စုန့်ကျင်းဝမ်က ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူသုံးယောက်ကို အသေအချာ သတိထားရန် ပြောခဲ့သည်။ သူတို့ထဲက တစ်ယောက်က အမြုတေအဆင့်သို့ ရောက်ခါနီးဆဲဆဲဖြစ်သည့် ရှောင်ချန်းဖြစ်သည်။ သွေးမြေရိုင်း၏ ထူးခြားသော အခြေအနေများကြောင့် သူ့အတွက် ဤနေရာတွင် နောက်တစ်ဆင့်တက်ရန် ခက်ခဲနေခြင်းဖြစ်တန်ရာသည်။ သို့စေကာမူ အဆင့်တက်ခြင်း၏ တစ်ဝက်လောက်မှာပင် သူက ကျန်သူများကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။
စုန့်ကျင်းဝမ်ညွှန်းဆိုခဲ့သည့် နောက်ထပ်လူတစ်ယောက်က ကျန်းယွမ်ရှန်း ဖြစ်သည်။ တတိယမြောက်သူမှာတော့ ယခုလက်ရှိ ပိုင်ရှောင်ချန်း၏ အနီးတွင်ရှိသော ရန်ဟုန်ဝူပင်။
ရန်ဟုန်ဝူ၏ ကျင့်ကြံခြင်းအခြေခံက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ထဲမှာ ဖြစ်ပြီး သူ့မှာ စွမ်းအားကြီး မှော်ရတနာများရှိလေသည်။ ၄င်းက အထူးအရေးပါသည့် ရတနာအမွေအနှစ်ဖြစ်သည့်အတွက်ကြောင့် သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံထက်သာလွန်သည့် ထိတ်လန့်ဖွယ်စွမ်းအားကို ထုတ်ပေးနိုင်သည်။ ထိုပစ္စည်းနှင့်ဆိုပါက သူနှင့်အဆင့်တူသည့် လူတိုင်းက သူ့ကို အနိုင်မယူနိုင်ပေ။
သူ၏ ကျင့်ကြံခြင်းအခြေခံအပြင် ပိုင်ရှောင်ချန်းက လိပ်ဒယ်အိုးကလွှဲ၍ တန်ဖိုးကြီးမှော်ရတနာများကို တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးချေ။ အကယ်၍ သူသာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဆက်လက်နေခဲ့ပါက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ရောက်လျှင် ဂိုဏ်းက သူ့ကို ထိုကဲ့သို့ တစ်ခုအား အမွေပေးမည်ဖြစ်သည်။ သို့သော်လည်း သူက ထိုချီးမြှင့်မှုအတွက် အရည်အချင်းမပြည့်မီခင် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်နှင့်ပင် ထွက်လာခဲ့သည်။
ထို့အပြင် ထိုကဲ့သို့ တန်ဖိုးကြီးရတနာများကို နှောင်းပိုင်းအခြေခိုင်မာခြင်းစက်ဝန်းရှိ သူတိုင်းကို ပေးခြင်းမဟုတ်ချေ။ ထိုလူများ၌ ပစ္စည်းတစ်ခုလုံး ရုပ်လုံးပေါ်စေရန်အတွက် အခက်အခဲရှိရုံသာမက သူတို့ထံမှ လုယူခံရနိုင်လေသည်။
ရန်ဟုန်ဝူ၏ဒေါသမှပျံနှံ့လာသည့် အခိုးအငွေ့များကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ထိုအရာက သူ၏စိတ်ကို အန္တရာယ်အငွေ့အသက်ဟူ၍ နိုးကြားသွားစေသည်။ သူ၏ အသွေးအသားစွမ်းအင်က မယုံကြည်နိုင်ဖွယ် မြင့်သဖြင့် အန္တရာယ်အငွေ့အသက်က လျော့ကျသွားစေကာမူ သူက ထခုန်လုမတတ် လန့်နေဆဲပင်ဖြစ်သည်။
သူအာရုံရမိသရွေ့ ထိုစွမ်းအားသာ ဆက်ပြီးမြင့်တက်လာနေပါက သူ့ကို ဆိုးဆိုးရွားရွား သက်ရောက်နိုင်လေသည်။ ထိုအချက်ကြောင့် သူ၏ မျက်လုံးများမှာ သွေးချင်းချင်းနီနေပြီဖြစ်သည်။
” ဒီနေရာမှာ လူအများကြီးစောင့်ကြည့်နေကြတယ်ဟ.. ။ ငါသုံးမရတဲ့ နည်းတွေ အများကြီးပဲ..” ပိုင်ရှောင်ချန်းက အံကြိတ်လိုက်ပြီးနောက် သူ၏ ထာဝရကောင်းကင်ဘုရင်ကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး အနည်းငယ်အကြာ ထူးခြားဆန်းကြယ်သော စွမ်းအါးတစ်ခုက သူ၏လက်ဝါးမှ ထွက်ပေါ်လာလေသည်။
၄င်းက သူထုတ်သုံးခဲ့သည့် ဆွဲငင်ခြင်းနှင့်တန်ပြန်သက်ရောက်ခြင်း၏ စွမ်းအားဖြစ်သည်။ သူက သံလိုက်စွမ်းအင်ကို ဟိုတစ်စသည်တစ်စသာ ကျင့်ထားပါသော်လည်း အရေးကြုံသည့်အခါ ထုတ်သုံးနိုင်ဆဲပင် ဖြစ်သည်။
ထိုစွမ်းအားစီးကြောင်းနှစ်ခု တဟုန်ထိုး ထွက်ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းက အသံပြာကြီးဖြင့် အော်လိုက်သည်။ ထို့နောက် ထိုစွမ်းအားနှစ်ခုက အတူတကွပေါင်းစပ်သွားပြီး တန်ပြန်သက်ရောက်ခြင်းအားပြင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။ သူက နောက်သို့ အမြန်ဆုံးအလျင်ဖြင့် ချက်ချင်း ဆုတ်လိုက်ပြီးသော် မျက်စိတစ်မှိတ်တွင်းမှာပင် အရှေ့သို့ အရှိန်မြှင့်လိုက်သည်။
ထိုသို့ သူလုပ်လိုက်သည်နှင့် တပြိုင်တည်းမှာ ရန်ဟုန်ဝူ၏ ဒေါသငွေ့က သူရပ်ခဲ့သည့်နေရာကို လေကိုခွင်း၍ ထက်ခြမ်းခွဲသွားလေသည်။ သူထိလိုက်သည့် အရာတိုင်းက ဟက်တက်ကွဲကာ ပက်ကြားအက်သွားသည်ကို ကြည့်ခြင်းဖြင့် ပိုင်ရှောင်ချန်းသာ ခြေတစ်လှမ်းနောက်ကျခဲ့ပါက အပိုင်းပိုင်းပြတ်သွားမည်ဖြစ်သည်။
ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူက မျက်မှောင်ကြုတ်သွားပြီး ရန်ဟုန်ဝူ၏မျက်လုံးတွင်း၌ သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။သူ၏ စွမ်းအားပြင်း တန်ဖိုးကြီးရတနာနှင့်ပင်လျှင် ပိုင်ရှောင်ချန်းက သူ့ကို နှစ်ကြိမ်ပင် ရှောင်နိုင်ခဲ့လေသည်။အလွန် ပုံမှန်မဟုတ်သော တစ်ခုခုအား သူက ရိပ်စားမိလိုက်သည်။
” အလယ်ပိုင်း လူသာတာအိုအခြေခိုင်မာခြင်းအဆင့် ငနဲကောင်။ ငါ့ကို သူက နှစ်ကြိမ်ရှောင်နိုင်တယ်တဲ့လား… လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားပုံပဲ”
ရန်ဟုန်ဝူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ရင်အုပ်ကဖောင်းသွားသည်။ ရုတ်တရက် သူက အလင်းတန်းကြီးတစ်ခုအလား ကျင့်ကြံသူအားလုံးကို ကျော်လွန်၍ ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားသည်။
သူက အသက်ရှူသည်။ သို့သော် ပြန်ရှုမထုတ်ချေ။ ထို့နောက် တစ်ခဏမျှ ကြာပြီးသော် သူက အသက်ပြင်းပြင်းထပ်ရှူပြန်သည်။ သူ၏ ရင်အုပ်ကလည်း မြောက်ကြွလာပြီး သူ၏ အရှိန်က တိုးသွားကာ ပိုင်ရှောင်ချန်းနှင့် သူ့အကြားအကွာအဝေးမှာ နီးနီးလာလေသည်။
ရန်ဟုန်ဝူက သူ့ထံ အပြေးလာနေကြောင်း မြင်လိုက်ရသည်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများက ပို၍ရဲရဲတောက် သွေးချင်းနီလာသည်။
“မင်းက ငါ့ကို အလွယ်တကူ ဖမ်းမိမယ်လို့ ထင်နေတာလား ” သူကအော်လိုက်သည်။ ရုတ်ခြည်း သူက လှည့်လိုက်ပြီး ထွက်ပြေးမည့်အစား ရန်ဟုန်ဝူထံ ဦးတည်လိုက်သည်။
သူက လျှပ်စီးကြောင်းသဖွယ် မြန်ဆန်ပြီး ရန်ဟုန်ဝူရှေ့တည့်တည့်တွင် ပေါ်လာကာ သူ၏ ညာလက်သီးဖြင့် ထိုးလိုက်လေသည်။
ရန်ဟုန်ဝူသည်လည်း သတ်ဖြတ်လိုစိတ်များပြည့်နေလျက် သူ၏ ညာလက်ကို မြောက်လိုက်သည်။ အမွှေးတိုင် တောက်လောင်သွားပြီး ပိုင်ရှောင်ချန်းထံ မီးခိုးငွေ့များက ရစ်ပတ်သွားသည်။
” ဒီတော့…မင်းက ငါ့ကို တစ်ယောက်တည်းတိုက်ဖို့ စိန်ခေါ်တယ်ပေါ့ ။ ကောင်းပြီ..မင်းစကားအတိုင်းပဲ ”
ရန်ဟုန်ဝူက အေးစက်စက်ရယ်လိုက်ပြီး သူ၏ တန်ဖိုးကြီးရတနာမှ အခိုးအငွေ့များ ပိုမိုထွက်ပေါ်လာြပီး သေမင်းပိုက်ကွန်ဖြစ်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း ခေါင်းကြိမ်းလာပြီး ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။ သို့တိုင်အောင် သူက ဘေးကိုမရှောင်သေးချေ။ အခိုးအငွေ့များက သူ့အပေါ် ကျလာသည်နှင့် သူ၏ လက်သီးထိုးချက်တွင် ပို၍ အားထည့်လိုက်သည်။
ပိုင်ရှောင်ချန်း၏ ထာဝရကောင်းကင်ဘုရင်ဒုတိယအဆင့် စွမ်းအားထွက်လာသဖြင့် တဝုန်းဝုန်း ထစ်ခြုန်းမြည်သံများ ဟိန်းသွားလေသည်။ ဝိညာဥ်ရိုင်းခုနစ်ကောင်စွမ်းအားက တောင်များကို လှုပ်ခါသွားစေပြီး ယခုအခိုက်တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ ထွက်ပေါ်လာသည့် စွမ်းအားထုထည်ကြီးကြောင့် လေပြင်းများ တိုက်ခတ်လာလေသည်။
အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်နေသည့် မြင်ကွင်းကြီးမှာ အံ့မခန်းပင်။ ပိုင်ရှောင်ချန်း၏ လက်သီးထိုးချက်ကြောင့် ဝိညာဥ်ရိုင်းတစ်ကောင်၏ ပုံရိပ်က သူ့နောက်တွင်ပေါ်လာသည်။ ထိုဝိညာဥ်ရိုင်းက သာမန်မဟုတ်ပေ။ သူက ဝိညာဥ်ရိုင်းအားလုံး၏ ဘုရင်နှင့် တူပြီး အဆုတ်ကွဲလုမတတ် အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းစွာ နေရာတစ်ခုလုံးပြည့်နှက်နေသည့် အခိုးအငွေ့ ကြီးက ပျက်စီးတော့မတတ် နောက်သို့ လွင့်ပါးသွားသည်။
ထိုအရာအားလုံးးကို ဖော်ပြနေသည်မှာ အချိန်ကြာပါသော်လည်း အမှန်တကယ် ဖြစ်သွားသည်မှာ မီးတစ်ခတ်အချိန်သာ ကြာလေသည်။ ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး လေပြင်းက ရန်ဟုန်ဝူကို ပြင်းထန်စွာ ဆောင့်တိုက်သွားသည်။ နောက်သို့ လွင့်စဥ်သွားသဖြင့် သူ၏ ပါးစပ်ထောင့်မှ သွေးများ တစိမ့်စိမ့်ယိုစီးကျလာသည်။ချက်ချင်း သူ၏ မျက်လုံးတွင်း၌ ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။ သူက ညမုဆိုး၌ အံ့သြဖွယ်တိုက်ရည်ခိုက်ရည်ရှိကြောင်း သတိထားခဲ့မိသော်လည်း သူ့ကို တစ်ယောက်တည်းတိုက်ရန် ယုံကြည်ချက်ရှိခဲ့သည်။ ယခုချိန်တွင်မူ သူယခင်က သဘောပေါက်ခဲ့သည်ထက်ပင် ပို၍ ကြောက်လန့်ဖွယ်ကောင်းကြောင်း တပ်အပ်မြင်လိုက်ရလေသည်။
ပိုင်ရှောင်ချန်း၏ ပါးစပ်မှလည်း သွေးများစီးကျလာပြီး သေမင်းပိုက်ကွန်ကြောင့် အပိုင်းပိုင်းဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ ရန်ဟုန်ဝူ၏ အဖိုးတန်ရတနာ စွမ်းအားက ဝိညာဥ်ရိုင်းပုံရိပ်ကို ပိုင်းဖြတ်သွားသည့်တိုင်အောင် ပိုင်ရှောင်ချန်းမှာ ထာဝရကောင်းကင်ဘုရင်အစွမ်းကြောင့် ဆိုးဆိုးဝါးဝါး မထိခိုက်ကာ အနည်းငယ်သာ စုတ်ပြတ်သတ်သွားသည်။ သူက အားစိုက်လိုက်ရပါသော်လည်း ထိုအခိုးအငွေ့တွင်းမှ လွတ်အောင်ထွက်နိုင်လိုက်ပြီး ဖျက်ဆီးပစ်နိုင်ခဲ့သည်။
အခိုးအငွေ့အမျှင်တန်းများ လွင့်ပါးသွားသော်လည်း ထိုလေထုက ပိုင်ရှောင်ချန်းတွန်းထုတ်လိုက်သည့် နေရာဝေးဝေးသို့ရောက်မသွားခဲ့ချေ။ထိုစဥ် တစ်စုံတစ်ယောက် ပေါ်ပေါက်လာသည်။ ၄င်းက လက်ထဲ၌ ယပ်တောင်တစ်ခုနှင့်လူငယ်တစ်ယောက်ဖြစ်သည်။ သူ့အမူအရာက သုန်မှုန်နေပြီး သူ၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များဖြင့် တလက်လက်တောက်ပနေလျက်ရှိသည်။ တုံ့ဆိုင်းခြင်းအလျဥ်းမရှိပဲ သူက ပိုင်ရှောင်ချန်းဘက်သို့ ယပ်တောင်ကို ခတ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသည့် လေဆင်နှာမောင်းကြီးအသွင်ပြောင်းသွားပြီး ပိုင်ရှောင်ချန်းထံသို့ စူးးစူးဝါးဝါးတိုက်ခတ်လာလေသည်။
“ရန် ဟုန် ဝူ”
အန္တာရာယ်ကျအံ့ဆဲဆဲအခြေအနေကို အာရုံရလိုက်သောကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျဥ်းသွားလေသည်။ သူကခေါင်းကို နောက်လှန်ကာ ဟိန်းဟောက်လိုက်သည်နှင့် သူ၏ စွမ်းအားက မြင့်တက်လာကာ နောက်ထပ် ဝိညာဥ်ရိုင်းတစ်ကောင်က သူနောက်တွင် ပေါ်လာ၏။ ထို့နောက် တတိယမြောက် ပြီးလျှင် လေးကောင်မြောက်…. ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ်ရိုင်းခုနစ်ကောင် ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာလေသည်။
ထိုခုနစ်ကောင်လုံးက ခေါင်းကို နောက်လှန်ကာ အော်ဟစ်လိုက်သည်။ သူတို့ထုတ်လွှတ်နေသောစွမ်းအားများက ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကို ပုံဖော်ရန် မလုံလောက်သော်ငြား ၄င်းက ဧရာမလက်ကြီးတစ်ခုကို ဖန်တီးနိုင်လေသည်။
၄င်းက ဝိညာဥ်တစ်ကောင်၏ လက်သည်းလက်မဟုတ်ဘဲ ကောင်းကင်နတ်ဆိုး၏လက်အတိအကျဖြစ်သည့် ဖျော့တော့တော့ ဧရာမလက်ဖြူကြီးတစ်ခုဖြစ်သည်။
ထိုလက်က အသက်ကင်းမဲ့စွာ ဖျော့တော့ပြီး ၄င်း၏ မျက်နှာပြင်ပေါ်တွင် အကြေးခွံများ၊ကောက်ကြောင်းများကိုပင် မြင်နိုင်ရလေသည်။ ကြောက်လန့်ဖွယ် အရိုးအတက်ကြီးများသည်လည်း ထိုနည်း၄င်းပင်။ လက်ကြီး ပေါ်လျှင်ပေါ်ချင်း ၄င်းက ကျန်းယွမ်ရှန်းထံ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
၄င်း ပထမဆုံးဝင်တိုက်သည့်အရာမှာ လေဆင်နှာမောင်းကြီးဖြစ်သည်။ ဝုန်းခနဲမြည်သံကြီး ပဲ့တင်သံထပ်သွားကာ လေဆင်နှာမောင်းကြီးက အစိတ်စိတ်အမြွှာမြွှာကွဲသွားလေသည်။ တချိန်တည်းမှာပင် ကောင်းကင်နတ်ဆိုးလက်ကြီးမှာ တဆတ်ဆတ်တုန်းသွားပြီး အနည်းငယ် မှိန်သွားသည်။ သို့စေကာမူ ၄င်းက မပျက်စီးသွားပေ။
နောက်တစ်ဖန် ဝုန်းခနဲ အသံကြီးကြားလိုက်ရပြီး ကျန်းယွမ်ရှန်း၏ ပါးစပ်ထောင့်မှ သွေးများ တရစပ်စီးကျလာလေသည်။ သူက နောက်ကို အမြန်ဆုံးအဟုန်နှင့် ဆုတ်လိုက်သည့် တချိန်တည်းမှာပင် ကောင်းကင်မိစ္ဆာလက်ကြီးမှာ ပျောက်ကွယ်သွားသည်။ ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး နောက်ထပ် သွေးတစ်ပွက်အန်လိုက်လေသည်။ သူမျက်လုံးများက သွေးရောင်အလား နီရဲလာသဖြင့် ပို၍ သွေးအေးရက်စက်ကြမ်းကြုတ်သွားစေသည်။ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းကို ဖျတ်ခနဲကြည့်လိုက်ပြီး သူက လှည့်ထွက်သွားလေသည်။
ရန်ဟုန်ဝူက သူ၏ ပါးစပ်မှ သွေးများကို သုတ်လျက် တခဏမျှ တုံ့ဆိုင်းနေသည်။ ထိုအခိုက်တွင် သူက ပိုင်ရှောင်ချန်းနောက်လိုက်ရန် အလွန် တုန်လှုပ်နေသည်။ မကြာသေးမီက အစွမ်းကြောင့် အထူးသဖြင့် နောက်ဆုံးတိုက်ချက်တွင် ညမုဆိုးက အစွမ်းကုန်ထုတ်သုံးထားခြင်း မဟုတ်ဟူသော ခံစားချက်များ ရရှိနေသည်။
ကျန်းယွမ်ရှန်း၏ လျှပ်တစ်ပြက်တိုက်ချက်က ပိုင်ရှောင်ချန်းကို ပို၍စွမ်းအားများ ထွက်လာစေသည်ထက်ပို၍ မည်သည်မျှ မထိခိုက်စေပေ။
“ဒီကောင့်မှာ လျှို့ဝှက်ချက်တွေဘယ်လောက်တောင် များ ရှိနေတာလဲ” ရန်ဟုန်ဝူက အသက်ပြင်းပြင်းရှူလိုက်သည်။ ငယ်ရွယ်နုပျိုသော ကျန်းယွမ်ရှန်းအတွက်မူ ပိုင်ရှောင်ချန်း ပျံထွက်သွားသည်ကိုကြည့်လျက် သူ့မျက်နှာက တင်းမာခက်ထန်နေ၏။
ကျန်ရှိသော နောက်မှလိုက်လာသူများမှာ လုံးဝတုန်လှုပ်သွားပြီး တွေဝေတုံ့ဆိုင်းသွားကြသည်။ တခဏမျှကြာပြီးနောက် ကျန်းယွမ်ရှန်းနှင့် ရန်ဟုန်ဝူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် မျက်လုံးများက မီးဝင်းဝင်းတောက်လျက် အဖွဲ့လိုက် ပိုင်ရှောင်ချန်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။
အရှိန်မြှင့်သွားနေသောကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေလေသည်။ အပြင်ပန်းတွင်မူ သူ၏ အဝတ်များက သွေးများရဲရဲတောက်စွန်းထင်းနေလျက် ရက်စက်ကြမ်းကြုတ်နေသည့်ပုံပေါ်လေသည်။ သို့သော်လည်း အတွင်းတွင်မူ ပင်ပန်းနွမ်းနယ်ကာ မောဟိုက်နေသည်။
“သောက် လူရမ်းကားအဖွဲ့.. ငါ့သရုပ်မှန်သာ ဖုံးကွယ်စရာမလိုလို့ကတော့ အလဲသိပ်ပစ်လိုက်လို့ရတယ်.. ။ ချီးပဲကွာ … ပြီးဖို့ ခြောက်နာရီတောင်ကျန်နေသေးတယ်” သူ၏ စိုးရိမ်မှုရေချိန်မှာ ခုနစ်နာရီမြောက်သို့ နီးကပ်လာသည်နှင့်အမျှ မြင့်တက်လာသည်။
ဤအချိန်တွင်တော့ သူစိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ခုနစ်နာရီ ပြည့်ခါနီး သော့ပေါ်လာ အံ့ဆဲဆဲတွင် သူက ထွက်ပြေးရန်ပြင်လိုက်ချိန်တွင် စုန့်ကျင်းဝမ်း၏ ဓမ္မစောင့်ရှောက်သူ အနက်မှ တစ်ယောက်က အကျယ်ကြီး ထအော်လိုက်လေသည်။
“ညမုဆိုး… သော့တွေကို ထပ်မယူနဲ့တော့..ငါတို့ကို ပေးစမ်း”
“ညမုဆိုး. ရပ်လိုက်တော့” စုန့်ချွဲက အော်လိုက်သည်။
ထိုအချိန်မှာ လေးခုမြောက်သော့ပေါ်သည်နှင့် ကွက်တိဖြစ်ပြီး ၄င်းက ချက်ချင်းလက်ငင်းပင် ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးလာတော့သည်။ သူက သံလိုက်သဖွယ်ဖြစ်နေပြီး သူ မလိုချင်သည်တောင်မှ သော့က သွေးချီအသွင်ပြောင်းကာ သူ့ထံဦးတည်ပျံလာပြီး သူ၏ ထာဝရကောင်းကင်ဘုရင်အား လှုံ့ဆော်လိုက်သည်။
“ညမုဆိုး…. မင်း…မင်း သေချင်နေတာလား” စုန့်ချွဲမှာ ဒေါသ အမျက်ချောင်းချောင်းထွက်သွားပြီး အခြားဓမ္မစောင့်ရှောက်သူတို့မှာ ရူးချင်စိတ်ပင် ပေါက်သွားလေသည်။ ပိုင်ရှောင်ချန်းက လေးခုမြောက်သော့ကို စုပ်ယူနေသည်ကို တွေ့လိုက်သည့်အချိန်တွင် မမြိုသိပ်နိုင်ကြတော့ချေ။
အဆုံးသတ်၌ ပိုင်ရှောင်ချန်းက စုပ်ယူလိုက်သည့် သော့များကို ထည့်တွက်၍ နိုင်သည်ဟု သတ်မှတ်နိုင်သည်လား မသေချာပေ။ အကယ်၍ ထည့်တွက်ပါက အရာအားလုံးအဆင်ပြေမည်ဖြစ်သည်။ သို့မဟုတ်လျှင် သေမင်းလေပြေက သွေးမြေရိုင်းတစ်လျှောက် ဖြတ်တိုက်သွားလျှင် စုန့်ချွဲနှင့် အခြားသူများမှာ ရလဒ်ပေါ်တွင် လောင်းကြေးမထပ်ရဲချေ။
“ငါလဲ ဒါကြီးကို မလိုချင်ပါဘူးကွာ ”
ပိုင်ရှောင်ချန်းက စိတ်ပျက်လက်ပျက် အော်ပြောလိုက်သည်။ သူ၏ မူလအစီအစဥ်မှာ သွေးမြေရိုင်းတစ်နေရာတွင် ရှောင်ပုန်းနေရန်ဖြစ်ပြီး အပြင်ဘက်က လူတိုင်းကို တိုက်ခိုက်မည်။ ထို့နောက်တွင် ပြီးခါနီးအချိန်၌ သော့တစ်ချောင်းကို လုယူလိုက်မည်ဖြစ်သည်။ ယခုတွင်မူ သူ၏ အစီအစဥ်အားလုံး ပျက်စီးသွားတော့သည်။
ထပ်တင်ပေးပါဦး
နောက်တစ်ပိုင်း