လူငယ်က ကျယ်လောင်စွာ ပြောဆိုခြင်း မဟုတ်ပေ။ သို့သော် သူ၏အသံက တည်ငြိမ်လှသည်။ ရုတ်တရက်ပင် ဧည့်ခံပွဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ကု့ချင်းမိစ္ဆာရဲ့ တပည့် ရီဖူရှင်း… အရှင်လျိုကို ဆရာ့ကိုယ်စား ကျန်းခန့်သာစေဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်…”
လူတိုင်းက သည်လူငယ်မှာ ကု့ချင်းမိစ္ဆာ၏ တပည့် ဖြစ်သည်ဟူသော အချက်ကို အံ့အားသင့် ရသည်။ ငှက်တောင်ပံခတ်သံက သူတို့၏ စိတ်နှလုံးများအား လုံးဝ ဆွဲခေါ်သွားသည်။ သည်အချက်က သည်လူငယ်၏ မှော်ဂီတသံစဉ်တွင် အားပြင်းသော စိတ်စွမ်းအင်များ ပါဝင်နေသည်ကို ခန့်မှန်းနိုင်သည်။
သည်စွမ်းအင်က လူငယ်တစ်ယောက်က ဖန်တီးခဲ့ခြင်းဖြစ်ရာ သူ၏အရည်အချင်းကား သိသာလှသည်။ အကယ်၍ အနုပညာ သူတော်စင်ကသာ မတားဆီးခဲ့လျှင် သူတို့အားလုံးကို သည်ဂီတသံစဉ်က ထိန်းချုပ်ထားမည်သာ ဖြစ်သည်။
ယွန်ယူက ရီဖူရှင်းအား ထိတ်လန့်တကြား ကြည့်လိုက်သည်။ သည်သာမန်ပုံစံ ကောင်ကလေးကား အစွမ်းကြီးလှသည်။ သူ ယခုတီးခတ်ခဲ့သော ငှက်တောင်ပံခတ်သံ သံစဉ်မှာ ကျော်ကြားလှသော သံစဉ်များထဲမှ တစ်ခုဖြစ်သည်။ တချို့က ပြောကြသည်မှာ သည်သံစဉ်အား မှော်ဂီတပညာရှင်က တီးခတ်လျှင် နားထောင်မိသူမှာ ပုံရိပ်ယောင် ကမ္ဘာထဲတွင် ပိတ်လှောင် မိနေစေသော အစွမ်းရှိ၏။
လင်းဇီယွီနှင့် ရှောက်ဟီတို့ကလည်း သူ့အား ကြည့်လိုက်ကြသည်။ သည်သာမန် ကောင်လေးက အလွန်ကျော်ကြားလှသော ကု့ချင်းမိစ္ဆာ၏တပည့် ဖြစ်နေသည်မှာ သူမတို့ လုံးဝ မထင်မှတ်ထားသော အကြောင်းအရာ ဖြစ်သည်။
ဤသို့ဆိုလျှင် သည်လူငယ်မှာ ဂီတမှော်ဆရာ ဖြစ်လိမ့်မည်ကို ပြောနေစရာ မလိုတော့ပေ။
“ရီဖူရှင်း… ဒီနာမည်ကို ငါဘယ်မှာ ကြားဖူးခဲ့တာလဲ…” ဒွန်ဟိုင်ကျောင်းသား အချို့က ရေရွတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သည်နာမည်မှာ သူတို့အကြိမ်ကြိမ် ကြားဖူးသော နာမည်တစ်လုံးဖြစ်သည်။ မကြာခင် ထိုနာမည်နှင့် လူငယ်တစ်ဦးအား မှတ်မိလိုက်ကြကာ သည်လူငယ်မှာ ထိုမကြာခင်က ကျောင်းတော်တွင် ကျော်ကြားလာသော လူငယ်များလား သိချင်လာကြသည်။
အနုပညာ သူတော်စင်နှင့် အရှင်လျိုတို့ နှစ်ယောက်လုံးက ရီဖူရှင်းအား နားမလည်သလို ကြည့်လိုက်ကြသည်။ သူတို့က ကု့ချင်းမိစ္ဆာ၏တပည့်က သည်ဧည့်ခံပွဲကို လာရောက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားချေ။ အကယ်၍ နန်ဒူဝမ်ရှင်းက ကု့ချင်းမိစ္ဆာနှင့် ပတ်သက်၍ မပြောခဲ့လျှင် လူအများက အထင်သေး အမြင်သေး မပြောခဲ့လျှင် သည်ကောင်လေးကား တိတ်ဆိတ်စွာပင် ဆက်လက် တီးခတ် နေလိမ့်မည်သာ ဖြစ်သည်။
နန်ဒူဝမ်ရှင်းက ကု့ချင်းမိစ္ဆာမှာ သူ၏တပည့်အပေါ် မျှော်လင့်ချက် ကြီးမားကြောင်း ပြန်လည် ပြောပြခဲ့ရာ သူက အကြောင်းပြချက်အား နားလည်လိုက်သည်။ သည်ကောင်လေးအပေါ် ခံစားမိရသလောက် သူကား ကု့ချင်းမိစ္ဆာ လက်သစ်လေးဟု ပြောနိုင်ပေသည်။
တိတ်ဆိတ်ခြင်းက သည်နေရာတစ်ခုလုံးကို ကြီးစိုးနေသည်။ သည်အခြေအနေတွင် ကု့ချင်းမိစ္ဆာ၏တပည့် ပေါ်ပေါက်လာခြင်းကာ ပြဇာတ်ဆန်လှသည်။
ရှာဖန်ကား ရီဖူရှင်းအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူက ရီဖူရှင်းမှာ သည်အခြေအနေတွင် သူ၏နာမည်ဝိသေသကို ထုတ်ဖော် ပြောရဲလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။
ထိုစဉ် ရီဖူရှင်းက မတ်တတ်ရပ်လိုက်ပြီး ဒွန်ဟိုင်ကျောင်းတော် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ အကြီးအကဲအား ဦးညွှတ်လိုက်သည်… “လာဘ်လာဘ ကျောင်းဆောင်မှ ရီဖူရှင်းက ဆရာကြီးကို ဂါရဝပြုပါတယ်…”
“မင်းက ဒွန်ဟိုင်ကျောင်းတော်ကလား…” ထိုအဘိုးအိုက ကု့ချင်းမိစ္ဆာ၏တပည့်မှာ လာဘ်လာဘကျောင်းဆောင်တွင် တက်ရောက်နေသည်ကို အံ့အားသင့်သွားသည်။ ယခုတလော နာမည်ကျော်ကြားလာသော သည်ကောင်လေးကို သတိထားမိခြင်း မရှိကြောင်း သူ၏ပုံစံက ဖော်ပြနေသည်။
“ကျွန်တော်က အခုတလောကမှ ဝင်ခွင့်ရခဲ့တာပါ…” ရီဖူရှင်းက သူ၏နာမည် ရေးထိုးထားသော ကျောက်စိမ်းပြားလေးအား ထုတ်ပြလိုက်သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အကြီးအကဲက မည်သို့မျှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် ရှာဖန်၏မျက်နှာ သွေးဆုတ်သွားသည်။ ရီဖူရှင်းမှာ ဒွန်ဟိုင်ကျောင်းသို့ ဝင်ခွင့်ရလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
ဒွန်ဟိုင်ကျောင်းသား တစ်ယောက် အနေဖြင့် သည်နေရာကား လူအများရှိနေသော ဧည့်ခံပွဲဖြစ်ပြီး သူ့အား တစ်ခုခု ကြံစည်ရန် ခက်ခဲလှသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အကြီးအကဲ ကိုယ်တိုင်က သူ့အား သဘောကျဟန် မရသော်လည်း သူကား ဒွန်ဟိုင်ကျောင်းသား ဖြစ်နေသရွေ့ သူ့အား ထိခိုက်အောင် မည်သူမှ မလုပ်နိုင်ပေ။
လင်းဇီယွီကလည်း ရီဖူရှင်းအား ထုံထိုင်းစွာ ကြည့်နေသည်။ သူမကို ရီဖူရှင်းက ဒွန်ဟိုင်ကျောင်းတော်တွင် တက်ရောက်နေကြောင်း ပြောခဲ့သည်ကို သတိရလိုက်သည်။ ထိုအချိန်က ရီဖူရှင်းမှာ ကြွားဝါနေသည်ဟု ထင်ခဲ့သည်။ ယခုမူ သူက အမှန်ကို ပြောခဲ့သည်ကို သိလိုက်ပြီ။
အမှန်တွင် သူမအား အပြစ်မဆိုသာ။ သူမက ရီဖူရှင်းအား သင်္ဘောပေါ်တွင် ဆုံတွေ့ခဲ့သည့် အချိန်ကတည်းကပင် နွေဦးရာသီ ဝင်ခွင့်စစ်ဆေးခြင်းမှာ ကျော်လွန်ခဲ့ပြီ။ ထို့ကြောင့်လည်း သူမနှင့် ရှောက်ဟီတို့က ရီဖူရှင်းမှာ လိမ်နေသည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ခုတည်းသော ကျောင်းတော်ကို ဝင်ခွင့်ရရန် ဖြစ်နိုင်ဖွယ်မှာ ရီဖူရှင်းအား ကျောင်းတော်၏ အကြီးအကဲတစ်ယောက်က သဘောကျသောကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့် သူ့အား ခြွင်းချက်ထားကာ ကျောင်းဝင်ခွင့်ပေးခြင်းပင်။ သည်လိုဆိုလျှင် ရီဖူရှင်းမှာ ဒွန်ဟိုင်ကျောင်းတော်၏ အခြား ကျောင်းသားများထက် ပိုမို၍ အရည်အချင်းရှိမည်မှာ သေချာလှပသည်။
တခြားလူများကလည်း သည်ကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ နားမလည်ကြပေ။ ဒွန်ဟိုင်ကျောင်းတော်မှာ သည်ဒေသ တစ်ခုလုံးတွင် အကောင်းဆုံး ကျောင်းတော်ဖြစ်သည်။ ရီဖူရှင်းကား ဒွန်ဟိုင်မြို့တော်ကို ရောက်ရောက်ချင်းပင် ခြွင်းချက်ထားကာ ဝင်ခွင့်ရ၏။ အနုပညာ သူတော်စင်၏တပည့် ကျောက်မူမှာလည်း သူ၏မြင့်မားလှသော ပါရမီကြောင့် ကျော်ကြားလှသည်။ သို့သော်လည်း ကု့ချင်းမိစ္ဆာ၏တပည့် ရီဖူရှင်းက ပရိသတ်များအား ငှက်တောင်ပံခတ်သံ သံစဉ်ဖြင့် အံ့အားသင့် ထိတ်လန့်စေခဲ့သည်။ သူသည်လည်း သာမန်မဟုတ်ကြောင်း ထင်ရှားလှသည်။ အခြေအနေက ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာပေပြီ။
“အင်း… ဒါက သီချင်းကောင်းပဲ… မင်းရဲ့ဆရာကော ဘယ်လိုလဲ…” အရှင်လျိုက ပုံမှန်အသံဖြင့် မေးလိုက်သည်။ ရီဖူရှင်းက သည်သီချင်းအား မွေးနေ့လက်ဆောင် အနေဖြင့် တီးခတ်ခဲ့သည်။ သူက သည်အခြေအနေတွင် ယဉ်ကျေးမှုရှိရန် လိုပေသည်။
“ကျွန်တော့်ရဲ့ ဆရာက လူဆိုးတစ်ယောက်ရဲ့ အကွက်ချ လုပ်ကြံတာကို ခံလိုက်ရပါတယ်… အခု သူက စွမ်းအင် ပျက်စီးသွားပြီ… အခု ပြင်ပကိစ္စတွေကို အာရုံမစိုက်တော့ဘဲ ကု့ချင်းဥယျာဉ်မှ အေးအေးဆေးဆေး နေထိုင်နေပါတယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း ရှာဖန်ကား ဒေါသထွက်သွားသည်။ သူ့အား ရီဖူရှင်းက လူဆိုးဟု ရည်ညွှန်းခဲ့သည် မဟုတ်ပါလား။
လူတိုင်းက သူ့အား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ သည်လူငယ်ကား လိုအပ်သည့်စကားကိုသာ ပြောခဲ့သည်။ သူက ကု့ချင်းမိစ္ဆာမှာ မိမိဘာသာ နေထိုင်သည်။ စွမ်းအင် ပျက်စီးသွားသည်။ ပြင်ပကိစ္စရပ်များအား မပတ်သက်တော့။ သူ၏စကားများက သူ၏ဆရာအတွက် ဖြစ်လာနိုင်သော ပြဿနာများအား ကာကွယ်ထားသည်။
“ဒီနေ့… ကျွန်တော်က ဒီနေရာကို ရောက်ရှိလာတဲ့ ဧည့်သည်တွေကို တိတ်တဆိတ်နဲ့ အေးချမ်းစွာ ဖျော်ဖြေပေးသွားမလို့ပါ… ဒါပေမဲ့ ဆရာ့ကို လူအတော်များများက စော်ကားလာခဲ့ကြတယ်…” သူက ပရိသတ်များအား တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်… “ကျွန်တော်က တပည့်ကောင်း တစ်ယောက်တော့ မဟုတ်ဘူး… ဒါပေမဲ့ ကျွန်တော်နဲ့ ဆရာမှာ ဂုဏ်သိက္ခာရှိတယ် … လူတိုင်းက ဆရာကို စော်ကားနေတဲ့အချိန်မှာ ကျွန်တော်က ဘာမှမဖြစ်သလို ဟန်ဆောင်မနေနိုင်ပါဘူး… ဒီနေရာမှာ ဆရာ့ကို မကောင်းမြင်နေတဲ့ လူငယ်အများအပြား ရှိနေတယ်ဆိုတာ သိပါတယ်… ဒါကြောင့် ဒီနေရာမှာရှိတဲ့ လူတွေရဲ့ ဘယ်စိန်ခေါ်မှုကိုမဆို လက်ခံပါ့မယ်… ခင်ဗျားတို့က မသင့်တော်ဘူး မထင်ရင်ပေါ့…”
သူက အနည်းငယ် ရပ်တန့်လိုက်သည်။ ထို့နောက် ထိုစော်ကားသော စကားပြောခဲ့သော သူများအား စိုက်ကြည့်ကာ ပြောလိုက်သည်… “ကျေးဇူးပြုလို့…”
သူကား အသက် ဆယ့်ခြောက်နှစ်ခန့်မျှသာ ရှိသည်။ ယခု သည်နေရာတွင် သြဇာအာဏာ ကြီးမားသောသူများ အများအပြား ထိုင်နေသည်။ သို့သော် သူကား အလွန်အမင်း နှိမ့်ချ၍လည်း မပြောသလို မောက်မာစွာလည်း မပြောပေ။ သူ၏စကားလုံးတိုင်းက တည်ငြိမ်ကာ ခိုင်မြဲလှသည်။
အရည်အချင်းရှိသော လူငယ်များက သူတို့၏ စွမ်းဆောင်ရည်များအား ပြသကြပြီး အချင်းချင်း ချီးကျူးကြသည်။ သို့သော်လည်း ရုတ်တရက်ပင် တိတ်ဆိတ်နေသော တစ်စုံတစ်ယောက်က သူတို့အားလုံးထဲမှ မည်သူကိုမဆို စိန်ခေါ်ကြောင်း ကြေညာလိုက်သည်။ မည်မျှ ပြဇာတ်ဆန်လိုက်သနည်း။
ကု့ချင်းမိစ္ဆာတွင် သည်မျှ ရဲရင့်သော တပည့်တစ်ယောက် ရှိနေမည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ကြပေ။
လူတိုင်းက မည်သို့ပြောရမည် မသိကြတော့။ အရင်က သူနှင့် စကားပြောခဲ့ကြသော မိန်းကလေးများမှာလည်း သူတို့က ရီဖူရှင်းအား အမှန်တကယ် သိရှိခဲ့ခြင်း မရှိဟု ခံစားကြရသည်။ သူ၏ရုပ်သွင်အမှန်ကား ယခင်နှင့် အလွန် ကွာခြားလှပေသည်။
ကု့ချင်းမိစ္ဆာအား စော်ကားခဲ့သော သူများမှာ ရှက်ရွံ့သလို ခံစားလိုက်ကြရသည်။ သည်လူငယ်လေးမှာ ယဉ်ကျေးသော်လည်း သူ၏စကားလုံးများက ခိုင်မြဲလှသည်။ စိန်ခေါ်မှုကို ထား။ သူ၏အမူအရာ စိတ်နေသဘောထားများကပင် သူတို့အားလုံးကို မှေးမှန်သွားစေသလို ခံစားကြရသည်။
“တန်ခိုးအဆင့် ဘယ်လောက်လဲ… ကောင်လေး…” အရှင်လျိုက စိတ်ဝင်တစား မေးလိုက်သည်။ အကယ်၍ သည်ကောင်လေးက အလွန် စွမ်းအားမြင့်နေပါက လူငယ်များက သူ့အား စိန်ခေါ်ရာတွင် အရှက်ကွဲခံရမည့်အစား ငြိမ်နေခြင်းက ပိုကောင်းပေသည်။
“ကြယ်သုံးပွင့် ကောင်းကင်အဆင့်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ အရှင်လျိုက မည်သို့မျှ မပြောဘဲ တခြား လူငယ်များအား ဝှေ့ကြည့်လိုက်သည်။ သူ၏အသက်အရွယ်တွင် ကောင်းကင်ကြယ်သုံးပွင့် အဆင့်မှာ အရည်အချင်း ရှိသည်ဟု သတ်မှတ်နိုင်သော်လည်း သည်ဧည့်ခံပွဲတွင်မူ ရှားပါးသည်ဟု မဆိုနိုင်ပေ။
“မင်းရဲ့စိန်ခေါ်မှုကို ကျုပ်လက်ခံတယ်…” တစ်စုံတစ်ယောက်က ထိုင်ရာမှ ထလိုက်သည်။ ပြန်ပြောလိုက်သော သူကား ဓားသမားလူငယ် ဖြစ်သည်။ သူသည်လည်း ကြယ်သုံးပွင့် ကောင်းကင်အဆင့် ဖြစ်၏။
“ကောင်းပြီ… မင်းတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ထုတ်ပြကြ… ဒီနေရာကို ထိခိုက်မှာကို စိတ်မပူနဲ့…” အရှင်လျိုက ပြောလိုက်သည်။ သည်နေရာတွင် အလွန် စွမ်းအားမြင့်သော သူများ ရှိနေရာ ပရိသတ်များအား ကာကွယ်ရန် မခက်ခဲပေ။
“နားလည်ပါတယ်…” ဓားသမားက သူ၏ဓားအား ဝှေ့ယမ်းလိုက်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။
ရီဖူရှင်းက သူ၏ကု့ချင်းရှိနေရာသို့ ပြန်သွားလိုက်ကာ ဖြည်းညင်းစွာ ထိုင်လိုက်သည်။ အကမယ်များက သူ့နေရာမှ ရှောင်ဖယ်ထားကြပြီး ဖြစ်သည်။
လူအများက သူ၏ဆရာအား စော်ကားခဲ့ကြရာ ထိုစော်ကားသော သူများအား သူ၏ဆရာ၏ပညာအမွေ မှော်ဂီတပညာများဖြင့် ပြန်၍ ပညာပြသင့်ပေသည်။
သူက စတင်၍ တီးခတ်လိုက်လျှင် ရုတ်တရက် တစ်ခန်းလုံး အေးစက်သော အငွေ့အသက်များ ပြည့်နှက်လာသည်။ လူတချို့ဆိုလျှင် သူတို့အား ပုံရိပ်ယောင်ကမ္ဘာထဲသို့ ခေါ်ဆောင်သွားကာ သူတို့အား လှောင်ပိတ်ထားသလို ခံစားချက်မျိုးအား ခံစားလိုက်ကြရသည်။
“ဒါက မှော်ဂီတပညာပဲ…” စွမ်းအားမြင့်သော လူတချို့က ဂီတသံစဉ်အား မှတ်မိလိုက်ကြသည်။ သူတီးခတ်ခဲ့သော သက်တံရောင်စဉ်နှင့် ငှက်တောင်ပံခတ်သံမှာ စိတ်စွမ်းအားများ အနည်းငယ်သာ ထည့်သွင်း ထားခြင်းကြောင့် အမှန်တကယ်အားဖြင့် စွမ်းအားမြင့်ခြင်း မရှိပေ။ သို့သော် ယခုတစ်ကြိမ်တွင်ကား ရီဖူရှင်းက အမှန်တကယ် အလေးအနက်ထားခြင်း ဖြစ်ရာ သူတီးခတ်သော သီချင်းတွင် အားကောင်းသော စိတ်ဝိညာဉ် ထိန်းချုပ်မှုများ ပါဝင်နေပေသည်။
ဓားသမားက ဦးစွာ စတင် တိုက်ခိုက်လိုက်သည်။ သူက လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရီဖူရှင်းထံ ခုန်ဝင်သွားသည်။ သို့သော်လည်း အဆက်မပြတ် ပျံ့လွင့်လာသော သံစဉ်များကြားတွင် ဂီတသံများက သူ၏နားစည်မှတစ်ဆင့် သူ၏စိတ်ကို ညှို့ယူသွားကာ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်သွားလေသည်။ ယခု သူက မိမိကိုယ်ကို ရီဖူရှင်းထံသို့ ပြေးလွှား သွားနေသည်ကို မြင်ရသည်။ သို့သော် သူ၏နောက်ကျောတွင်ကား ကမူစွန်းတစ်ခု ဖြစ်နေကာ တစ်ကိုယ်လုံး ဟင်းလင်းပြင်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
သူက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံလိုက် ရသည်ကို သိလိုက်သည်။ ချက်ချင်းပင် သူက သူ၏ဓားသွားအား မီးဓာတ်သဘာဝများ စီးဆင်းစေကာ လေထဲသို့ ခုန်တက်လိုက်ပြီး အရှိန်အဝါကြီးစွာ ခုန်ဆင်းလာသည်။ သူ၏လက်များက ဓားအား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ဓားသွားကာ ရီဖူရှင်း၏နဖူးအား ဦးတည်နေသည်။
ရီဖူရှင်းက သူ၏လက်ချောင်းများအား လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏လက်ချောင်းများအား အလွန်မြန်ဆန်ကာ သူ၏သီချင်းတွင် နဂါးတစ်ကောင်၏ ဟိန်းသံကို အနည်းငယ် ခံစားကြရသည်။ ထို့နောက် သူက သံစဉ်များအား ဓားသမားလူငယ်ထံ ဦးတည်၍ တီးခတ်လိုက်ရာ ဓားသမားလူငယ်က သူ့ထံသို့ နဂါးတစ်ကောင် ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ နဂါးကြီးကား သူ၏ဓားကို မှုပုံမရပေ။ စက္ကန့်ပိုင်း အတွင်းတွင်ပင် နဂါးကြီးက သူ၏တစ်ကိုယ်လုံးအား ဝါးမျိုသွားလေသည်။
တကယ့် လက်တွေ့ အဖြစ်မှန်မှာကား လူတိုင်းက ဓားသမားလူငယ်မှာ တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်သည်ကို မြင်လိုက်ကြရသည်။ သူ့အား ကြည့်ရသည်မှာ အလွန်အမင်း နာကျင်နေပုံရကာ မကြာမီ မြေပေါ်သို့ လဲကျသွား၏။
ရီဖူရှင်းက သူ၏သီချင်း နောက်ဆုံးသံစဉ်ကို တီးခတ်လိုက်ပြီး အဆုံးသတ်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်… “ခင်ဗျားတို့က ကျုပ်ဆရာကို စော်ကားကြတယ်… ဒါပေမဲ့ တပည့်တွေကိုတော့ ဒီလောက်ပဲ လေ့ကျင့်ပေးနိုင်တယ်…”
***
Good