Switch Mode

အပိုင်း(၅၇)

တပည့်များ၏တိုက်ပွဲ

ရီဖူရှင်း၏စကားက သူတို့အားလုံးကို လူပုံအလယ်တွင် ပါးရိုက်ခံရသည့် အလားပင်။ ဟွာဖန်းလူအား အတန်ကြာက စော်ကားခဲ့ကြသူများ အားလုံး မျက်နှာများ နက်မှောင်သွားကြသည်။

သည်နေရာကား မွေးနေ့ပွဲကျင်းပရာ နေရာဖြစ်ပြီး အနုပညာ သူတော်စင်ကိုယ်တိုင် ရှိနေသည်။ သူတို့က အနုပညာ သူတော်စင်အား သူ၏ရန်သူကို နှိမ့်ချခြင်းဖြင့် မျက်နှာလုပ်ရန် ကြိုးပန်းခဲ့ရုံဖြစ်သည်။ သို့သော် လုံးဝ မထင်မှတ်စွာပင် ကု့ချင်းမိစ္ဆာ၏ ပါရမီထူးချွန်သော တပည့်က ပေါ်ပေါက်လာကာ သူတို့အား စိန်ခေါ်ခဲ့သည်။

ကု့ချင်း၏နောက်တွင် ထိုင်နေသော လူငယ်လေးကား ကြည်လင်ကာ လွတ်လပ်သော အချုပ်အနှောင် ကင်းသော မျက်လုံးများအား ပိုင်ဆိုင်ထားသည်။

ယွန်ယူနှင့် အကမယ်လေးများက သူ၏နောက်ကျောအား အံ့သြတကြီး ကြည့်နေကြသည်။ သည်လူငယ်ကား အလွန် တောက်ပနိုင်သော စွမ်းရည်ရှိပေသည်။

လင်းဇီယွီနှင့် ရှောက်ဟီတို့ကလည်း ရီဖူရှင်း၏ ထူးချွန်မှုကို ခံစားကြရသည်။ သူတို့က ခုနက ရှုံးနိမ့်ခဲ့သော လူငယ်လေးနှင့် အသိမိတ်ဆွေများ ဖြစ်ကြသည်။ ထိုလူငယ်၏ စွမ်းရည်များက နိမ့်ကျနေခြင်း မဟုတ်ပေ။ သို့သော် ထိုလူငယ်မှာ ရီဖူရှင်းထံတွင် စက္ကန်ပိုင်းအတွင်း ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်း၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှ ကောင်းသည်ကို ခန့်မှန်းနိုင်သည်။ လင်းဇီယွီက တွေးလိုက်သည်။ အကယ်၍ သူမက ရှေ့ထွက်၍ ယှဉ်ပြိုင်ခဲ့လျှင်လည်း ရလဒ်မှာ အတူတူ ဖြစ်ပေလိမ့်မည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ထိုအရာက သာမန်စိန်ခေါ်ပွဲ တစ်ခုသာ ဖြစ်သော်လည်း လူငယ် အတော်များများ တုံ့ဆိုင်းသွားကြသည်။

မှော်ဂီတက စိတ်ဝိညာဉ်အား တိုက်ခိုက်ခြင်းဖြစ်ရာ ထိခိုက်မိလျှင် မသက်သာလှပေ။ ရီဖူရှင်း အနိုင်ယူ တိုက်ခိုက်ခဲ့သော လူငယ်လေးမှာလည်း ကြယ်သုံးပွင့် ကောင်းကင်အဆင့် ဖြစ်ရာ သူ၏ဝိညာဉ်မှာ အတော်အတန် အားကောင်းပေသည်။ သို့သော်လည်း သူကား ရီဖူရှင်း၏ ဂီတသံစဉ်အောက်တွင် ခဏအတွင်း ဒဏ်ရာရကာ အရှုံးပေးခဲ့ရသည်။ ဆိုလိုသည်မှာ မည်သည့် ကြယ်သုံးပွင့်အဆင့် သိုင်းပညာရှင်။ မှော်ပညာရှင်တို့က ရီဖူရှင်းနှင့် ယှဉ်ပြိုင်ရန် လုံးဝမစဉ်းစားနှင့် ဟူသော သဘောပင်။ သူ၏စိတ်ဝိညာဉ်က အားမကောင်းလျှင် ရီဖူရှင်း၏ ဂီတသံစဉ်အောက်တွင် ချက်ချင်း အရှုံးပေးရမည် ဖြစ်သည်။

“ကြည့်ရတာတော့ ကု့ချင်းမိစ္ဆာမှာ ဆက်ခံသူ ရှိနေပြီကိုး… ဘယ်သူ စမ်းကြည့်ချင်သေးလဲ…” အရှင်လျိုက မေးလိုက်သည်။ သူ၏လေသံက တည်ငြိမ်နေဆဲပင်။ သို့သော် သူ၏စိတ်ထဲတွင်ကား အလွန်အမင်း မပျော်မရွှင် ဖြစ်နေလေပြီ။ ယနေ့ကား သူ၏ မွေးနေ့ပွဲဖြစ်သည်။ သို့သော် လူတိုင်း၏အာရုံစိုက်မှုမှာ ကု့ချင်းမိစ္ဆာ၏ တပည့်ထံတွင် ရှိနေသည်။ အကယ်၍ ရီဖူရှင်းမှာ သူ့မိတ်ဆွေ တစ်ယောက်ယောက်၏ တပည့်ဖြစ်ခဲ့ပါက ပိုကောင်းခဲ့မည် ဖြစ်သော်လည်း သူကား ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်နေသည်။ အရှင်လျိုမှာ အနုပညာသူတော်စင်၏ မိတ်ဆွေရင်းချာ တစ်ယောက် ဖြစ်နေရာ သူသည်လည်း ဟွာဖန်းလူကို သဘောမကျလှချေ။ ထို့အပြင် အတန်ကြာက ရီဖူရှင်း ပြောလိုက်သော စကားက လူအတော်များများအား ထိခိုက်စေခဲ့သည်။ ထိုလူများမှာ သူ၏ဧည့်သည်များ ဖြစ်ကြသည်။

သို့သော်လည်း ရီဖူရှင်းက သူ၏ရည်ရွယ်ချက်အား မူလကတည်းက ရိုးသားပွင့်လင်းစွာ ပြောပြီးဖြစ်သည်။ ထို့ကြောင့် သူ့အား ပြဿနာလုပ်ရန် ခက်ခဲလှသည်။ ထို့အပြင် လူကြီးများက လူငယ်တစ်ယောက်အား လူအများရှေ့တွင် ဦးတည်ချက်ထား တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အကောင်းဆုံးသော ဖြေရှင်းမှုမှာ သည်နေရာရှိ လူငယ်များထဲမှ တစ်ယောက်က ရီဖူရှင်းအား အနိုင်တိုက်ခိုက်ရန် ဖြစ်သည်။

“ကျုပ် စိန်ခေါ်တယ်…” တစ်စုံတစ်ယောက်က အော်လိုက်သည်။ လူအုပ်ထဲမှ ရွှေရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော အလွန် တက်ကြွနေဟန်ရှိသော လူငယ်တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါကား အနည်းငယ် ထင်ရှားနေသည်။

“ဒါ ဇူချိန်ပဲ… သူက ကြယ်လေးပွင့် ကောင်းကင်အဆင့် မိုးကြိုးနဲ့ မီးဓာတ်စွမ်းအင် နှစ်ခုသုံး မှော်ဆရာပဲ…” လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက သူ့အား မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်ကြသည်။ အထူးသဖြင့် လျိုနန်းတော်မှ လူငယ်များ ဖြစ်ကြသည်။ ကောင်းကင်ကြယ်လေးပွင့် အဆင့် မှော်ဆရာ၏စိတ်ဝိညာဉ်မှာ အနည်းငယ် ပို၍အားကောင်းရာ ရီဖူရှင်း၏ဂီတသံစဉ်အား ခံနိုင်ရည်အား ရှိတန်ကောင်းသည်။ သူ၏ဂီတသံစဉ် လွှမ်းမိုးမှု မရှိသရွေ့ ရီဖူရှင်းက သူ့အား အန္တရာယ် မပေးနိုင်ပေ။

“ဇူချိန်… ကြယ်လေးပွင့် ကောင်းကင်အဆင့် မှော်ဆရာ…” ဇူချိန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ကျေးဇူးပြုလို့…” ရီဖူရှင်းက စိတ်မရှည်စွာ ပြောလိုက်သည်။ သူက ဇူချိန်အား စိန်ခေါ်ပွဲ ဖိတ်ခေါ်ခြင်း ဟန်အမူအရာဖြင့် အချက်ပြလိုက်ကာ သူ၏ လက်ချောင်းများအား ကု့ချင်းကြိုးများပေါ်တွင် တစ်ဖန် ထိတွေ့လိုက်ပြန်သည်။

လူတိုင်းက သူ တီးခတ်လိုက်သော သံစဉ်ကို ကြားလျှင် ဆတ်ခနဲ ဖြစ်သွားကြသည်။ သည်တစ်ကြိမ်တွင် သူ၏ဂီတသံစဉ်တွင် ယခင်က ခံစားချက်များ မပါဝင်တော့။ သံစဉ်များက ဖရိုဖရဲဖြစ်နေကာ သီချင်းဟု သတ်မှတ်ရန် ခက်ခဲလှသည်။

“မိစ္ဆာစိတ်ကူး မြူနှင်းအလယ်…” အနုပညာသူတော်စင်က သံစဉ်အား မှတ်မိလိုက်ကာ ရေရွတ်လိုက်သည်။ သူကား ဟွာဖန်းလူ၏ ရန်သူတော်ဟောင်းဖြစ်ရာ သူ၏မှော်ပညာရပ်များ အားလုံးကို ရင်းနှီးမှုရှိသည်။ ရီဖူရှင်း တီးခတ်လိုက်သော သံစဉ်မှာ ကန်ရှန်နဂါးတေးထပ်မှ မိစ္ဆာစိတ်ကူး မြူနှင်းအလယ်… မှော်ဂီတသံစဉ်ဖြစ်သည်။ သည်တေးသွားကား ရင်ဆိုင်ရန် အလွန်ခက်ခဲလှသော စွမ်းအားမြင့် သံစဉ်ဖြစ်သည်။

မိုးကြိုးနှင့် မီးဓာတ်သဘာဝများက ဇူချိန်ထံမှ ကွဲထွက်လာကြပြီး သူ၏ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ စီးဆင်းနေကြသည်။

ရီဖူရှင်း တီးခတ်လိုက်သော သံစဉ်များက သူ၏နားထဲသို့ အဆက်မပြတ် ဝင်လာနေကြသည်။ ဇူချိန် တဆတ်ဆတ် တုန်ခါလာနေသည်။ သူကား သူ၏စိတ်ဝိညာဉ်ကို လုံးဝ တည်ငြိမ်အောင် ထိန်းမရပေ။ သူက သူ၏စုစည်းထားသော သဘာဝစွမ်းအင်များအား မှော်သိုင်းကွက်အတွက် အသုံးပြုရန် ကြိုးစားလိုက်တိုင်း တည်ငြိမ်မှု ပျက်ပြားကာ မှော်သိုင်းကွက်အဖြစ် ပုံပေါ်လာခြင်း မရှိပေ။

မှော်ပညာတွင် သဘာဝစွမ်းအင်ကို ထိရောက်စွာ စုစည်းနိုင်ခြင်းနှင့် စိတ်ဝိညာဉ်အား တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။ မဟုတ်လျှင် ထိုမှော်သိုင်းကွက်မှာ အောင်မြင်မည် မဟုတ်ပေ။ ကြည့်နေကြသောသူ အားလုံးထို ထူးဆန်းသော မြင်ကွင်းကို သတိထားမိကြသည်။ ဇူချိန်က များပြားလှသော သဘာဝ စွမ်းအင်များအား စုစည်းကာ မှော်သိုင်းကွက် ဖြစ်ပေါ်လာရန် ကြိုးစားသော်လည်း မည်သို့မျှ မအောင်မြင်ပေ။ သဘာဝစွမ်းအင်များ ကစဉ့်ကလျားဖြင့် သူ၏ကိုယ်တွင် အဆက်မပြတ် စီးဆင်းလိုက် ပျောက်ကွယ်လိုက် ဖြစ်နေပေသည်။

“ဘာဖြစ်နေတာလဲ…” လူတိုင်းက စိတ်ဝင်တစား ကြည့်နေကြသည်။ ရီဖူရှင်း၏ မှော်ဂီတသံစဉ်က သူ့တစ်ယောက်တည်းကို ဦးတည်နေပုံရသည်။ မမြင်ရသော အသံလှိုင်းများက ဇူချိန်ထံသို့ ဦးတည်ကာ ရွေ့လျားနေကြသည်။ ကြည့်ရှုနေသူများက အစီအစဉ်မကျသော ထိုသံစဉ်များကိုသာ ကြားနေရသော်လည်း ဇူချိန်အတွက်မူ မိစ္ဆာစိတ်ကူး မြူနှင်းအလယ် တိုက်ကွက်၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အဆက်မပြတ် ကြားနေရသည်။

ဇူချိန်ကား ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ သူ၏မျက်နှာမှ ချွေးသီးချွေးပေါက်များ ကျနေကာ ကြောက်မက်ဖွယ် ကောင်းအောင် မျက်နှာများ ရှုံ့မဲ့နေသည်။ တစ်စုံတစ်ခု မှားယွင်းနေပြီ။ ကန်ရှန်နဂါးတေးထပ်၏ သဘာဝအတိုင်း မဟုတ်တော့ဘဲ မိစ္ဆာစိတ်ကူး မြူနှင်းအလယ် တိုက်ကွက်က တိုက်ရိုက်အားဖြင့် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူက ရန်သူ၏ မှော်သိုင်းကွက် ထုတ်ဖော်မှုကို အနှောင့်အယှက်ပြု၏။ သည်သီချင်းကား မှော်ပညာ၏အားနည်းချက်ကို ဦးတည် တိုက်ခိုက်သည်။

ရီဖူရှင်းက ဆက်လက်၍ တီးခတ်လျှင် ဇူချိန်အတွက် သူ၏စိတ်အား တည်ငြိမ်ရန် အလွန် ခက်ခဲလာသည်။ သူ၏စိတ်ဝိညာဉ်မှာ ယိုင်နဲ့လာသည်။ သည်တိုက်ပွဲက သူ့တစ်သက်တွင် တစ်ကြိမ်တစ်ခုမှ မကြုံတွေ့ဖူးသော အလွန်ဆိုးရွားသော အတွေ့အကြုံဖြစ်ကာ တစ်ချိန်တည်းတွင် သူ့အတွက် သည်တစ်ကြိမ်မှာ ဂီတမှော်ဆရာနှင့် ပထမဦးဆုံး ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။

“ရလဒ်က သိသာနေပြီ… ရပြီ…” အနုပညာ သူတော်စင်က ပြောလိုက်သည်။ သူ၏တည်ငြိမ်သော အသံက လျှို့ဝှက်သော အားအင်များ ပါဝင်နေကာ ဂီတကို တစ်ဖန် ရပ်တန့်စေပြန်သည်။

ရီဖူရှင်းကလည်း သာမန်တေးသွားတစ်ခုကို တီးခတ်နေသကဲ့သို့ တည်ငြိမ်စွာပင် ကု့ချင်းထံမှ လက်ကို ပြန်ရုပ်လိုက်သည်။ အခြားတစ်ဖက်တွင်မူ ဇူချိန်မှာ တစ္ဆေတစ်ကောင်လို မျက်နှာများ ပြာနှမ်းလျက် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ သူ၏ကိုယ်ကား အနည်းငယ် တုန်ခါနေသည်။ သူက ရီဖူရှင်းအား ပေါက်ကွဲလုမတတ် ဒေါသကြီးစွာ ကြည့်နေသည်။ သူကား သည်ကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရှက်ခွဲ မခံခဲ့ရဖူးပေ။

ဒါက တကယ် စိန်ခေါ်ပွဲလား…။ အစကနေ အဆုံးအထိ ဇူချိန်ကား တိုက်ကွက်ထုတ်ရန် အခွင့်အရေး တစ်ကြိမ်မှ မရခဲ့ပေ။ သူကား ဂီတသံစဉ်ထဲတွင် ပိတ်မိနေခဲ့သည်။ သည်အတိုင်း ဆက်သွားပါက သူ၏ စိတ်ဝိညာဉ်သည်ပင်လျှင် ထိခိုက်နိုင်ပေသည်။

အနုပညာသူတော်စင်က ရီဖူရှင်းအား ထူးဆန်းသလို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဟွာဖန်းလူက သူ၏တပည့်အား ဒွန်ဟိုင်မြို့တော်ကို ခေါ်ဆောင်လာခြင်းမှာ အနားယူလိုသော ရည်ရွယ်ချက် ဟုတ်ဟန်မတူတော့။

“ပြန်လာတော့…” ဇူချိန်က သူ၏နေရာမှ ရွေ့လျားရန် စိတ်ကူး မရှိသည်ကိုမြင်လျှင် အရှင်လျိုက အမိန့်ပေးလိုက်သည်။ ဇူချိန်က ဆန္ဒမရှိပေ။ သို့သော် အရှင်လျိုက ပြောသောကြောင့် သူ နောက်ပြန်ဆုတ်လိုက်သည်။ သူ၏ခြေထောက်များက အားနည်းစွာ ရွေ့လျားရင်း ထိုနေရာမှ ထွက်ခွာလိုက်သည်။ သူ တွေးလိုက်သည်။ အကယ်၍ သူက သဘာဝစွမ်းအင်ကို စုစည်းရန် မကြိုးစားတော့ဘဲ အနီးကပ် တိုက်ခိုက်ရန် ကြိုးစားခဲ့ပါက မည်သို့ ဖြစ်မည်နည်း။ သူမ ကြိုးစားခဲ့မိသည့်အတွက် နောင်တရမဆုံးတော့။

ရီဖူရှင်းက ထိုင်နေဆဲဖြစ်သည်။ မည်သူမျှ ရှေ့တက်လာသည်ကို မမြင်တော့မှ သူက ထရပ်လိုက်သည်။ သူက အရှင်လျိုအား ပြောလိုက်သည်… “အရှင်ရဲ့မွေးနေ့ကို နှောင့်ယှက်မိတဲ့အတွက် တကယ် တောင်းပန်ပါတယ်… ကျွန်တော်က ဆရာ့ကို စော်ကားတဲ့လူတွေကို ပြန်ပြီး အပြစ်ပေးရုံပါပဲ… ကျွန်တော် ပြန်လိုက်ပါဦးမယ်…”

“မင်းက ပြဿနာကို မီးမွှေးပြီးမှ ဒီလို ထွက်သွားလို့ ရမလား…” အေးစက်သော အသံတစ်သံ ထွက်လာသည်။ လူတိုင်း၏အာရုံက အနုပညာသူတော်စင်၏ ဘေးနားမှ လူငယ်လေးထံ ရောက်သွားသည်။ ကျောက်မူက ရီဖူရှင်းအား မီးဝင်းဝင်းတောက်အောင် ကြည့်နေသည်ကို တွေ့ရ၏။

အနုပညာသူတော်စင်က နှစ်ပေါင်း အတန်အကြာက ကု့ချင်းမိစ္ဆာ၏မူလဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။ ယခု သမိုင်းက တစ်ကျော့ပြန်လည် လာမည်လော လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

လူအုပ်ထဲမှ လူငယ်အများစုမှာ စိတ်လှုပ်ရှား ပျော်ရွှင်သွားကြသည်။ ယခု ကျောက်မူ တစ်ယောက်တည်းသာ လက်စားပြန်ချေရန် အခွင့်အလမ်း ရှိပေတော့သည်။ ရီဖူရှင်း၏မှော်ဂီတပညာက သိုင်းပညာနှင့် မှော်ပညာနှစ်ခုလုံးကို ထိန်းချုပ်နိုင်ကာ ရင်ဆိုင်ရ အလွန်ခက်ခဲပေသည်။

“မင်းက စိန်ခေါ်ချင်တာလား…” ရီဖူရှင်းက မေးလိုက်သည်။

“ကျောက်မူ… ကြယ်ငါးပွင့်ကောင်းကင်အဆင့်… ငါက မင်းထက် တန်ခိုးအဆင့်မြင့်တယ်… ပထမကတော့ မင်းကို စိန်ခေါ်ဖို့ အစီအစဉ်မရှိဘူး… ဒါပေမဲ့ အခု မင်း ဒီလောက် မောက်မာတာကို မြင်ရတော့ ရှေ့ကို ထွက်လာရတာပေါ့… အနိုင်ကျင့်တယ်လို့တော့ မပြောနဲ့…” ကျောက်မူက သတိပေးလိုက်သည်။ ထို့နောက် သူက ရှေ့ကို လှမ်းထွက်လိုက်ပြီး ရီဖူရှင်း၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။

လူတိုင်း၏မျက်လုံးများက လူငယ်နှစ်ယောက်ထံသို့ ရောက်ရှိနေကြပြီ။ သူတို့က ရီဖူရှင်းအား နှာခေါင်းရှုံ့နေကြသည်။ အကယ်၍ သူတို့က ရီဖူရှင်းအား အလွယ်တကူ ထွက်သွားခွင့်ပေးလိုက်လျှင် ဟွာဖန်းလူအား စော်ကားခဲ့သော သူများသာမက ဤနေရာရှိ လူငယ်များ အားလုံးကို အရှက်ရစေပေသည်။ ယခု ကျောက်မူက စိန်ခေါ်တော့မည်ဖြစ်ရာ ရလဒ်မှာ အဖြေပေါ်နေပြီဖြစ်သည်။

လင်းဇီယွီကလည်း သည်လူငယ်နှစ်ယောက်အား ကြည့်နေသည်။ ရီဖူရှင်း၏ စွမ်းဆောင်ရည်က အံ့အားသင့်စရာပင်။ သို့သော်လည်း သည်တစ်ကြိမ် သူ၏ပြိုင်ဘက်မှာ ကျောက်မူဖြစ်သည်။ သူက သည်စိန်ခေါ်ပွဲအား ငြင်းပယ်ရန် သူမ မျှော်လင့်မိသည်။ ကျောက်မူက သူ့ထက် တန်ခိုး အဆင့်မြင့်သောသူဖြစ်ရာ သူ၏စိန်ခေါ်မှုကို ငြင်းပယ်ခြင်းမှာ ရှက်စရာ မဟုတ်ပေ။

“ဒါဆို… တိုက်ရအောင်…” လင်းဇီယွီက ထိုသို့ တွေးနေဆဲမှာပင် ရီဖူရှင်းက ပြောလိုက်သည်။ သူ၏နေရာတွင် သွားရောက် ပြန်ထိုင်လိုက်သည်။ ဟွာဖန်းလူမှာ နှစ်အတန်ကြာက အနုပညာသူတော်စင်ကြောင့် မူလဝိညာဉ်ပျက်စီးခဲ့ရသည်။ သို့သော် ရီဖူရှင်းကား လက်စားချေရန် လုံလောက်သော အင်အား မရှိသေးပေ။ သို့သော် သူ၏တပည့်နှင့် တိုက်ခိုက်ရန်မူ သူတတ်နိုင်သေးသည်။

ရီဖူရှင်းက ထိုင်ပြီးသည်နှင့် သူ၏ဂီတသံများ စတင် ထွက်ပေါ်လာသည်။ ကျောက်မူကလည်း မြေပြင်ကို ငုံ့ပြီး သူ၏လက်နှစ်ဖက်ဖြင့် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ သူ၏လက်ညှိုးများတွင် သဘာဝစွမ်းအင်များ စုစည်းနေပြီး ထိုစွမ်းအင်များအား ရုပ်ပုံတစ်ခု ဖြစ်လာရန် ထုတ်လွှတ်ပေးနေသည်။ ထိုအရာကား သိမ်းငှက်နှင့် ပုံဟန်တူသည်။ သူက ရီဖူရှင်း တီးခတ်လိုက်သော သံစဉ်များအား ကြားရသည်။ သို့သော် မည်သည့် သက်ရောက်မှုမှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူကား ကြယ်ငါးပွင့် ကောင်းကင်အဆင့် ဖြစ်သောကြောင့်ပင်။ သူ၏စိတ်ဝိညာဉ်က အားကောင်းသောကြောင့် ထိခိုက်မှုမရှိပေ။ မကြာခင် သူ၏သိမ်းငှက်ပုံက ရေးဆွဲပြီးသွားပြီး ရုပ်ပုံက အသက်ဝင်လာကာ လေထဲတွင်ပျံဝဲလျက် ရီဖူရှင်းထံသို့ တိုက်ခိုက်ရန် ဦးတည်သွားနေသည်။

ကြည့်နေကြသော သူများအားလုံး ထိတ်လန့်သွားကြသည်။ ကျောက်မူ၏ စွမ်းရည်များကား မြင့်မားလှသည်။

ရီဖူရှင်း တီးခတ်နေသော သံစဉ်မှာလည်း လျင်မြန်လာသည်။ သူ၏လက်ချောင်းများက တူရိယာပေါ်တွင် လျင်မြင်စွာ ပြေးလွှားနေသည်။ သံစဉ်တိုင်းက သိမ်းငှက်အား တိုက်ခိုက်နေကြသည်။ ထို့ကြောင့်ပင် သိမ်းငှက်၏ခန္ဓာကိုယ်မှာလည်း တစ်စချင်းတစ်စချင်း ပျက်စီးလာနေခဲ့သည်။ သို့သော်လည်း သိမ်းငှက်ကား နာကျင်ဟန်မရှိပေ။ နောက်ဆုံး ရီဖူရှင်းအနီးသို့ ရောက်ရှိလာသောအခါ ခန္ဓာကိုယ်မှာ တစ်ဝက်မျှသာ ကျန်ရှိတော့သည်။ သို့သော် သိမ်းငှက်က ရပ်တန့်ခြင်းမရှိဘဲ ရီဖူရှင်းအား တိုက်ခိုက်ရန် အနီးသို့ ရောက်ရှိလာခဲ့ပြီ။

ရီဖူရှင်းက သံစဉ်များအား ဆက်တိုက်ပင် တီးခတ်လိုက်သည်။ နောက်ဆုံးတွင် သိမ်းငှက်ကြီး၏ခန္ဓာမှာ အစိတ်အစိတ်အမြွှာမြွှာ ပျက်စီးသွားသလို ရီဖူရှင်း၏ကု့ချင်းမှာလည်း တစ်စစီ ပျက်စီးသွားတော့သည်။ လေရူးတစ်ချက်က ထိုပတ်ဝန်းကျင်အား ဝှေ့ယမ်းလိုက်လျှင် ရီဖူရှင်း၏အဝတ်စများနှင့် ဆံပင်များက လေထဲတွင် ကခုန်သွားကြသည်။

“ဟင်း ပျော့လိုက်တာ …” လူတိုင်းက ဖြစ်ပျက်သွားသမျှ အံ့သြတကြီးကြည့်ကာ ရီဖူရှင်း၏ရှုံးနိမ့်မှုကို မှတ်ချက်ပေးကြသည်။ ကျောက်မူက တိုက်ခိုက်လိုက်သည်နှင့် ရီဖူရှင်းကား ရှုံးနိမ့်ခဲ့လေသည်။

ရီဖူရှင်းကား ဂီတမှော်ပညာရှင် ဖြစ်သည်။ ကု့ချင်း မရှိဘဲ သူမည်သို့ ဆက်လက် တိုက်ခိုက်ပါမည်နည်း။

လင်းဇီယွီ သက်ပြင်းချလိုက်နေသည်။ ရီဖူရှင်းကား ထက်မြက်သည်။ သို့သော် သူ၏ပြိုင်ဘက်ဖြစ်သော အနုပညာသူတော်စင်၏တပည့်မှာလည်း တကယ့်ပါရမီရှင် မဟုတ်ပါလား။

သို့သော်လည်း ရီဖူရှင်းကား စိုးရိမ်ပုံမရပေ။ သူကား တိတ်တဆိတ်ပင် သုံးသပ်လျက်ရှိသည်။ နောက်ဆုံးတွင် ဟွာဖန်းလူက အနုပညာသူတော်စင်အား အဘယ်ကြောင့် ရှုံးနိမ့်ခဲ့သည်ကို နားလည်လိုက်သည်။ ကျောက်မူ ဖန်တီးလိုက်သော အကောင်မှာ ကု့ချင်းဂီတသံ၏ သက်ရောက်မှု မရှိပေ။ ထိုသတ္တဝါ၏ခန္ဓာကိုယ်အား သူက အဆက်မပြတ် တိုက်ခိုက်ခဲ့သော်လည်း ထိုသတ္တဝါကား သူ့ထံသို့ ရောက်ရှိခဲ့သည်သာပင်။ အဘယ်ကြောင့်ဆိုသော် ထိုသတ္တဝါမှာ စိတ်ဝိညာဉ် မပိုင်ဆိုင်သော သက်မဲ့ ဖြစ်နေသောကြောင့်ပင်။ ဂီတသံစဉ်များက သိုင်းပညာရှင်နှင့် မှော်ပညာရှင်များအား ထိန်းချုပ်နိုင်သည်။ သို့သော် သက်မဲ့ကိုမူ မထိန်းချုပ်နိုင်ပေ။

ထို့ကြောင့်လည်း သူ့ထက် တန်ခိုးအဆင့် နှစ်ဆင့်မြင့်သော ကျောက်မူ၏ တိုက်ကွက်ကြောင့် သူ၏ကု့ချင်း ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“ဒါတွေက မင်းတတ်နိုင်တာ အကုန်လား…” ကျောက်မူက ရီဖူရှင်း၏စကားကို ပြန်လည်၍ ပြောလိုက်ည်။ ကျောက်မူက ထိုနေရာတွင် ဝင့်ကြွားစွာ ရပ်နေသည်။

“ကျုပ်က ဆရာရဲ့လမ်းညွှန်မှုကို ရရှိခဲ့ပေမဲ့ … ပါရမီနည်းလို့ မှော်ပညာရဲ့ အဓိက အချက်တွေကို သင်ယူနိုင်စွမ်းမရှိခဲ့ဘူး… ဒါကြောင့်ပဲ ကျုပ်ရဲ့ဂီတမှော်ပညာက အားအနည်းဆုံး နေရာမှာ ရှိနေတာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset