေးနေ့ ကျင်းပရာနေရာတွင် အနုပညာသူတော်စင်နှင့် ရီဖူရှင်း၏ဆရာ ကု့ချင်းမိစ္ဆာမှလွဲ၍ ရီဖူရှင်းနှင့် တကယ်တမ်း ပတ်သက်ပြီး ရင်ဆိုင်ရမည့်သူ မည်သူမှမရှိပေ။ သူတို့က သူ့အား အရှက်ရအောင် ပြောဆိုခဲ့သည့်တိုင်အောင် သွေးကြွေးဆပ်ရမည့် အဆင့်မဟုတ်ပေ။ ထို့ကြောင့် သူတို့က ရီဖူရှင်းနှင့် ပတ်သက်၍ စိုးရိမ်ရန် မလိုပေ။ သို့သော်လည်း ရှာဖန်အတွက်မူ ကွဲပြားခြားနားသည်။ အကယ်၍ ရီဖူရှင်းအား သည်ထက် စွမ်းအားမြင့်လာသည်ကို ခွင့်ပြုလိုက်ပါက ရီဖူရှင်းက သူ့အား သတ်ကို သတ်မည် ဖြစ်သည်။

“ရီဖူရှင်းကို ကျောက်မူရဲ့ တိုက်ကွက်ကို ခုခံနိုင်လိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး… သူက အတော် အရည်အချင်းရှိတာပဲ… ကု့ချင်းမိစ္ဆာက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ မထူးဆန်းတော့ဘူး… ကျုပ် ချင်းကျူမြို့ကို ရောက်တုန်းက သူ့ကို ဟွာဂျီယူနဲ့ စနောက် နေတာကိုတောင် တွေ့ခဲ့သေးတယ်… သူတို့နှစ်ယောက်ပုံစံအရ ထူးခြားတဲ့ ပတ်သက်မှုလို့ ကျုပ်ထင်တယ်… ဟွာဂျီယူက အလိမ်ခံရမှာကို စိုးရိမ်မိတယ်… ရီဖူရှင်းက သူမကို မကောင်းကြံနေသလား မသိဘူး…” ရှာဖန်က ပြောလိုက်သည်။ သူ၏စကားက လူအတော်များများ၏ စိတ်ဝင်စားမှုကို ရစေသည်။ သိသိသာသာပင် ရှာဖန်မှာ ရီဖူရှင်းနှင့် မကျေလည်သော တစ်ခုခု ရှိရပေမည်။

“ဟွာဂျီယူက နန်ဒူမိသားစုရဲ့ မင်းသမီးလေးပဲ… လူတိုင်းက သူမကို အရမ်း ထက်မြက်တယ်လို့ ချီးကျူးရတယ်… နန်ဒူအစ်ကို … ခင်ဗျား သတိထားရမယ်…” အရှင်လျိုက ပြောလိုက်သည်။ နန်ဒူဝမ်ရှင်းက အရှင်လျိုအား ကြည့်လျက် ပြောလိုက်သည်… “ခင်ဗျားရဲ့ အကြံပေးမှုကို ကျေးဇူးတင်ပါတယ်… အရှင်လျို… ဒါပေမဲ့ ဟွာဂျီယူက အဲဒီအချိန်တုန်းက သူမအဖေရဲ့ လမ်းညွှန်မှုနဲ့ တန်ခိုးကျင့်နေတယ်… ရီဖူရှင်းက ဟွာဖန်းလူရဲ့ တပည့်ဖြစ်တယ်… သူတို့နှစ်ယောက်က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာ သိပ်တော့ မထူးဆန်းလှပေဘူး… ဒါပေမဲ့… ကျုပ်က သူမနဲ့ စကားပြောဖို့တော့ လိုလိမ့်မယ်…”

“ခင်ဗျား အဖြေတစ်ခု ရလာလိမ့်မယ်ဆိုတာ ကျုပ်သိတယ်…” အရှင်လျိုက ခေါင်းညိတ်လိုက်သည်။ သူ၏ဘေးမှ အနုပညာသူတော်စင်ကား အတွေးလွန်နေပုံရသည်။ အတန်ကြာလျှင် သူက ရုတ်တရက် ပြောလိုက်သည်… “ရီဖူရှင်းက မွေးနေ့ပွဲကို ဂုဏ်ပြုဖို့လာတာ မဟုတ်ဘူး… ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် အရှင်လျိုက ဟွာဖန်းလူကို ကုသပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ လာတာ ဖြစ်ရမယ်…”

အရှင်လျို အံ့အားသင့်သွားသည်… “ခင်ဗျားပြောတာက နဂိုက ရီဖူရှင်းက သူ့ဆရာကို ကုသပေးဖို့ ကျုပ်ဆီကို အကူအညီတောင်းဖို့ လာတာလို့ ပြောချင်တာလား…”

“ဒါမှန်တယ်…” အနုပညာ သူတော်စင်က ခေါင်းညိတ်လိုက်သည်။ သူက ရီဖူရှင်းက ဟွာဖန်းလူအား စော်ကားခဲ့ကြသောသူများအား မည်သို့ ရင်ဆိုင်ခဲ့သည်ကို တွေးလိုက်ကာ သက်ပြင်းချလျက် ပြောလိုက်သည်… “ဟွာဖန်းလူက တပည့်ကောင်း တစ်ယောက် ရထားတာပဲ…”

အနုပညာသူတော်စင် ကိုယ်တိုင်က ရီဖူရှင်းအား ချီးကျူးလိုက်ရာ လူတိုင်းက မည်သို့ ပြောရမည် မသိတော့။

“ကျောက်မူ… မနက်ဖြန်… ဒွန်ဟိုင်ကျောင်းတော်ရဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ သွားတက်ချေ…” အနုပညာ သူတော်စင်က ရုတ်တရက် ပြောလိုက်သည်။ သူ၏အသံကား တည်ငြိမ်သည်။ သူက ကျောက်မူမှာ သူ၏စကားတစ်ခွန်းတည်းဖြင့်ပင် မည်သည့် စစ်ဆေးမှုမျှ မလိုအပ်ဘဲ ကျောင်းဝင်ခွင့် ရမည်ကို သိပြီးသားပင်။ လူတိုင်းက ထိုအရာမှာ ထူးဆန်းသည်ဟု မထင်မိချေ။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲပင်လျှင် သည်ကိစ္စနှင့် ပတ်သက်၍ ပြဿနာရှိပုံမရပေ။

“ဟုတ်ကဲ့…” ကျောက်မူ ခေါင်းညိတ်လိုက်သည်။ နန်ဒူမိသားစု၏ ဟွာဂျီယူမှာလည်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် တက်ရောက်လျက်ရှိပြီး ရီဖူရှင်းမှာလည်း ဒွန်ဟိုင်ကျောင်းတော်ကို တက်ရောက် သင်ကြားလျက် ရှိနေသည်။

“အရမ်းထက်မြက်တဲ့ ကျောင်းသား နောက်တစ်ယောက် ရရှိတဲ့အတွက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို ဂုဏ်ပြုပါတယ်ဗျာ…” အရှင်လျိုက အဘိုးအိုအား ပြုံးကာ ပြောလိုက်သည်။

လင်းဇီယွီက အရာအားလုံးကို တိတ်တဆိတ်ပင် အကဲခတ်နေသည်။ ရီဖူရှင်း၏ ချောမော ခန့်ညားသော သွင်ပြင် သူမ၏စိတ်ထဲ ပေါ်လာသည်။ သည်ပေါ့တီးပေါ့ဆပုံဟန် ကောင်လေးက ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အကြီးအကဲနှင့် အရှင်လျို။ အနုပညာသူတော်စင်တို့၏ အကြားမှ ပတ်သက်မှုကို သိရှိပုံမရပေ။ သည်ကောင်လေး ညဏ်ကောင်းသည်ဟု ဆိုရပေမည်။ သူက အတင့်ရဲဟန် ရှိသော်လည်း သူကား သတိရှိပုံရ၏။ အနာဂတ်တွင် သူ့အား ခြိမ်းခြောက်နိုင်သည့် ကိစ္စမျိုးမရှိအောင် သူ ပြုမူသွားနိုင်ခဲ့သည်။ လူမြင်ကွင်းတွင် ပြုလုပ်ခဲ့သော စိန်ခေါ်ပွဲက သူ့အား အန္တရာယ်ပေးနိုင်ပုံ မရသော်လည်း ရီဖူရှင်းအတွက် ရန်သူ အများအပြားကို ဖိတ်ခေါ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

မွေးနေ့ပွဲမှာ ဆက်လက်၍ ကျင်းပသော်လည်း ပတ်ဝန်းကျင်မှာ မူလအခြေအနေသို့ ပြန်မရောက်တော့ပေ။ အရှင်လျိုကား သည်ညအတွက် တစ်ဦးတည်းသော ကြယ်တစ်ပွင့် ဖြစ်ရမည် ဖြစ်သည်။ သို့သော် ထိုအရာအား ရီဖူရှင်းက ခိုးယူသွားခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်းက သိမ်းငှက်နက်ကြီးအား စီးနင်းလျက် ဒွန်ဟိုင်ကျောင်းတော်ကို ပြန်နေပြီဖြစ်သည်။ အေးစက်သော လေပြင်းများက သူ၏စိတ်အား အတော်အတန် ကြည်လင် သွားစေသည်။ သူ၏အပြုအမူများက အတင့်ရဲသည်ကို သူသိသည်။ သို့သော် အနုပညာသူတော်စင်က လူအများ၏လေးစားမှုကို ရရှိကာ သူ၏တပည့်က ချီးကျူးမှုများ ဖုံးလွှမ်းနေသည်။ သို့သော် ဟွာဖန်းလူကား ဒဏ်ရာ ပြင်းထန်စွာ ရရှိနေပြီး လူအများက အနုပညာ သူတော်စင်ကို မျက်နှာလုပ်ရန် သူ၏ဆရာကို စော်ကားနေကြသည်။ သူ သည်းခံနိုင်စွမ်း မရှိပေ။

“ငါ လူအတော်များများကို ရန်လုပ်မိတယ်နဲ့တူတယ်…” ရီဖူရှင်း ရေရွတ်လိုက်သည်။ ယခုအချိန်မှစ၍ သူ ဂရုစိုက်ရတော့မည် ဖြစ်သည်။ အထူးသဖြင့် ရှာဖန်ကို ဖြစ်သည်။ သည်တိုက်ပွဲပြီးသည်နှင့် ရှာဖန်က သူ့အား သတ်ရန် ကျိန်းသေ ကြိုးစားတော့မည် ဖြစ်သည်။ တခြားလူများအတွက်မူ သူတို့က သူတို့၏ဂုဏ်သတင်းအား စိုးရိမ်ကြမည် ဖြစ်ရာ သူတို့ကိုယ်တိုင် လှုပ်ရှားရန် မဖြစ်နိုင်ပေ။ သို့သော်လည်း သူတို့က နောက်ကွယ်က တစ်ခုခု ကြံစည်လျှင် သူ မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။ သည်အချက်အား ကျောက်မူနှင့် တိုက်ခိုက်နေစဉ် လျှို့ဝှက် တိုက်ခိုက်ခံရခြင်းက သက်သေပင်။

သူ့အား လျှို့ဝှက်တိုက်ခိုက်သူမှာ အနုပညာ သူတော်စင်မဟုတ်လျှင် အရှင်လျို ဖြစ်နိုင်ကြောင်း ရီဖူရှင်း တွေးမိပြီးဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ စိတ်ဝိညာဉ် စွမ်းအင်အခြေပြု မှော်ဆရာများ မဟုတ်ပါလား။

ထို့နောက် သူ့အား သတိပေးခဲ့သော သူမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အကြီးအကဲ ဖြစ်နိုင်ကြောင်း ရီဖူရှင်း သုံးသပ်လိုက်သည်။

***

ရီဖူရှင်းက ဒွန်ဟိုင်ကျောင်းတော်ကို ပြန်ရောက်သောအခါ လူတိုင်းက သူ့အား စိုက်ကြည့် နေကြသည်ကို တွေ့ရသည်။ သူကား သည်ကျောင်းဝင်းထဲတွင် ပိုမို၍ လူသိများ ကျော်ကြား လာပေသည်။ သို့သော်လည်း ရီဖူရှင်းက အလေးထားဟန်မရှိဘဲ သူ၏လမ်းကိုသာလျှင် ဆက်သွားလိုက်သည်။ သို့သော် သူ၏လမ်းအား ကျောင်းသား အတော်များများက ပိတ်ဆို့ထားပြီး ဖြစ်သည်။

“ရီဖူရှင်း…” ထိုအုပ်စု၏ခေါင်းဆောင် ဖြစ်ဟန်တူသူက ခေါ်လိုက်သည်။

“အင်း… ဘာလဲ…” ရီဖူရှင်းက သည်လူငယ်အား တစ်ခါမျှ မမြင်ဖူးပေ။

“ယန်းယန်ကျောင်းဆောင်က ဂျင်ယန်က မင်းကို စိန်ခေါ်ချင်တယ်… ဘာလို့ မင်းက ရှောင်ဖယ်နေတာလဲ…” ထိုလူငယ်က မေးလိုက်သည်။

ရီဖူရှင်းက သူ၏ရှေ့မှ လူငယ်အား စိုက်ကြည့်ကာ သည်လူငယ်မှာ မည်မျှ မိုက်မဲလိုက်သနည်းဟု တွေးလိုက်သည်။ သူက သူတို့အား အလေးထားရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် ဘေးမှ ရှောင်ဖယ်ကာ ဆက်သွားရန် ကြိုးပမ်းလိုက်သည်။

“မင်းက မင်းမှာ အချိန်မရှိဘူးလို့ ပြောတုန်းက ဒါက အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်လို့ မင်းမထင်ဘူးလား… မင်းက ကျုပ်တို့ ကျောင်းဆောင်က ကျောင်းသားတချို့ကို တိုက်ခိုက်ပြီး လာဘ်လာဘ ကျောင်းဆောင်ကို ဝင်ခွင့်ရခဲ့တယ်… အခု ကျောင်းတော်ကို ရောက်ပြီဆိုတော့ ကြောက်နေပြီမလား… ဒါက မင်းရဲ့ ပင်ကိုအမှန်ပုံစံမလား … မင်းက မင်းရဲ့ ကျောင်းဆောင်ကို အရှက်ရစေတယ်လို့ မထင်ဘူးလား…” ထိုလူငယ်က ရီဖူရှင်းအား ဆက်လက်၍ ရန်စလိုက်သည်။

ထိုနေရာတွင် လူအတော်များများက အခြေအနေကို ကြည့်နေကြသည်။ ရီဖူရှင်းက သွားနေရာမှ ရပ်လိုက်သည်။ သူက နောက်မလှည့်ဘဲ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများအား ပြောလိုက်သည်… “ငါအခု စိတ်ညစ်နေတယ်… မင်းတို့ရဲ့ ပါးစပ်ပေါက်တွေကို ပိတ်ပြီး ငါနဲ့တိုက်ခိုက်ဖို့ ဆက်မကြိုးစားနဲ့တော့… မဟုတ်ရင် မင်းတို့ နောင်တရလိမ့်မယ်…”

သူ ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် ဆက်လက် လျှောက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုလူငယ်က ရယ်မောလျက် ဆက်ပြောလိုက်ပြန်သည်… “မင်းက ငါ့ကို အမြင်သစ်တွေ တကယ်ပေးတာပဲ… တိုက်ပွဲကို ဒီလောက်ကြောက်ပြီး ရှောင်ပြေးနေတာတောင်မှ ဒီလောက် အရေထူနိုင်တဲ့ ကောင်မျိုး ငါအခုမှ တွေ့ဖူးတာပဲ…”

ထွက်ခွာရန် ဟန်ပြင်လိုက်သော ရီဖူရှင်း၏ ခြေထောက်များ တစ်ဖန် ရပ်တန့်သွားသည်။ လူတိုင်းက ရီဖူရှင်းက နောက်ကို လှည့်၍ ပြုံးရယ်ကာ ပြောလိုက်သည်ကို တွေ့ကြရသည်… “ဂျင်ယန်ကို ပြောလိုက်… သူ့ကို ငါဒီမှာ စောင့်နေမယ်လို့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset