အပိုင်း(58)

ကျုပ်ကမှော်ဆရာဆိုလည်းဟုတ်တယ် သိုင်းပညာရှင်ဆိုလည်းဟုတ်တယ်

ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် ဧည့်ခံပွဲတွင် ရယ်မော ပြုံးရွှင်နေကြသော လူများအားလုံး မျက်နှာ ပြန်တည်သွားကြသည်။ ထိုမတိုင်ခင်က အနုပညာ သူတော်စင်၏တပည့် ကျောက်မူက ရီဖူရှင်းအား စိန်ခေါ်ခဲ့ပြီး သူ၏ကု့ချင်းအား ဖျက်ဆီးပစ်ခဲ့သည်။ လူတိုင်းက ထိုအခွင့်အရေးအား အသုံးချကာ သူတို့၏ဂုဏ်သိက္ခာအား ပြန်ဆည်ရန် ဟာသလုပ်ပြီး သရော်နေခဲ့ကြသည်။ သို့သော်လည်း သူတို့က စတင်ကာ သရော်မည်ကြံကာ ရှိသေးသော်လည်း ရီဖူရှင်းက တစ်ဖန် သူ၏လွန်ကဲသော ပြောကြားချက်က သူတို့အား အံ့သြ ထိတ်လန့်စေပြန်သည်။

မှော်ဂီတပညာက သူ၏အားအနည်းဆုံး ပညာရပ်ဖြစ်သည်။

သူတို့ကား အရှုံးပေးရန် ဝန်လေးသော လူအတော် များများအား မြင်ဖူးကြသည်။ သို့သော် သူတို့က ရီဖူရှင်းမှာ အဆိုးရွားဆုံးသော မျက်နှာပြောင်တိုက်သူဟု သတ်မှတ်လိုက်ကြသည်။

ရီဖူရှင်းက ပါရမီရှင် လူငယ်နှစ်ယောက်အား မှော်ဂီတပညာဖြင့် အနိုင်ယူခဲ့ကာ အခြား လူငယ်များအားလည်း ချိုးနှိမ်ခဲ့သည်။ သို့သော်လည်း သူက ယခု သူ၏မှော်ဂီတပညာမှာ သူ၏အားအနည်းဆုံးသော ပညာဖြစ်ကြောင်း ပြောနေသည်။ သူကား သည်ဧည့်ခံပွဲမှ လူငယ်များအား တမင်ပင် အရှက်ခွဲနေခြင်းပင်။ ဆိုလိုသည်မှာ သည်ပါရမီရှင် လူငယ်များက သူ၏အဆိုးရွားဆုံးသော အရည်အချင်းနှင့်ပင် မယှဉ်နိုင်ဟူ၍ပင်။ ကြည့်ရသည်မှာ သူ၏ကု့ချင်းမှာ ကျောက်မူ၏လက်ချက်ဖြင့် စက္ကန့်ပိုင်းအတွင်း ပျက်စီးခဲ့ရသည်ကို မေ့သွားပုံရသည်။

ထိုနေရာမှ သြဇာကြီးမားသော လူကြီးများကလည်း သူ၏စကားကို မယုံကြည်ကြချေ။ သည်လူငယ်ကား သူ၏ရှုံးနိမ့်မှုကို မည်သို့မျှ မဖြစ်ပျက်ခဲ့သလို ဟန်ဆောင်နိုင်သည်။

သည်အရာကား သည်းခံရန် ခက်ခဲလှသည်။

“မင်းရဲ့တူရိယာ ပျက်စီးသွားတာတောင်မှ မင်းက ဒီလို ပြောနေသေးတယ်… ကောင်းပြီ… ကု့ချင်းမပါဘဲ ဘယ်လောက်စွမ်းလဲ ပြစမ်း…” ဇူချိန်ကား ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့သည်ကို ဒေါသထွက်နေဆဲဖြစ်သည်။ သူကား ကြယ်လေးပွင့် ကောင်းကင်အဆင့် ဖြစ်သော်လည်း တိုက်ခိုက်ရန်ပင် အခွင့်အရေး မရခဲ့ပေ။ သည်အရာက သူ့အား ပိုမို၍ ဒေါသထွက်စေ၏။

“မင်းက ငါနဲ့တိုက်ဖို့ တန်လို့လား…” ရီဖူရှင်းက သက်သောင့်သက်သာ ပြောလျက် ကျောက်မူထံသို့ လျှောက်သွားလိုက်သော်လည်း ဇူချိန်က လက်လျှော့ပုံ မရပေ။ သူက မတ်တတ်ရပ်လိုက်ပြီး သဘာဝ စွမ်းအင်များအား စုစည်းလိုက်သည်။

ရီဖူရှင်းက ကျောက်မူထံ လျှောက်သွားရာမှ ရပ်လိုက်ပြီး ဇူချိန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဇူချိန်၏ခန္ဓာကိုယ်မှ လျှပ်စီးများ စီးဆင်းနေပြီး သူ၏မျက်လုံးများက ဒေါသမီးများ ဝင်းဝင်းတောက်နေသည်ကို သတိထားမိလိုက်သည်။ ဇူချိန်က သူရှုံးနိမ့်ခဲ့ရသည်မှာ သူ၏သဘာဝ စွမ်းအင် စုစည်းမှုကို နှောင့်ယှက်ခံခဲ့ရခြင်းကြောင့်ဟု ယုံကြည်နေသည်။ မဟုတ်လျှင် ရီဖူရှင်းအား အနိုင်ယူနိုင်သည်ဟု သူမှတ်ယူထားသည်။

“လျှပ်စီးမှော်သိုင်း… လျှပ်စီးလေပွေ…” လျှပ်စီးမိုးကြိုးများက သူ၏တစ်ကိုယ်လုံးအား ဝန်းရံလိုက်လျှင် ဇူချိန်ကား မိုးကြိုးနတ်ဘုရားအလား မှတ်ရသည်။ ချက်ချင်းပင် အလွန်စူးရှတောက်ပသော မိုးကြိုးလျှပ်စီး ဓာတ်လုံးတစ်ခုက သူ၏လက်မှာ စုစည်းလာနေပြီး ထိုစွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းမည့်ပုံ ပေါ်နေသည်။

ရီဖူရှင်းလည်း မတတ်သာတော့ပေ။ သူကလည်း လက်ဝှေ့ယမ်းလိုက်လျှင် သူ၏လက်အား လျှပ်စီးများ ကြောက်မက်ဖွယ် စီးဆင်းလာပြီး မကြာမီ သူ၏ညာလက်တွင် လျှပ်စီးဖြင့် ဖန်တီးလိုက်သော မိုးကြိုးလျှပ်စီး ဓာတ်လုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ဒါမျိုး ငါလည်း လုပ်နိုင်တယ်…” ရီဖူရှင်းက အေးအေးသက်သာ ပြောလိုက်သည်။ လူငယ်နှစ်ယောက်လုံးက တိုက်ကွက်တစ်မျိုးတည်းကို ပြိုင်တူ ထုတ်သုံးလိုက်သည်ကို လူတိုင်းက အံ့သြတကြီး တွေ့မြင်လိုက်ရ၏။ ရီဖူရှင်း၏တန်ခိုးအဆင့်မှာ ဇူချိန်ထက် နိမ့်သော်လည်း သူ၏လက်ဝါးမှ လျှပ်စီးဓာတ်လုံးမှာ ဇူချိန်ထက်ပိုမို၍ အားကောင်းဟန် ရနေသည်ကို ထူးဆန်းစွာ မြင်တွေ့ကြရသည်။ ထို့ကြောင့် အကြောင်းပြချက်အား စဉ်စားလျှင် ရီဖူရှင်းက သည်တိုက်ကွက်ကို ဇူချိန်ထက် ပိုမို၍ ကျွမ်းကျင်သည် သို့မဟုတ် ရီဖူရှင်းက အလွန်နက်ရှိုင်းသော သဘာဝစွမ်းအင် ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သည်ဟု ကောက်ချက်ချနိုင်သည်။

ဇူချိန် အလွန် ရှက်ရွံ့သွားသည်။ ပြိုင်ဘက်က တူညီသော တိုက်ကွက်ဖြင့် သူ့အား ပြန်လည် တိုက်ခိုက်ခြင်းကား သူ့အား ကြီးမားစွာ အရှက်ရစေသည်။

“သွားစမ်း…” စွမ်းအင်ဓာတ်လုံးအား ပစ်လွှတ်လိုက်သည်။ လျှပ်စီးဓာတ်လုံးကား ရီဖူရှင်း၏ခန္ဓာအား ထွင်းဖောက်သွားမတတ် အောင်ပင် လျင်မြန်လွန်းလှသည်။ ဇူချိန်က ထိုနေရာတွင် မရပ်တန့်ပေ။ သူက မီးဓာတ်စွမ်းအင်များအား တစ်ဖန် စုစည်းကာ နောက်ထပ် တိုက်ကွက်တစ်ခု ထုတ်ရန် ကြိုးပမ်းလိုက်ပြန်သည်။ သူကား ဓာတ်နှစ်မျိုး စွမ်းအင် အထူးပြု မှော်ဆရာ ဖြစ်ရကား တိုက်ကွက် အဆက်မပြတ် ထုတ်လွှတ်ရာတွင် ကျွမ်းကျင်ပေသည်။

သို့သော်လည်း ရီဖူရှင်းက သူ့ထံ လျင်မြန်စွာ ပြေးဝင်လာသော လျှပ်စီးဓာတ်လုံးအား အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။ သူကလည်း သူ၏လျှပ်စီးဓာတ်လုံးအား လက်ဝါးတွင် စုစည်းလျက် ဇူချိန်ထံ ပြေးဝင်လိုက်သည်။ သည်တိုက်ကွက်ကား အဝေးမှ တိုက်ခိုက်သည့် တိုက်ကွက် ဖြစ်သော်လည်း ရီဖူရှင်းက အနီးကပ် တိုက်ခိုက်ရန် ကြံရွယ်ထားပုံရသည်။ ရီဖူရှင်းက သူတို့နှစ်ဦးကြားရှိ လေဟာပြင် အကွာအဝေးအား စွမ်းအင် ခရီးသွားနည်းကို အသုံးပြုလိုက်သကဲ့သို့ ဇူချိန်၏ဘေးနားကို ချက်ချင်း ရောက်ရှိသွားသည်။ ဇူချိန်ကား တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပဲ အံ့အားသင့် မှင်တက်လျက် ရှိနေသည်။

ရီဖူရှင်းကား ဇူချိန်ကို မျက်လုံးချင်း ဆုံအောင်ပင် ကြည့်နေသည်။ သူ၏လျှပ်စီးစွမ်းအင် စုစည်းထားသော လက်ဝါးကား ဇူချိန်၏ သေကွင်းသေကွက်နှင့် စင်တီမီတာခန့် အကွာအဝေးသာ ကျန်ရှိတော့သည်။ ရီဖူရှင်းက သူ့အား သက်ညှာလိုက်သည်ကို ဇူချိန် သဘောပေါက်လိုက်သည်။

“ငါတို့ ပြီးပြတ်သွားပြီမလား…” ရီဖူရှင်းက သူ၏တိုက်ကွက်ကို ပြန်ရုပ်လျက် ပြောလိုက်သည်။ ထို့နောက် သူက နောက်လှည့်လျက် ကျောက်မူထံသို့ ပြန်လျှောက် သွားလိုက်ပြန်သည်။ သူက တည်ငြိမ်အေးဆေးစွာပင် လျှောက်သွားလိုက်ခြင်းဖြစ်ရာ လူအတော်များများကပင် သူ၏အပြုအမူကို လေးစား အသိအမှတ် ပြုမိကြပေသည်။

သူက ဇူချိန်ကဲ့သို့သော စွမ်းအားမြင့် မှော်ဆရာအား တူညီသော တိုက်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ မည်မျှ ထက်မြက်လိုက်သနည်း။ သူ၏မှော်ဂီတပညာက အဆိုးရွားဆုံး ပညာရပ် ဆိုသည်မှာ မှန်သလော။ ကု့ချင်းမိစ္ဆာ၏ တပည့်တစ်ယောက် အနေဖြင့် သူက တခြား မသိနိုင်သော ထူးခြား စွမ်းအင်များအား လျှို့ဝှက်ထားသလော။ လူတိုင်း၏စိတ်ထဲတွင် အတွေးများ ပလူပျံနေကြလေပြီ။

ရီဖူရှင်းက ကျောက်မူ၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ သူက ရယ်မောလျက် ကျောက်မူအား စိန်ခေါ်လိုက်သည်… “ကောင်းကင်ကြယ်သုံးပွင့် အဆင့်… ရီဖူရှင်း… ခင်ဗျားရဲ့ နည်းစနစ်တွေကို ပြပါဦး…”

သူက သည်စကားများကို တမင် ပြောလိုက်သည်ကို သိကြသည်။ သူတို့က ရီဖူရှင်း၏ တန်ခိုးအဆင့်ကို သိရှိကြပြီး ဖြစ်သည်။ သူက ထိုသို့ မိတ်ဆက်ခြင်းမှာ ကျောက်မူအား ဆွပေးရန်သာ ဖြစ်သည်။

ကျောက်မူက ထိုရန်စမှုကို ဂရုစိုက်ပုံမရပေ။ သူက စိတ်စွမ်းအင်နှင့် သဘာဝစွမ်းအင်များအား စုစည်းလိုက်သည်။ သူက လေထဲတွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုအရာမှာ စူးရှထက်မြက်လှသော ဓားတစ်လက် ဖြစ်သည်ကို လူတိုင်းက သတိထားမိကြသည်။ ထိုဓားကား စကြဝဠာထဲမှ ရွှေဓာတ်သဘာဝများဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

“ကျောက်မူတော့ တကယ် တိုက်တော့မယ်…” ပရိသတ်က ကျောက်မူကဲ့သို့ တကယ့် အစစ်အမှန် ပါရမီရှင်က ရီဖူရှင်းအား မည်သို့ အနိုင်ယူလိုက်မည်ကို သိလိုနေကြပြီ ဖြစ်သည်။

ကျောက်မူက သူ၏တိုက်ကွက်ကို ရုတ်တရက် ထုတ်လိုက်သည်။ ဓားရှည်က ရီဖူရှင်း၏လည်မျိုကို ဦးတည်နေပြီး အလွန် လျင်မြန်လှသည်။ ရီဖူရှင်းကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ဘယ်ဘက်သို့ လျင်မြန်စွာ စောင်းပေးလိုက်လျှင် ဓားရှည်က သူ၏ဆံပင်အချို့ကိုပင် ဖြတ်တောက်သွားကာ သူ၏ဦးခေါင်းအနီးမှ ဖြတ်ကျော်သွား၏။

“ဘာလဲဟ…” ရီဖူရှင်းက သူ၏နောက်ဘက်မှ အန္တရာယ်၏ အငွေ့အသက်ကို ရလိုက်သည်။ ပထမဓားချက်လွဲသွားပြီး ထိုဓားက ပြန်လှည့်လာကာ သူ့ထံပြန်၍ ဦးတည်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက် အရပ်မှ နောက်ထပ် ဓားရှည်တစ်စင်းက သူ့ထံ ဦးတည်လာနေသည်။ စွမ်းအင်ထုတ်လွှတ်မှု တစ်ကြိမ်တည်းဖြင့် ဓားသွားများစွာ ဖန်တီးခြင်း ပညာဖြစ်ပေသည်။

“ဓားသွားတွေကို စိတ်စွမ်းအင်နဲ့ ထိန်းချုပ်နေတာလား…” ရီဖူရှင်းကား ထိုစွမ်းရည်ကို ရိပ်မိလိုက်ကာ ထိတ်လန့်သွားသည်။ ကြယ်ငါးပွင့်အဆင့်နှင့် မှော်ဂီတပညာရှင်တို့မှာ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွင် တူညီသော စွမ်းရည် ရှိကြပေသည်။

ရီဖူရှင်းက သူ၏ခန္ဓာကိုယ်အား ကာကွယ်ရန် ကြောက်မယ်ဖွယ် ကောင်းလှသော ရွှေရောင်ဓာတ် သဘာဝမုန်တိုင်းအား ဆင့်ခေါ်လိုက်သည်။ အတားအဆီးများမှာ ရွှေရောင်များ တောက်ပနေပြီး အလွန်မာကျောသော ပုံဟန်ရှိနေသည်။ ဓားသွားများက အတားအဆီးများနှင့် ထိတွေ့လိုက်လျှင် ထွင်းဖောက်သွားရမည့်အစား အတားအဆီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ကျောက်မူက ရာချီသော ဓားများအား ဆင့်ခေါ်ထားခြင်းဖြစ်ရာ ဓားသွားတစ်ခုစီက ထိုအတားအဆီးအား ထွင်းဖောက်ရန် လုံလောက်သော အားအင် ပါဝင်ပုံမရပေ။ သို့သော် အရေအတွက်ကား များပြားလှသည်။ ကျောက်မူ ဆင့်ခေါ်လိုက်သော ဓားများက အတန်းလိုက်အားဖြင့် ရီဖူရှင်း ကာကွယ်ထားသော အတားအဆီးကို လှည့်ပတ်နေကာ သိသာစွာပင် အတားအဆီး၏ အားနည်းသော နေရာကို ရှာဖွေနေပုံရ၏။ တစ်ချိန်တည်းမှာပင် သူက အသစ်အသစ်သော ဓားသွားများအား အဆက်မပြတ် ဆင့်ခေါ်နေသည်။

ရီဖူရှင်းက အပေါ်စီးသို့ ရောက်အောင် ယခုပင် လှုပ်ရှားရမည်ဟု တွေးလိုက်သည်။ သူက အတားအဆီးမှ ရုတ်တရက် ထွက်ပေါ်လာကာ လေဓာတ်သဘာဝအား သုံးလျက် ကျောက်မူ၏ရှေ့သို့ ရောက်လာသည်။ အနုပညာသူတော်စင်၏ တပည့်တစ်ယောက် အနေဖြင့် ကျောက်မူမှာ အားနည်းချက်မရှိသော ကြယ်ငါးပွင့် မှော်ဆရာဖြစ်သည်။ သို့သော် သူကား သိုင်းပညာတွင် အမှန်တကယ် အားနည်းပုံရသည်။ အနီးကပ် တိုက်ခိုက်ခြင်းက ရီဖူရှင်းအတွက် ကောင်းမွန်သော အခွင့်အရေးများအား ဖန်တီးနိုင်ပေမည်။

မရေမတွက်နိုင်သော ဓားများက ချက်ချင်းပင် ရီဖူရှင်းနောက်သို့ လိုက်ကြပြန်သည်။ တချို့တစ်ဝက်လောက်သော ဓားသွားများက ကျောက်မူ၏ခန္ဓာကိုယ်အနီးသို့ ရောက်ရှိလာပြီး သူ့အား ကာကွယ်ရန် အဆင်သင့် ပြင်ထားကြသည်။ သူတို့က ရီဖူရှင်း၏တိုက်ခိုက်မှုအား တုံ့ပြန်ရန် ဓားသွား အလင်းတန်းများပုံစံ ပြောင်းထားသည်။ သို့သော် ရီဖူရှင်းက ထိုကာကွယ်မှုကို ထွင်းဖောက်သွားကာ ကျောက်မူထံသို့ ဆက်လျက်၍ ချဉ်းကပ်သွားသည်။

ကျောက်မူကလည်း အနီးကပ် တိုက်ခိုက်မှုမှာ သူ၏အားနည်းချက်မှန်း နားလည်သည်။ သူက လေဓာတ်သဘာဝအား အသုံးပြုလျက် သူ၏ခန္ဓာကိုယ်အား ရီဖူရှင်းနှင့် ဝေးကွာအောင် ကြိုးပမ်းလိုက်သည်။ ဓားသွားအလင်းတန်းများက သူနှင့်အတူ လိုက်ပါသွားကြသည်။ ရီဖူရှင်းက သူနှင့် နီးကပ်လာသည်နှင့်အမျှ ဓားသွားများက ရီဖူရှင်းကို အဆက်မပြတ် တိုက်ခိုက်ကြသည်။ ကျောက်မူက ရီဖူရှင်း ဝင်လာနိုင်သော လမ်းကြောင်းတိုင်းကို ကာကွယ်ရန် ကြိုးစားနေသည်။

နောက်ဆုံးတွင် ရီဖူရှင်း စိတ်မရှည် ဖြစ်လာသည်။ သူက မရှောင်တိမ်းတော့ပေ။ သူ၏ခန္ဓာကိုယ်အား ကာကွယ်ရန် ရွှေဝါရောင် ကိုယ်ကျပ်တစ်ခု ဖန်တီးလိုက်သည်။ ဓားများကလည်း သူ၏ကိုယ်ကျပ်အား အဆက်မပြတ် တိုက်ခိုက်ကြပြီး အက်ကွဲရာများ စတင် ဖြစ်ပေါ်လာသည်။ ရွှေဝါရောင် ကိုယ်ကျပ်က နောက်ဆုံးတွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ သို့သော်လည်း ချက်ချင်းပင် ရီဖူရှင်း၏ကျောမှ အတောင်ပံတစ်စုံ ပေါ်လာကာ သူ၏တစ်ကိုယ်လုံးအား ဓားသွားများ၏တိုက်ခိုက်မှုမှ ကာကွယ်ထားသည်။ သူကား ကျောက်မူ၏အနီးသို့ ရောက်ရှိလုနီးပါးပင်။

တစ်ချိန်တည်းမှာပင် ကျောက်မူက သူ၏နောက်ဆုံးသော ဆင့်ခေါ်မှုကို ပြုလုပ်လိုက်ပြီး ဖြစ်သည်။ သူက ကျောတွင် အတောင်ပံတစ်စုံ ပါဝင်သော ခြင်္သေ့မိစ္ဆာအား ဆင့်ခေါ်လိုက်သည်။ အမှန်တကယ်အားဖြင့် လူများက သည်ကဲ့သို့ ခြင်္သေ့မိစ္ဆာမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သည်သတ္တဝါကြီးက အမှန်တကယ် ဖြစ်လာခြင်းမှာလည်း ကျောက်မူက တကယ့်အစစ်အမှန်၏ အကန့်အသတ်ကို ကျော်လွန်လျက် သူ၏ ဖန်တီးမှုအနုပညာကို ပုံစံပေါ်စေသော စွမ်းအားမြင့် ကြယ်ငါးပွင့် မှော်ဆရာ ဖြစ်နေခြင်းကြောင့်ပင်။

ခြင်္သေ့မိစ္ဆာက ရီဖူရှင်းအား ခုန်အုပ်လိုက်သည်။ ကျောက်မူက ကွဲပြားခြားနားသော မိစ္ဆာကောင်များအား ဆက်တိုက်ပင် ဆင့်ခေါ်နိုင်စွမ်း ရှိနေသေးသည်ကို ထိတ်လန့်တကြား မြင်တွေ့ကြရ၏။ သူ၏အားကောင်းလှသော စိတ်စွမ်းအင်က သူ၏အနီးကပ် အားနည်းချက်အား ကာကွယ်ရန် လုံလောက်ပေသည်။

နောက်ဆုံးတွင် ခြင်္သေ့မိစ္ဆာက သူ၏အနီးသို့ ရောက်ရှိလုနီးပါးတွင် ရီဖူရှင်းက သူ၏ သက်စောင့်ဝိညာဉ် နတ်ငှက်အား ဆင့်ခေါ်လိုက်လေသည်။ သူက သူ၏စွမ်းရည်များအား ဆက်လက်လျှို့ဝှက်ရန် ဆန္ဒမရှိတော့။ အဘယ်ကြောင့်ဆိုသော် သူက နတ်ငှက်အား ဒွန်ဟိုင်ကျောင်းတော်တွင် တစ်ကြိမ်ဆင့်ခေါ်ပြီး ဖြစ်လေသည်။

“မှော်ထိန်းချုပ်သူ…” လူတိုင်းက ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

နတ်ငှက်ကား လေဓာတ်နှင့် ရွှေဓာတ်နှစ်ခုကို အထူးပြု၏။ သို့သော်လည်း ရီဖူရှင်းသည်လည်း မှော်ဂီတပညာရှင် ဖြစ်သည်။ လူတိုင်းက သူ၏ စိတ်စွမ်းအင်များက မည်သည့်နေရာက လာသည်ကို သိလိုကြသည်။ ထိုစွမ်းအင်များက နတ်ငှက်နှင့် သက်ဆိုင်ဟန် မတူပေ။

ရွှေဓာတ်နှင့် လေဓာတ်နှစ်မျိုး ပါဝင်သော ရွှေရောင်နှင့် မီးခိုးရောင် မုန်တိုင်းများက သူ၏ခန္ဓာအား လှည့်ပတ်နေကြသည်။ မကြာမီ သူက လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏အမြန်နှုန်းက လေဓာတ်သဘာဝအား အခြေခံထားပုံရသည်။

ရီဖူရှင်းကိုယ်တိုင် နတ်ငှက်၏ကိုယ်ပွားပုံစံ ဖြစ်သွားသည်။ နတ်ငှက်က ခြင်္သေ့မိစ္ဆာနှင့် လေထဲတွင် ရင်ဆိုင်မိလျှင် လေထုပေါက်ကွဲသံကြီး တစ်ချက်အား ဝုန်းခနဲကြားလိုက်ရပြီး အားလှိုင်းများ လွင့်စဉ်လာကာ ပတ်ဝန်းကျင်မှ စားပွဲများကိုပင်လျှင် အဝေးသို့ လွင့်စဉ်သွားစေသည်။

ထိုအားလှိုင်းလွန်သွားပြီး၍ လူတိုင်းက မျက်လုံးဖွင့် ကြည့်လိုက်ကြလျှင် ခြင်္သေ့မိစ္ဆာ ရှုံးနိမ့်ခဲ့သည်ကို သတိထားမိလိုက်ကြသည်။ နတ်ငှက်၏အားအဟုန်က ခြင်္သေ့မိစ္ဆာအား သဘာဝစွမ်းအင် အစိတ်အပိုင်းများ အဖြစ် ကြေမွသွားစေပြီး မကြာမီ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။

ပရိသတ်များက ရီဖူရှင်း၏ တကယ့်စွမ်းရည်အား မခန့်မှန်းနိုင်ကြတော့ပေ။ သူကား ဓာတ်စွမ်းအင် အများအပြား သုံးနိုင်သော ဂီတမှော်ပညာရှင်။ မှော်ထိန်းချုပ်သူဖြစ်ပြီး တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။ သူ့တွင် အားကောင်းလှသော နတ်ငှက် သက်စောင့်ဝိညာဉ်လည်း ရှိသေးသည်။ သူ့တွင် အားနည်းချက် ရှိပုံမရတော့။ သူက မှော်ဂီတပညာမှာ သူ၏အဆိုးရွားဆုံးသော ပညာဖြစ်သည်ဟု ပြောသည်မှာ ထူးဆန်းမှု မရှိတော့ပေ။

သူလိမ်ညာနေခြင်း မဟုတ်ခဲ့ပေ။

လင်းဇီယွီကား အလွန်အံ့အားသင့်နေပြီ။ သူမနှင့် လမ်းခရီးတွင် သာမန်မျှ သိခဲ့သော သည်ချောမောသော ကောင်လေးက မျက်နှာဖုံးအား ခွာချလိုက်လျှင် သည်မျှ စွမ်းအားမြင့်လိမ့်မည်ဟု လုံးဝမထင်ခဲ့ပေ။

နန်ဒူဝမ်ရှင်းက အနည်းငယ် စိတ်ပျက်သလို ခံစားရသည်။ ကြည့်ရသည်မှာ ကု့ချင်းမိစ္ဆာ၏တပည့်မှာ အနုပညာ သူတော်စင်၏ တပည့်ထက် ပါရမီပါသည်မှာ ထင်ရှားနေပေပြီ။ ကျောက်မူ အရှက်တကွဲ ရှုံးနိမ့်ခြင်း မရှိသေးခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူကား တန်ခိုးအဆင့် ပိုမြင့်သောကြောင့် ဖြစ်သည်။

“ဒါက မင်းတတ်နိုင်တာ အကုန်လား… မင်းက ငါ့ထက် တန်ခိုးအဆင့် ပိုမြင့်သေးတယ်မလား…” ရီဖူရှင်းက ကျောက်မူအား ရယ်မောလိုက်သည်။ ကျောက်မူအား အလွန် ဒေါသထွက်နေလေပြီ။ ချက်ချင်းပင် သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ သူ၏သက်စောင့်ဝိညာဉ်ကား အရိပ်ပါဝင်သော စေတန်၏မျက်လုံးများ ဖြစ်ကြသည်။ မကောင်းဆိုးဝါး စိတ်ဝိညာဉ်စွမ်းအင်များက ကျောက်မူ၏ကိုယ်မှ ပျံ့နှံ့လာနေသည်။

ရီဖူရှင်းက ထိုသက်စောင့်ဝိညာဉ်အား သိသည်။ ထိုအရာကား စိတ်အား ထိန်းချုပ် စေစားနိုင်သော သက်စောင့်ဝိညာဉ်ဖြစ်ပြီး ရီဖူရှင်းက ထိုသက်စောင့်ဝိညာဉ်မှာ သူပိုင်ဆိုင်သော မုန်တိုင်း၏မျက်လုံးများ သက်စောင့်ဝိညာဉ်နှင့် ဆင်တူမှုများ အများအပြား ရှိကြောင်း သိသည်။

ရီဖူရှင်းက ပရိသတ်အား တိုက်ပွဲမှာ ပြီးဆုံးသွားပြီဟု ကြေညာကာ အိမ်ပြန်တော့မည်ဟု ဆုံးဖြတ်ခါနီး ချက်ချင်းပင် ကျောက်မူ၏မူလဝိညာဉ်အား ခံစားမိလိုက်သည်။ သို့သော် အလွန် နောက်ကျသွားပြီ။ ကျောက်မူ၏စိတ်စွမ်းအင်က သူ၏စိတ်ထဲသို့ ထွင်းဖောက် ဝင်ရောက်လာကာ သူ့အား တစ်နည်းနည်းဖြင့် သတိပေးနေကြသည်ဟု ခံစားရသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset