ထိုအဖြစ်အပျက်များအား ကြည့်ပြီး ရီဖူရှင်း တိတ်ဆိတ်နေသည်။ သို့သော် စိတ်ထဲတွင်ကား အပြင်မှာကဲ့သို့ မငြိမ်သက်နိုင်ပေ။
သူ၏နတ်သမီးနှင့် တွေ့ရရန် သူ မည်မျှ ကြိုးစားခဲ့ရသနည်း။ ပြန်တွေ့ပြီး မကြာခင်ပင် သူမ ထွက်ခွာသွားသည်။ သူစိတ်မကောင်း ဖြစ်ရုံမှတပါး တခြား မည်သို့မျှ မတတ်နိုင်။
“ဒီခံစားချက်ကို မင်း မကြိုက်ဘူးမလား…” ဟွာဖန်းလူက ရီဖူရှင်း၏ပုံစံကို ကြည့်ကာ ခန့်မှန်းမိသည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်… “ကျွန်တော်က ဘာလို့ ဝမ်းနည်းနေရမှာလဲ…”
“ဒါဆို ကြိုးစား လေ့ကျင့်ပြီးတော့ သန်မာအောင်လုပ်…” ဟွာဖန်းလူ မျက်လုံးများအား မှိတ်ထားလိုက်သည်။ နန်ဒူကူ၏စကားများကြောင့် သူလည်း ခံစားချက် မကောင်းချေ။ ရီဖူရှင်းအပေါ်တွင် မျှော်လင့်ထားရုံမှအပ တခြား သူမတတ်နိုင်တော့။
သို့သော်လည်း သူ စိတ်ဓာတ်မကျပေ။ ရီဖူရှင်း မည်မျှ ပါရမီပါသည်ကို သူအသိဆုံး မဟုတ်ပါလား။ ဧကရာဇ်ရီချင်း၏ ပညာအမွေများ ဆက်ခံထားသူ ဖြစ်သောကြောင့် သူက ဆက်လက်၍သာ တန်ခိုးကျင့်နေလျှင် တစ်နေ့တွင် ဒွန်ဟိုင်မြို့တော်နှင့် နန်ဒူမိသားစုတို့မှာ ရီဖူရှင်း၏ အင်အားအောက်တွင် ဝပ်စင်းကြရမည်သာ ဖြစ်၏။
ထို့ကြောင့် သူက ရီဖူရှင်းကို ဒွန်ဟိုင်ကျောင်းတော်ကို တက်ရောက်စေချင်သည်။ အကယ်၍ ကျောင်းတော်မှ စွမ်းအားမြင့်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်က သူ့အား တပည့်အဖြစ် လက်ခံလျှင် ပို၍ အဆင်ပြေသည်။ သူကား ယခုထက် ပိုမိုစွမ်းအားမြင့်ကာ ရင့်ကျက်အောင် အန္တရာယ်ကင်း၍ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်နေပေသည်။
ရီဖူရှင်းက ဟွာဖန်းလူအား ပြန်မပြောဖြစ်တော့။ သို့သော် သူ၏ခန္ဓာမှ သွေးများ ဆူပွတ်လာသည်ကို ခံစားနေရသည်။ သူကား သူ၏ချစ်သူနှင့် ဆရာကို ကာကွယ်ရန် လုံလောက်သော အားအင်ရှိရန် လိုအပ်ပေသည်။
***
စာလိပ်များနှင့် မင်ရည်ဝယ်သည့် အချိန်မှလွဲ၍ ရီဖူရှင်း အပြင်သို့ မထွက်ဖြစ်ပေ။ စာလိပ်ရေးခြင်းနှင် ကု့ချင်းတီးခတ်ခြင်းတို့မှာ ရီဖူရှင်း တန်ခိုးကျင့်ရာတွင် အရေးကြီး အစိတ်အပိုင်းများအဖြစ် ပါဝင်သည်။ သည်စွမ်းရည်များက မှော်ဆရာတစ်ယောက် အတွက် အရေးအကြီးဆုံးဖြစ်သော သူ၏စိတ်စွမ်းအားနှင့် သဘာဝစွမ်းရည်ကို အာရုံခံနိုင်စွမ်းများအား တိုးတက်စေသည်။ သိုင်းပညာအတွက်မူ ဧကရာဇ်ရီချင်းထံမှ ဆက်ခံရရှိသော ပညာရပ်များအား ဆက်လက် လေ့ကျင့်သည်။ အချိန်တစ်ခုကြာလျှင် သူ၏ကိုယ်ခန္ဓာမှာ နဂါးနှင့် လူဝံကဲ့သို ပြိုင်ဘက်ကင်း စွမ်းအင်များ ပိုင်ဆိုင်လာမည် ဖြစ်သည်။
တစ်နေ့ တန်ဝမ်က သူတို့ထံ ရောက်လာသည်။
“နင်တို့တွေအတွက် ငါ့မှာ သတင်းကောင်းတစ်ခု ပါလာတယ်…” တန်ဝမ်က ပြုံးလျက် ပြောလိုက်သည်။
“ဘာလဲ…” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
“လာဘ်လာဘကြယ် ကျောင်းဆောင်က တာဝန်ရှိသူ တစ်ယောက်က နင်တို့ကို ကျောင်းဝင်ခွင့် ပေးတယ်တဲ့…” တန်ဝမ်က ပြောလိုက်သည်။
ရီဖူရှင်းက နားမလည်ပေ။
“ငါထင်တာကတော့ ကျောင်းဆောင်ရဲ့ အုပ်ချုပ်ရေးပိုင်းက လူတချို့ နင်တို့ရဲ့ တိုက်ပွဲကို ကြားခဲ့တယ် ထင်တယ်… သူတို့က ကျောင်းသား တစ်ယောက်ယောက်ဆီက ကြားတာဖြစ်မယ်… မဟုတ်ရင် သူတို့က ဒီထက်မြန်မြန် လိုက်ရှာကြလိမ့်မယ်…” တန်ဝမ်က သူမ၏ထင်မြင်ချက်ကို ပြောသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ ပြသခဲ့သော အရည်အချင်းမှာ ကျောင်းဝင်ခွင့်ရရန် လိုသည်ထက်ပင် ပိုနေသေးသည်။ ကံမကောင်းစွာပင် တိုက်ပွဲဖြစ်သော အချိန်တွင် ဆရာတစ်ယောက်ယောက် သို့မဟုတ် အုပ်ချုပ်ရေးပိုင်းမှလူများ ရှိမနေခဲ့ပေ။
“ဝိုး… ငါတို့က ဟိုကောင်တွေကို ရိုက်ပစ်တာလည်း အကျိုးရှိသေးတာပဲ…” ယူချင်းက ရေရွတ်လိုက်သည်။ ရီဖူရှင်းလည်း ပြုံးနေသည်။ သူသည်လည်း ဒွန်ဟိုင်ကျောင်းတော်သို့ ဝင်ခွင့်ရခြင်းကို အလွန် ပျော်ရွှင်ရပေသည်။ မကြာမီ ဟွာဂျီယူနှင့် ထပ်မံ တွေ့ခွင့်ရပေတော့မည်။
“မင်း ဘာကိုပြောနေတာလဲ…” ဟွာဖန်းလူကား ထိုကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ နားမလည်ပေ… “ဒွန်ဟိုင်ကျောင်းတော်က ကျောင်းသားတွေကို ခြွင်းချက်ထားပြီး လက်ခံတာ အရမ်း ရှားပါးတဲ့ကိစ္စပဲ… သူတို့ ဘာလုပ်ထားလဲ…”
“ဦးလေးဟွာ… ဘာတွေဖြစ်သွားခဲ့လဲ ဦးလေး မသိဘူးပေါ့… သူတို့ကို ဒွန်ဟိုင်ကျောင်းတော်ကို ခေါ်သွားတုန်းက သူတို့ကို ယန်းယန်ကျောင်းဆောင်က ကျောင်းသားတွေထဲက မူယွန်နီဆိုတဲ့ တစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာနဲ့ ရီဖူရှင်းတို့နဲ့ ရန်ဖြစ်တယ်လေ… ရီဖူရှင်းတို့က သူတို့ရဲ့ကို ရိုက်လွှတ်လိုက်တယ်… ဒါကြောင့်ပဲ ဦးလေးရဲ့ သမီးက ရီဖူရှင်း ရောက်နေတာ သိသွားပြီး ကျွန်မကို ဒီကို ခေါ်လာခိုင်းတာ….” တန်ဝမ်က ရှင်းပြလိုက်သည်။ ဟွာဖန်းလူမှာ နောက်ဆုံးတွင် နားလည်လိုက်သည်။ နောက်ဆုံးအချိန်က ဟွာဂျီယူ ရောက်လာသော အချိန်တွင် အလျင်လိုသောကြောင့် အသေးစိတ် အချက်များအား သူမမေးဖြစ်ခဲ့ပေ။
ဟွာဖန်းလူက ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်သည်။ ထိုအဖြစ်အပျက်များအား သူ့ကို မပြောပြခဲ့သည့်အတွက် သူ အနည်းငယ် စိတ်တိုသွားသည်။
“သွားကြတော့… ကိုယ့်ဘာသာ သေချာ ဂရုစိုက်ကြ…” ဟွာဖန်းလူက ပြောလိုက်သည်။
“ဟုတ်ကဲ့… ဆရာ… ကျွန်တော်တို့ သွားတဲ့အခါ… တန်အဒေါ်နဲ့ အေးအေးချမ်းချမ်း အနားယူပါ…” ရီဖူရှင်းက ကျီစယ်လိုက်သည်။
“သွားစမ်းပါ…” ဟွာဖန်းလူ ရှက်ရွံ့သွားသည်။
“သွားပြီ… ဆရာ…” ရီဖူရှင်းကား ဟွာဖန်းလူကို စိတ်မချ ဖြစ်နေသေးသည်။ သူကား တစ်ယောက်တည်း နေထိုင်ရန် ဒဏ်ရာအခြေအနေက ဆိုးလွန်းလှသည်။
“စိတ်မပူနဲ့… ငါ သူ့ကို ဂရုစိုက်လိုက်မယ်…” တန်လန်က ဝင်ပြောလိုက်သည်။ သူမက ရီဖူရှင်းမှာ သူ၏ဆရာကို စိုးရိမ်နေသည်ကို နားလည်၏။ ထို့ကြောင့် စိတ်သက်သာစေရန် ကတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်… တန်အဒေါ်…” ရီဖူရှင်းက အနည်းငယ် စိတ်ချသွားသည်။
ထိုစဉ် သိမ်းငှက်နက်ကြီးက သူတို့၏ဘေးနားသို့ ဆင်းသက်လာသည်။ ရီဖူရှင်း ယူချင်းနှင့် တန်ဝမ်တို့က သိမ်းငှက်နက်ကြီး၏ ကျောပေါ်သို့ တက်လိုက်ကြကာ လေပေါ်သို့ ပျံတက်သွားသည်။ ရီဖူရှင်းက ဟွာဖန်းလူအား လက်ဝှေ့ ယမ်းပြလိုက်သည်။ သူကား ထွက်ခွာရန် တွန့်ဆုတ်နေသည်မှာ ထင်ရှားလှသည်။
“ကံကောင်းပါစေ ကောင်လေး… မင်းရဲ့ ခရီးသစ်က အခုမှ စတင်တာ…” ဟွာဖန်းလူကား ပြုံးနေသည်။
“ကြည့်ရတာတော့ သူက ရှင့်ရဲ့ သားအရင်းလိုပဲ… သူ့ကို ဘာလို့ ဒီလောက် ယုံကြည်ရတာလဲ…” တန်ဝမ်က စိတ်ဝင်တစား မေးလိုက်သည်။
“ငါ့ကိုယုံစမ်းပါ … တစ်နေ့မှာ ဒွန်ဟိုင် ကျောင်းတော်က သူ့လို ကျောင်းသားမျိုးကို ပိုင်ဆိုင်ရတာ ဂုဏ်ယူရလိမ့်မယ်…” ဟွာဖန်းလူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ တန်လန် အံ့အားသင့်သွားသည်။ ဟွာဖန်းလူ၏ ရီဖူရှင်းအပေါ်ထားသော ယုံကြည်မှုမှာ သူမထင်ထားသည်ထက် ပြင်းထန်ကြောင်း သတိထားမိလိုက်ရသည်။
***
ဒွန်ဟိုင်ကျောင်းတော်၏ ကျောင်းဆောင်ခုနစ်ခုစီတွင် ပညာရပ် အမျိုးမျိုးကို လိုက်စားသော ကွဲပြားခြားနားသော တန်ခိုးရှင်များ တက်ရောက် နေကြသည်။ သို့သော်လည်း ကျောင်းဆောင်တိုင်းတွင် ထင်ရှားသော အမှတ်အသားများ ရှိကြသည်။ ထိုလူများမှာ ကျောင်းဆောင်များအား အထောက်အကူ ပြုနေသော သူများ ဖြစ်ကြသည်။
လာဘ်လာဘကြယ် ကျောင်းဆောင်မှ ကျောင်းသားများကား သိုင်းပညာနှင့် ပတ်သက်၍ နာမည် ကျော်ကြားကြသည်။ ထို့ကြောင့်လည်း ထိုကျောင်းဆောင်မှ တာဝန်ရှိသူများက ရီဖူရှင်းနှင့် ယူချင်းတို့အား စစ်ဆေးခြင်းမရှိဘဲ ခြွင်းချက်အနေဖြင့် ကျောင်းဝင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသူများ ပြောကြားချက်အရ သူတို့မှာ သိုင်းပညာနှင့် ပတ်သက်၍ အလွန်ထူးချွန်ကြသည်။ အထူးသဖြင့် ယူချင်းမှာ သိုင်းပညာကို အထူးပြု လေ့ကျင့်ပုံရသည်။
ဒွန်ဟိုင်ကျောင်းတော် အတွက်မူ ရီဖူရှင်းနှင့် ယူချင်းတို့၏ ကျောင်းဝင်ခွင့်က ထူးထူးခြားခြား မရှိခဲ့ပေ။ ထိုတိုက်ပွဲကို ကျောင်းသား အနည်းစုသာ မြင်တွေ့ခဲ့ကြခြင်း ဖြစ်ပြီး ကျောင်းသားအများစုမှာ သူတို့၏ နာမည်ကိုသာလျှင် ကြားဖူးပြီး တကယ့်လူကိုမူ မသိကြပေ။ ထို့အပြင် တိုက်ပွဲ ဖြစ်ပျက်ခဲ့သည်မှာလည်း အတော်ကြာခဲ့ပြီ ဖြစ်သောကြောင့် ရီဖူရှင်းတို့ တိုက်ခတ်ခဲ့သော မုန်တိုင်းမှာ ငြိမ်သက်ကာ အေးဆေးသွားပြီ ဖြစ်သည်။
တန်ဝမ်က သူတို့အား လာဘ်လာဘ ကျောင်းဆောင်ကို ခေါ်ဆောင်လာသည်။ သူတို့အား နေစရာ အဆောင် ကောင်းမွန်စွာ ပေးကာ ကျောင်းတော်အနှံ့ လိုက်လံ ပို့ဆောင်ပေးသည်။ သို့သော်လည်း ရီဖူရှင်းတို့အား လက်ခံခဲ့သော တာဝန်ရှိသူများက သူတို့နှင့် တွေ့ဆုံရန် စိတ်ကူးရှိပုံ မရသေးပေ။ သူတို့က ရီဖူရှင်းတို့အား သူတို့၏ အရည်အချင်းကို ထုတ်ပြကာ သက်သေပြရန် အချိန် ပေးထားပုံရသည်။
လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းသားများမှာ ကျောင်းသားများအတွက် သီးသန့်အခန်းများ စီစဉ်ပေးထားသည်။ ထို့အပြင် ကျောင်းဆောင်၏ ပတ်ဝန်းကျင်မှာလည်း ချင်းကျူ ကျောင်းတော်ထက် အဆမတန် သာလွန်ပုံရသည်။
“မင်းတို့ ဘယ်သူတွေလဲ…” ဘေးမှ ဖြတ်သွားသော တစ်ယောက်က ရီဖူရှင်းတို့အား စိတ်ဝင်တစား မေးလိုက်သည်။ သူကား ရီဖူရှင်းနှင့် ယူချင်းတို့အား တစ်ခါမျှ မမြင်ဖူးပေ။
“ငါက ရီဖူရှင်း… ဒါက ငါ့သူငယ်ချင်း… ယူချင်း…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။
“ရီဖူရှင်း… ဒီနာမည် ကြားဖူးသလိုပဲ…” ထိုလူငယ်က ရေရွတ်လိုက်သည်။ မကြာမီ သူက ရီဖူရှင်းတို့အား မှတ်မိသွားသည်။ သူ လျင်မြန်စွာပင် ပျောက်သွားသည်။ ထို့နောက် ယန်းယန်ကျောင်းဆောင်များမှ ကျောင်းသားများအား ရိုက်နှက်ခဲ့သော ကောင်လေးများမှာ လာဘ်လာဘ ကျောင်းဆောင်တွင် တက်ရောက်နေပြီ ဖြစ်ကြောင်း သတင်းများ လျင်မြန်စွာ ပြန့်နှံ့သွားသည်။
ထိုသတင်းကား ကျောင်းတော်အတွင်း တောမီးပမာ ပျံ့နှံ့သွားကာ တစ်ချိန်တည်းမှာပင် လူအများအပြား သူတို့အနီးသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
“ဒီကောင်က ရီဖူရှင်းလား… ကြယ်နှစ်ပွင့် ကောင်းကင်အဆင့် မှော်ဆရာ…”
“ယူချင်းက လူတွေပြောတဲ့ ပုံစံအတိုင်းပဲ… ဒီလို သန်မာတဲ့အကောင်… သူက သိုင်းသမားပဲလား… ဒါမှမဟုတ် စွမ်းအားမြင့်တဲ့ မူလဝိညာဉ်ကို လျှို့ဝှက်ထားတာလား…”
“ဝိုး … သူတို့က အရမ်းချောတာပဲ…” မိန်းကလေးအချို့က တိုးတိုးလေး ပြောနေကြသည်။
ကျောင်းသားများမှာ လူငယ်များ ဖြစ်သည့်အတွက် အရာရာတိုင်းကို သိလိုကြပုံရသည်။
“ဒီကျောင်းမှာ စာကြည့်တိုက်ရှိလား…” ရီဖူရှင်းက တန်ဝမ်ကို မေးလိုက်သည်။
တန်ဝမ်က ခေါင်းယမ်းလိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်မှာ စာကြည့်တိုက် တစ်ခုပဲရှိတယ်… ကျောင်းတော်ကြီးရဲ့ အလယ်မှာ တည်ရှိတယ်… ကျောင်းသားတိုင်းကို ဝင်ခွင့်ပြုတယ်… ဒါပေမဲ့… အပြင်ကို ငှားရမ်းခွင့် မပြုဘူး… စာအုပ်တွေနဲ့ စာလိပ်တွေကို စာကြည့်တိုက် အတွင်းမှာပဲ ဖတ်လို့ရတယ်…”
အပြင်ကို ငှားရမ်းခွင့် အဘယ်ကြောင့် ပိတ်ပင်ထားသည်ကို ရီဖူရှင်း နားလည်သည်။ ကျောင်းသားများမှာ များပြားလွန်းလှသည်။ ထို့ကြောင့် အပြင်ကို ငှားရမ်းခွင့် ပြုလိုက်ပါက စာအုပ်များမှာ ပျောက်ဆုံးရန် အခွင့်အလမ်း များပေသည်။
“ဒါဆို စာကြည့်တိုက်ကို သွားရအောင်…” ရီဖူရှင်းက ပြောလိုက်သည်။ သူကား ကြယ်နှစ်ပွင့် ကောင်းကင်အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် သူကား အခြေခံ မှော်သိုင်းကွက်များကိုသာ အသုံးပြုတတ်သည်။ သည်အရာကား သူ၏ပါရမီကို ဖြုန်းတီးရာ ရောက်သည်။ ဧကရာဇ်ရီချင်း၏ သိုင်းပညာအမွေများမှာ ထူးခြား ထက်မြက်လွန်းသော်လည်း သူကား မှော်ပညာကိုလည်း လက်မလွှတ်သင့်သည်ကို သိသည်။ ထိုပညာနှစ်ခု ပေါင်းစပ်ခြင်းက သူ့အား ပိုမို၍ စွမ်းအား ထက်မြက်စေနိုင်ပေလိမ့်မည်။
“ဒါပေါ့… ” တန်ဝမ်က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းမှာ ရုပ်ချောကာ နောက်ပြောင်ရသည်ကို သဘောကျသော်လည်း တန်ခိုးကျင့်ရာတွင်မူ အတော် ကြိုးစားပုံရသည်။ ကျောင်းတော်ကို ရောက်သည်နှင့် ပထမဆုံး သူသွားလိုသော နေရာမှာ ကျောင်းစာကြည့်တိုက်သို့ ဖြစ်သည်။
ဒွန်ဟိုင်ကျောင်းတော်၏ စာကြည့်တိုက်မှာလည်း ချင်းကျူ ကျောင်းတော်ထက် အလွန်ကြီးမား၏။ ထို့အပြင် ကျောင်းသားများအား ကန့်သတ်ထားခြင်း မရှိပေ။ ကျောင်းသားတိုင်းက မိမိတို့သဘောကျ အမျိုးမျိုးသော သိုင်းပညာများ။ မှော်ပညာများအား လေ့လာနိုင်သည်။ သည်နေရာတွင်ကား ဒွန်ဟိုင်ကျောင်းတော်မှာ အလွန်ရက်ရော လှပေသည်။
ရီဖူရှင်းက စာကြည့်တိုက်သို့ ရောက်ရှိသောအခါ များပြားလှသော စာအုပ်များအား ကြည့်ကာ ထိတ်လန့် အံ့အားသင့်ရသည်။ စာအုပ်များမှာ ယေဘုယျ ပညာရပ်များအလိုက် ခွဲခြားထားပြီး သိုင်းပညာရပ်များ။ ဓားပညာရပ်များ။ သဘာဝစွမ်းအင် ပညာရပ်များ။ ထို့အပြင် အလွန် ရှားပါးလွန်းသော စိတ်စွမ်းအင် ပညာရပ်များနှင့် စာလိပ်ရေးခြင်းပညာရပ် စာအုပ်များကိုပင် တွေ့ရသည်။
ထို့အပြင် သူက ဂီတဆိုင်ရာ စာအုပ်များ။ အင်းကွက်ဆိုင်ရာ စာအုပ်များကိုလည်း တွေ့ရသည်။ နောက်ဆုံးတွင် ဟွာဖန်းလူက သူ့အား ဒွန်ဟိုင်ကျောင်းတော်တွင် အဘယ်ကြောင့် သည်မျှ တက်ရောက် စေလိုကြောင်း နားလည်လိုက်သည်။
သည်ရက်ပိုင်းအတွင်း ရီဖူရှင်းကား စာကြည့်တိုက်အတွင်း စာအုပ်များ ရှာဖွေခြင်း။ ဖတ်ရှုလေ့လာခြင်းများဖြင့်သာ အချိန်ကုန်နေသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းတို့ လာဘ်လာဘ ကျောင်းဆောင် အတွင်းသို့ တက်ရောက်ခွင့်ရခဲ့သည့် သတင်းမှာ ကျောင်းတော်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ထိုအထဲတွင် ယန်းယန်ကျောင်းဆောင်လည်း ပါဝင်ပေသည်။ သူတို့က ရီဖူရှင်းအား စတင်ရှာဖွေကြသည်။ နောက်ဆုံးတွင် သူတို့က ရီဖူရှင်းကို စာကြည့်တိုက်တွင် ရှာတွေ့သွား၏။
ထိုဒေါသထွက်နေသော လူစု ရောက်ရှိလာသောအခါ ရီဖူရှင်းကား တိတ်ဆိတ်စွာပင် သူ၏စာအုပ်အား လေ့လာနေချိန်ဖြစ်သည်။ မူယွန်ချိန်က ဒေါသတကြီး ပြောလိုက်သည်… “ရီဖူရှင်း… မတွေ့တာကြာပြီ…”
“ဘာဖြစ်လို့လဲ…” ရီဖူရှင်းကား ခေါင်းပင် မမော့ပေ။
“မင်းက အခု ကျောင်းတော်ကို ဝင်ခွင့်ရပြီဆိုတော့ နောက်ဆုံးအကြိမ်က ဖြစ်ပျက်ခဲ့တာတွေ အတွက် ဖြေရှင်းဖို့ မလိုဘူးလား…” မူယွန်ချိန်၏အသံကား ဒေါသသံများ ရောစွက်နေသည်။
“မင်းငါ့ကို စိန်ခေါ်နေတာလား…” ရီဖူရှင်းကာ သူ့အား အထင်သေးစွာ ကြည့်လျက် မေးလိုက်သည်။
သို့သော်လည်း မူယွန်ချန်က သူကိုယ်တိုင် တိုက်ခိုက်ရန် စိတ်ကူးမရှိပေ… “ယန်းယန် ကျောင်းဆောင်က နောက်တစ်ယောက်က ငါ့ကို ကိုယ်စားပြုလိမ့်မယ်…”
“ဘယ်သူလဲ… တန်ခိုးအဆင့် ဘယ်လောက်လဲ…” ရီဖူရှင်းက မေးလိုက်သည်။ မူယွန်ချိန်က တခြားလူများကလည်း သူ့အား ကြည့်နေကြသည်ကို မြင်လျှင် ခြေထောက်က အားများ ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
“မင်းက နောက်ဆုံးအကြိမ်ကလို ငါ့ကို တိုက်ခိုက်ခဲ့တဲ့အတိုင်း တိုက်မလို့လား…” ရီဖူရှင်းက ရယ်မောလိုက်သည်။ သူကား ယခုအချိန်တွင် ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသား ဖြစ်နေပြီ။ ထို့ကြောင့် သူ့အား မည်သည့် စိန်ခေါ်သူမဆို ကျောင်းတော်၏စည်းကမ်းကို လိုက်နာရမည်။ သူတို့က ရီဖူရှင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရမည် ဖြစ်သည်။
မူယွန်ချင်းကား အလွန် ရှက်ရွံ့သွားသည်။ သူက မည်သို့မျှ မပြောနိုင်တော့ဘဲ ထိုနေရာမှ ထွက်ခွာသွားသည်။
ထိုအဖြစ်က ကျောင်းတော်အတွင်း တစ်ဖန် သတင်းပြန့်သွားပြန်ကာ ကျောင်းသားများက မူယွန်ချိန်ကို ဟာသလုပ်ကာ ရယ်မောကြပြန်သည်။ သူတို့က မူယွန်ချိန်ကို ငကြောက် အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။
ရက်အနည်းငယ် ကြာသောအခါ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားတစ်ဦးဖြစ်သူ ဂျင်ယန်က ရီဖူရှင်းအား စိန်ခေါ်စာတစ်စောင် ပို့လိုက်သည်။ ထိုအဖြစ်ကာ ကျောင်းတော်တစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
သူကား ကြယ်သုံးပွင့် ကောင်းကင်အဆင့် မှော်ဆရာဖြစ်ပြီး တကယ့် ပါရမီရှင်ဖြစ်သည်။ သူကား ယန်းယန်ကျောင်းဆောင်မှ တာဝန်ရှိသူများက ကိုယ်တိုင် ကိုယ်ကျ ကျောင်းတော်သို့ ဖိတ်ခေါ်ခံရသူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူကား စိန်ခေါ်ပွဲများအား စိတ်ဝင်စားပုံမရပေ။ သို့သော် သူက ယန်းယန်ကျောင်းဆောင်၏ ဂုဏ်သိက္ခာအား ကာကွယ်ရန် စိန်ခေါ်စာ ပို့လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ရီဖူရှင်း၏ ပြန်ပြောလိုက်သော စကားတစ်ခွန်းက သူတို့အားလုံးကို ပြောစရာ စကားများ မဲ့စေသည်… “ငါ့မှာ အချိန်မရှိဘူး…”
သည်အကြောင်းပြချက်ကား စိန်ခေါ်သူကို အလွန် မခန့်မလေးစားရာ ရောက်ပေသည်။ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများက ရီဖူရှင်းမှာသာ တကယ့် ငကြောက်ဖြစ်ကြောင်း ပြောကြသည်။
သို့သော်လည်း ဂျင်ယန်အား အံ့အားသင့်ပုံမရပေ။ သူက လူများအား ရီဖူရှင်းမှာ သာမန်မျှသာဟု ပြန်ပြောခဲ့သည်။
ရီဖူရှင်းကား ထိုမှတ်ချက်များအား ဂရုစိုက်ပုံမရပေ။ သူကား စာဖတ်ခြင်း တန်ခိုးကျင့်ခြင်းများဖြင့်သာ အချိန်ကုန်နေသည်။
**