ဝမ်ပေါင်လဲ့မှာ သူသည် မောင်ကံကောင်းတစ်ယောက် ဖြစ်ရမည်ဟု မှတ်လိုက်ပြီးနောက် သူ၏ တံခါးပိတ်ကျင့်စဉ်အား ဝမ်းမြောက်စွာ အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် သူ၏ သတ္တမအဆင့်ဓမ္မလက်နက်အော်လံကြီးအား ယူကာ ၎င်း၏ စွမ်းအားကို စမ်းသပ်နိုင်မည့် နေရာတစ်ခုကို ရှာဖွေရန်ပြင်လိုက်တော့သည်။ သူသည် ဓမ္မလက်နက်သခင်တစ်ယောက် ဖြစ်လာပြီဖြစ်ကြောင်း တစ်ကမ္ဘာလုံးသိသွားအောင် အသိပေးချင်နေပြီဖြစ်သည်။
သို့သော် သူသည် သူ၏ တံခါးပိတ်ကျင့်စဉ်ကို အဆုံးသတ်လိုက်ပြီး လျှို့ဝှက်အခန်း အပြင်ဘက်သို့ မထွက်ခင် သူ၏ အသံလွှင့်လက်စွပ်ကို ပြန်ဖွင့်လိုက်ချိန်တွင် အကြောင်းကြားစာပေါင်း မြောက်မြားစွာကို လက်ခံရရှိလိုက်တော့သည်။
ထို အကြောင်းကြားစာများမှာ ဒလဟော ရောက်ရှိလာကြ၏။ ဝမ်ပေါင်လဲ့မှာ ဖြတ်ကျော်အဆင့်ထဲ၌ ရှိနေစဉ်တုန်းက အနှောင့်အယှက်မခံလိုသောကြောင့် သူ၏ အသံလွှင့်လက်စွပ်ကို ပိတ်ထားခဲ့၏။ သို့သော် သူသည် မြို့တော်အသစ်၏ မန္တန်အစီအရင်ကြီးနှင့်တော့ ချိတ်ဆက်မှုရှိနေဆဲပင်။ ထို့ကြောင့် ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်လာပါက ထိုမန္တန်အစီအရင်ကြီးမှာ သူ့အား ချက်ချင်းပင် သတိပေးလိုက်မည်ဖြစ်ပြီး သူသည် တံခါးပိတ်ကျင့်စဉ်ကို စောစောပြီးအောင် အဆုံးသတ်လိုက်မည်သာ ဖြစ်သည်။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အကြောင်းကြားစာပေါင်း မြောက်များစွာကို မြင်လိုက်ရသဖြင့် ဆွံ့အသွားရ၏။ သူသည် ခေါင်းငုံ့ကာ ၎င်းတို့အား ဖတ်ရှုနေရင်း တဖြည်းဖြည်းနှင့် မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ခေါင်းမော့၍ အော်ဟစ်လိုက်တော့သည်။
” တော်တော်ကို တရားလွန်တာပဲကွ ” ဝမ်ပေါင်လဲ့မှာ ယမ်းပုံမီးကျ ဒေါသထွက်သွား၏။ သူ၏ ကြည်ကြည်လင်လင် ရှိနေခဲ့သော စိတ်များမှာလည်း ပျောက်ကွယ်သွားရပြီဖြစ်သည်။ သူသည် လင်းတျန်ဟောက်၊ ခုန်းတောက်၊ လီဝမ်အာနှင့် အခြားသူများဆီမှ အကြောင်းကြားစာများ လက်ခံရရှိထား၏။ လျှိုတောက်ပင်းအပါအဝင် တာအိုကျောင်းလေးကျောင်းမှ အခြားသူများမှာလည်း အထူးဒေသနှင့် ပတ်သတ်၍ သူတို့ကြားသိထားသမျှ အကြောင်းအရာအားလုံးကို ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့ထားကြသည်။
လီဝမ်အာကမူ ဒုပဏာမအဆင့်နှစ်ရာထူးအတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များကို ပြောပြခဲ့၏။ ထိုအဆိုပြုချက်ကြီး ထောက်ခံချက်ရရှိသွားပြီး မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် အဆင့်မြှင့်ပြီးသွားလျှင် ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကိုမူ သူမဘက်မှ သေသေချာချာ ရှင်းပြနေရင်မလိုအပ်ပေ။ ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာများကို ဖတ်လိုက်ရုံနှင့် အခြေအနေအားလုံးကို နားလည်သွားတော့သည်။
” သူတို့က ယုတ်မာတဲ့ နည်းပရိယာယ်တွေ သုံးခဲ့တာတောင် ငါ့ကို မနိုင်တော့ နည်းလမ်းအသစ်တွေသုံးပြီး ငါ့ရဲ့ အောင်မြင်မှုတွေကို ခိုးယူဖို့ကြံစည်နေတာပဲ ” ဝမ်ပေါင်လဲ့၏ ရင်ဘတ်မှာ မြင့်ချီနိမ့်ချီ ဖြစ်နေရ၏။ မြို့တော်အသစ်ကြီး အထူးဒေသတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် မြို့တော်ထဲ၌ ဆက်ရှိနေလျှင်တောင် လက်ထောက်မြို့တော်သခင်အဖြစ် ပြောင်းလဲခန့်အပ်ခံလိုက်ရမည်သာဖြစ်သည်။
သူသည် ဤမြို့တော်အသစ်ကြီးကို သူကိုယ်တိုင်တည်ဆောက်ခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် မြို့တော်သခင်ရာထူးမှ လက်ထောက်မြို့တော်သခင်အဆင့်သို့ ရာထူးချခံရမည်ကို ဝမ်ပေါင်လဲ့က လုံးဝလက်မခံနိုင်ပေ။ သို့သော် သူ၏ပြိုင်ဘက်မှာ သူ့အား ပေါ်ပေါ်တင်တင် မကောင်းကြံနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရ၏။ သူသည် ထိုပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုတလေကိုပင် မစဉ်းစားနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး အင်္ဂါဂြိုဟ်ဘုရင်ခံအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်၏။
အင်္ဂါဂြိုဟ်ဘုရင်ခံပင်လျှင် ထိုကိစ္စကြီးကြောင့် ခေါင်းခဲနေရပြီဖြစ်သည်။ မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းမှာ အင်္ဂါဂြိုဟ်အတွက် အလွန်အင်မတန်မှ အကျိုးရှိနိုင်သည်မဟုတ်ပါလော။ သူမ၏ အမြင်တွင် ထိုအစီအစဉ်ကြီးမှာ အင်္ဂါဂြိုဟ်အတွက် အများကြီးအကျိုးပြုနိုင်သည့် အစီအစဉ်တစ်ခုပင်ဖြစ်သည်။
ထို့အပြင် မြို့တော်သခင်ရာထူးကို ရရှိသွားမည့် မည်သူမဆို သူမအား တလေးတစား ဆက်ဆံနေရဦးမည် မဟုတ်ပါလော။ မည်သည့်အရာကမှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့တစ်ယောက်သာ နစ်နာသွားရမည်ဖြစ်သည်။ ထို့ကြောင့် ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား ကောလာဟလစကားများကို နားမထောင်ရန် ပြန်ပြောလိုက်၏။ သို့သော် သူမသည် ဆက်သွယ်မှုကိုအဆုံးမသတ်ခင် ထိုကိစ္စကြီးအပေါ်ထားရှိသော သူမ၏ အတွေးအမြင်များကို ပညာသားပါပါနှင့် ပြန်လည်မျှဝေခဲ့၏။
” တချို့ကိစ္စလေးတွေကြောင့် ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲက ဝိညာဉ်ဆန့်ကျင် လေ့လာရေးစက်ရုံထဲမှာ အထူးဌာနတစ်ခု တည်ဆောက်ဖို့လိုနေတာ။ အဲဒီဌာနက လေ့လာရေးစက်ရုံကနေရတဲ့ ရလဒ်တွေနဲ့ ရှာဖွေတွေ့ရှိမှုတွေကို စမ်းသပ်ပေးရမှာ။ အဲဒီဌာနရဲ့ ဌာနမှူးက ပဏာမအဆင့်သုံးအရာရှိတစ်ယောက် ဖြစ်နေဖို့လိုတယ် ”
သူမ၏စကားများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်ကျသွားရသည်။ ဘုရင်ခံမှာ သူမ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထုတ်ပြောခြင်းမရှိပါသော်လည်း သူမ၏ သဘောထားများကို အထင်အရှား သိမြင်နိုင်ပေသည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့အား တတ်နိုင်သမျှအစွမ်းကုန် အကြံပေးပြီးသွားပြီဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့အား အကယ်၍ ထိုအစီအစဉ်ကြီးသာ အထမြောက်သွားခဲ့မည်ဆိုပါက သူမဘက်မှ သူ့အတွက် အရံ အစီအစဉ်တစ်ခုကို ပြင်ဆင်ပေးထားပြီးသားဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။
၎င်းမှာ အတော်အသင့်ကောင်းမွန်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ကြိုးစားအားထုတ်မှုများအား အခြားသူတစ်ယောက်က အမြတ်ထုတ်သွားမည်ကို မလိုလားပေ။ ထို့အပြင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးမှာ သူ၏ကျင့်ကြံခြင်းအတွက် အရေးပါသည့် ကဏ္ဍတစ်ခု၌ ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ မည်သို့ပင်ဖြစ်ဖြစ် သူသည် သူ၏ရာထူးအား ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးနိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ဘုရင်ခံနှင့် ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီးနောက် သေသေချာချာ စဉ်းစားတွေးတောကာ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးဆီသို့ လှမ်း၍ ဆက်သွယ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကောင်းကင်တာအိုကျောင်းမှ အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားသည့်ဖြစ်ရာ ဘုရင်ခံနှင့် ပြောဆိုဆက်ဆံခဲ့စဉ်တုန်းကကဲ့သို့ စကားပရိယာယ်သုံး၍ ပြောဆိုနေခြင်းမရှိဘဲ ချက်ချင်းပင် စိုးရိမ်တကြီးနှင့် အကူအညီ တောင်းလိုက်၏။
” ဂိုဏ်းချုပ်ကြီး။ ကျနော့်ကိုကယ်ပါဦး ”
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ထိုအသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ သက်ပြင်းချလိုက်ရ၏။ သူသည် ဝမ်ပေါင်လဲ့ သူ့ဆီသို့ ဆက်သွယ်လာရသည့် အကြောင်းအရင်းကို သိထားပြီးသားဖြစ်သည်။ သို့သော်လည်း တာအိုကျောင်းလေးကျောင်းမှာ ဤကိစ္စကြီးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ပူးပေါင်းကြံစည်မှုကြီးမှာ ပေါ်ပေါ်တင်တင်နှင့် ရဲတင်းလွန်းလှသောကြောင့် ၎င်းအား ဖြေရှင်းနိုင်ရန်မှာ ခက်ခဲနေရသည်။
” ပေါင်လဲ့ရေ။ ဒီကိစ္စနဲ့ ပတ်သက်လို့က…. မင်း သေချာပြင်ဆင်ထားသင့်တယ်။ ပြည်ထောင်စုကြီးက အဲဒီအစီအစဉ်ကြီးကို ထောက်ခံပေးနိုင်ခြေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ်…. ” ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ဆိုကာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သက်ပြင်းချလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရချိန်တွင် သူ၏ ဝမ်းနည်းညှိုးငယ်နေရသော နှလုံးသားလေးမှာ လုံးဝအေးစက်သွားရတော့သည်။ သူသည် ခိုကိုးရာမဲ့ကာ မျှော်လင့်ချက်များ ပျက်သုဉ်းသွားရပြီး အလွန်အင်မတန်မှ ရွံရှာစက်ဆုပ်မိသွားတော့သည်။ သူသည် ဤကိစ္စကြီးအား ပြန်လည်မတုံ့ပြန်ဘဲနှင့် လုံးဝခွင့်လွှတ်ပေးနိုင်မည်မဟုတ်ပေ။
” တခြားနည်းလမ်းတွေ မရှိတော့ဘူးလားဗျ ”
” ရှိတယ် ” ဂိုဏ်းချုပ်ကြီးမှာ ချက်ချင်းပင်ပြန်ဖြေလိုက်၏။
” မင်း သိပ်မကြာခင်မှာ ဖောက်ထွက်နိုင်ပြီးတော့ အမြုတေအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် ဒီကိစ္စကြီးက မင်းအတွက် အခက်အခဲကြီးတစ်ခု မဟုတ်တော့မဲ့အပြင် ရွှေရောင်အခွင့်အရေးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားဦးမှာ။
” မင်းသာ အမြုတေအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုက အဲဒီ အခွင့်အရေးကြီးကို မင်းအဆင်သင့် အသုံးချနိုင်အောင် ဖန်တီးပေးထားသလို ဖြစ်သွားမှာ။ သူတို့က သူတို့ရဲ့ ငွေအရင်းအနှီးတွေကို အကုန်ခံပြီးတော့ မင်းကို ဒုပဏာမအဆင့်နှစ်အထိရောက်အောင် တွန်းပို့ပေးလိုက်သလို ဖြစ်သွားမှာကွ။ အဲ့အချိန်ကျရင် မင်းရဲ့ လုပ်ပိုင်ခွင့်အာဏာက အရင်တုံးကထက် အများကြီးပိုမြင့်သွားမှာဖြစ်သလို မင်းရဲ့ ရာထူးအဆင့်အတန်းကလည်း ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးနားအထိ ရောက်သွားမှာပဲ ”
” အဲဒီနည်းလမ်းတစ်ခုပဲရှိတာ။ ငါ တတ်နိုင်သလောက် ကြိုးစားပေးပြီးတော့ မင်းအတွက် အတတ်နိုင်ဆုံး အချိန်အများကြီးရအောင် အချိန်ဆွဲပေးထားမယ်။ ဒါပေမဲ့ ငါက သုံးလလောက်အထိပဲ အချိန်ဆွဲထားနိုင်မှာနော်။ မင်း အဲဒီသုံးလအတွင်းမှာ အမြုတေအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် ဒီပြဿနာကြီးက မင်းအတွက် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားမှာပဲ ”
ဂိုဏ်းချုပ်ကြီး၏ စကားသံမှာ ပြတ်သားမှုအပြည့်ရှိနေ၏။ သူသည် ဝမ်ပေါင်လဲ့အတွက် ထိုကိစ္စကြီးတခုလုံးကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ လေ့လာထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အရင်ဆုံး အမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်ပေသည်။
ထိုသို့ဖြင့် သူတို့မှာ ဆက်သွယ်မှုကို အဆုံးသတ်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏လျှို့ဝှက်အခန်းထဲ၌ တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများနီမြန်းနေ၏။ သူခံစားနေရသည့် စိတ်ဖိစီးမှုဒဏ်များမှာ ကြီးမားလွန်းနေပြီဖြစ်သည်။ မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် ပြောင်းလဲမည့် အဆိုပြုချက်အား သဘောတူသည့် ထောက်ခံချက်မှာ အချိန်မရွေး ကျရောက်လာနိုင်သည်ဖြစ်ကြောင်း သူက သိထား၏။ ထိုထောက်ခံချက်ရောက်ရှိလာချိန်တွင် သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မနေခဲ့ပါက သူ မကြုံတွေ့ချင်သည့် အခြေအနေကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်သာဖြစ်သည်။
” အမြုတေတစ်ခု ဖန်တီးရုံပါပဲကွာ။ အစွမ်းကုန် ကြိုးစားကြည့်ရမှာပဲ ” ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီးစဉ်းစားသုံးသပ်လိုက်ပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်ကာ အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု။ မင်းတို့တွေ နေနှင့်ဦးပေါ့။ ငါ တံခါးပိတ်လေ့ကျင့်လိုက်ဦးမယ်။ ငါ ပြန်ထွက်လာတာနဲ့ အမြုတေအဆင့်ကို ရောက်နေစေရမယ် ” ဝမ်ပေါင်လဲ့မှာ ကပျာကယာနှင့် မတ်တတ်ပြန်ထလာ၏။ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်ကာ အပြင်ဘက်အစွန်း၌ ကျင့်ကြံခြင်းလေ့တစ်ရပ်ပင်ဖြစ်သည်။
လှိုဏ်ခေါင်ကြီးထဲတွင်သာ အမှောင်ချီများ ထူထပ်ပေါကြွယ်ဝစွာ ရှိနေခြင်းဖြစ်၏။ မန္တန်အစီအရင်ကြီးမှ စုပ်ယူထားသည် အမှောင်ချီများကြောင့် သူ၏ ကျင့်ကြံခြင်း လေ့ကျင့်မှုမှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာမည်ဖြစ်သည်။ သူ၏ အိမ်ရာထဲ၌သာ ဆက်ရှိနေမည်ဆိုပါက လုံးဝအကျိုးမရှိနိုင်ပေ။
သို့သော် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားပါက အမည်မသိ အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ထို လှိုဏ်ခေါင်းကြီးထဲ၌ အန္တရာယ်ပေါင်းမြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။ သူသည် ၎င်း၏ အပြင်ဘက်အစွန်းဘက်တွင်သာ လေ့ကျင့်မည်ဖြစ်ပါသော်လည်း သားရဲစီးကြောင်းများနှင့် ကြုံရနိုင်ခြေရှိပေသည်။ နောက်ထပ်အန္တရာယ်တစ်ခုမှာ အမှောင်ချီများအား အလွန်အကျွံ စုပ်ယူမိခြင်းပင်။ ထိုသို့ စုပ်ယူမိပါက သူမသိသေးသည် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် ယခင်တုန်းက လေ့ကျင့်ရာ၌ အမှောင်ချီများအပေါ် တစ်စိတ်တစ်ပိုင်းမျှသာ မှီခိုအားထားခဲ့ခြင်းဖြစ်သည်။ ဘေးကင်းလုံခြုံမှုမှာ သူ့အတွက် အရေးအကြီးဆုံးဖြစ်၏။
အခြားအခြေနေ တစ်ခုခုတွင်ဆိုလျှင် သူသည် ဘေးကင်းလုံခြုံမှုကို ဦးစားပေးမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အချိန်သိပ်မကျန်တော့ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ခြေလှမ်းတစ်လှမ်းလှမ်းကာ သူ၏အိမ်ရာထဲမှ ထွက်ခွာသွားတော့သည်။ သူသည် သူ၏ မြို့တော်နယ်မြေအသစ်အား စတင်တည်ဆောက်ခဲ့သည့် အချိန်တုန်းက ထိုနယ်မြေ၏ အလယ်ဗဟို၌ အလုံပိတ်ထားခဲ့သည့် မူလနတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးဆီသို့ ဦးတည်သွားနေခြင်းဖြစ်သည်။
ထို နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးအား အလုံပိတ်ထားခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင် ခုန်းတောက်မှာ ၎င်းအား တာဝန်ယူထား၏။ ဝမ်ပေါင်လဲ့မှာ ထိုလှိုဏ်ခေါင်းကြီးဆီသို့ ဦးတည်လာနေရင်း ခုန်းတောက်အား လှမ်း၍ဆက်သွယ်ခဲ့ပြီး သူသည် လှိုဏ်ခေါင်းကြီးထဲသို့ ဝင်တော့မည်ဖြစ်ကြောင်း အသိပေးခဲ့၏။
အစပိုင်းတွင် ခုန်းတောက်မှ ချီတုံချတုံ ဖြစ်နေရ၏။ သူသည် ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဇွဲမလျှော့သောကြောင့် သူသည် လှိုဏ်ခေါင်းကြီး၏ အပေါက်ဝအား ဖွင့်ပေးလိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့၏နောက်မှလိုက်ကာ သူ့အား ကူညီစောင့်ရှောက်ပေးမည့် လူအချို့ကို စီစဉ်ပေးရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ အကူအညီအား ငြင်းဆိုလိုက်၏။
သူ၏ ကျင့်ကြံခြင်းပညာရပ်ကို အခြားသူများမသိအောင် လျှို့ဝှက်ထားရမည်ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေ၏။ ပထမဦးဆုံးအချက် အနေနှင့် သူသည် လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲအထိ သွားမည်မဟုတ်ပေ။ ဒုတိယအချက်အနေနှင့် သူသည် မြို့တော်အသစ်၏ မြို့တော်သခင်ဖြစ်သောကြောင့် အချုပ်အနှောင်များနှင့် မန္တန်အစီအရင်ကြီးအား ထိန်းချုပ်ခွင့်ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သားရဲစီးကြောင်းကြီးတစ်ခုနှင့် ကြုံရလျှင်တောင် ပြန်လည်ခုခံနိုင်စွမ်း ရှိနေမည်ဖြစ်သည်။
ထို့အပြင် ယခင်တုန်းက သူ ထိုလှိုဏ်ခေါင်းကြီးထဲသို့ ဝင်ရောက်ခဲ့သည့် အကြိမ်တိုင်းတွင် အပြင်လူများ ရှိနေခဲ့သည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်အား ထုတ်မသုံးနိုင်ခဲ့ပေ။ သို့သော် အမှောင်မီးတောက်နှင့်သာဆိုလျှင် သူသည် ကြုံတွေ့ရသမျှ အန္တရာယ်တိုင်းကို ဖြေရှင်းနိုင်လိမ့်မည်ဟု စိတ်ထဲ၌ ယုံကြည်ထား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူနှင့်အတူ မည်သူ့ကိုမှ လှိုဏ်ခေါင်းထဲသို့ ခေါ်မလာခဲ့သည့်အပြင် အပြင်ဘက် အစွန်းနားသို့ ရောက်ရှိသွားပြီးနောက် မန္တန်အစီအရင်ကြီးကို ထိန်းချုပ်ကာ လှိုဏ်ခေါင်းထဲရှိ ရုပ်သံမှတ်တမ်းတင် ကိရိယာအားလုံးကို ပိတ်လိုက်၏။ ထို့ကြောင့် အပြင်ဘက်တွင် ရှိနေသည့် မည်သူကမှ အတွင်းထဲ၌ ဖြစ်ပျက်နေသည့် အရာများကို စောင့်ကြည့်နိုင်တော့မည်မဟုတ်ပေ။
ထို့နောက် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး လှိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားတော့သည်။ အထဲသို့ ရောက်သွားသောအခါ သူ့အတွက် သင့်တော်မည့် နေရာတစ်ခုကို လိုက်လံရှာဖွေနေလိုက်၏။
ဝမ်ပေါင်လဲ့ လှိုဏ်ခေါင်းထဲသို့ ဝင်သွားချိန်မှာပင် ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် အာကာသကြီးထဲတွင် ဧရာမ အနက်ရောင်ရေခူကြီးတစ်ကောင်မှာ နေအဖွဲ့အစည်း၏ အနားသို့ အသံတိတ် ချဉ်းကပ်လာ၏။ ၎င်းမှာ အတွင်းထဲသို့ ချက်ချင်းဝင််ရောက်လာခြင်းမရှိဘဲ အပြင်ဘက်၌ ရစ်ဝဲနေ၏။ ခဏအကြာတွင် ၎င်း၏ ခန္ဓာကိုယ်မှာ ခပ်ရေးရေးခန့် အကြည်ရောင်ပြောင်းလဲသွားသောကြောင့် အတွင်းထဲ၌ ရှိနေသည့် အကြေးခွံချပ်ဝတ်တန်ဆာများ ဆင်မြန်းထားကြသော ကျင့်ကြံသူသုံးယောက်ကို မြင်လိုက်ရသည်။ သူတို့မှာ ထိုရေခူကြီးထဲတွင် တင်ပျဉ်ခွေထိုင်နေကြပြီး သူတို့၏မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေ၏။ သူတို့မှာ ထိုရေခူကြီးကို ဖြတ်၍ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် နေအဖွဲ့အစည်းအား စိုက်ကြည့်နေကြသည်။
” တကယ့်ကို လူနေမှုအဖွဲ့အစည်းတစ်ခုရဲ့ အရိပ်အယောင်တွေ ရှိနေတာပဲ…. ”
” ငါတို့တွေ ဒီအထိ ရောက်လာတာတောင် သူတို့တွေက ငါတို့ကို အာရုံမခံမိသေးဘူး။ အဲ့တာမလို့ ဒါက အဆင့်နိမ့်လူနေမှုအဖွဲ့စည်းတစ်ခုပဲ ဖြစ်ရမယ် ”
” အဆင့်နိမ့်လူနေမှုအဖွဲ့အစည်းတစ်ခု ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီဘူး။ အန္တရာယ်တွေ ရှိနေနိုင်လားဆိုတာ အရင်ဆုံး စစ်ဆေးကြည့်ဖို့လိုတယ် ” မျက်နှာပေါ်၌ ကင်းခြေများတစ်ကောင် ရှိနေသည့် ကျင့်ကြံသူကြီးမှာ သူ၏ ရဲဘော်ရဲဘက်များ၏ ပြောစကားကို ကြားလိုက်ရသောအခါ ပြန်ပြောလိုက်၏။ သူသည် တရိပ်ရိပ်တက်လာသော သူ၏ လောဘစိတ်များကို ချုပ်တည်းလိုက်ပြီး သလင်းကျောက် သံလိုက်အိမ်မြှောင်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်အချို့ ဖော်လိုက်သောအခါ ထိုသံလိုက်အိမ်မြှောင်ထဲမှ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။
ထိုအလင်းရောင် တလက်လက် တောက်ပသွားသောအခါ သံလိုက်အိမ်မြှောင်၏ အထက်တွင် ပုံရိပ်ယောင် ရုပ်လုံးကြွမြေပုံတစ်ခု ပေါ်ပေါက်လာ၏။ ထိုမြေပုံထဲတွင် နေအဖွဲ့အစည်းထဲရှိ နေမင်းကြီးနှင့် အခြားဂြိုဟ်များအားလုံး ပါဝင်နေသည်။
ထိုမြေပုံပေါ်တွင် ကမ္ဘာ၊ အင်္ဂါဂြိုဟ်နှင့် လမင်းကြီးတို့ကိုလည်း ထင်ရှားပြတ်သားစွာ မြင်နိုင်ပေသည်။
👋👋👋👋👋