မွေးနေ့တွင် ဖျော်ဖြေမည့် သီချင်းများနှင့် အကများအားလုံး စီစဉ်ပြီးသွားလျှင် ဂီတသမားက ရီဖူရှင်းတီးရမည့် သီချင်းအား သင်ပေးပြီး ထွက်ခွာသွားသည်။ ပွဲစီစဉ်သူကလည်း သူ့အား နောက်တစ်နေ့ မွေးနေ့ပွဲတွင် ဆောင်ရန် ရှောင်ရန်များအား အထပ်ထပ်အခါခါ မှာကြားကာ ထွက်သွားသည်။
ရီဖူရှင်းကား မိန်းကလေးတစ်အုပ်နှင့် နန်းတော်ထဲတွင် ကျန်ရစ်ခဲ့သည်။ သူတို့၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာများမှာ ထိပ်တန်းများ ဖြစ်ကြသည်။ အထူးသဖြင့် ခေါင်းဆောင် မိန်းမပျိုမှာ အလွန်လှပသည်။ သူမကား အသက်ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်ပြီး ငယ်ရွယ်နုပျိုမှုနှင့်အတူ အလွန်ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်။ သူမက ယိမ်းနွဲ့ကာ ကလိုက်လျှင် ယောက်ျား အတော်များများကို သရေများကျအောင် ဆွဲဆောင်နိုင်သူလေး ဖြစ်သည်။
ရီဖူရှင်းအား ခေါင်းငုံ့လျက် သူ၏သီချင်းကို တီးခတ်နေသည်။ ရုတ်တရက် ချိုသာသော အသံလေးအား ကြားလိုက်ရသည်… “နင့်ခေါင်းကို ဘာလို့ မမော့တာလဲ…”
လှပသော မျက်နှာလေးက သူ၏ရှေ့မှ ပေါ်လာသည်။ သူက ပြုံးလျက် ပြောလိုက်သည်… “မင်းက အရမ်း ဆွဲဆောင်မှုရှိတော့ မင်းကို ကြည့်ရင် အာရုံစိုက်လို့မရဘူး…”
“နင်က မိန်းကလေးတွေကို မြှောက်ပြောဖို့ အရမ်းတတ်တာပဲ…” မိန်းကလေးက ခစ်ခနဲ ရယ်ပြီး ပြောလိုက်သည်။
“လာပြီး ငါတို့နဲ့ ပူးပေါင်းပါလား…” သူမက ထပ်မံ၍ စတင်ကာ ကလိုက်သည်။ သူမက သူ့အား တမင် ခေါ်ဆောင်နေပုံရသည်။ ဂီတသမား အတော်များများမှာ အဘိုးအိုများ ဖြစ်ကြသော်လည်း ထူးဆန်းစွာပင် သည်တစ်ခေါက် တာဝန်ပေးခံရသူမှာ လူငယ်တစ်ယောက် ဖြစ်နေခြင်းက သူမအား အလွန် အံ့အားသင့်စေသည်။
“စိတ်မကောင်းဘူး မိန်းကလေး … ကျုပ်မှာ ချစ်သူရှိတယ်…” ရီဖူရှင်းက သူမအား ပြုံးလျက် ပြောလိုက်သည်။ ထိုအခိုက်တွင် သူမ အံ့အား မှင်တက်သွားသည်။ ထို့နောက် ရယ်မောလျက် သူမ၏အဖော်အနီးသို့ ပြန်သွားလေသည်။
“နင်ဘာကို ပြောနေတာလဲ… ငါ့နာမည် ယွန်ယူဆိုတာ မှတ်ထား… အနာဂတ်မှာ ငါက စွမ်းအားကောင်းတဲ့ တန်ခိုးရှင်ကို လက်ထပ်မှာ… နင်က ငါစိတ်ဝင်စားဖို့ အတွက် ငယ်လွန်းတယ်…” ယွန်ယူက ဟာသနှောကာ ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်… ကျုပ်က ရီဖူရှင်း…” သူက ပြန်ပြောလိုက်သည်။ ထို့နောက် အကြိုလေ့ကျင့်မှု ဆက်လုပ်ကြသည်။ သူတို့က မနက်ဖြန် မွေးနေ့ပွဲတွင် များစွာသော ဒွန်ဟိုင်မြို့တော်မှ အရာရှိများ။ တန်ခိုးရှင်များ လာရောက်ကြမည် ဖြစ်ကြောင်း ပြောကြသည်။
သို့သော်လည်း ထိုမိန်းကလေးများတွင် ထိုထက်ပိုမိုသော သတင်း အချက်အလက်များ မရှိကြပေ။ သည်ဒေသတွင် အရာအားလုံးမှာ တန်ခိုးအဆင့်ဖြင့် ဆုံးဖြတ်သည်။ သူမာန်မိသားစုတွင် ပေါက်ဖွားသော အလွန်လှပသော မိန်းမပျိုပင်လျှင် သူမ၏အလှအပကြောင့် အသာစီးရရန် ခက်ခဲလှသည်။ သူမက စွမ်းအားကောင်းသော တန်ခိုးရှင်အား လက်ထပ်ကောင်း လက်ထပ်နိုင်သော်လည်း ဇနီးမယားထက် ကိုယ်လုပ်တော်ဖြစ်ရန် များပေသည်။ ထိုထက်ပိုဆိုးလျှင် စွမ်းအားမြင့် တန်ခိုးရှင်များမှာ လှပသော မိန်းမပျိုများအား သဘောကျတတ်ရာ ထိုလှပခြင်းက သူမအတွက် ကံဆိုးမိုးမှောင်ကျခြင်းများ ဖြစ်လာနိုင်ပေသည်။
***
နောက်တစ်နေ့ နံနက်တွင်ကား လျိုနန်းတော်မှာ ပုံမှန်နေ့များထက် အလုပ်များလှသည်။ အစေခံ အများအပြားမှာ ဧည့်ခံပွဲအတွက် အလုပ်ရှုပ်နေကြသည်။
အကြိုလေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်နေကြသည်။ နေ့လယ်တွင် ဧည့်သည်များ စတင် ရောက်ရှိလာကာ တဖြည်းဖြည်း ဧည့်ခန်းတွင် လူများ အများအပြား ဖြစ်လာသည်။
ရီဖူရှင်းနှင့် မိန်းကလေးများလည်း ထိုနေရာတွင် ရှိနေကြသည်။
ဧည့်ခံပွဲကား တန်ဖိုးကြီး ပစ္စည်းများ။ အသုံးအဆောင်များဖြင့် ခမ်းနားစွာ ပြင်ဆင်ထားသည်။ ဧည့်ခန်း၏ အလယ်နေရာ ထိုင်ခုံကား အရှင်လျိုအတွက် ဖြစ်ပြီး သူကား အဓိက မွေးနေ့ရှင်ဖြစ်သည်။ သူ၏ဘေးတွင် ထိုင်ခုံတန်းများ ချထားပြီး ထိုဘေးမှထိုင်ခုံများမှာ သိသာစွာပင် အရှင်လျို၏ ဆွေမျိုးများနှင့် သူ၏ အလွန်ရင်းနှီးသော မိတ်ဆွေများအတွက် ဖြစ်ပေသည်။
ထိုခုံတန်းနှစ်ခုကြား အနောက်ဘက်တွင် အတော်ကျယ်ဝန်းသော နေရာ တစ်ခုရှိပြီး ထိုနေရာတွင် စင်မြင့်တစ်ခုရှိသည်။ ထိုနေရာကား ရီဖူရှင်းနှင့် မိန်းကလေးများ ဖျော်ဖြေရမည့် နေရာဖြစ်ပေသည်။ ထိုအခင်းအကျင်းကား ဧည့်သည်များအား အနှောင့်အယှက် မဖြစ်စေရန် တမင် စီစဉ်ထားခြင်း ဖြစ်သည်။
ဧည့်သည်များ မထိုင်မီကပင် ဧည့်ခံပွဲမှာ စတင်နေပြီဖြစ်သည်။ တစ်ခန်းလုံးကား ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ လင်းဇီယွီနှင့် ရှောက်ဟီတို့မှာ အခန်းထဲသို့ ဝင်လာသည့် ပထမဦးဆုံး အုပ်စုထဲတွင် ပါဝင်သည်။ သူတို့က ထိုင်ခုံတွင် ထိုင်လိုက်ကြလျှင် လင်းဇီယွီက ရီဖူရှင်းအား မြင်ပြီး ပြုံးပြလိုက်သည်။
“နင်က ဒီကောင်လေးကို ဒီလောက် စိတ်ဝင်စားနေပေမဲ့ နင်ရွေးလိုက်တဲ့ ကောင်လေးက ဂီတသမားသက်သက် ဖြစ်နေတာ စိတ်မကောင်းစရာပဲ…” ရှောက်ဟီက ကျီစယ်လိုက်သည်။ လင်းဇီယွီက သူမကား ကြည့်လိုက်ပြီး… “တော်တော့…”
အတော်ချောမောသော လူငယ်တစ်ဦး သူတို့အနီးသို့ ချဉ်းကပ်လာကာ သူတို့အား ပြုံးလျက် မေးလိုက်သည်… “မင်းတို့ ဘာပြောနေကြတာလဲ…”
“ဘာမှမဟုတ်ဘူ…” လင်းဇီယွီက ခေါင်းခါယမ်းလိုက်သည်။
“ဇီယွီ… လူတွေက ပြောတာတော့ နင်က ဒီကို ဂီတသမားတစ်ယောက် ခေါ်လာတယ်ဆို… သူက နင့်သူငယ်ချင်းလား…”လူငယ်က မေးလိုက်သည်။
“ငါတို့ နှစ်ကြိမ်တွေ့ဖူးတယ်… သူက ဒီကို လာပြီး အတွေ့အကြုံ ရှာချင်တယ်ဆိုလို့ ငါက သူ့ကို ခေါ်လာလိုက်တာ… ဒါက အဆင်ပြေတယ်မလား…” လင်းဇီယွီက မေးလိုက်သည်။
“အဆင်ပြေတာပေါ့… သူနေချင်တယ်ဆို… သူကြိုက်သလောက် ဒီမှာ နေလို့ရတယ်…” လူငယ်က ရယ်မောလျက် ပြောလိုက်သည်။
“ကောင်းပြီ… ဧည့်ခံပွဲပြီးသွားရင် သူ့ကို မေးလိုက်မယ်…” လင်းဇီယွီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ… နောက်မှ တွေ့မယ်…” လူငယ် ထွက်သွားသည်။ ရှောက်ဟီက တိုးတိုးလေး ပြောလိုက်သည်… “သခင်လေး လျိုက နင့်ကို စိတ်ဝင်စားနေသလိုပဲ မိန်းကလေး…”
“နင့်ကို တော်တော့လို့ ပြောနေတယ်…” လင်းဇီယွီက ကသိကအောက် ဖြစ်သွားသည်။
“ငါတကယ်ပြောနေတာ… သူက ရီဖူရှင်းလောက် မချောပေမဲ့ သူ့အဆင့်အတန်း ဆိုရင်ရော…” ရှောက်ဟီကား မရပ်ပေ။ လင်းဇီယွီ လက်လျှော့လိုက်သည်။ သည်မိန်းကလေးက စနောက်ရသည်ကို သဘောကျမှန်း သူမသိသည်။
မိန်းမပျိုများမှာကား စိတ်ကူးယဉ်မှု အမျိုးမျိုးကို နှစ်သက်ခုံမင်ကြသည်။ သိသာစွာပင် ရီဖူရှင်းကား ထိုမိန်းကလေးများ၏အတွေးကို နားလည်ပုံမရပေ။
ထိုစဉ် လူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ သူ၏ခြေလှမ်းများက ခမ်းနားလှပြီ သူကား သည်နေရာတွင် သြဇာကြီးမားလှသူ တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။ လူတိုင်းက စကားပြောနေသည်ကို ရပ်လိုက်ကြကာ ထို ဝင်လာသူအား နှုတ်ဆက်လိုက်ကြ၏… “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ… အရှင်လျို…”
ရီဖူရှင်းကလည်း ခေါင်းမော့ကာ အရှင်လျိုအား ကြည့်လိုက်သည်။ သူ၏ပုံဟန်နှင့် သွင်ပြင်ကား တခြားလူနှင့် မတူဘဲ ထူးခြားနေသည်။
“မတွေ့တာကြာပြီ… အရှင်လျို… ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းကထက်တောင် ပိုပြီး နုပျိုလာတယ်နော်…” တစ်စုံတစ်ယောက်က သူ့ထံ လျှောက်သွားလိုက်ကာ ပြောလိုက်သည်။
“အရှင်လျို… လင်းမိသားစုကလည်း မွေးနေ့ဆုတောင်းပါတယ်…”
လူတိုင်းက မတ်တတ်ရပ်ကာ သူ့အား မွေးနေ့ ဆုတောင်းပေးကြသည်။
“အရှင်လျို… ရှာမိသားစုကလည်း မွေးနေ့ ဆုတောင်းပါတယ်…” ကြည်လင် တောက်ပသော အသံတစ်သံ ထွက်လာသည်။
“ကျေးဇူးတင်ပါတယ်… ရှာသခင်…” အရှင်လျိုက ပြုံးလျက် ပြန်ပြောလိုက်သည်။ အရှင် ဟူသော ဘွဲ့မှာ အခွင့်အာဏာ မပါသော ဂုဏ်ထူးဝိသေသ တစ်ခုမျှသာဖြစ်ပြီး ရှာမိသားစု၏ ခေါင်းဆောင် ရှာဖိန်မှာမူ အရှေ့စီရင်စုအား အုပ်ချုပ်ရသော စီရင်စုခေါင်းဆောင် ဖြစ်ကာ သည်မြို့၏ အင်အား အကောင်းဆုံးလူဟု သတ်မှတ်နိုင်သည်။ ထို့အပြင် သူနှင့် တူညီစွာ ဂုဏ်မြင့်သော ပုဂ္ဂိုလ် များဖြစ်ကြသော နန်ဒူမိသားစုခေါင်းဆောင်။ ဒွန်ဟိုင်ကျောင်းတော်မှ ခေါင်းဆောင်များ… သူတို့မှာလည်း သည်မြို့၏ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ရှာဖန်၏ အနောက်မှ လူငယ်တစ်ယောက်ကလည်း အနည်းငယ် ဦးညွှတ်လိုက်သည်… “အရှင်လျိုကို နှုတ်ဆက်ပါတယ်… ကျွန်တော်… ရှာဖန်ပါ….”
“ရှာဖန်… မင်းတောင် အရွယ်ရောက်လာပြီပဲ….” အရှင်လျိုက ပြုံးလျက် ပြောလိုက်သည်။
“သူ့ကိုသွား ချီးမကျူးနဲ့… ဒီကောင်က လျှောက်ပြီး အလေလိုက်နေတာ များတယ်… ခင်ဗျားက သွားပြီး ချီးကျူးလိုက်ရင် ဒီကောင် ပိုပြီး ဆိုးလာဖို့ပဲ ရှိတယ်…” ရှာဖိန်က ရယ်မောကာ ပြောလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရီဖူရှင်းကလည်း ခေါင်းမော့လိုက်သည်နှင့် သူက ရှာဖန်အား သတိထားမိလိုက်၏။ သူက ရှာဖန်အား မြင်လိုက်သည်နှင့် သူ၏မျက်လုံးများဖြင့် အေးစက်စွာ ကြည့်လိုက်သည်။
ရှာဖန်နှင့် ရှာဖိန်တို့က နေရာတွင် ထိုင်ပြီးကြသည်နှင့် သူတို့က ဖျော်ဖြေမှုများအား စတင် ကြည့်ရှုကြသည်။ သူက ယွန်ယူအား မြင်သည်နှင့် မိန်းကလေးအား အလွန် စိတ်ဝင်စားသွားသည်။ ချက်ချင်းပင် သူမ၏နောက်နားတွင် တိတ်တဆိတ်ထိုင်ကာ ကု့ချင်းတီးခတ်နေသော လူငယ်လေးအားလည်း သတိထားမိလိုက်ပြန်သည်။ သူ အလွန် အံ့အားသင့်သွားပုံရ၏။
ရီဖူရှင်းကို သည်နေရာတွင် တွေ့မည်ဟု သူ လုံးဝ မထင်မှတ်ထားပေ။
သူမည်သို့ပင် တွေးတွေး ထိုတောင်ကြားထဲရှိ သားရဲပေါင်းများစွာ အကြားသို့ ရောက်ရှိသွားသော ရီဖူရှင်းက မည်သို့ အသက်ရှင်နိုင်ရသနည်း လုံးဝနားမလည်ပေ။ သားရဲဘုရင်က အဘယ်ကြောင့် သူ့အား လွှတ်ပေးလိုက်ရသနည်း။
ရီဖူရှင်းကလည်း သူ့ကို ကြည့်နေသည်။ ထို့ကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စိုက်ကြည့်နေကြသည်။ ထို့ကြောင့် ရီဖူရှင်းက ရှာဖန်အကြည့်မှ သူ့အား အထင်သေးမှုကို ခံစားနေရသည်။ ရှာဖန်အတွက်မူ ရီဖူရှင်း သေသည် ရှင်သည်ကို သိပ်အရေးမစိုက်ပေ။ သူ၏စိတ်တွင် လုံးဝမထင်မှတ်သော အရာအား မြင်တွေ့လိုက်ရ၍ အံ့သြမှင်တက်သွားရုံသာ ဖြစ်သည်။
ရှာဖန်ကား ဒွန်ဟိုင်စီရင်စုအား အုပ်ချုပ်ရသော ရှာမိသားစု၏ သခင်လေးဖြစ်သည်။ သူတို့၏ အလွန်ကွာဟသော အဆင့်အတန်းကြောင့် ရီဖူရှင်း တည်ရှိနေမှုအား လုံးဝ လျစ်လျူရှု ထား၍ ရပေသည်။ သူက ရီဖူရှင်း၏ တစ်ဦးတည်းသော အထောက်ပံ့ဖြစ်သူ ဟွာဖန်းလူမှာ စွမ်းအင် ပျက်စီးသွားပြီကို သိသည်။ သူစိတ်ပျက်ခဲ့ရသော တစ်ခုတည်းသော အရာမှာ သူ၏ဦးလေးဖြစ်သူမှာ ထိုခရီးတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
“မင်း ဘာကို ကြည့်နေတာလဲ…” ရှာဖိန်က မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး… အရမ်း စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုတွေ့လို့…” ရှာဖန်က ပြန်ပြောလိုက်သည်။ ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်သူက ဂီတသမားအနေဖြင့် သည်နေရာတွင် ဖျော်ဖြေနေသည်မှာ အတော် စိတ်ဝင်စားစရာ ကောင်းသော ကိစ္စဖြစ်သည်။
ရီဖူရှင်းက ငြိမ်သက်စွာပင် ဆက်လက်၍ တီးခတ်နေသည်။ သည်နေရာတွင် ရှာဖန်နှင့် တွေ့ရသည်ကို သူမစိုးရိမ်ပေ။ သူတို့က မည်မျှ စွမ်းအားမြင့်နေပါစေ။ မည်သူမှ သူ့အား သတ်ပိုင်ခွင့် မရှိပေ။ သူကား ဒွန်ဟိုင်ကျောင်းတော်၏ ကျောင်းသားတစ်ယောက် ဖြစ်နေပေပြီ။
“နန်ဒူ မိသားစုကလည်း မွေးနေ့ဆုမွန်ကောင်း ပေးအပ်ပါတယ်…” နောက်တစ်ယောက်က ဂုဏ်ပြုလိုက်သည်။ အရှင်လျိုက ထိုလူလျှောက်လာသည်ကို မြင်လျှင် ရယ်မောကာ ပြန်ပြောလိုက်သည်… “မတွေ့တာကြာပြီ… နန်ဒူသခင်…”
နန်ဒူမိသားစုကလည်း မွေးနေ့ပွဲအား နှစ်ယောက် တက်ရောက်ကြသည်။ သူတို့မှာ နန်ဒူ ဝမ်ရှမ်းနှင့် သူ၏သား နန်ဒူကိုင်တို့ ဖြစ်ကြသည်။ သူတို့က နန်ဒူမိသားစု ကိုယ်စားပြု၍ လာကြခြင်းဖြစ်သည်။
“မတွေ့တာကြာပြီ … အရှင်လျို…” နန်ဒူဝမ်ရှမ်းကလည်း ပြန်၍ နှုတ်ဆက်လိုက်သည်။ အရှင်လျိုက သူတို့နှစ်ယောက်အား သူ၏ဘေးနားတွင် နေရာထိုင်ခင်း ပေးလိုက်၏။
“ဝမ်ရှမ်း… မင်းလည်း လာတာပဲလား…” အသံတစ်သံ ထွက်လာသည်။ နန်ဒူဝမ်ရှင်းကလည်း ယခုမှ အခန်းထဲကို ဝင်လာသော လူအုပ်စုအား ထကာ နှုတ်ဆက်လိုက်သည်။
“မင်းတို့ကရော… ဘာလို့ အတူတူ လာကြတာလဲ…” နန်ဒူဝမ်ရှမ်းက ရယ်မောလျက် ပြောလိုက်သည်။
“ငါတို့လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့လာကြတာ…” သူတို့ထဲမှ တစ်ယောက်မှာ ကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူကား သည်ဧည့်ခံပွဲအတွက် မဟုတ်ဘဲ အထူးတလေ ဝတ်ဆင်ထားပုံရပြီး သိသိသာသာပင် သူကား အရေးပါသော လူတစ်ယောက် ဖြစ်ပေသည်။ နောက်တစ်ယောက်မှာ အဘိုးအို ဖြစ်သော်လည်း ကျန်းမာ သန်စွမ်းပုံရ၏။ ထိုအဘိုးအိုက ရယ်မော၍ အရှင်လျိုအား နှုတ်ဆက်လိုက်သည်…” ကျုပ်က ဒွန်ဟိုင်ကျောင်းတော်ကို ကိုယ်စားပြုပြီး လာခဲ့တာ…”
“ကျေးဇူးတင်ပါတယ်…” အရှင်လျိုက သူ၏ကိုယ်ကို အနည်းငယ် ဦးညွှတ်လျက် ပြန်ပြောလိုက်သည်။ ထို့နောက် ထိုလူနှစ်ယောက်အား သူ၏ဘေးနားတွင် နေရာပေးလိုက်သည်။
သူတို့အုပ်စုက စကားစမြည် ပြောနေကြသည်။ သူတို့အားလုံးမှာ ဒွန်ဟိုင်မြို့တော်၏ သြဇာအကြီးဆုံးသူများ ဖြစ်ကြသည်။
“အနုပညာ သူတော်စင်က အရှင်လျိုနဲ့ ရင်းနှီးတာ တော်တော်ကြာခဲ့ပြီ… သူက အရှင်လျိုရဲ့ မွေးနေ့ကို နှစ်တိုင်း တက်ရောက်တာပဲ…”
“လူတွေ ပြောကြတာကတော့ အနုပညာ သူတော်စင်က အရင်နှစ်ကထက် တန်ခိုးအဆင့် ပိုမြင့်လာတယ်တဲ့… သူနဲ့အတူတူလာတဲ့လူက ဒွန်ဟိုင်ကျောင်းတော်ရဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို အုပ်ချုပ်တဲ့လူပဲ…”
“သူ့နောက်က လူငယ်က ကျောက်မူ ဖြစ်ရမယ်… သူက ကောင်းကင်ကြယ်ငါးပွင့် မှော်ဆရာပဲ… တကယ့်ပါရမီရှင်ပဲ… လူတွေက ပြောကြတာကတော့ အနုပညာ သူတော်စင်က နန်ဒူမိသားစုက မင်းသမီးလေးနဲ့ ကျောက်မူကို လက်ထပ်နိုင်အောင် ကြိုးစားနေတယ်တဲ့…”
“ငါထင်တာကတော့ အနုပညာ သူတော်စင်က အတိတ်က အမှားတွေကို ပြန်ပြင်နိုင်အောင် ကြိုးစားနေတာ ထင်တယ်… ဒါပေမဲ့ ဒီကိစ္စက ထင်သလောက် မလွယ်ဘူး… နန်ဒူမိသားစုရဲ့ မင်းသမီးလေးက ပါရမီရော ရုပ်ရည်ရော တကယ့်ထိပ်သီးအဆင့်မှာ ရှိတဲ့အတွက် သူမရဲ့ကြင်ရာဘက် ဖြစ်မည့်လူကို နန်ဒူမိသားစုက ရည်မှန်းချက် မြင့်မြင့်ထားမှာပဲ…”
အခန်းထဲမှ လူများက ထိုအခန်းအလယ်မှ သြဇာအာဏာ ကြီးမားလှသော သူများအားကြည့်ကာ သူတို့နှင့် ပတ်သက်သည်များအား တိုးတိတ်စွာ ဆွေးနွေးနေကြသည်။
သူတို့က တခြား လူများမကြားစေရန် အသံကို နှိမ့်၍ ပြောဆိုကြသော်လည်း ရီဖူရှင်းက သတင်းအချက်အလက် အများအပြား သိခွင့်ရပေသေးသည်။ သူက ကျောက်စိမ်းရောင် ဝတ်ဆင်ထားသော လူကြီးအား ကြည့်လိုက်ပြီး ထိုလူမှာ သူ၏ဆရာ ဟွာဖန်းလူ၏ မူလဝိညာဉ်အား ဖျက်ဆီးခဲ့သော အနုပညာ သူတော်စင်မှန်း ခန့်မှန်းထားမိပြီး ဖြစ်၏။
ထို့အပြင် တန်လန်က အရှင်လျိုထံမှ အကူအညီမရနိုင်ကြောင်း အဘယ်ကြောင့် ပြောခဲ့သည်ကို နားလည်လိုက်သည်။ အရှင်လျိုကား ဟွာဖန်းလူ၏မဟာရန်သူ အနုပညာသူတော်စင်၏ ကာလရှည် ရင်းနှီးခင်မင်သူ ဖြစ်နေသည်။
သူစိတ်ပျက်သလို ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ အကူအညီရရန် သူကြိုးစားသမျှ အရာရောက်ပုံ မပေါ်ပေ။
သို့သော်လည်း သူက ဒွန်ဟိုင်မြို့တော်၏ နိုင်ငံရေး အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ အတော်များများ နားလည်ခဲ့ရပေသည်။
ထို့အပြင် ဧည့်ခံပွဲအား တက်ရောက်လာသော နန်ဒူမိသားစု ကိုယ်စားလှယ်နှင့် ဟွာဂျီယူတို့၏ ပတ်သက်မှုကိုလည်း သိလိုသည်။
***