Switch Mode

အပိုင်း(၁၈၈၃)

သူ့ကို သေတဲ့အထိ ကျိန်ဆဲလိုက်

သူ ထိုသို့ အော်ဟစ်လိုက်စဉ် နတ်ဘုရားအာရုံနှင့် အလားတူသော မုန်တိုင်းတစ်ခုက ဒီဧရိယာကို ခြုံလွှမ်းလာသည်။ ၎င်းက ဝမ်လင်း၏ရှေးတောက်၊ ကောင်းကင်ဘုံမရှိ ဟူသော မန္တာန်ဖြင့် ဖန်တီးထားသော လှိုင်းဂယက်များနှင့် ထိပ်တိုက်တွေ့လေသည်။ ထိုလှိုင်းဂယက်အလွှာကိုးခုလုံးသည် ချက်ခြင်း ပျက်စီးကာ ရွှေရောင်အလင်းစက်များအဖြစ် လွင့်ပျောက်သွားသည်။

ယန်လု၏ခန္ဓာကိုယ်မှာလည်း ထိုနတ်ဘုရားအာရုံကြောင့် နောက်သို့ လွင့်သွား၏။ သူမသည် ပေတစ်ထောင်ကျော်လောက် နောက်ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွားနိုင်သည်။

အစွမ်းထက်နတ်ဘုရားအာရုံက ဒီဧရိယာကို ခြုံလွှမ်းနေရင်း မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲအားလုံးသည် ငြိမ်သက်စွာ စဉ်းစားကုန်သည်။ သည်လောကကို တိုက်ရိုက် ပြောင်းလဲမှုများက တဖြည်းဖြည်း ရပ်တန့်လာတော့သည်။

ဝမ်လင်းနှင့်ယန်လုတို့ကြားတွင် ထိုနတ်ဘုရားအာရုံ သက်ဆင်းလာကာ အဘိုးအိုတစ်ယောက် ပေါ်လာ၏။ ထိုအဘိုးအိုမှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ပိုင်ဆိုင်သည်။ သူသည် အရှင်ကုန်းနျန်၏ မူလခန္ဓာကိုယ်ပင်။

သူ၏ခန္ဓာကိုယ် ပေါ်လာသည်နှင့် သူ့အနှစ်သာရခန္ဓာကိုယ်မှာလည်း ရောက်လာကာ ပေါင်းစပ်၏။ သူ၏မူလခန္ဓာကိုယ်နောက်တွင် ဝိုးတဝါးအရိပ်တစ်ခု ဖြစ်ပေါ်သည်.

ထိုအဘိုးအိုထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ပျံ့လွင့်လေ၏။ ဝမ်လင်းက ၎င်းအော်ရာမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အထွတ်အထိပ်အချိန်တွင် ရှိစဉ်ကထက်ပင် သာလွန်သည်ဟု ခံစားမိလိုက်သည်။

“လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်…”  ဝမ်လင်း၏အမူအရာက တည်ငြိမ်စွာ ရှိနေ၏။ သို့သော် သူ့မျက်လုံးသူငယ်အိမ်မှာ မဆိုသလောက် လှုပ်ခတ်သွားသည်။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်…” ထိုအဘိုးအို၏ ခန္ဓာကိုယ် ပေါ်လာသည့်နောက် မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲများက ဦးညွှတ်လိုက်ကြ၏။

သုန်မှုန်နေသော ယန်လုသည်ပင် တလေးတစား ဦးညွှတ်လိုက်၏။ ဝမ်လင်းတစ်ယောက်သာ နေရာတွင် ရပ်နေပြီး ဦးညွှတ်ခြင်း မရှိတာ ဖြစ်၏။ သူက တည်ငြိမ်စွာပင် အရှင်ကုန်းနျန်ထံ ကြည့်သည်။

“ယန်လု၊ အကြီးအကဲဝမ်ကို ငါ ဖိတ်ခေါ်ခဲ့တာ။ သူဟာ ငါ့မဟာစိတ်ဝိညာဉ်ကလန်ရဲ့အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ နင့်ရဲ့ မီးကြောတောင်အတွက်တော့ ဒီအဘိုးအိုက နင့်အတွက် တခြားတောင်တလုံး ထပ်ပေးမယ်။ နင့်ကို သုံးရက်တာ ဝိညာဉ်ကျမ်းစာအဆောက်အဦထဲလည်း ဝင်ခွင့် ပြုလိုက်မယ်…”

အရှင်ကုန်းနျန်က မိန်းမလှယန်လုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

ယန်လုသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူမသည် မူလတုန်းက လက်သင့်မခံချင် ဖြစ်နေခဲ့၏။ သို့သော် ဝမ်လင်း၏ ကြောက်မက်ဖွယ်မန္တာန်အကြောင်း တွေးမိသည့်အခါ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

“ဒီကိစ္စက အခု အပြီးသပ်ပြီ။ အကြီးအကဲဝမ်နဲ့ ပတ်သတ်တဲ့ အရာအားလုံးဟာ ငါ့မဟာစိတ်ဝိညာဉ်ကလန်ရဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ ဒါကို မနာခံတဲ့သူမှန်သမျှ ကလန်စည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်…” အရှင်ကုန်းနျန်က ဘေးပတ်လည်ရှိ အကြီးအကဲများကို ဝေ့ခတ်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်က ဝမ်လင်းထံ ကျရောက်လာ၏။

“အကြီးအကဲဝမ်…မဟာစိတ်ဝိညာဉ်ကလန်ကနေ ကြိုဆိုပါတယ်…” အရှင်ကုန်းနျန်က ပြုံးလိုက်၏။

ဝမ်လင်းကလည်း ပြုံး၍ သူ့လက်နှစ်ဖက်ဖြင့် ယဉ်ယဉ်ကျေးကျေး အရှင်ကုန်းနျန်ထံ ဆုပ်ပြသည်။ လူတိုင်းက သူ့ကို ကြည့်နေကြစဉ် ဝမ်လင်းက ပြုံး၍ ဆိုလာ၏။ “ငါဟာ ဒီကို ရောက်လာတည်းက ပွက်လောက်ရိုက်မိစေခဲ့ပြီး အနည်းငယ် မဆင်မခြင် ဖြစ်ခဲ့ပါတယ်။ လူတိုင်းပဲ ဒီအတွက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

ဝမ်လင်းသည် ပြုံး၏။ သူ၏စကားလုံးတို့မှာလည်း မောက်မာနေခြင်း မရှိပေ။ သူက အလွန်ယဉ်ကျေးနေဟန် ပေါက်နေသည်။ သူ ခင်းကျင်းပြခဲ့သော အံ့ချီးဖွယ်မန္တာန်များကို တွေ့မြင်ခဲ့ရပြီး အခုလို တယဉ်တကျေး စကား ဆိုလာသည့်နောက် မဟာစိတ်ဝိညာဉ်ကလန်၏ တခြားအကြီးအကဲများကလည်း ယဉ်ယဉ်ကျေးကျေးကျေး ပြန်တုန့်ပြန်လာကြ၏။

“အကြီးအကဲဝမ်က ယဉ်ကျေးလွန်းနေပါပြီ။ ငါတို့ဟာ ကလန်တစ်ခုတည်းကမလား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာ သဘာဝပဲ…”

“ဟားဟား…အကြီးအကဲဝမ်ရဲ့ ကျင့်ကြံမှုက သာမန်မဟုတ်ဘူးပဲ။ သင့်ရဲ့မန္တာန်တွေဟာ အံ့အားသင့်ဖို့ ကောင်းလှတယ်။ ငါတို့ကျင့်ကြံသူတွေဟာ သန်မာမှုကို လေးစားကြတယ်။ ဒါက ဘယ်လိုလုပ် အဆင်အခြင်မဲ့တာ ဖြစ်ရမှာလဲ။ ပြဿနာမရှိဘူး…ပြဿနာမရှိဘူး…”

“အကြီးအကဲဝမ် အချိန်ရခဲ့ရင် စိတ်အေးတိမ်ထုတောင်ဆီ အလည်လာခဲ့ပါအုံး။ ငါ့မှာ ကောင်းကင်ဘုံလဘ္ဘက်ရည်တချို့ ရှိတယ်။ ငါတို့ တာအိုဆွေးနွေးရင်း လဘ္ဘက်ရည်လေး ဘာလေး သောက်လို့ရတာပေါ့…”

ပတ်ဝန်းကျင်ရှိလူများထံမှ ယဉ်ယဉ်ကျေးကျေးစကားများ ထွက်ပေါ်လာကြ၏။ ဝမ်လင်းသည် ပြုံး၍ နေကာ တစ်ယောက်ချင်းစီကို တလေးတစား ပြန်တုန့်ပြန်သည်။ ထို့နောက် အကြီးအကဲအားလုံးက သူတို့၏ဆိုင်ရာတောင်ထွတ်များထံ ပြန်သွားကြသည်။

မကြာမီတွင် မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်၌ ဝမ်လင်း၊ ယန်လုနှင့် အရှင်ကုန်းနျန်တို့ သုံးယောက်သာ ကျန်ခဲ့ကြ၏။ ယန်လု၏ တပည့်များက အကွာအဝေးတစ်ခုတွင် ရပ်နေကြ၏။ ဖန်ရှန်မင်ကလည်း သူတို့ထဲ၌ ရှိနေ၏။ သူသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေမိသည်။

“အကြီးအကဲဝမ်…မင်းအတွက် တောင်ထွတ်တစ်ခုကို ရွေးချယ်နိုင်တယ်။ ဒီအဘိုးအိုက မင်း ပြင်ဆင်အစီအစဉ်ချဖို့ ကူညီပေးမယ်။ မင်း မဟာစိတ်ဝိညာဉ်ကလန်နဲ့ ရင်းနှီးသွားခဲ့ရင် ငါ့ကို လာရှာပါ။ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတိုင်းဟာ ဝိညာဉ်ကျမ်းစာအဆောက်အဦထဲ ဝင်ရောက်ဖို့ အခွင့်အရေး ရှိကြတယ်။ အဲ့ထဲမှာ မင်း ရွေးချယ်နိုင်တဲ့ မန္တာန်တွေ အများကြီးပဲ…”

“ဒါ့အပြင် မင်းအတွက် ဟိုးလွန်ခဲ့တဲ့ ကြာမြင့်လှပြီဖြစ်တဲ့ အချိန်ကာလထဲက ပြင်ဆင်ပေးထားခဲ့တဲ့ လက်ဆောင်သုံးခုလည်း ရှိသေးတယ်။ မင်း ဒီကို ရောက်လာပြီ ဆိုမှတော့ ဒီအဘိုးအိုက ဘိုးဘေးရဲ့ ကိုယ်စား မင်းကို ဒီလက်ဆောင်သုံးခု ပေးမယ်။ ဒါတွေက မင်းအတွက် အသုံးဝင်မှာပါ…”

အရှင်ကုန်းနျန်၏ စကားရပ်အရ သူသည် ဝမ်လင်းကို ခေါ်လာခြင်းမှာ မည်မျှ အရေးကြီးသည်ကို လှစ်ဟပြသနေသည်။ ယန်လုက သည်စကားတို့ကို ကြားသည့်အခါ ငြိမ်သက်စွာ စဉ်းစားသွား၏။ သူမသည် စိတ်ထဲကနေတော့ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သို့သော် စကားတော့ မဆိုပေ။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားကာ မဟာစိတ်ဝိညာဉ်ကလန်ကို ကြည့်လိုက်၏။ သည်နေရာကနေ ကြည့်ပါက သူသည် မူလတုန်းက အနီရောင်တောင်သည် အခု အတော်လေး ပျက်စီးနေပြီကို လှမ်းမြင်နိုင်သည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားလိုက်၏။ သူနှင့် ယန်လုတို့ကြား၌ နက်ရှိုင်းသော ရန်ညှိုးများ ရှိမနေပေ။ ထို့အပြင် ဝမ်လင်းက သူမကို အရင်ဆုံး ရန်စခဲ့တာ ဖြစ်ပြီး သူမ၏လှိုဏ်ဂူကို ပျက်စီးစေခဲ့တာ မဟုတ်လား။ ယန်လု မဟုတ်ဘဲ တခြားတယောက်ယောက်ဆိုလည်း ဒီလိုအခြေအနေကို လက်ခံဖို့ ခက်လိမ့်မည်သာ။

“စီနီယာအရှင်ကုန်းနျန်။ ငါ့အတွက် တခြား တောင်ထွတ် ရှာစရာမလိုပါဘူး။ ဒီး မီးကြောတောင်နဲ့တင် လုံလောက်ပါပြီ…”  ဝမ်လင်းက ပျက်စီးနေပြီ ဖြစ်သော အနီရောင်တောင်ထံ လက်ညွှန်ပြလိုက်၏။

“လှိုဏ်ဂူအသစ်ကိုတော့ ယန်လုကိုပဲ ပေးလိုက်ပါ…”  ဝမ်လင်းသည် မိန်းမလှယန်လုကိ ပြုံး၍ ကြည့်လိုက်၏။

ယန်လုသည် ခဏတာ မင်သက်သွား၏။ သူမ၏အမူအရာမှာလည်း အနည်းငယ် ပြေလျှော့သွားသည်။ သို့သော် သူမသည် စိတ်ထဲကနေတော့ ဒေါသထွက်နေတုန်းပင်။ ဝမ်လင်း သူမကို ပြုံး၍ ကြည့်သည်ကို မြင်သည့်အခါ သူမက အေးတိအေးစက်ဖြင့် ဝမ်လင်းထံ ပြန်စိုက်ကြည့်၏။

“ဘိုးဘေးအရှင်ကုန်းနျန်က ထိုသည်ကို တွေ့မြင်သည့်အခါ ရယ်မောလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဒါလည်း ကောင်းတာပဲ။ နောင်သုံးရက်ကြရင် အစိမ်းရောင်ကောင်းကင်ဘုံတောင်ထွတ်ဆီလာပြီး ငါ့ကို လာတွေ့ပါ…”

ထိုသို့ ပြောပြီးနောက် သူ့ညာလက်ဖြင့် လေဟာနယ်ကို ဖမ်းဆုပ်လိုက်၏။ ကျောက်စိမ်းပြားတစ်ခုက ဝမ်လင်းထံ ပျံသန်းဝင်လာသည်။

“ဒီကျောက်စိမ်းပြားက မင်းကို မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အတားအဆီးအများစုကို အဆီးအတားမရှိ ဝင်နိုင်၊ထွက်နိုင်စေလိမ့်မယ်…”

ဝမ်လင်းက ထိုကျောက်စိမ်းပြားကို လက်ခံယူကာ စကားဆက်၍ မဆိုတော့ပေ။ သူက တောင်ထိပ်ထံ ပျံသန်းလာပြီး ယန်လု၏ တပည့်များကို ဖြတ်ကျော်လာသည်။ ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်ကာ ဖန်ရှန်မင်ထံ လှမ်းကြည့်လိုက်၏။

ဖန်ရှန်မင်၏ နှလုံးသားမှာ ဝမ်လင်း၏ အကြည့် ဝေ့ခတ်သွားစဉ် တုန်ယင်မိသွားသည်။ သူမသည် ခေါင်းငုံ့မိသွား၏။ သူမ၏ကျင့်ကြံခြင်းမှာ ကင်းမဲ့ကာ တုချင်းကဲ့သို့ ဆန်းကြယ်အတိဒုက္ခခုနစ်ဆင့်သာ ရှိသေးပေ၏။ သူမနှင့် သူမညီမတို့က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ခြင်းသည် ကျင့်ကြံခြင်းနှင့် မဆိုင်ပေ။ သူမက မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်ယောက် ဖြစ်နေသည့်အချက်ကြောင့်သာ။

ထို့အပြင် ပိုနက်နဲသော အကြောင်းရင်းတစ်ခုနှင့် မတော်တဆ ကံကောင်းမှုတစ်ခု ရှိခဲ့ခြင်းကြောင့် ဖြစ်၏။ မဟုတ်ပါက အတိတ်တုန်းက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူမကို တာအိုလက်တွဲဖော်အဖြစ် ကောက်ယူခဲ့ချင်မှ ခဲ့လိမ့်မည်။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူ့ဘဝတွင် အရာများစွာ ဖြတ်သန်းဖူး၏။ သူသည် အပြင်လူများ မမြင်နိုင်သော အရူးအမူး စွဲလမ်းမှုများ ရှိပေ၏။ လေဟာနယ်အတိဒုက္ခအလယ်အဆင့်သို့ ရောက်လာခဲ့ပြီးနောက်တွင် သူသည် ဖန်ရှန်မင်နှင့် ဆက်ရှိခဲ့သည်ပင်။ ဤသည်က သူမကို သူ မည်မျှ အရေးစိုက်သည်ကို ပြသပေ၏။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအနေဖြင့် ဖန်ရှန်မင်နှင့် လျန်တောက်ဖေတို့ ပတ်သတ်မှု တစ်ခု ရှိနိုင်သည်ဟု ရှာတွေ့ခဲ့သောအချိန်က သူ အမှန်တကယ် ဒေါသထွက်ခဲ့တာ ဖြစ်နိုင်လောက်၏။

“ငါ့လှိုဏ်ဂူမှာ အစေခံမိန်းကလေး ကင်းမဲ့နေတယ်။ ဒီအမျိုးသမီးက အတော်လေး လှတယ်။ ယန်လု…သူမကို ငါ့ရှိ ပေးနိုင်မလား…”  ဝမ်လင်းသည် လျှောက်လှမ်းလာရင်း သူက ဖန်ရှန်မင်ကို ကြည့်၍ လက်ညွှိုးထိုးပြလိုက်သည်။

ဝမ်လင်း၏ စကားများကို ကြားသည့်အခါ ဖန်ရှန်မင်၏ စိတ်နှလုံးမှာ တုန်ယင်သွားပြီး သူမ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားချေ၏။

နောက်ဆုံး၌ ယန်လုက သူမကိုယ်သူမ တည်ငြိမ်နိုင်ခဲ့ပြီ ဖြစ်၏။ သို့သော် ဝမ်လင်း၏ စကားကို ကြားသည့်အခါ သူမသည် ချက်ခြင်း သတ်ဖြတ်လိုစိတ် ပြန်ပေါက်လာသည်။

ဝမ်လင်းက ရယ်မော၍ မဟာစိတ်ဝိညာဉ်ကလန်ထံသို့ ပျံသန်းလာတော့၏။ သူ့လက်ညှိုးထိုးပြခဲ့ခြင်းတွင် တခြားအဓိပ္ပာယ်တစ်ခုလည်း ရှိနေပေ၏။

ဝမ်လင်း ထွက်သွားသည့်နောက် ယန်လုက ရုတ်တရက် ဖန်ရှန်မင်ကို ကြည့်လာ၏။ သူမ မည်သို့တွေးနေသည်ကိုမူ မသိရနိုင်ပေ။

ဖန်ရှန်မင်က သူမ၏ ဆရာဖြစ်သူ စိုက်ကြည့်ခံရသည့်အခါ အောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။ သူမသည် စိတ်ပူပန်ရှုပ်ထွေးကာ ခေါင်းငုံ့ထားလိုက်မိ၏။ သူမက စကားမဆိုဝံ့တော့ချေ။

မဟာစိတ်ဝိညာဉ်ကလန်၌ ဝမ်လင်းက နက်မှောင်နေပြီ ဖြစ်သော မီးကြောထိပ်ပေါ်၌ ရပ်နေကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သည်တောင်မှာ မီးကြောသွေ့ခြောက်သွားခဲ့ပြီးနောက် အမှိုက်ဖြစ်သွားခဲ့လေပြီ။

သို့ပေမည့် ထိုအရာမှာ ဝမ်လင်းအတွက် ပြဿနာ မဟုတ်ပေ။ သူ ခပ်ဖွဖွ ခြေဆောင့်နင်းလိုက်ရာ သူ၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် သူ့နောက်တွင် ပေါ်လာပြီး တောင်ထံသို့ ပျံသန်းသွားချေ၏။

သူ၏အနှစ်သာရခန္ဓာ တောင်အတွင်းသို့ ဝင်ရောက်သွားသည့်အခိုက် ထိုတောင်ထံမှ မီးပင်လယ်တစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံနှင့် ချိတ်ဆက်သည့်အလား  ထင်ရလေ၏။ တောင်တခုလုံးသည် လောင်ကျွမ်းလာသည်။

“မင်းမှာ မီးစွမ်းအား ဆုံးရှုံးသွားမှတော့ ငါက မင်းကို မီးဓာတ် ပြန်ပေးလိုက်မယ်။ မင်းမှာ မီးဆန္ဒ ဆုံးရှုံးသွားမှတော့ ငါ့ဆန္ဒဟာ ဒီတောင်ရဲ့ စိတ်ဆန္ဒ ဖြစ်လာရမယ်…”

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ မီးပင်လယ်သည် တုန်ဟည်းကာ တောင်ပေါ်ရှိ အတားအဆီးများအားလုံးသည် လောင်ကျွမ်းခံရကာ အတားအဆီးအသစ်များ ပေါ်လာခဲ့ချေ၏။ ထိုတောင်၏အရောင်သည်လည်း ခပ်မှိန်မှိန်နီနေရာကနေ နေတစင်းကဲ့သို့ တောက်ပစွာ လင်းလက်လာသည်။

အရင်ထက်ပင် ထိုအလင်းက ပို၍ ပြင်းထန်လာသေး၏။ တောင်ပေါ်ရှိ မီးသည် ထာဝရ လောင်ကျွမ်းကာ လုံးဝ မငြှိမ်းသေတော့မည့်အလား။

ယန်လုက ထိုသည်ကို တွေ့မြင်သည့်အခါ ချက်ခြင်း အံတင်းတင်းကြိတ်မိသည်။ ဒီအပျက်အစီးတောင်ကို လက်ခံလိုက်သည့်အတွက် ဝမ်လင်းနှင့် ပတ်သတ်၍ ကျေနပ်မှုအရိပ်အယောင် အားလုံးမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

“ငါတို့နှစ်ယောက် အတူတူရှိလို့ မဖြစ်နိုင်ဘူး…”

သူမက စိတ်နှလုံးထဲရှိ ဒေါသကို ဖိနှိပ်လိုက်ပြီးနောက် ဘိုးဘေးကုန်းနျန်  သူမအတွက် စီစဉ်ပေးထားသော တောင်ထွတ်အသစ်ထံသို့ ရောက်လာ၏။ ထို့နောက် သူမသည် ချက်ခြင်းပင် ဖန်ရှန်မင်ကို ဆင့်ခေါ်လိုက်သည်။

“ဖန်ရှန်မင်…မီးတောက်သွေးကြောတောင်ကို သွားချေ။ ဝမ်ဆိုတဲ့လူက နင့်ကို သူ့အစေခံ ဖြစ်စေချင်နေတယ်။ သူ့အစေခံ သွားလုပ်လိုက်…”

“ဆရာ…” ဖန်ရှန်မင်၏အမူအရာမှာ ပြောင်းလဲသွား၏။ သူမသည် ဒူးထောက်ချလိုက်ကာ တုန်ယင်နေတော့သည်။ သူမက အလွန်သနားစဖွယ် ကောင်းနေပုံ ပေါ်ကာ သူမ၏မျက်လုံးထဲတွင် မျက်ရည်များ ပေါ်လာသည်။

ယန်လုက သူမ၏အမူအရာကို တွေ့မြင်သည့်အခါ အေးစက်စက်နှာခေါင်း ရှုံ့လိုက်၏။

“ဒီဝမ်ဆိုတဲ့လူဟာ အရင်တုန်းက နင် သူ့အကြောင်း ပြောပြခဲ့ဖူးတဲ့သူ မလား။ ဒီလူဟာ လှိုဏ်ဂူလောကကနေ ရောက်လာခဲ့တာ။ ဟက်…နင့် စွဲညှို့နိုင်မှုကို ပြန်သိမ်းထားလိုက်။ ဒါက နင့်ဆရာအပေါ်မှာ အလုပ်မဖြစ်ဘူး။ နင့်ရဲ့ သဘာဝဟာ အကျင့် သိက္ခာမဲ့တယ်။ နင်ဟာ နင့်တာအိုလက်တွဲဖော်၊ ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူကို သေတဲ့အထိ ကျိန်ဆဲနေခဲ့တာမလား။ ဒါ့အပြင် နင်က လျန်တောက်ဖေကိုပါ တာအိုခုနစ်ခုကလန်ရဲ့ လှိုဏ်ဂူထဲမှာ ပျောက်ကွယ်သွားစေခဲ့သေးတယ်။ နင့်ဆရာမှာ နင့်လို စွမ်းရည်မျိုး မရှိဘူး။ ဒါပေမဲ့ အဲ့ဝမ်ဆိုတဲ့သူကို နင့်ရဲ့ ဒီစွမ်းရည်ကို အသုံးပြုပြီး သူ့ကို သေတဲ့အထိ ကျိန်ဆဲပစ်လိုက်။ ဒါဆိုရင် ဆရာက နင့်အပေါ်မှာ ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ဘူး…”

ဖန်ရှန်မင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူမက ခေါင်းမော့ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။

“ထပ် မပြောတော့နဲ့။ နင် ကြိုက်ကြိုက်မကြိုက်ကြိုက် သွားရမယ်။ သူ့ကို သေတဲ့ အထိ  ကျိန်ဆဲပစ်။ ဒါဟာ နင့်အတွက် ကောင်းလိမ့်မယ်။ နင့်ရဲ့ စွဲညှို့နိုင်စွမ်းနဲ့ဆို နင် လုပ်နိုင်မှာပါ…”

ယန်လုက သူမ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းက ဖန်ရှန်မင်ကို ဒီတောင်ထံမှ သယ်ဆောင်သွားလေတော့သည်။

တောင်အပြင်ဘက်၌ ဖန်ရှန်မင်သည် အချိန်အကြာကြီး ငြိမ်ငြိမ်သက်သက် စဉ်းစားနေ၏။ သူမက ဝမ်လင်းရှိနေသော တောင်ထိပ်ထံသို့ လှည့်လိုက်သည်။ သူမ၏မျက်လုံးထဲ၌ ရက်စက်လိုမှုတို့ ပြည့်လာ၏။ ဝမ်လင်း၏ စကားလုံးများကြောင့်သာမက ယန်လုက သူမကို အတင်းအကြပ် စေလွှတ်လိမ့်မည် မဟုတ်ပေ။

“သေတဲ့အထိ ကျိန်ဆဲပစ်လိုက်…”  သူမဆရာ၏ စကားလုံးတို့က သူမ၏နားထဲတွင် ပြည့်နှက်လာသည်။ ဖန်ရှန်မင်က အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူမ၏မျက်လုံးထဲရှိ ရက်စက်လိုမှုတို့မှာ ကွယ်ပျောက်သွား၏။  ထို့နောက် တည်ငြိမ်သောစွဲဆောင်နိုင်မှုက အစားထိုး ဝင်ရောက်လာကာ သူမသည် ဝမ်လင်းရှိရာတောင်ထံသို့ လှမ်းလျှောက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset