Switch Mode

အပိုင်း(၅၅)

ငှက်တောင်ပံခတ်သံ

ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာကြသလို မွေးနေ့ပွဲမှာလည်း ဆက်လက် ကျင်းပနေသည်။ ရယ်မောသံများ စကားပြောသံများ ဆူညံနေသည်။ လူကြီးများနှင့် လူငယ်များက စက်ဝိုင်းငယ် ပုံစံထိုင်ကာ ရယ်မော ပြောဆိုနေကြသည်။ လက်ဆောင်ပဏ္ဍာများ ပေးအပ်ခြင်း။ နှုတ်ဆက်စကားများ ပြောခြင်းအပြင် သူတို့အားလုံးက ဒွန်ဟိုင်မြို့တော်မှာ ဖြစ်ပျက်နေသော အကြောင်းအရာများအား စိတ်ဝင်တစား ပြောနေကြသည်။ စကားဝိုင်းတွင် တစ်စုံတစ်ယောက်က ချင်းကျူမြို့မှ အဖြစ်အပျက် တစ်ခုအား ပြောလိုက်သည်။

“ငါကြားတာကတော့ သူ့ရဲ့ ရတနာတွေက ချင်းကျူမြို့မှာ ရှိနေတယ်တဲ့… ရှာဖန်… မင်းက ကိုယ်တိုင်သွားပြီး လေ့လာ စုံစမ်းသေးတယ်မလား…” တစ်ယောက်က ရှာဖန်အား စိတ်ဝင်တစား မေးလိုက်သည်။

ထို “သူ”ဟု သူတို့ ရည်ရွယ်သောသူမှာ ဧကရာဇ်ရီချင် ဖြစ်သည်။ သို့သော် သူ၏ နာမည်မှာ တားမြစ်ထားသော အရာတစ်ခုဖြစ်ရာ ဤနေရာမျိုးကဲ့သို့သော လူအများ နေရာများတွင် ပြောရန် မသင့်တော်လှပေ။

“ဒါအမှန်ပဲ … ဒါပေမဲ့ အဲဒီနေရာမှာ သားရဲဘုရင် လူဝံကြီးက စောင့်ကြပ်နေတဲ့အတွက် အနီးကို ကပ်ဖို့ အင်မတန် ခဲယဉ်းလှတယ်… လူဝံကြီးလက်ချက်နဲ့ ကျုပ်ညီလေးရဲ့ အသက်တောင်မှ ဆုံးရှုံးခဲ့ရတယ်…” ရှာဖိန်က ပြောလိုက်သည်။

“ရှာဖိန်ပြောတာ မှန်တယ်… ကျုပ်လည်း သတင်းကြားလို့ ချင်းကျူမြို့ကို လိုက်သွားပေမဲ့ ရတနာတွေကို သွားရှာတဲ့နေရာမှာ သားရဲကောင်တွေ ပိတ်ဆို့ထားတာကြောင့် လက်လျှော့ပြီး ပြန်လာခဲ့ရတယ်…” လင်းဇီယွီ၏ အဖေက ပြောလိုက်သည်။

လူအများအပြားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ အင်အားကြီး မိသားစုများနှင့် တန်ခိုးရှင် အများအပြားက ထိုသတင်းအား ကြားကာ ချင်းကျူမြို့သို့ အပြေးအလွှား သွားရောက်ခဲ့ကြသော်လည်း မည်သည့် ထူးခြားသော ရလဒ်မျှ မရခဲ့ကြပေ။

“တကယ် ဒီလောက် စွမ်းအားမြင့်တဲ့ သားရဲဘုရင်ဆိုရင် ငါတို့ကိုထား… နန်ဒူနိုင်ငံကိုယ်တိုင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်…” တစ်ယောက်က သက်ပြင်းချလျက် ပြောလိုက်သည်။

ထိုစကားအား ကြားပြီး ရီဖူရှင်း အနည်းငယ် ဝမ်းနည်းသွားသည်။ အကယ်၍ သားရဲဘုရင်က တီအန်ယွာတောင်မှ ထွက်ခွာရန် မငြင်းဆန်ခဲ့ပါက ဒွန်ဟိုမြို့တော်တွင် အန္တရာယ် ကြုံမည်ကို စိုးရိမ်နေစရာ လိုမည်မဟုတ်ပေ။ သူကား နန်ဒူနိုင်ငံတွင်ပင် သူကြိုက်သလို လုပ်နိုင်စွမ်း ရှိမည်ဖြစ်သည်။ တစ်ခါတစ်ရံသူက လူဝံကြီးအား ပြန်လည်၍ သူနှင့် အတူလိုက်ရန် သွားရောက် ဆွဲဆောင်သင့် မသင့် စဉ်းစားကြည့်သေးသည်။ သို့သော် မဖြစ်နိုင်မှန်းလည်း သူသိသည်။

“အစ်ကိုကြီးလင်း… ခင်ဗျားရဲ့သမီး လင်းဇီယွီက အခု အသက်ဆယ့်ခြောက်နှစ် ရှိပြီမလား… ကောင်မလေးက တဖြည်းဖြည်း ပိုပြီး လှလာတယ်…” အရှင်လျိုက ပြောလိုက်သည်။ ထို့နောက် သူ၏အကြည့်က လင်းဇီယွီ ထံရောက်သွားသည်။ သူမ၏မျက်လုံးတွင် အနည်းငယ် ရှက်ရွံ့မှုအား တွေ့ရ၏။

“အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ်… အရှင်လျို…” လင်းဇီယွီ၏ အဖေက ပြောလိုက်သည်။

“မိန်းကလေးက စေ့စပ်ပြီးသွားပြီလား…” အရှင်လျိုက မေးလိုက်သည်။

“မစေ့စပ်ရသေးဘူး… ဒါပေမဲ့ ကျုပ်သမီးက ငယ်သေးတယ်… သူမကို တန်ခိုးကျင့်တာမှာပဲ အာရုံစိုက်ထားစေချင်တယ်… အမြန်လိုစရာ မလိုဘူး…” သူမ၏အဖေက ပြန်ဖြေလိုက်သည်။

“ဒါမှန်တယ်… ဒါပေမဲ့ ဒီနေရာကိုပဲ ကြည့်ဦး… ဒီမှာ ထက်မြက်တဲ့ ပါရမီရှင် လူငယ်တွေ အများကြီးပဲ… သူတို့နဲ့ တွေ့တာကတော့ ပြဿနာမရှိပါဘူး…” အရှင်လျိုက ရယ်မော၍ ပြောလိုက်သည်။

“ထိုက်တန်တဲ့ လူငယ်ကို ပြောရမယ်ဆို… ကျုပ်ကြားတာကတော့ အနုပညာ သူတော်စင်ရဲ့ တပည့် ကျောက်မူက ကြယ်ငါးပွင့် ကောင်းကင်အဆင့်ကို ရောက်နေပြီဆို…” လင်းဇီယွီ၏ အဖေက ပြောလိုက်သည်။ သူက အနုပညာ သူတော်စင်၏နောက်တွင် ထိုင်နေသော ကျောက်မူအား ကြည့်လိုက်သည်။

“ဒါက ဆရာ့ရဲ့ သင်ပြမှုတွေကြောင့်ပါပဲ…”ကျောက်မူက ပြုံးလျက် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“နန်ဒူဝမ်ရှမ်းဘေးက နန်ဒူကိုင်လည်း ကျောက်မူနဲ့ယှဉ်ရင် နိမ့်လိမ့်မယ် မထင်ဘူး…” အနုပညာ သူတော်စင်က နန်ဒူကိုင်အား ကြည့်၍ ပြောလိုက်သည်။

“နန်ဒူကိုင်က အသက် အနည်းငယ် ကြီးပြီးတော့ သူ့အရည်အချင်းကလည်း မဆိုးဘူး… ဒါပေမဲ့ ကျောက်မူနဲ့ယှဉ်ရင် နည်းနည်း လိုသေးတယ်…” နန်ဒူဝမ်ရှမ်းက ပြောလိုက်သည်။

“သူမ ဘယ်လိုနေလဲ…” အနုပညာ သူတော်စင်က ရုတ်တရက် မေးလိုက်သည်။ နန်ဒူဝမ်ရှင်း အံ့အားသင့်သွားသည်။ ထို့နောက် မချိပြုံးပြုံးကာ ခေါင်းယမ်းလိုက်သည်… “ကျုပ်ညီမ အရင်အတိုင်းပါပဲ…”

“သူမရဲ့သမီး ပြန်ရောက်လာပြီလို့ ကြားတယ်… ကျုပ်တပည့်က သူတို့ချင်းတွေ့ပေးဖို့ နားပူနားဆာ လုပ်နေတာကြာပြီ…” အနုပညာ သူတော်စင်က ဆက်ပြောလိုက်သည်။ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အနုပညာ သူတော်စင်ကား သူ၏တပည့်နှင့် နန်ဒူမိသားစု၏ မင်းသမီးလေးအား နီးစပ်အောင် ကြံရွယ်နေသည်။ အံ့အားသင့်စရာ ကောင်းလှအောင် သူမမှာ သူ၏ရန်သူ ကု့ချင်းမစ္ဆာ၏ သမီးဖြစ်သည် ဟူသော အချက်ကို သူ ဂရုစိုက်ပုံမရပေ။ ဖြစ်နိုင်သည်က တစ်ယောက်ကို ချစ်လျှင် သူနှင့် ပတ်သက်သော အရာတိုင်းကို ချစ်သည်ဟူသော သဘောမျိုးပင်။ မည်သို့ပင်ဆိုစေ အနုပညာ သူတော်စင်ကား သူမကို ရူးသွပ်စွာ ချစ်နေဆဲပင်။

“မှန်တယ်… ဟွာဂျီယူက အရမ်းထူးခြား ထက်မြက်တော့ အခု ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ တက်ရောက် သင်ကြားနေတယ်…” နန်ဒူဝမ်ရှမ်းက ပြုံးလျက် ပြောလိုက်သည်။

ထိုစကားများအား ကြားကာ ရီဖူရှင်း စိတ်လှုပ်ရှားသွားသည်။ အနုပညာ သူတော်စင်က သူ၏တပည့်အား ဟွာဂျီယူနှင့် နီးစပ်စေလိုသည်။ ထို့အပြင် နန်ဒူဝမ်ရှင်းမှာ ဟွာဂျီယူ၏ အမေတွင် အစ်ကို ဖြစ်ပုံရပြီး ဟွာဂျီယူ၏ဦးလေး တော်စပ်မည်ဖြစ်သည်။

“ဟွာဂျီယူရဲ့ ပါရမီက ဒွန်ဟိုင်ကျောင်းတော်မှာ ထိပ်ဆုံးအဆင့်ရှိတယ်… သူမလို ပါရမီမျိုး ဒွန်ဟိုင်ကျောင်းတော်မှာ နောက်တစ်ယောက် တွေ့ဖို့မလွယ်ဘူး…” ကြယ်စင်ဧကရာဇ် ကျောင်းမှ အကြီးအကဲက ပြောလိုက်သည်။ ဟွာဂျီယူမှာ သူ့ကျောင်းဆောင်၏ ကျောင်းသူဖြစ်ရာ သူမ၏အရည်အချင်းနှင့် ပတ်သက်၍ သူ အတော်များများ သိထားသည်။

“ခင်ဗျားတို့တွေ အကုန်လုံးက ဟွာဂျီယူကို ချီးကျူးနေကြတော့ ကျုပ်တောင် သူမကို တွေ့ချင်လာတယ်…” အရှင်လျိုက ရယ်မောလိုက်သည်။

“ဟွာဂျီယူ…” ရှာဖန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူ၏မျက်လုံးများက ကု့ချင်းတီးခတ်နေသော ရီဖူရှင်းထံကို ရောက်သွားသည်။ ချင်းကျူမြို့တွင် ရီဖူရှင်းနှင့် ဟွာဂျီယူအား ချင်းကျူ ရေကန်ဘေးတွင် တွေ့ခဲ့သည်။ သူတို့နှစ်ယောက်၏ ပတ်သက်မှုမှာ သာမန် ဟုတ်ပုံမရပေ။ ထိုရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ပတ်သက်မှုအား နန်ဒူမိသားစုက သိသွားပါက မည်ကဲ့သို့ တုံ့ပြန်မည်ကို သူ သိလိုလှသည်။

ထိုမျှသော အတွေးက ရှာဖန်အား ပျော်ရွှင် မြူးထူးစေသည်။ ရီဖူရှင်းအား ဖျက်ဆီးပစ်ရန် တခြားနည်းလမ်းများ ရှိသော်လည်း ထိုသို့လုပ်ရန် မလိုပေ။ အကယ်၍ သူက သူတို့နှစ်ယောက်၏ ပတ်သက်မှုအား ထုတ်ဖော်ခဲ့ပါက သူက နန်ဒူမိသားစုအား အပြစ်လုပ်မိနိုင်ပေသည်။ နန်ဒူမိသားစုမှာ အင်အားကောင်းကာ ဂုဏ်သိက္ခာကြီးမားသော မိသားစုဖြစ်ရာ သူတို့၏ ဂုဏ်သိက္ခာအား အလွန် အလေးထားပေသည်။ အထူးသဖြင့် ဟွာဂျီယူအပေါ် သူတို့၏ အလေးထားမှုမှာ နက်ရှိုင်းလှရာ သူတို့က သူမအပေါ်ထိခိုက်စေမည့် အရာများအား ခွင့်ပြုမည် မဟုတ်ပေ။

ရီဖူရှင်းက တစ်စုံတစ်ခု မူမမှန်သလို ခံစားလိုက်ရကာ ရှာဖန်အား ခေါင်းမော့လျက် ကြည့်လိုက်သည်။ ထိုအချိန် အကုန်လုံးက ဟွာဂျီယူနှင့် ပတ်သက်၍ ပြောနေကြရာ ရီဖူရှင်းက ရှာဖန် မည်သို့ တွေးနေသည်ကို ရိပ်မိလိုက်သည်။ သူက ရှာဖန်အား မျက်မှောင်ကုတ်လျက် ကြည့်လိုက်သည်။ ရှာဖန်ကား ယုတ်မာ ကောက်ကျစ်သော လူတစ်ယောက်ဖြစ်ကြောင်း ချင်းကျူမြို့တွင် ကတည်းက အသက်နှင့်ရင်း၍ သူ သိရှိခဲ့ရပြီးဖြစ်သည်။

“အခွင့်အရေးကြုံလာတဲ့အခါ ကျုပ်က ဟွာဂျီယူကို ခင်ဗျားဆီလာပြီး ဂါရဝပြု ခိုင်းလိုက်ပါ့မယ်… အရှင်လျို…” နန်ဒူဝမ်ရှမ်းက ပြုံး၍ ပြောလိုက်သည်… “ခင်ဗျားတို့က ဟွာဂျီယူအကြောင်းကိုပဲ ပြောမနေနဲ့တော့… ဒီနေရာမှာ ပါရမီရှင်တွေ ဒီလောက်အများကြီး စုနေကြတာဆိုတော့ အရှင်လျိုလည်း စိတ်ပျော်အောင် လူငယ်တွေကို ဖျော်ဖြေခိုင်းရင် ဘယ်လိုလဲ…”

“ဒါမှန်တယ်… ဒွန်ဟိုင်မြို့က ထက်မြက်တဲ့ လူငယ်တွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရဖို့ဆိုတာ မလွယ်ကူဘူး…” တစ်ယောက်က ဝင်ပြောလိုက်သည်။

အရှင်လျိုကလည်း စိတ်ဝင်စားသွားပုံရသည်။ သူကလည်း ဝင်ပြောလိုက်သည်… “ဒါဆိုလည်း လူငယ်တွေကို ကျုပ်တို့လူကြီးတွေရဲ့ အရှေ့မှာ သူတို့ရဲ့ စွမ်းရည်ကို ပြခိုင်းကြတာပေါ့… အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့လူကို ဆုချီးမြှင့်ပေးကြတာပေါ့…”

“လင်းဇီယွီ… သမီးရဲ့ အရည်အချင်းကို အရင်ကြည့်ရအောင်…” အရှင်လျိုက လင်းဇီယွီအား ပြောလိုက်သည်။

သူမက မျက်လုံးဝိုင်းသွားသည်။ ထို့နောက် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပေါ့ပါးစွာပင် လူအုပ်အလယ်သို့ လျှောက်သွားလိုက်သည်… “ဦးလေးလျို… ဇီယွီရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ကို ရှုစားပါဦး…” ထို့နောက် သူမက ရေဓာတ်သဘာဝ စွမ်းအင်များအား စတင် စုစည်းလိုက်သည်။ သူမ၏လက်များက ရေဓာတ်သဘာဝ စွမ်းအင်များအား သယ်ဆောင်လျက် လေထဲတွင် ညင်သာစွာ ရွေ့လျားနေသည်။ တဖြည်းဖြည်းဖြင့် အသက်ရှည်ခြင်း စာလုံးက လေထဲတွင် ပေါ်လာကာ အရှင်လျိုထံသို့ ရွေ့လျားသွားစေသည်။ ထိုစာလုံးက အရှင်လျိုထံသို့ ရောက်ရှိမှသာလျှင် ပျောက်ကွယ်သွား၏။

“လင်းဇီယွီ… သမီးက အခု ကြယ်သုံးပွင့် ကောင်းကင်အဆင့် ရောက်နေပြီပေါ့… ဘယ်လောက် မြန်လိုက်သလဲ… စိတ်ဝင်စားစရာ ကောင်းသားပဲ…” အရှင်လျိုက ချီးကျူးလိုက်သည်။

“အခုလို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်… ဦးလေးလျို…” လင်းဇီယွီက ပြောလိုက်သည်။ သူမက အရှင်လျိုအား ဦးညွှတ်လိုက်ပြီး လူအုပ်ထဲသို့ ပြန်လျှောက် သွားလိုက်သည်။

လူငယ်တစ်ယောက် ရှေ့သို့ထွက်လာသည်… “အရှင်လျိုအတွက် ကျွန်တော်က ဓားသိုင်းအလှ ကပြပါရစေ…” သူက သူ၏ဓားအား ဆွဲထုတ်လိုက်ပြီး လေထဲတွင် ဓားသိုင်းအလှကရန် ကြိုးပမ်းလိုက်သည်။ သူ၏ဓားချက်တိုင်းက လေထဲတွင် အရိပ် ထင်ကျန်ရစ်စေသည်။ နောက်ဆုံးတွင် လေထဲတွင် စာလုံးငါးလုံး ကျန်နေရစ်၏… “အဆုံးမရှိသော အသက်ရှည်ခြင်းကို ပိုင်ဆိုင်နိုင်ပါစေ…”

“မိုက်တယ်ဟေ့…” လူအများအပြားက သူ့ကို လက်ခုပ်သြဘာ ပေးလိုက်ကြသည်။ ထို့နောက် လူငယ်များ တစ်ယောက်ပြီး တစ်ယောက်က စွမ်းဆောင်ရည် အမျိုးမျိုးပြကာ အရှင်လျိုအား ဆုတောင်းပေးကြသည်။ သူတို့၏ စွမ်းဆောင်ရည်များက ဧည့်ခံပွဲအား ပိုမို၍ မြူးကြွစေလေသည်။

“အစ်ကိုဟွာ… ခင်ဗျားရဲ့ တပည့်ကိုလည်း ပွဲထုတ်ပါဦး…” တစ်ယောက်က အနုပညာ သူတော်စင်အား မေးလိုက်သည်။ အနုပညာသူတော်စင်၏ မျိုးရိုးနာမည်မှာလည်း ဟွာဖြစ်သည်။ သို့သော် သူ၏မျိုးရိုးနာမည် ဟွာမှာ တခြား အဓိပ္ပာယ်ရသော စာလုံးဖြစ်သည်။

“သွားလိုက်…” အနုပညာ သူတော်စင်က စေခိုင်းလိုက်သည်။

“ဟုတ်ကဲ့ ဆရာ…” ကျောက်မူက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ရှေ့သို့ လှမ်းထွက်လိုက်ကာ သူ၏လက်အား ဆန့်တန်းလိုက်လျှင် စုတ်တံတစ်ချောင်း ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ကြရသည်။ ထို့နောက် သူက ရွှေရောင်ကြမ်းပြင်တွင် အတော်အတန်ကြီးသော စာရွက်တစ်ရွက်အား ချလိုက်ကာ ခေါင်းငုံ့၍ တစ်စုံတစ်ခုအား ရေးဆွဲလိုက်သည်။

“ကျောက်မူရဲ့ စွမ်းဆောင်မှုကို မြင်ရခဲတယ်… ကျုပ်တို့က အနုပညာသူတော်စင်ရဲ့ တပည့် အခုလို စွမ်းဆောင်တာ မြင်ရတာ ကံကောင်းတယ်…” လူအုပ်ထဲမှ လူငယ်တစ်ယောက်က မှတ်ချက်ချလိုက်သည်။ ထိုနေရာရှိ လူငယ်များအားလုံးက ကျောက်မူအား အားကျကြသည်။

“သူ့ရဲ့စွမ်းဆောင်မှုကို ငါတို့ အရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး… ဒါကြောင့် ဘယ်လိုပုံစံ ဖြစ်လာမလဲမသိဘူး…” မိန်းကလေးတစ်ယေက်က ပြောလိုက်သည်။ သူမက ကျောက်မူအား စောင့်ကြည့်နေရင်း စိတ်ဝင်စားသောကြောင့် မျက်လုံးများ တလက်လက် တောက်ပနေသည်။

ကျောက်မူက လျင်မြန်စွာပင် ရေးဆွဲနေသည်။ သူ၏လှုပ်ရှားမှုက သိမ်မွေ့ကာ ညက်ညောလှသည်။ အရှင်လျိုက ချီးကျူးလိုက်သည်… “အစ်ကိုဟွာ… ခင်ဗျားရဲ့တပည့်က ဒီအသက်အရွယ်မှာပဲ ဒီလောက်ကောင်းမွန်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ရှိနေပြီပဲ…”

“ဒါမှန်တယ်…” လူတိုင်း ထောက်ခံလိုက်ကြသည်။ ယွန်ယူနှင့် တခြား အကမယ်လေးများပင်လျှင် ကနေရင်းဖြင့် ကျောက်မူထံ လှမ်းကြည့်နေကြသည်။ ရီဖူရှင်းလည်း ကု့ချင်းအား ငုံ့တီးနေသော်လည်း ထိုအဖြစ်အပျက် အားလုံးကို သိနေသည်။

သူကား မိမိကိုယ်ကို တွေးနေသည်။ ဟွာဖန်းလူနှင့် အနုပညာ သူတော်စင်တို့မှာ စွမ်းအားအနေဖြင့်သာမက၊ အချစ်ပြိုင်ပွဲတွင်လည်း ပြိုင်ဘက်များ ဖြစ်ကြသည်။ အနုပညာ သူတော်စင်ကဲ့သို့ သူထံမှ ဆရာမ၏အချစ်အား ပိုင်ဆိုင်ခွင့်ရခဲ့သော ဟွာဖန်းလူမှာ မည်မျှ ဆွဲဆောင်မှုရှိမည်ကို တွေးကြည့်နိုင်သည်။ အကယ်၍ ဟွာဖန်းလူမှာ ဒဏ်ရာရကာ စွမ်းအင်များ ပျက်စီးခြင်း မရှိခဲ့လျှင် အနုပညာ သူတော်စင်ကဲ့သို့ လူအများ၏ လေးစားခြင်း အားကျခြင်းများဖြင့် ဆက်ဆံခံရမည် ဖြစ်သည်။ သည်ကဲ့သို့ အခြေအနေ ရောက်ရခြင်းအား သူ၏ဆရာအတွက် ရီဖူရှင်း အမှန်တကယ် စိတ်မကောင်း ဖြစ်ရသည်။

ကျောက်မူက ရီဖူရှင်း တီးခတ်သည့် တီးလုံးနှင့် လိုက်လျောညီထွေစွာ ရေးဆွဲနေသည်။ တစ်ယောက်က အနုပညာ သူတော်စင်၏ တပည့်ဖြစ်ပြီး နောက်တစ်ယောက်မှာ ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်သည်။ သို့သော်လည်း လူတိုင်းက ကျောက်မူကိုသာ အာရုံစိုက်နေကြသည်။ နောက်ဆုံးတွင် ကျောက်မူ၏ရေးဆွဲခြင်း ပြီးဆုံးခဲ့ပြီ။ နောက်ဆုံးတွင် မီးလျှံများ အလျှံညီးညီး တောက်ပနေသော ဖီးနစ်ငှက်တစ်ကောင်က ထိုစာရွက်မှ ထွက်ပေါ်လာကာ လေထဲတွင် လှပစွာ လှည့်ပတ်နေလေသည်။ ထို့နောက် ထိုဖီးနစ်ငှက်က အော်ဟစ်လိုက်ကာ အရှင်လျို၏ဘေးနားသို့ ပျံသန်းသွားပြီး သူ၏ဘေးနားတွင် ကခုန်နေလေသည်။

“ဝိုး… ”

“အရမ်းမိုက်တယ်…”

“ဖီးနစ်က အောင်မြင်ခြင်းရဲ့ သင်္ကေတပဲ… ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ ဆုတောင်းလဲ… အနုပညာ သူတော်စင်ရဲ့ တပည့် ပီသပါပေတယ်…” လူတိုင်းက ကျောက်မူအား ချီးကျူးလိုက်ကြသည်။ အရှင်လျိုကိုယ်တိုင်ကပင် သူ့အား ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်…” မင်းကို ဆုချီးမြှင့်ရမယ်…”

“ကျေးဇူးတင်ပါတယ်… အရှင်…” ကျောက်မူက ဦးညွှတ်လျက် သူ၏ဆရာဘေးနားသို့ ပြန်သွားလိုက်သည်။

“ကျောက်မူကို ကြည့်ပြီး လူတစ်ယောက်ကို သတိရလိုက်တယ်… ရက်အနည်းငယ်က နန်ဒူကူ ကု့ချင်းဥယျာဉ်ကို ရောက်ခဲ့တယ်… အဲဒီမှာ သူက ဟွာဖန်းလူကို တွေ့ခဲ့တယ် ပြောတယ်…” နန်ဒူ ဝမ်ရှမ်းက ပြောလိုက်သည်။ ထိုအခိုက်မှာပင် လူတိုင်းက သူ၏စကားအား စိတ်ဝင်တစား နားထောင်လိုက်ကြသည်။ ကု့ချင်းမိစ္ဆာ ပြန်ရောက်လာသည့် သတင်းကား လူတိုင်းကို စိတ်ဝင်စားစေသည်။

“ဒါပေမဲ့ သူက အခု ဒုက္ခိတ ဖြစ်နေပြီးတော့ စွမ်းအားတွေ ပျက်စီးနေပြီ… တန်လန်က ကာကွယ် ပေးထားရတယ်… သူ့တပည့်ကိုလည်း ဒွန်ဟိုင်မြို့တော်ကို ခေါ်လာတယ်…” နန်ဒူဝမ်ရှမ်းက ပြောပြသည်။

“စွမ်းအား ပျက်စီးတယ်…” လူတိုင်းက အံ့အားသင့် သွားကြသည်။

အနုပညာ သူတော်စင် ကိုယ်တိုင်ပင်လျှင် အံ့သြသွားသည်…” ဘယ်လောက် ရှက်ဖို့ကောင်းလဲ…”

“အမှန်ပဲ… သူ့စွမ်းအင်တွေ မပျက်စီးခဲ့ဘူး ဆိုရင်တောင် သူက ခင်ဗျားရှေ့ကို မလာရဲလောက်ပါဘူးဗျာ… ဟား… ဟား…” တစ်ယောက်က ရယ်မောလိုက်သည်။

“မှန်တယ်… အရင်တုန်းက ဟွာဖန်းလူက သူ့ရဲ့ စွမ်းရည်ကို မသိဘဲ ကိုယ့်ဘာသာ အရှက်ရအောင် လုပ်ခဲ့တယ်… ဒုက္ခိတဖြစ်တာတောင် ဒီမြို့ကို ပြန်လာရဲမယ်လို့ ဘယ်သူက ထင်မလဲ… တပည့်တောင် မွေးလိုက်သေးတယ်… သူ့တပည့်က ကျောက်မူကို တွေ့ရင် ရင်မဆိုင်ရဲဘဲ နောက်တစ်လမ်းက ရှောင်လွဲသွားမယ်လို့ ကျုပ်ပြောရဲတယ်…” နောက်တစ်ယောက်က ဟွာဖန်းလူအား သရော်လိုက်သည်။

“သူက တခြားလူရဲ့ ကာကွယ်မှုအောက်မှာပဲ နေထိုင်နိုင်တော့တယ်… သူက တခြားအရာတွေကို တွေးနိုင်သေးတယ်…” လူအများက ဟွာဖန်းလူအား စတင် ပြောလိုက်ကြသည်။ သူတို့၏ စကားလုံးတိုင်းက အနုပညာသူတော်စင် သဘောကျစေရန် ရည်ရွယ်သည်။ မည်သူက စွမ်းအင် ပျက်စီးနေသောသူကို ဂရုစိုက်ပါမည်နည်း။

ရှာဖန်က ရီဖူရှင်းအား စောင့်ကြည့်နေသည်။ သူက ရီဖူရှင်း၏ဒေါသ ပေါက်ကွဲလာမည့် အချိန်ကို မစောင့်နိုင်တော့ပေ။

လူတိုင်းက ဟွာဖန်းလူနှင့် ပတ်သက်၍ ပြောနေကြစဉ် ကု့ချင်းသံတစ်ခုက ရုတ်တရက် နှောင့်ယှက်လိုက်သည်။ တီးနေသော သံစဉ်က ပြောင်းလဲသွားသည်။ နူးညံ့သော သံစဉ်က တဖြည်းဖြည်းဖြင့် ကျယ်လောင်ကာ မြန်ဆန်လာသည်။ တဖြည်းဖြည်းဖြင့် ယွန်ယူနှင့် တခြား အကမယ်တို့မှာ ထိုဂီတသံ၏လွှမ်းမိုးခြင်း ခံလာရသည်။ မိန်းကလေးများက အသက်မဲ့သလို အသိစိတ် ပျောက်ဆုံးသွားကာ ကခုန်နေကြလေပြီ။ သူတို့အားလုံး၏ ဝတ်စုံများက လေထဲပျံ့လွင့်နေကြကာ မိန်းကလေးများ အားလုံးမှာ နတ်သမီးလေးများအလား ထင်ရ၏။

ဂီတ၏လွှမ်းမိုးမှု အောက်တွင် လူငယ်များက ပိုမို၍ တက်ကြွလာကြပြီး လူကြီးများ၏ စိတ်လက်များ ပေါ့ပါးလာကြ၏။ ထိုဧည့်ခံပွဲတစ်ခုလုံး၏ ပတ်ဝန်းကျင်မှာ စိတ်ခံစားမှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်။

“ဒါက ဘာသီချင်းလဲ…” အနုပညာ သူတော်စင်က မေးလိုက်သည်။ သူ၏မျက်လုံးများက ရီဖူရှင်းထံ ရောက်သွားသည်။ သူ တစ်ယောက်တည်းသာ မဟုတ် တခြားလူများကလည်း မူမမှန်သော အခြေအနေကို သတိထားမိလိုက်ကြသည်။ စိတ်ခံစားချက်များကား ဂီတသံ၏ထိန်းချုပ်မှုကို ခံနေရသည်။

ဧည့်ခံပွဲမှ လူငယ်များမှာ ဂီတသံတွင် လွင့်မျောနေကြကာ စင်ပေါ်မှ အကမယ်များမှာလည်း ဂီတသံစဉ်ထဲမှ ရုန်းထွက်နိုင်ကြဟန် မတူပေ။

စင်နောက်တွင် လူငယ်တစ်ယောက်ကား သူ၏တူရိယာကို တိတ်ဆိတ်စွာ တီးခတ်နေသည်။ သူ့အား ကြည့်ရသည်မှာ သူ၏ကိုယ်ပိုင်ကမ္ဘာထဲသို့ ရောက်နေသည့်နှယ်။ သူ၏ပုံစံက ဧည့်ခံပွဲ၏ အတော်ဆုံးသော လူငယ်များထဲမှ တစ်ယောက်အလား ထင်နေရသည်။ သူက တီးခတ်လိုက်လျှင် သူ၏ဂီတသံတွင် ထူးခြားသော စွမ်းအင်တစ်ခု ပူးကပ်နေသလို ခံစားရသည်။

“ငှက်တောင်ပင်ခတ်သံ ဂီတသံစဉ်… မင်း ဘယ်သူလဲ…” အနုပညာ သူတော်စင်၏စူးရှသော အကြည့်က ရီဖူရှင်းထံ ရောက်လာပြီး သူ၏အသံက ဂီတသံအား ရပ်တန့်စေသည်။ လူအများအပြား ဂီတသံစဉ်ထဲ မျောလွင့်နေရာမှ နိုးထလာကြ၏။ သူတို့က ထိုလူငယ် ကု့ချင်းတီးသမားလေးအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

လူငယ်လေးက ခေါင်းအား ဖြည်းညင်းစွာ မော့လိုက်သည်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများက ကြည်လင် တောက်ပနေပြီး နိမ့်ကျသောပုံဟန် လုံးဝမတွေ့ရပေ။ အရှင်လျိုအား ကြည့်လျက်ပင် သူက ပြောလိုက်သည်…”

“ကျွန်တော်က ကု့ချင်းမိစ္ဆာရဲ့ တပည့် ရီဖူရှင်းပါ… ကျွန်တော်က ဆရာ့ရဲ့ ကိုယ်စား ငှက်တောင်ပံခတ်သံ သံစဉ်တီးခတ်ပြီး ဂုဏ်ပြုချီးကျူးဖို့ ရောက်ရှိလာတာပါ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset