Switch Mode

အခန်း (၄၃၇)

မှတ်တမ်းတွေ အကုန်လုံးက အလိမ်အညာတွေပဲ

ပြည်ထောင်စုကြီးမှာ မြို့တော်များအား အဆင့်ခွဲခြားသတ်မှတ်ရာ၌ အလွန်အင်မတန်မှ စည်းကမ်းတင်းကြပ်၏။ ကမ္ဘာပေါ်ရှိ မြို့တော် ဆယ့်ရှစ်ခုစလုံးကို အထူးဒေသများအဖြစ် သတ်မှတ်ထားသည်ဖြစ်ပြီး ပြည်ထောင်စုမြို့တော်ကြီးနှင့် ပင်မအင်္ဂါဂြိုဟ်မြို့တော်နှစ်ခုကိုသာ ပင်မမြို့တော်ကြီးများအဖြစ် သတ်မှတ်ထားကြသည် ဖြစ်သည်။

ထို အထူးဒေသများ၏ အောက်တစ်ဆင့်တွင် အခြား ပုံသဏ္ဍာန်တူ မြို့ပေါင်းမြောက်မြားစွာ ရှိသည်။ ၎င်းတို့မှာ သက်ဆိုင်ရာ အထူးဒေသများ၏ လက်အောက်ခံမြို့များဖြစ်ကြသည်။ ထိုမြို့များမှာ ဝမ်ပေါင်လဲ့၏ မြို့တော်အသစ်နှင့် အဆင့်အတူတူပင် ဖြစ်သည်။

သို့သော် မြို့တော်အသစ်တစ်ခုကို အထူးဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်လိုက်မည်ဆိုပါက ၎င်းမှာ မိုးနှင့်မြေ ခြားနားနေသကဲ့သို့ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုကြီးထဲ၌ အထူးဒေသ ဆယ့်ရှစ်ခုသာ ရှိသေးသည်ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကမ္ဘာပေါ်တွင် ရှိနေကြသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် ‌ပြောင်းလဲခြင်းမှာ ကြီးမားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်၏။ ၎င်းမှာ အင်္ဂါဂြိုဟ်အတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်သောကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ထိုကိစ္စကြီးကို သေချာပေါက် ထောက်ခံပေးမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့အတွက်မူ သူ၏ ကြိုးစားအားထုတ်မှု အားလုံးမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားရမည် ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်မှ နှင်ထုတ်မခံရလျှင်တောင် လက်ထောက်အဆင့်ရာထူးတစ်ခုသို့ ရောက်သွားရမည် ဖြစ်သည်။ သူ၏ အတွေးအကြုံများနှင့် ကျင့်ကြံခြင်းအဆင့်မှာ အထူးဒေသမြို့တော်တစ်ခု၏ မြို့တော်သခင်တစ်ယောက် ဖြစ်လာနိုင်ရန် လုံလောက်မှုမရှိသေးပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး၏ ဥပဒေစည်းမျဉ်းများအရဆိုလျှင် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်သာ အထူးဒေသမြို့တော်တစ်ခု၏ မြို့တော်သခင် ဖြစ်လာခွင့် ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့သော မြို့တော်သခင်မှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိပေသည်။

သို့ဖြစ်ရာ ထိုအဆင့်သို့ တက်လှမ်းနိုင်ပါက မိမိ၏ ရာထူးအဆင့်အတန်းမှာ လုံးဝပြောင်းလဲသွားမည်သာဖြစ်သည်။ ပြည်ထောင်စုကြီးမှာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်လာရန် လိုအပ်သည့် လိုအပ်ချက်များကို တင်းကြပ်စွာ သတ်မှတ်ထား၏။ ထိုသတ်မှတ်ချက်များကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ ပြည်ထောင်စုကြီးအတွက် ကြီးမားသောအောင်မြင်မှုများ ဆွတ်ခူးပေးနိုင်လျှင်တောင် အမြင့်ဆုံး ပဏာမအဆင့်သုံးအရာရှိတစ်ယောက်သာ ဖြစ်လာနိုင်သည့်ဖြစ်သည်။ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်ဖြစ်ချင်ပါက အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်၌ ရောက်နေရန် လိုအပ်ပေသည်။

၎င်းမှာ မရှိမဖြစ်လိုအပ်သော လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အခြေတည်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ အကယ်၍ သူတို့မှာ ဝမ်ပေါင်လဲ့ အမြုတေအဆင့်သို့ မရောက်ခင် ဤအစီအစဉ်ကြီးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်သွားမည်ဆိုပါက ပြည်ထောင်စုကြီး၏ စည်းမျဉ်းများအရ သူတို့မှာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အား မြို့တော်သခင်အဖြစ် သတ်မှတ်ပေးရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တခြားနေရာသို့ ရာထူးပြောင်းရွှေ့ခြင်း မခံရနိုင်ပါသော်လည်း လက်ထောက်မြို့တော်သခင်တစ်ယောက်အဖြစ်သို့ ရာထူးချခံလိုက်ရမည်သာ ဖြစ်သည်။

ထိုအချိန်သို့ ရောက်လာပါက သူသည် လက်ထောက်မြို့တော်သခင်အဖြစ်သို့ ရောက်သွားမည် ဖြစ်၏။ ထိုအခါ သူသည် လီဝမ်အာထက် အနည်းငယ်မျှသာပို၍ အဆင့်မြင့်နေတော့မည် ဖြစ်သည်။ ၎င်းအား ရာထူးချခံရခြင်းဟု မသတ်မှတ်နိုင်ပါသော်လည်း အမှန်တကယ် ရာထူးချခံခြင်းထက် ပို၍ အထိနာပေသည်။

လူတိုင်းမှာ ထိုအကြောင်းကို သိထားကြလျှင်တောင် ဘာမှလုပ်နိုင်ကြမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ အပေါ်ယံတွင်မူ ဤကိစ္စကြီးမှာ ဝမ်ပေါင်လဲ့နှင့် သက်ဆိုင်မှုမရှိသည့်ပုံ မပေါ်ပေ။ ၎င်းမှာ မြို့တော်အသစ်ကြီးအား တိုးတက်အောင်လုပ်မည့် အစီအစဉ်တစ်ခုသာ ဖြစ်သည်။ သူတို့မှာ အရင်းအနှီး အထောက်အပံ့များကို လိုလိုလားလား ထုတ်ပေးကာ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်တို့ကို ထောက်ပံ့ပေးကြမည် ဖြစ်သည်။

ထိုအစီအစဉ်ကြီး စတင်သွားသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် အင်္ဂါဂြိုဟ်ဘုရင်ခံတို့ပင်လျှင် ထိုအဆိုပြုချက်အား အလွယ်တကူ ငြင်းဆန်နိုင်တော့မည် မဟုတ်ပေ။ ပေါ်တင်ပူးပေါင်းကြံစည်မှုဆိုသည်မှာ ထိုအခြင်းအရာမျိုးပင် ဖြစ်သည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲမှ ကောက်ကျစ်စဉ်းလဲသော အကြီးအကဲကြီးများမှာ ထိုကဲ့သို့ နည်းပရိယာယ်များ အသုံးပြုရာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြ၏။ လက်ရှိတွင် နိုင်ငံရေးအင်အားစုအသီးသီးမှာ ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးမှုရှိကြပါသော်လည်း မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် ပြောင်းလဲမည့်အစီအစဉ်ကို ကန့်ကွက်ကြမည် မဟုတ်ကြောင်း သူတို့က သိထားကြ၏။ သူတို့မှာ ထိုကိစ္စထဲ၌ ဝင်မပါဘဲ ဘေးမှနေ၍ စောင့်ကြည့်နေကြသည်သာဖြစ်သည်။ ထိုကဲ့သို့ အကူအညီ မပေးခြင်းမှာ သူတို့ဘက်မှ ထိုအစီအစဉ်ကို သဘောတူကြောင်း မီးစိမ်းပြလိုက်ခြင်းသာဖြစ်သည်။

မြို့တော်အသစ်အား အထူးဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်လိုက်မည်ဆိုပါက နိုင်ငံရေးအင်အားစု အသီးသီးမှာ အသစ်ပေါ်ပေါက်လာမည့် အကျိုးအမြတ်များနှင့် လုပ်ပိုင်ခွင့်အာဏာများအတွက် ယှဉ်ပြိုင်ခွင့် ရရှိသွားကြမည် မဟုတ်ပါလော။ သို့ဖြစ်ရာ လူတိုင်းအတွက် အကျိုးကျေးဇူးများစွာ ပေါ်ထွန်းလာနိုင်ပေသည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ မအောင်မမြင် ဖြစ်သွားခဲ့လျှင်တောင် အခြားအဖွဲ့အစည်းများမှာ ထိခိုက်နစ်နာသွားကြမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအစီအစဉ်ကြီးမှာ ချက်ချင်းပင်စတင်သွားတော့သည်။ ထိုကိစ္စကြီးမှာ တဖြည်းဖြည်းနှင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံလာရပြီး နောက်ဆုံးတွင် ၎င်းနှင့် ပတ်သတ်သည့် သတင်းများမှာ ကမ္ဘာနှင့် ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲ၌ ပျံ့နှံ့သွားကြတော့သည်။

မြို့တော်အသစ်မှာ အင်္ဂါဂြိုဟ်နှင့် ပြည်ထောင်စုကြီးအတွက် အလွန်အင်မတန်မှ အရေးပါကြောင်း လူအများက ပြောဆိုနေကြ၏။ သူတို့မှာ ထိုစကားဝိုင်းများထဲ၌ ဝမ်ပေါင်လဲ့အား ချန်လှပ်ထားခြင်း မရှိပါသော်လည်း သူ့အကြောင်းများကို အနည်းငယ်သာ ပြောဆိုခဲ့ကြသည်။ သူတို့အားလုံးမှာ မြို့တော်အသစ်၏ ခေါင်းဆောင်ရာထူးကိုသာ အာရုံစိုက်နေကြ၏။

ထိုစကားဝိုင်းများမှာ ပြည်ထောင်စုကြီးထဲ၌ တောမီးများကဲ့သို့ ပျံ့နှံ့သွား၏။ မြို့တော်အသစ်ထဲရှိ လီဝမ်အာနှင့် အခြားသူများမှာ ထို ပေါ်တင်ပူပေါင်းကြံစည်မှုကြီး၏ နောက်ကွယ်မှ မကောင်းကြံလိုသည့် ရည်ရွယ်ချက်များကို သိရှိနေကြပြီးဖြစ်သည်။

သူတို့မှာ စိုးထိတ်နေကြပါသော်လည်း ဝမ်ပေါင်လဲ့အား မဆက်သွယ်နိုင်ဘဲ ဖြစ်နေရ၏။ အဘယ့်ကြောင့်ဆိုသော လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်ကာ သူ၏ အသိစိတ်အား ကွန့်မြူးနေ‌သောကြောင့်ပင်။ သူသည် နတ်ဘုရားတစ်ပါး စိတ်ဆန္ဒကို သူ့ဆီသို့ ဆွဲငင်ကာ သူ၏ ပထမဆုံး သတ္တမအဆင့်ဓမ္မလက်နက်ကို သန့်စင်နိုင်ရန် ကြိုးစားနေ၏။

သူသည် သူ၏ အသိစိတ်အား ထပ်ခါတလဲလဲ ကွန့်မြူးခဲ့ပါသော်လည်း နတ်ဘုရားစိတ်ဆန္ဒအား မဆွဲငင်နိုင်ဘဲ ဖြစ်နေရ၏။ သို့သော် သူသည် တဖြည်းဖြည်းနှင့်ပို၍ ကျွမ်းကျင်လာပြီ ဖြစ်သည်။ ထို့အပြင် သူသည် မီးကျားတစ်ကောင်၏ စိတ်ဆန္ဒကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ သူ့ဆီသို့ ဆွဲငင်နိုင်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အောင်မြင်မှုရရှိနိုင်ရန် လေ့လာမှုမြောက်မြားစွာ ပြုလုပ်ခဲ့၏။ သူသည် ထိုကဲ့သို့ ဆွဲငင်နိုင်ရန် သွေးဆောင်ဖြားယောင်းမှုများစွာ ပြုလုပ်ရန် လိုအပ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် ထိုနတ်ဘုရား ကြိုက်နှစ်သက်သည့်အရာကို သိထားရန်လိုအပ်ပေသည်။

သူသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် ထိုမီးကျားကြီး သဘောကျနှစ်သက်သည့် အရာများကို သိရှိသွား၏။ ထိုကျားကြီးမှာ…. နှာဗူးကျားကြီးတစ်ကောင် ဖြစ်နေသည်။ ၎င်းမှာ ကျားမများ၏ ဝိညာဉ်များကို အလွန်အင်မတန်မှ နှစ်သက်၏။ ဝမ်ပေါင်လဲ့မှာ ကြိမ်ဖန်များစွာ ကြိုးစားကာ အပင်ပန်းခံ၍ လေ့လာခဲ့ပြီးမှ ထိုအဖြေအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ တံခါးပိတ်လေ့ကျင့်ခြင်းအား မစခင် လင်းတျန်ဟောက်အား သားရဲဝိညာဉ်ပေါင်း မြောက်မြားစွာကို ပြင်ဆင်ခိုင်းခဲ့၏။

ထိုသားရဲဝိညာဉ်ကြီးများမှာ အဆောင်ဝိညာဉ်များအဖြစ် အသုံးပြုရန် အရည်အချင်းပြည့်မီခြင်း မရှိသည့်အပြင် အာနာပါနအဆင့် ကျင့်ကြံခြင်းအဆင့်ကိုသာ ပိုင်ဆိုင်ထားပါသော်လည်း အရေအတွက် များပြားလွန်းနေသောကြောင့် ငွေအရင်းအနှီး အနည်းငယ်ခန့် စိုက်ထုတ်ခဲ့ရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ မီးကျားကြီးအား အောင်မြင်စွာ သွေးဆောင်ဖြားယောင်းနိုင်ရန်အတွက် ငွေမည်မျှကုန်ကုန် ဂရုမစိုက်ပေ။

” ဒီတစ်ခေါက်တော့ ငါ အောင်မြင်ပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်အား ကွန့်မြူးလိုက်၏။ သူ့ဆီတွင် သားရဲဝိညာဉ်ပေါင်း မြောက်မြားစွာ ရှိနေပြီးသားဖြစ်သည်။ သူသည် သူ့ရောက်ရှိနေသည့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြားရှိ မှုန်ဝါးဝါးဖြစ်နေသည့် ပုံရိပ်ယောင်ဟင်းလင်းပြင်ကြီးထဲ၌ မီးကျားကြီး၏ ဝိညာဉ်အား အလွယ်တကူ ရှာဖွေတွေ့ရှိလိုက်၏။ သူသည် ၎င်းအား ခပ်လှမ်းလှမ်းမှနေ၍ အကဲခတ်နေသည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြားရှိ မှုန်ဝါးဝါးဟင်းလင်းပြင်ကြီးထဲ၌ ၎င်းမှာ အသေးစားနေမင်းတစ်စင်းနှင့် တူနေသည်။ ၎င်းမှာ နယ်မြေအပိုင်းအခြားတစ်ခုထဲ၌ ဦးတည်ရာမဲ့စွာ လှည့်လည်သွားလာနေ၏။

၎င်း၏ ခမ်းနားကြီးကျယ်လွန်းလှသည့် ပုံပန်းသွင်ပြင်နှင့် အံ့ဩမှင်တက်ဖွယ် အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရသည်။ သို့သော် ၎င်း၏အနီးသို့ ချဉ်းကပ်သွားခြင်းမရှိဘဲ ကျားမတစ်ကောင်၏ ဝိညာဉ်အား ချက်ချင်းထုတ်ယူလိုက်၏။ ထိုသားရဲဝိညာဉ်ကြီး ပေါ်ပေါက်လာသည်နှင့် ဦးတည်ရာမဲ့သွားလာနေသော မီးကျားကြီးမှာ ချက်ချင်းပင် လှည့်ကြည့်လိုက်၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင်ပျောက်ကွယ်သွားကာ ထိုသားရဲဝိညာဉ်ကြီး၏ ဘေး၌ ပြန်ပေါ်လာပြီး ၎င်းအား တစ်ချက်တည်းကိုက်ကာ ဝါးမျိုပစ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏နည်းဗျူဟာများ အလုပ်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပျော်ရွှင်ကျေနပ်သွားရ၏။ ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန် ဆုတ်ခွာသွားပြီး မျှော်လင့်တကြီးဖြင့် နောက်ထပ်သားရဲဝိညာဉ်တစ်ခုအား လှမ်းပစ်ပေးလိုက်ပြန်သည်။

” လာပါကွ။ ငါ့ရဲ့ ရတနာလေးရ ”

ဝမ်ပေါင်လဲ့တစ်ယောက် မျှော်လင့်တကြီး စောင့်ဆိုင်းနေစဉ် မီးကျားကြီးမှာ ရှေ့သို့ထပ်၍ ခုန်အုပ်လိုက်ပြန်သည်။ ၎င်းမှာ ဒုတိယမြောက်သားရဲဝိညာဉ်ကြီးအား မျိုချလိုက်ပြီးနောက် နောက်သို့ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ထပ်ဆုတ်သွားပြီး တတိယမြောက် သားရဲဝိညာဉ်ကြီးအား လှမ်းပစ်ပေးလိုက်ပြန်သည်။

ထိုသို့ဖြင့် သူသည် နောက်သို့ဆုတ်သွားလိုက် သားရဲဝိညာဉ်များအား လှမ်းပစ်ပေးလိုက် လုပ်နေ၏။ မီးကျားကြီးမှာလည်း စဉ်းစားဆင်ခြင်ဉာဏ် သိပ်မရှိသည့်ပုံဖြင့် တဖြည်းဖြည်းနှင့် ရှေ့သို့လိုက်လာ၏။ ၎င်းမှာ သားရဲဝိညာဉ်ကြီးများကို တစ်ခုပြီးတစ်ခု ဝါးမျိုရင်း နောက်သို့ ဆုတ်ခွာသွားနေသည့် ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်လာသောကြောင့် အတော်အသင့် ခရီးပေါက်နေပြီ ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ တံခါးပိတ်ကျင့်စဉ် စတင်ခဲ့သည့်နေရာနှင့် သိပ်မဝေးတော့သည့် နေရာသို့ ရောက်နေပြီဖြစ်သည်။

သူ တံးခါးပိတ်‌လေ့ကျင့်‌နေသည့် အခန်းထဲတွင် သူဖန်တီးပြုလုပ်ထားသည့် အော်လံကြီးကို နေရာချထားပြီးသား ဖြစ်သည်။ ၎င်းမှာ မီးကျားကြီး၏ ဝိညာဉ်တစ်ခုတည်းကိုသာ လိုအပ်တော့သည်။

” လွယ်လိုက်တာ။ ဒီနေ့တော့ ငါ သတ္တမအဆင့်ဓမ္မလက်နက်တစ်ခုကို ဖန်တီးနိုင်တော့မယ် ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်ထပ် သားရဲဝိညာဉ်ကြီးတစ်ကောင်ကို ထပ်၍ လှမ်းပစ်ပေးလိုက်ပြန်သည်။ ထို့နောက် သူသည် သူ၏ ပျံ့လွင့်နေသော အသိစိတ်အား သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်၍ထည့်ရန် ပြင်လိုက်၏။ သူသည် မီးကျားကြီးအား သူ၏ ဓမ္မလက်နက်ထဲရှိ အဆောင်ဝိညာဉ်ကို သတိထားမိသွားအောင် လုပ်ကာ ၎င်းအား ဓမ္မလက်နက်ဆီသို့ ဆွဲငင်ရန် ကြံစည်ထား၏။

မီးကျားကြီးမှာမူ ဝမ်ပေါင်လဲ့ လှမ်းပစ်ပေးလိုက်သည့် နောက်ဆုံးဝိညာဉ်ကြီးကို မျိုချပြီးသွားသောအခါ ရပ်တန့်သွား၏။ ထို့နောက် ၎င်း၏ အသက်မဲ့နေသော မျက်ဝန်းများထဲတွင် စိတ်ကျေနပ်မှုများနှင့် ဟားတိုက်လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်းမှာ လမ်းကြောင်းပြောင်းသွားပြီး ဝမ်ပေါင်လဲ့နောက်သို့ ဆက်မလိုက်တော့ဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးများကျွတ်ထွက်လာလုမတတ် ဖြစ်သွားရပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။

” ဘာတွေဖြစ်နေတာလဲ။ ငါလေ့လာထားတဲ့ စာအုပ်တွေထဲကအတိုင်းနဲ့လည်း မတူပါလား။ ဝိညာဉ်တွေဆီမှာ တိရစ္ဆာန်အသိစိတ်တွေပဲ ရှိနေတယ်လို့ ငါက ထင်ထားတာလေ။ ဘယ်လိုလုပ်ပြီးတော့ သူက ငါ့ကို လှောင်ပြောင်နိုင်စွမ်း ရှိနေရတာလဲ။ ငါက ရှေးပဝေသဏီတုန်းက သေသွားခဲ့တဲ့ ဝိညာဉ်အကြွင်းအကျန်တစ်ခု လိမ်တာကို ခံလိုက်ရတာလားဟ ”

“သူ… သူက ငါ့ရဲ့ဝိညာဉ်တွေ အများကြီးကို စားပစ်ခဲ့တာ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားပြီး ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားရတော့သည်။ သူသည် သူ၏ဆုံးရှုံးနစ်နာမှုများကြောင့် ဝမ်းနည်းနေရသလို သူ၏ ဉာဏ်ပညာအား စော်ကားသလို ခံစားလိုက်ရသည့်အတွက် ယမ်းပုံမီးကျ ပေါက်ကွဲသွား၏။

” ပြန်လာခဲ့စမ်း ” ဝမ်ပေါင်လဲ့မှာ ဖြတ်ကျော်အဆင့်ထဲ၌ ရှိနေဆဲပင်။ သူသည် အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သောကြောင့် ယခင်တုန်းကလို သတိကြီးကြီးထားနေခြင်း မရှိတော့ပေ။ ဖြတ်ကျော်အဆင့်ထဲ၌ သူ ဒေါသတကြီး ပေါက်ကွဲလိုက်ရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ အမျက်ဒေါသများ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ မှုန်ဝါးဝါးခန္ဓာကိုယ်ကြီးထဲ၌ အမှောင်မီးတောက်သုံးခု ချက်ချင်း ပေါ်ပေါက်လာ၏။

ထို အမှောင်မီးတောက်များမှာ သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေသည်ဖြစ်ပါသော်လည်း ဖြတ်ကျော်အဆင့်ထဲ၌ ရောက်နေသောကြောင့် ၎င်းတို့ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့ ပေါ်ပေါက်လာချိန်တွင် သူရောက်နေသည့် မှုန်ဝါဝါး ပုံရိပ်ယောင်ကမ္ဘာကြီးမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွားရ၏။ ထို့နောက် သူ့အား လှောင်ပြောင်နေသည့် ကျားကြီးမှာလည်း ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်ဝန်းများထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ပေါက်ပေါက်လာတော့သည်။ ၎င်းမှာ အဝေးသို့ ထွက်ပြေးသွားချင်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အမှောင်မီးတောက်သုံးခုမှာ အပြင်ဘက်သို့ ပျံထွက်လာပြီး ၎င်းအား ဖိနှိပ်ချုပ်တည်းလိုက်ကြ၏။

မီးကျားကြီး၏ စိတ်ဆန္ဒမှာ ချုပ်တည်းခံလိုက်ရသဖြင့် ၎င်းမှာ အသံကုန်အော်ဟစ်လိုက်ပါသော်လည်း အရာမထင်ပေ။ ထို့ကြောင့် ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။ ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားရ၏။

” ဒီလိုလည်း ရတာပဲလား ” ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူသည် အမှောင်မီးတောက်များအား ကြိုးစားထိန်းချုပ်ကြည့်လိုက်သောအခါ ထိုမီးတောက်များမှာ ချင်းဆိုသလိုပင် ပို၍ အားကောင်းလာတော့သည်။ မီးကျားကြီးမှာမူ အော်ဟစ်မြည်တမ်းနေရ၏။ ၎င်းမှာ အမှောင်မီးတောက်များကြောင့် ပြားပြားဝပ်နေရပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ စိတ်ဓာတ်များ တက်ကြွသွားပြီး ခေါင်းမော့ရင်ကော့ကာ ထိုမီးကျားကြီး၏ စိတ်ဆန္ဒအား လက်ညှိုးထိုး၍ တည်ကြည်စွာ ဆိုလိုက်၏။

” ငါ မင်းနဲ့အတူတူ အေးအေးဆေးဆေး အတူတူ ယှဉ်တွဲနေထိုင်ချင်တာ။ ဒါပေမဲ့ အခုလိုဖြစ်လာမှတော့ ငါက အလျှော့ပေးတော့မှာ မဟုတ်တော့ဘူး။ မင်း ငါ့ရဲ့ ဓမ္မအဆောင်ထဲကို ကြည်ကြည်ဖြူဖြူ ဝင်ရင်ဝင်။ မဝင်ရင် ငါမင်းကို ချေမှုန်းပစ်မယ် ” ဝမ်ပေါင်လဲ့က ထိုသို့ အော်ပြောလိုက်သဖြင့် မီးကျားကြီးမှာ အသားများ တုန်ရီသွားရသည်။ ၎င်းမှာ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သောကြောင့် ၎င်း၏ မျက်ဝန်းများထဲ၌ မုန်းတီးစိတ်များနှင့် ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေရတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း နားလည်သွားသည့်ပုံပင်။ ထို့ကြောင့် တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ မီးတောက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ တံခါးပိတ်လေ့ကျင့်နေသည့်နေရာတွင် ရှိနေသော သတ္တမအဆင့် ဓမ္မလက်နက် အော်လံကြီးထဲသို့ ဝင်သွား‌လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ‌အဆောင်ဝိညာဉ်နှင့် ပေါင်းစည်းသွားပြီး အော်လံကြီး တစ်ခုလုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ထိုအခါ အော်လံကြီးမှာ မီးများတောက်လောင်သွား၏။ ၎င်းမှာ နီမြန်းသွားပြီး ၎င်း၏ ကိုယ်ထည်ပေါ်၌ ကမ္ဗည်းစာလုံး မြောက်မြားစွာ ပေါ်ပေါက်လာသည်။ ထိုကမ္ဗည်းစာလုံးများမှာ အလွန်အင်မတန်မှ ခက်ခဲရှုပ်ထွေးနေ၏။ ထိုအခိုက်အတန့်တွင် အော်လံကြီး၏ အတွင်းပိုင်းရော အပြင်ပိုင်းပါ ပြောင်းလဲသွားတော့သည်။ ခဏအကြာတွင် ထိုဓမ္မလက်နက်ထဲမှ သတ္တမအဆင့်ဓမ္မလက်နက်တစ်ခု၏ စွမ်းအားများ ထွက်ပေါ်လာ၏။ ထိုစွမ်းအားများနှင့်အတူ ကြောက်မက်ဖွယ် ကျားနီကြီးတစ်ကောင်မှာ အော်လံအပြင်ဘက်၌ ပေါ်ပေါက်လာပြီး ၎င်း၏ခေါင်းကိုမော့ကာ အော်ဟစ်မြည်တမ်းနေ၏။ ၎င်း၏ ပုံပန်းသွင်ပြင်မှာ ခမ်းနားကြီးကျယ်လွန်းလှပြီး အံ့ဩမှင်တက်ဖွယ် ကောင်းလှပေသည်။

” မှတ်တမ်းတွေက အလိမ်အညာတွေပါလား။ သူတို့ကို သွေးဆောင်ဖြားယောင်းဖို့မလိုဘူး။ အင်အားသုံးပြီးတော့ ဖိနှိပ်နိုင်ရင် ရပြီ ” ဝမ်ပေါင်လဲ့မှာ ဖြတ်ကျော်အဆင့်ထဲမှ စိတ်လှုပ်တရှားနှင့် ပြန်လည်ထွက်ခွာလာ၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် သူသည် သူ၏ရှေ့တွင်ရှိနေသော အနီရောင်အော်လံကြီးကို စိုက်ကြည့်ရင်း ၎င်း၏ စွမ်းအားမှာ သူဖောက်ခွဲဖျက်ဆီးခဲ့သည့် ဓားရှည်ကြီးထက် ပို၍သာလွန်နေသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ကျေနပ်အားရစွာ အော်ဟစ်ရယ်မောလိုက်တော့သည်။

” ငါက တကယ့်ကို မောင်ကံကောင်းလေးပဲကွ “

Comment

Leave a Reply

Options

not work with dark mode
Reset