Switch Mode

အပိုင်း(၅၃)

လျှိုနန်းတော်

ရီဖူရှင်းအတွက်မူ အေးချမ်းစွာ တန်ခိုးကျင့်ခွင့်ရသော အချိန်များ နည်းလွန်းလှသည်။ ထို့ကြောင့် သူက ထိုစိန်ခေါ်ပွဲနှင့် ပတ်သက်၍ စိတ်ကူးထဲတွင်ပင် မထားပေ။ ဂျင်ယန်မှာ မည်သူဖြစ်သည်။ မည်မျှ ထူးချွန်သည်ကို သူမသိလိုပေ။ ဂျင်ယန်ကို အနိုင်ယူခြင်းဖြင့် လူအများ၏ အာရုံစိုက်ခြင်း ခံရခြင်းမှအပ မည်သည့်အကျိုးကျေးဇူးမျှ မရရှိနိုင်ပေ။ ထိုကိစ္စက သူ့အား ပြဿနာများပင်လျှင် ဖြစ်စေနိုင်သည်။

ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများက ရီဖူရှင်းအား ဆက်လက်၍ပင် စော်ကားသော စကားများ။ အရှက်ရဖွယ် သတင်းများအား လွှင့်နေကြသည်။ သိုသော် သူဂရုမစိုက်ပေ။ သူကား ထိုမှတ်ချက်များအား နားမထောင်ပေ။ ဤသို့ဖြင့် တိတ်ဆိတ်စွာ တန်ခိုးကျင့်နေရင်းနှင့်ပင် တစ်နေ့တွင် ရီဖူရှင်းမှာ ကြယ်သုံးပွင့် ကောင်းကင်အဆင့်သို့ တက်ရောက်သွားသည်။ ယခုသူကား မှော်ပညာနှင့် သိုင်းပညာနှစ်ခုလုံးတွင် ကြယ်သုံးပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် ဖြစ်နေပေပြီ။ ထိုကာလအတွင်း များစွာသော မှော်သိုင်းပညာများအားလည်း လေ့ကျင့်နိုင်ခဲ့သည်။

ရီဖူရှင်းကား သူ၏အခန်းထဲတွင် မှော်ပညာနှင့် သိုင်းပညာအား အခြေခံအားဖြင့် ပေါင်းစပ်ကာ တိုက်ခိုက်သည့် နည်းစနစ်အား လေ့ကျင့်နေသည်။ သူကား ကွဲပြားခြားနားသော ဓာတ်သဘာဝများအား အသုံးပြုနိုင်သည်။ ထို့ကြောင့် အကယ်၍ သူ၏ သိုင်းပညာများအား မှော်ပညာဖြင့် ပေါင်းစပ်နိုင်ပါက သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိနိုင်ပေသည်။

ယူချင်းက သူ၏ဘေးနားမှ ရပ်ကြည့်နေသည်။ သူက ရီဖူရှင်းအား ပြောလိုက်သည်… “ဓာတ်သဘာဝ ခုနစ်မျိုးအနက် မင်းက ဓာတ်တစ်မျိုးစီတိုင်းရဲ့ မှော်သိုင်းကွက်တွေကို လေ့ကျင့်တယ်… ဒါပေမဲ့ ရေဓာတ် မပါဘူး…”

ရီဖူရှင်းက ဓာတ်သဘာဝအားလုံးကို ဆင်ခြင်နိုင်စွမ်း ရှိသော်လည်း သူ့တွင် ရေဓာတ်အထူးပြု သက်စောင့်ဝိညာဉ် မရှိပေ။ ထို့ကြောင့် သူကား ရေဓာတ်သဘာဝတွင် အားအနည်းဆုံးဟု ဆိုနိုင်သည်။

သို့တိုင်အောင် သူကား တခြား ဓာတ်သဘာဝ အားလုံးတွင် ဆင်ခြင်နိုင်စွမ်း အမြင့်ဆုံးတွင် ရှိသည်။ သူ၏မူလဝိညာဉ်ကား သစ်သားဓာတ်ဖြစ်သော ကမ္ဘာသစ်ပင် ဖြစ်သည်။ ထိုမူလဝိညာဉ်အား လူအများ၏ရှေ့တွင် ထုတ်ပြရန် စိတ်ကူးလုံးဝ မရှိသော်လည်း သစ်သားဓာတ် စွမ်းအင်အား သူ စတင် လေ့ကျင့်နေပြီ ဖြစ်သည်။

“ဒီမှော်သိုင်းကွက်တွေက ငါကိုယ်တိုင် သေချာ ရွေးထားတာ… ဒါကြောင့် ပိုပြီး လေ့ကျင့်လို့ ပြဿနာမရှိဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်… “ငါဒီနေ့ အပြင်ကို သွားစရာရှိတယ်… ဒီည ပြန်ရောက်မှာ မဟုတ်ဘူး… မြန်မြန် တန်ခိုးကျင့်ပြီးတော့ ကြယ်လေးပွင့်အဆင့်သို့ ရောက်အောင် လုပ်…”

“ကောင်းပြီ… မကြာခင် ရောက်လိမ့်မယ်…” ယူချင်းက ခေါင်းညိတ်လိုက်သည်။ သူ၏တန်ခိုးကျင့်သည့် ခရီးလမ်းမှာ ရီဖူရှင်းကဲ့သို့ မလွယ်ကူလှပေ။

ရီဖူရှင်းက သိမ်းငှက်နက်ကြီးပေါ်သို့ တက်လိုက်ပြီး ဒွန်ဟိုင်ကျောင်းတော် အပြင်သို့ ထွက်ခွာသွားသည်။

***

လျိုနန်းတော်ကား ဒွန်ဟိုင်မြို့တော်တွင် တည်ရှိသည်။

ကောလာဟလများအရ နန်းတော်၏ အရှင်သခင် အရှင်လျိုမှာ နန်ဒူနိုင်ငံ ဘုရင်၏ ဆွေတော်မျိုးတော်ဟု ပြောကြသည်။ တခြား ကောလာဟလများအရ သူကား ဧကရာဇ်မိသားစု၏ ကျေးဇူးမကင်းသူဟု ပြောကြသည်။ ထို့ကြောင့် သူ့အား အရှင်ဟူသော နာမည်အား သုံးစွဲခွင့် ပေးထားခြင်း ဖြစ်ကြောင်း ပြောကြသည်။

မည်သို့ပင်ဆိုစေ ဒွန်ဟိုင်တစ်မြို့လုံးတွင် ထိုအမည်နာမနှင့် သူ တစ်ယောက်တည်းသာလျှင် ရှိပေသည်။ သို့သော် သူ၏အဆင့်အတန်းမှာ သာမန်မျှသာ ဖြစ်သည်။

လျိုနန်းတော်ကား အလွန်ဂုဏ်သရေ ကြီးမားကာ စွမ်းအားမြင့်သော မိသားစုဖြစ်သည်။

လျိုနန်းတော်ရှေ့တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။ သူကား ရီဖူရှင်းဖြစ်သည်။

နန်းတော်တံခါး၏ အရှေ့တွင် လူများမှာ လျင်မြန်စွာ လှုပ်ရှားသွားလာ နေကြသည်။ အဆောက်အဦများမှာ လှပစွာ ဆင်မြန်းထားပြီး ပွဲတော်၏အငွေ့အသက်များကို ရရှိနေသည်။ ရီဖူရှင်းက သည်နန်းတော်၏ဆရာသခင်မှာ မွေးနေ့ပွဲ ကျင်းပနေသည်ကို သိထားသည်။

သို့သော်လည်း သည်ကိစ္စက ရီဖူရှင်းနှင့် မသက်ဆိုင်ပေ။

သူဂရုစိုက်သော တစ်ခုတည်းသော အရာမှာ အရှင်လျို ဖြစ်သည်။ သူကား ဒွန်ဟိုင်တစ်မြို့လုံးတွင် သက်စောင့်ဝိညာဉ်အား ကုသနိုင်သော တစ်ဦးတည်းသော အကာနာအဆင့် မှော်ဆရာဖြစ်သည်။ သူကား တန်လန်က ပြောရန် ငြင်းဆန်ခဲ့သော သူဖြစ်သည်။

ရီဖူရှင်းအတွက် တန်ခိုးကျင့်သည်မှအပ တခြားလုပ်သည့်အလုပ်မှာ သည်ကိစ္စအား စုံစမ်းခြင်းဖြစ်သည်။ သူကား ဟွာဖန်းလူ၏ ဒဏ်ရာအား အမြဲ တွေးတောနေသူဖြစ်သည်။

ရီဖူရှင်းက တန်လန်က အဘယ်ကြောင့် အရှင်လျို၏အကြောင်းကို ပြောရန် ငြင်းဆန်သည်ကို မသိပေ။ သူက အရှင်လျိုအား ဟွာဖန်းလူကို ကုသရန် ပြောဆိုနိုင်မည်ဟု ယုံကြည်ချက် မရှိသော်လည်း သူက သည်အတိုင်း ထိုင်နေရန် မလိုလားပေ။ သူက အရှင်လျိုမှာ သီးသန့်နေတတ်ပြီး သူ၏ဂုဏ်သိက္ခာအား အလွန်ဂရုစိုက်သူမှန်း သိထားပြီးဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သူ၏မွေးနေ့ကို ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိသည်။ ရီဖူရှင်းက သူ၏အကျင့်စရိုက်များအား လေ့လာလိုပြီး ဟွာဖန်းလူအား ကုသရန် အခွင့်အလမ်း ရှိသလား သိလိုသည်။

ရီဖူရှင်းကား ဟွာဖန်းလူ၏ ဒဏ်ရာနှင့် ပတ်သက်၍ မိမိကိုယ်ကို အမြဲ အပြစ်မကင်းသလို ခံစားရသည်။ ဟွာဂျီယူကိုလည်း သူ ကတိပေးထား ပေသေးသည်။ သူအောင်မြင်သည် မအောင်မြင်သည်က အရေးမဟုတ်ပေ။ အနည်းဆုံး သူကြိုးစားရန် လိုအပ်သည်။

အခမ်းအနား စီစဉ်သူတစ်ဦးက ရီဖူရှင်းအား သတိပြုမိသည်။ ချောမော၍ ငယ်ရွယ်သော လူငယ်လေးဟု သူစိတ်ထဲမှာ မှတ်ချက်ပြုကာ ပြုံးလျက် မေးလိုက်သည်… “ဒီက သခင်လေးကို ဘာကူညီရမလဲ …”

“အရှင်လျိုရဲ့ မွေးနေ့မှာ ဂီတနဲ့အက ဖျော်ဖြေမှု အစီအစဉ်ရှိလား သိချင်ပါတယ်… ကျွန်တော်က ကု့ချင်းတီးခတ်ခြင်းကို ကျွမ်းကျင်ပါတယ်… ဖြစ်နိုင်မယ်ဆို… ကျွန်တော်က အရှင်လျိုရဲ့ မွေးနေ့မှာ တီးခတ် ဖျော်ဖြေချင်ပါတယ်…” ရီဖူရှင်းက ပြောလိုက်သည်။

စီစဉ်သူက ပြုံးလျက် ပြန်ပြောလိုက်သည်… “ဒီနေရာက ကု့ချင်းတီးသမား မရှားဘူး သခင်လေး…”

“အခုရှိတဲ့လူတွေထက် ကျွန်တော်က ပိုကောင်းတယ်ဆိုတာ သေချာပါတယ်… လုံးဝမဖြစ်နိုင်ဘူး ဆိုရင်တောင် သာမန် အခိုင်းအစေ ကောင်လေးအနေနဲ့ဆိုလည်း ရတယ်…”

စီစဉ်သူက ရီဖူရှင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သည်ကောင်လေး၏ ခန့်ညားသပ်ရပ်သော ပုံစံက မည်သို့မျှ အခိုင်းအစေ မဖြစ်နိုင်ပေ။

“သခင်လေး… ဘာလို့ ဒီနန်းတော်ကို ဒီလောက် ဝင်ချင်နေရတာလဲ…” စီစဉ်သူက မေးလိုက်သည်။ သူက သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ စီစဉ်သူကား ညဏ်တုံးသောသူ မဟုတ်ပေ။

“ကျုပ်က ဒီပွဲ ကြီးကျယ်ခမ်းနားမှုကို မျက်မြင် တွေ့ချင်လို့ပါ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီနန်းတော်က ကု့ချင်းတီးသမားရော… အခိုင်းအစေရော မလိုအပ်ဘူး…” ပွဲစီစဉ်သူက ခေါင်းခါလျက် ပြောလိုက်သည်။ သည်ဆယ်ကျော်သက် အရွယ်လေးက အန္တရာယ် မရှိနိုင်သော်လည်း သည်နန်းတော်ကို ဝင်ခွင့်ပေးရန် စိတ်ကူးမရှိတော့။

“ဟေး…” ထိုအခိုက်တွင် သူတို့၏နောက်မှ တစ်စုံတစ်ယောက်က အံ့သြတကြီး အော်ခေါ်လိုက်သည်ကို ကြားလိုက်ရ၏။ ရီဖူရှင်းက နောက်လှည့်ကြည့်လိုက်လျှင် လှပသော မိန်းမပျိုလေး နှစ်ယောက်အား တွေ့လိုက်ရသည်။ ရှေ့မှ လျှောက်လာနေသော မိန်းကလေးမှာ ပိုမို၍ လှပေသည်။

သည်မိန်းကလေး နှစ်ယောက်မှာ ချင်းကျူမြို့မှ ဒွန်ဟိုင်မြို့တော်သို့ လာရာတွင် သင်္ဘောပေါ်တွင် တွေ့ခဲ့သော မိန်းမပျိုနှစ်ယောက်ပင်။

“နင်ကိုး…” ရှေ့မှလျှောက်လာသော မိန်းကလေးက အံ့အားသင့်စွာ ပြောလိုက်သည်။ သူမက သူတို့မှာ လမ်းခရီးတွင် တွေ့ရုံမျှသာဖြစ်ပြီး နောက်တစ်ကြိမ် ထပ်တွေ့မည်ဟု လုံးဝမထင်မိခဲ့ပေ။

“သခင်မလေး… လင်းဇီယွီ… သူက သခင်မလေးရဲ့ သူငယ်ချင်းလား…” ပွဲစီစဉ်သူက မေးလိုက်သည်။ သည်ကောင်လေးက သခင်မလေးအတွက် လာခြင်းများလား။ သူမကား သည်နန်းတော်သို့ ဧည့်သည်အနေဖြင့် မနေ့ကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“အင်း…” လင်းဇီယွီ ခေါင်းညိတ်လိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်သည်… “နင်ဒီမှာ ဘာလုပ်နေတာလဲ…”

“ဒီက သခင်လေးက သူက ကု့ချင်းတီးသမားလို့ပြောပြီး အရှင်လျိုရဲ့ မွေးနေ့ပွဲမှာ ဖျော်ဖြေချင်လို့တဲ့…” ပွဲစီစဉ်သူက ပြောလိုက်သည်။ သည်ကောင်လေးမှာ လင်းဇီယွီ၏ သူငယ်ချင်းဖြစ်ရာ သူ့အား အခိုင်းအစေအနေဖြင့် လာကြောင်း သူပြော၍ မရတော့ပေ။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ငါတို့ သူ့ကို အခွင့်အရေး ပေးလို့ရတာပဲ…” လင်းဇီယွီက ပွဲစီစဉ်သူအား ပြုံးလျက် မေးလိုက်သည်။ ပွဲစီစဉ်သူက မည်သို့မျှ မတတ်နိုင်တော့… “သခင်မလေးက ပြောမှတော့ ကျွန်တော်တို့သူ့ကို အခွင့်အရေး ပေးရမှာပေါ့… ကျုပ်နောက်ကို လိုက်ခဲ့ပါ…”

သူတို့အုပ်စု နန်းတော်ထံသို့ လျှောက်လာကြသည်။ လင်းဇီယွီနှင့် ရှောက်ဟီတို့မှာ ရီဖူရှင်း၏ ဘေးတစ်ဖက်တစ်ချက်မှ လိုက်ပါလာကြသည်။ လင်းဇီယွီက မေးလိုက်သည်… “နင်က ဒွန်ဟိုင်ကျောင်းတော်ကို ကျောင်းတက်ဖို့ လာတယ်ဆို… ဒီနန်းတော်မှာ ဘာလို့ ကု့ချင်းတီးချင်ရတာလဲ…”

“ဒါမှန်တယ်လေ… ငါက အခု ဒွန်ဟိုင်ကျောင်းတော်မှာ တက်နေတာ… ငါက ဒီနန်းတော်ကို လေ့လာချင်တာနဲ့ ဒီလိုရောက်လာတာ…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

“နင် လိမ်နေတာ…” ရှောက်ဟီက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်… “နင်ဒွန်ဟိုင်မြို့တော်ကို ရောက်တဲ့အချိန်မှာ နွေဦးရာသီ စစ်ဆေးခြင်းကာလကို ကျော်သွားပြီ… နင်က ကျောင်းတော်ကို ဘယ်လိုလုပ် ဝင်ခွင့်ရတာလဲ… နင်က လင်းဇီယွီရဲ့ အာရုံစိုက်မှုကို လိုချင်လို့တော့ မဟုတ်ပါဘူးနော်…”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ရှောက်ဟီ…” လင်းဇီယွီက သူမအား ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သူတို့က ထိုသို့ပြောနေစဉ် ရီဖူရှင်းက အရှုံးပေးဟန်ဖြင့် ပခုံးတွန့်လိုက်သည်ကို သူတို့ သတိမထားမိလိုက်ကြပေ။ သူကား အတော် ဝမ်းနည်းသွားသည်။ အဘယ်ကြောင့် လူများက သူပြောသမျှကို ယုံကြည်ခြင်း မရှိကြသနည်း။

“ဪ… ဒါနဲ့… မင်းက ဒီမှာ ဘာလုပ်နေတာလဲ… မင်းက လျိုနန်းတော်မှာ နေတာလား…” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။

လင်းဇီယွီက ခေါင်းယမ်းလိုက်သည်… “ငါတို့ မိသားစုရဲ့ အကြီးအကဲတွေက အရှင်လျိုနဲ့ သိကြတယ်… ဒါကြောင့် လူငယ်မျိုးဆက်တွေကလည်း သူနဲ့ ခင်မင်ကြတယ်… ငါက ဒီတစ်ကြိမ် အလည်အနေနဲ့ လာခဲ့တာ… နင့်ကို လူတချို့နဲ့ ငါ မိတ်ဆက်ပေးမယ်…”

“အင်း…” ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ လင်းဇီယွီမှာ အထက်တန်းလွှာ မိသားစု၏ သခင်မလေး ဖြစ်ဟန်ရှိသည်။ ထို့ကြောင့်ပင် သူမ၏အကြည့်။ လှုပ်ရှားပုံ။ စကားပြောဟန်တို့မှာ ညင်သာကာ သိမ်မွေ့လှသည်။

“အရှင်လျိုက ဘယ်လိုလူလဲ…” ရီဖူရှင်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။ တန်လန်က အရှင်လျို၏ အကူအညီရယူရန် အလွန်ခက်ခဲသည်ဟု ပြောခဲ့သည်။ အကယ်၍ မာနကြီးခြင်းကြောင့် ဆိုလျှင် ပြဿနာ မရှိနိုင်သော်လည်း အရှင်လျိုနှင့် ဟွာဖန်းလူတို့မှာ ကတောက်ကဆများ ရှိနေပါက သူ့အား ဟွာဖန်းလူကို ကုသခိုင်းရန် လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။

“ခက်ထန်တယ်… သနားကြင်နာတတ်တယ်… ဒါပေမဲ့ အခြေအနေ အချိန်အခါနဲ့ ဆိုင်တယ်…” လင်းဇီယွီက ပြုံးလျက် ပြောလိုက်သည်။

သူတို့အုပ်စု ဥယျာဉ်နေရာသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် လူတစ်ယောက်က ကု့ချင်းတီးခတ်နေပြီး မိန်းမပျိုတစ်ယောက်က လှပစွာ ကနေသည်။ သူတို့အား ကြည့်ရသည်မှာ ယနေ့ည ဖျော်ဖြေမှုအတွက် ကြိုတင် လေ့ကျင့်နေပုံရသည်။ သူတို့က အရှင်လျို၏ မွေးနေ့ပွဲတွင် အမှားအယွင်း မဖြစ်လိုသည်မှာ ထင်ရှားလှသည်။ ပွဲမဝင်ခင် ကြိုတင် ကျင်းပသင့်သည် မဟုတ်ပါလား။

ပွဲစီစဉ်သူက ထိုကု့ချင်းသမား အနီးသို့သွားကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်… “သခင်လေး… တစ်ခေါက်လောက် တီးကြည့်မလား…”

“ဒါပေါ့…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုကု့ချင်းသမားက ထရပ်လိုက်ပြီး ရီဖူရှင်းအား နေရာပေးလိုက်သည်။ ရီဖူရှင်း၏ လက်ချောင်းများနှင့် ကု့ချင်းထိမိသည်နှင့် သူ၏ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားကာ အေးချမ်းသော ခံစားချက်များကို ခံစားကြရသည်။

သူ၏လက်ချောင်းများက ကု့ချင်း၏နုတ်များပေါ်တွင် ရွေ့လျားနေကာ အလွန် သာယာနာပျော်ဖွယ် အသံထွက်လာသည်။ မူလ ကု့ချင်းသမား၏မျက်နှာ ချက်ချင်း နက်မှောင်သွားသည်။ ဂီတသံကား နူးညံ့လှကာ လူတိုင်းအား နစ်မျောစေနိုင်စွမ်း ရှိသည်။

“ဒီလောက်ဆိုရပြီ … ကျုပ် အရှုံးပေးတယ်…” ကု့ချင်းသမားက မချိပြုံးပြုံးလိုက်ကာ ခေါင်းယမ်းလိုက်သည်။ တူရိယာတစ်ခုခုအား တီးခတ်ရာတွင် သက်ဆိုင်ရာ ခံစားသက်ဝင်မှုကို ဖန်တီးနိုင်ခြင်းမှာ ဂီတ၏အရေးအပါဆုံး အချက်ဖြစ်သည်။ ရီဖူရှင်းကား ငယ်ရွယ်သော်လည်း သူကား နှစ်ပေါင်းများစွာ ရင့်ကျက်သော လက်သံကို ဖန်တီးနိုင်ပေသည်။ ရီဖူရှင်း တီးခတ်နေသော အဆင့်အား သူမည်သို့မျှ မရောက်နိုင်ပေ။ သို့သော်လည်း ကု့ချင်းသမားကား ရီဖူရှင်းမှာ ဂီတမှော်ဆရာ တစ်ယောက် ဖြစ်သည်ကို မသိပေ။ မှော်သိုင်းကွက်များ မသုံးလျှင်ပင် သူ၏တီးခတ်မှုမှာ သာမန် ကု့ချင်းတီးသမားများ မည်သို့မျှ လိုက်မမီနိုင်ပေ။

“ဒါဆို… သခင်လေး… ဒီနေ့ ဒီမှာပဲနေပြီး မနက်ဖြန် တီးခတ်ရမည့် သီချင်းတွေ လေ့လာပါလား… ဘယ်လိုလဲ…” ပွဲစီစဉ်သူက မေးလိုက်သည်။

“ကောင်းပြီ… ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

“လင်းဇီယွီ… နင်ဒီမှာ ဘာလုပ်နေတာလဲ…” ထိုအခိုက်… လူငယ်အချို့ ထိုနေရာသို့ လျှောက်လာကြသည်။

“ငါတို့က နင့်ကို လိုက်ရှာနေကြတာ… အကြိုလေ့ကျင့်တာကို ဘာလို့ လာကြည့်နေတာလဲ…” ထိုအုပ်စုမှ လူငယ်တစ်ယောက်က မေးလိုက်သည်။

ရီဖူရှင်းအနီးတွင် ရပ်နေသောသူ အားလုံးက အသံလာရာသို့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ တောက်ပစွာ ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးမှာ လျိုနန်းတော်နှင့် သက်ဆိုင်သော လူငယ်များ ဖြစ်ပုံရသည်။

“ငါ့သူငယ်ချင်းက ဒီမှာ ကု့ချင်းတီးနေတယ်… ဒါကြောင့် လာကြည့်တာ…” လင်းဇီယွီက ရှင်းပြလိုက်သည်။

“နင့်သူငယ်ချင်း…” သူတို့အားလုံးက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။

“အင်း… သူက ကု့ချင်းတီးသမားပဲ… သူက မနက်ဖြန် မွေးနေ့ပွဲမှာ ဖျော်ဖြေလိမ့်မယ်…” လင်းဇီယွီက ခေါင်းညိတ်လိုက်သည်။

“သြော် ဟုတ်လား…” ထိုလူငယ်များ အားလုံးက ကု့ချင်းတီးသမားဟု အသံကြားလိုက်သည်နှင့် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်… “လင်းဇီယွီ… သွားမယ်… တွေ့စရာလူရှိတယ်…”

“ကောင်းပြီ…” လင်းဇီယွီက ခေါင်းညိတ်လိုက်သည်။ သူမက ရီဖူရှင်းဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။ ရီဖူရှင်းက ပြန်၍ ပြုံးပြလိုက်သည်။

“ဘယ်သူလဲ…” လင်းဇီယွီက ရီဖူရှင်းအနီးမှ ထွက်သွားပြီးသည်နှင့် ဘေးမှတစ်ယောက်အား မေးလိုက်သည်။

“ကျောက်မူ…” သူတို့ထဲမှ တစ်ယောက်က ပြန်ပြောလိုက်သည်။ လင်းဇီယွီ၏ မျက်လုံးများ ကျယ်သွားသည်။ သူမက ကျောက်မူမှာ ကြယ်ငါးပွင့် ကောင်းကင်အဆင့် ရောက်နေပြီဖြစ်ကြောင်း သိထားသည်။ သူကား သူ၏ဆရာငယ်စဉ်ကကဲ့သို့ အလွန်ထက်မြက်သူဖြစ်သည်။

“အာ… ဒါနဲ့… လင်းဇီယွီ… နင်က ကု့ချင်းသမားနဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်သွားတာလဲ…” ထိုအုပ်စုမှ မိန်းမပျိုတစ်ယောက်က မေးလိုက်သည်။

“ငါတို့ အရင်တုန်းက တစ်ခါ တွေ့ဖူးတယ်…” သူမက ပြန်ဖြေလိုက်သည်။

“ဒါက နင့်ရဲ့အလှကြောင့်လား…” မိန်းမပျိုက စနောက်လိုက်သည်။

လင်းဇီယွီက ပြုံးလိုက်သည်။ သို့သော် မည်သို့မျှ ပြန်မပြောပေ။ ရီဖူရှင်းအား ချော့မော့သည်။ အထူးသဖြင့် ကု့ချင်းတီးခတ်နေသော အချိန်မျိုးတွင်ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် သူကား ကု့ချင်းတီးသမားမျှသာ ဖြစ်၏။ ထို့အပြင်သူကား ကြွားဝါတတ်ကာ လိမ်ညာတတ်သေးသည်။ သို့သော် လင်းဇီယွီက ရီဖူရှင်းမှာ မိမိကိုယ်ကို အလွန် အထင်ကြီးသောကြောင့် ဖြစ်နိုင်သည်ဟုလည်း တွေးမိသည်။

လင်းဇီယွီက ရီဖူရှင်းအား သူမတို့အုပ်စုသို့ ဖိတ်ခေါ်ခြင်း မပြုသလို ထိုလူငယ်များနှင့်လည်း မိတ်ဆက်ပေးခြင်း မရှိပေ။ ရီဖူရှင်းက သူကဲ့သို့ ကု့ချင်းတီးသမားမှာ ထိုအထက်တန်းလွှာများနှင့် မသက်ဆိုင်သည်ကို နားလည်သည်။ သို့သော်လည်း သူတို့ကား မူလကပင် သူစိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် ရီဖူရှင်းကား မည်သို့မျှ မနေပေ။ ထို့အပြင် သူက သည်လူငယ်များနှင့် ရင်းနှီးရန် သည်နန်းတော်သို့ ရောက်ရှိလာသည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset