“ဘာတွေ ဖြစ်နေတာလဲဟ…။”
“ငါ ဘာတွေကို မြင်နေရတာလဲ…။ အဲဒီသွေးရောင်သော့က ညမုဆိုးနောက်ကို တကယ်ကြီး လိုက်နေတာလား။”
“ဒါ…ဒါက…” လူအားလုံး အံ့ဩ ထိတ်လန့်သွားကြသော်လည်း မကြာမီမှာပင် သော့ကို လုယူရန် ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးသွားကြလေသည်။
ထိုအချိန်တွင် လေထဲမှ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်သည်လည်း ဖြစ်ပျက်သမျှကို မြင်တွေ့လိုက်ကြရသည်။ စုန့်ကျင်းဝမ်မှာ ဒေါသထွက်နေဟန်ရှိသည်။ သူမသည် အစောပိုင်းက ပိုင်ရှောင်ချန်းနှင့် ဖြစ်ပျက်သွားသည်များကို တွေ့လိုက်ပြီး ဖြစ်ရာ ပထမသော့ကို လွတ်သွားသည်မှာ နှမြောစရာကောင်းလှသည်ဟု ခံစားခဲ့ရသည်။ ယခုမူ ပိုင်ရှောင်ချန်းသည် သူ့နောက်လိုက်နေသော သော့ကိုပင် ဖမ်းဆုပ်ရန် ငြင်းဆန်ကာ ထွက်ပြေးနေသည်။
စုန့်ကျင်းဝမ်သည် ဒေါသတချောင်းချောင်းထကာ အော်ဟစ်လိုက်သည်။ “ညမုဆိုး…သော့က မင်းနောက်တည့်တည့်မှာလေ။ ခုချက်ချင်း ယူလိုက်စမ်း။ ကျန်တဲ့သူအားလုံးက ညမုဆိုးကို ကာကွယ်ပေးကြ ”
ပိုင်ရှောင်ချန်းသည် တခဏတာမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် မဟာအကြီးအကဲတစ်ယောက် ဖြစ်ရန်မှာ စုန့်ကျင်းဝမ်၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ပြီး ယခုလေးတင် အမိန့်ကို ပေါ်တင်ပေးလိုက်သည်ကို တွေးလိုက်မိသောအခါ အံကို ကြိတ်ပြီး နေရာတွင် ရပ်၍ သော့ကို လှမ်းယူလိုက်လေသည်။
ထိုအခိုက်တွင် ဒုတိယ သွေးရောင်သော့သည် ရုတ်တရက် ဝင်းလက်တောက်ပြောင်လှသော အလင်းများထွက်လာကာ လက်ထဲသို့ ရောက်လာလေသည်။ ထိုသို့ ရောက်လာစဥ်တွင် ပျော်ရွှင်စွာအော်ဟစ်လိုက်သည့် အသံမျိုးကို ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် အသေအချာပင် ကြားလိုက်ရလေသည်။
” ကျုပ်ကို လာကူကြဦးလေ ” သူက အော်ဟစ်လိုက်သည်။ သူ့မှာ တွေးတောနေရန် အချိန်မရှိပေ။ စုန့်ကျင်းဝမ်၏ အခြားသော ဓမ္မစောင့်ရှောက်သူများ ရောက်လာကာ ရန်သူကို ကြားဖြတ်ဝင်လိုက်သည်နှင့် သူသည် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်သည်။ ခဏအကြာတွင် မှော်တိုက်ပွဲသည် သူ့ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့် တဘုန်းဘုန်းမြည်သံများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
အမှန်တွင် ဤနေရာ၌ လူဆယ်ယောက်ပြည့်အောင်ပင် မရှိပေ။ သို့တိုင်အောင် မှော်ပစ္စည်းများလည်း အသုံးပြုကြပြီး ကြောက်မက်ဖွယ် အငွေ့အသက်များလည်း ပျံ့နှံ့နေလေသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အလန့်တကြားဖြင့် ထအော်လိုက်လေသည်။
“နေပါဦး။ သွေးရောင်အလင်းက ဘာလို့ အရမ်းမှိန်ဖျော့နေရတာလဲ။” အော်ဟစ်လိုက်သူမှာ ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများထဲမှ ၁ယောက်ဖြစ်ကာ လက်ရှိတွင် သူသည် ပိုင်ရှောင်ချန်းကို မယုံသင်္ကာဖြင့် စိုက်ကြည့်နေသည်။
သူ၏ အသံထွက်ပေါ်လာသည်တွင် လူတိုင်းသည် လှည့်ကြည့်ကာ စိတ်လှုပ်ရှားသွားကြလေသည်။
ပိုင်ရှောင်ချန်းသည် အမှန်တွင် ဖြစ်ပျက်နေသည်များကို အခြားသူများထက်အရင် သတိပြုမိပြီးဖြစ်သည်။ သွေးရောင်သော့ကို သူ၏ လက်ချောင်းများဖြင့် ဆုပ်မိသည်နှင့် တပြိုင်နက် ထွက်ပေါ်နေသော အလင်းရောင်သည် ပါးစပ်ထဲသို့ စတင်ဝင်ရောက်သွားတော့သည်။ အထဲသို့ ရောက်သွားသည်နှင့် ခန္ဓါကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ သူ၏ ထာဝရကောင်းကင်ဘုရင်ကို အပြည့်အဝလှုပ်ရှားသွားစေသည်။
သော့ဆီမှ ထွက်ပေါ်နေသော သွေးရောင်အလင်းသည် ချက်ချင်းပင် ဖျော့ကျသွားလေသည်။ အခြားသူများ၏ အမြင်တွင် ပိုင်ရှောင်ချန်းသည် သော့ကို စားလိုက်သည့်အလား ထင်ရသည်။
အကျိုးဆက်မှာ သိသာလွန်းရကား လူအားလုံးပင် သော့သည် တဖြည်းဖြည်း အားလျော့လျက်ရှိသည်ကို ခံစားမိကြသည်။
“သူ…သူက တကယ်ကြီး သော့ရဲ့ စွမ်းအင်ကို ဆွဲယူပစ်တာလား။”
” စွမ်းအားတချို့ကို ယူတာတောင် မဟုတ်ဘူး။ သူက အကုန်လုံးကို စားပစ်နေတာပဲ။ ညမုဆိုး ခုချက်ချင်း ရပ်လိုက်စမ်း ”
“ဘုရားရေ…ငါဖြင့် ဒါမျိုးလုပ်တဲ့သူ ရှိတယ်လို့ တစ်ခါမှတောင် မကြားဖူးဘူး။ သူ အဲ့တာကို အကုန်လုံး စားပစ်လိုက်ရင် အဲဒီသော့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအင်ကရော ဆက်ပြီး အလုပ်လုပ်နေဦးမှာလား။ ” လူအားလုံးသည် အံ့ဩတကြီးဖြင့် ပြူးကြည့်နေမိတော့သည်။
စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့ပင်လျှင် လေထဲတွင် တိုက်ခိုက်ရင်းတန်းလန်းဖြင့် သွေးရောင်အလင်း တဖြည်းဖြည်း မှိန်သွားသည်ကို ငေးကြည့်နေမိကြသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း အလင်းရောင်သည် လုံးဝပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်း၏ လက်ထဲတွင် ကျန်ခဲ့သည်မှာ သော့ပုံစံပင် မပေါက်တော့ပေ။ အားလုံးသည် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေစဥ် သူ၏ အငွေ့အသက်မှာ ပိုပြင်းထန်လာပြီး ထာဝရကောင်းကင်ဘုရင်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်ထဲတွင် ကြမ်းတမ်းစွာ ပေါက်ကွဲနေပေသည်။ သူသည် ရှင်းပြရန် ကြိုးစားနေဆဲတွင် ပါးစပ်ဖွင့်လိုက်သည်နှင့် အေ့ခနဲ လေချဥ်တက်သံက ပြတ်သားကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“ကျုပ်…အေ့…ကျုပ်ကတမင်…အေ့…တမင်လုပ်တာမဟုတ်ဘူး…အေ့…” ပိုင်ရှောင်ချန်းသည် ကြောက်လန့်လှသဖြင့် ငိုချတော့မတတ်ဖြစ်နေသည်။ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေကြသော လူသတ်ချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည့် မယုံသင်္ကာအကြည့်များကို ပြန်လှည့်ကြည့်လိုက်သည်။ ယခင်ကထက်ပင် ပို၍ တုန်လှုပ်ကာ နောက်သို့ ဆုတ်လိုက်သည်။
“သူက တကယ်ကြီး သော့ကို စားပစ်တာပဲ ”
“သော့က မရှိတော့ဘူး။ ခုနစ်ခုထဲက အခွင့်အရေး တစ်ခု မရှိတော့တာပဲ။ ညမုဆိုးကို သတ်ကြ။ ဒီလိုဖြစ်တာ သူ့ကြောင့်ပဲ။”
“သူ့ကို သတ်ကြ! ပထမနဲ့ ဒုတိယသော့နှစ်ချောင်းလုံးကသူ့နားမှာ ပေါ်လာခဲ့တာ။ တကယ်လို့ တတိယချောင်းလည်း အဲ့လိုပေါ်လာပြီး အဲဒါကိုပါ စားလိုက်မယ်ဆိုရင် နောက်ထပ်အခွင့်အရေးတစ်ခုကို ဆုံးရှုံးရလိမ့်မယ် ”
“သူက သော့အားလုံးကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုသာဆို ငါတို့အားလုံး အရှုံးသမားတွေ ဖြစ်သွားလိမ့်မယ်။” မည်သို့ဆက်ဖြစ်နိုင်သည်များကို တွေးတောပြီးနောက် အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားကြလေသည်။ စုန့်ကျင်းဝမ်၏ ဓမ္မစောင့်ရှောက်သူများမှာမူ ခဏတာမျှ တွေဝေနေပြီးနောက် ဝင်ရောက် မစွက်ဖက်တော့ပေ။ ယခုလတ်တလော ဖြစ်ပျက်သွားသည်မှာ ကို့ရို့ကားယားနိုင်လှပေသည်။
ရွှယ်မေ့၏ အခြားဓမ္မစောင့်ရှောက်သူများထဲမှ တစ်ယောက်မှာ အဝေး ခပ်လှမ်းလှမ်းနေရာတွင် ရှိနေသည်။ စိတ်အားလျှော့စရာမြင်ကွင်းကို ကြည့်နေပြီးနောက် အားလုံး၏ အော်ဟစ်သံများကို ကြားလိုက်ရကာ ဒေါသတထောင်းထောင်းထလာပြီး ပိုင်ရှောင်ချန်းကို လိုက်သွားတော့သည်။
ယခုချိန်တွင် လူရှစ်ယောက်သို့ ကိုးယောက်က သူ့နောက်ကို လိုက်နေကြပြီး ထိုအထဲမှ အားအနည်းဆုံးမှာ နှောင်းပိုင်းအခြေခိုင်မာခြင်း အဆင့်သို့ ရောက်ရှိနေပေပြီ။ မဟာစက်ဝန်းတွင် ရောက်ရှိနေသည်မှာ တစ်ယောက်မကပေ။ ကြောက်စရာအကောင်းဆုံးမှာ အတော်များများသည် အစွမ်းထက်မှော်ရတနာများကို ကိုင်စွဲထားကြခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းသည် တုန်နေအောင် ကြောက်သော်လည်း ကံကောင်းသည်မှာ အသက်လုပြေးနေရသဖြင့် လွတ်မြောက်နေဆဲဖြစ်သည်။
စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့မှာ မည်သို့မျှ မတုံ့ပြန်နိုင်မီ အုပ်စုတစ်ခုလုံးသည် ပိုင်ရှောင်ချန်းနောက်သို့ လိုက်နေကြတော့သည်။ သူတို့နှစ်ယောက်မှာ လုံးဝ အံ့ဩတကြီးဖြစ်နေကြလေသည်။
“မင်းက အဲဒီသော့တွေကို စားနိုင်တာလား ” စုန့်ကျင်းဝမ်က ရေရွတ်လိုက်သည်။ ရွှယ်မေ့သည်လည်း တူညီစွာ မှင်သက်မိလျက်ရှိသည်။
ပိုင်ရှောင်ချန်းသည် သွေးမြေရိုင်းကို အမြန်ဆုံးနှုန်းဖြင့် ဖြတ်ပျံသွားလေသည်။ နောက်မှ လိုက်သူများထဲတွင် အချို့မှာ သူများထက်ပိုမြန်ကြသော်လည်း အားလုံးမှာ ပိုင်ရှောင်ချန်းလောက် မမြန်ကြရာ မကြာမီမှာပင် အလိုက်ခံရသူနှင့် လိုက်သူများသည် အတော်လေး ကွာသွားကြသည်။
“ညမုဆိုး… မင်း ဒီနေ့ကတော့ သေချာပေါက် သေကို သေရမယ်။”
“သေစမ်းကွာ။ မင်း အဲဒီသော့ကို လုံးဝ စုပ်ယူပစ်လိုက်တယ်ဆိုတာ မယုံနိုင်ဘူး။ မ-မင်း…”
အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ ပေါ်ထွက်လာကြရာ ပိုင်ရှောင်ချန်းသည် ကြောက်လန့်လှသဖြင့် သူ၏ ဦးရေပြားမှာ ပေါက်ကွဲတော့မတတ် ခံစားနေရသည်။ သူသည် လုံးဝမတရားဟု ခံစားနေရကာ ဒေါသပိုထွက်လာလေသည်။ သူသည် နောက်လှည့်ကာ တိုက်ခိုက်ရန် တွေးမိသော်လည်း ရန်သူမှာ များပြားလွန်းလှသည့်အပြင် အားလုံးမှာ သူ့ထက်ပို၍ ကျင့်ကြံခြင်းအခြေခံများ မြင့်မားကြပြီး အများစုမှာ အစွမ်းထက်မှော်ရတနာများလည်း ရှိကြပေသည်။ ရှောင်ချင်းသည် နောက်မှ လိုက်နေသူထဲတွင် မပါသော်လည်း သူသည် မည်သည့်အချိန်၌မဆို ပေါ်လာနိုင်သည်ဟု ခံစားနေရကာ ပိုင်ရှောင်ချန်းသည် ထွက်ပြေးခြင်းအမှုတွင် လုံးဝအာရုံစိုက်ထားလိုက်သည်။
မကြာမီမှာပင် သုံးနာရီနှင့် လေးနာရီကျော်လွန်သွားပြီး ငါးနာရီရောက်ရန် နီးကပ်လာလေသည်။
ထိုအခိုက်အတန့်တွင် နောက်ကလိုက်သော အုပ်စုကြီးသည် ပိုင်ရှောင်ချန်း၏ ခေါင်းပေါ်တည့်တည့်တွင် သုံးခုမြောက် အနီရောင် အလင်းစက်လေးပေါ်လာသည်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြလေသည်။ သူရွေ့လျားရာတစ်လျှောက်တွင် မျက်စိကျိန်းလောက်သည့် သွေးရောင် အလင်းသည် ပေါ်ထွက်လာကာ နောက်မှ လိုက်ပါလာလေသည်။
“ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ။ သေလိုက်ပါလား။ ဘာလို့ ဒီလိုတွေ ဖြစ်နေကြတာလဲ။”
“တတိယမြောက်သော့က သူ့အပေါ်တည့်တည့်မှာပေါ်လာတယ်ဆိုတာ မယုံနိုင်အောင်ပဲ။”
“ညမုဆိုး… မင်းဒီနေ့ သေရမယ်။”
ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများသည် ရူးသွပ်တော့မတတ်ဖြစ်ကုန်ကြသည်။ ကျားလဲ့သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ယခုဖြစ်နေသည်မှာ ဘာမှမဟုတ်ကြောင်းကို မျက်ရည်စက်လက်နှင့် ပြောပြပေလိမ့်မည်။ အဆုံးမဲ့သွေးကမ္ဘာထဲမှ သူ့နေရာတွင်သာ ဝင်ခံစားကြည့်ဖူးလျှင် လုံးဝ စိတ်ပျက်အားငယ်သွားကြလိမ့်မည်။
ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ပင် စိတ်ဆိုးစပြုလာခဲ့သည်။ လူတိုင်းကို လှည့်ပတ်ကြည့်လိုက်ကာ အံကို ကြိတ်၍ လက်ကို ဆန့်ပြီး တတိယမြောက်သွေးရောင်သော့ကို လှမ်းဆုပ်ကိုင်လိုက်လေသည်။
သွေးရောင်အလင်း အမြောက်အများသည် သူ့ပါးစပ်ထဲသို့ ဝင်သွားကာ မြည်ဟီးသံများပင် ကြားနိုင်လေသည်။ နောက်တစ်ခါ ထပ်ပြီး ပိုင်ရှောင်ချန်းသည် သော့ကို အငမ်းမရ စားနေသည့်ပုံပေါက်သွားလေသည်။
“သူ…သူနောက်ထပ်၁ချောင်း ထပ်စားလိုက်ပြန်ပြီ။”
“သော့က ခုနစ်ချောင်းပဲ ရှိတာကို သူက နှစ်ခုတောင် စားပြီးသွားပြီ။”
“သူဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် သော့အားလုံးကို စားပစ်လိမ့်မယ်။ ငါတို့ သူ့ကို သတ်မှရမယ်။” အားလုံးသည် စိတ်ပူပန်စပြုလာကြသည်။ စုန့်ကျင်းဝမ်၏ ဓမ္မစောင့်ရှောက်သူများသည် ညမုဆိုးကို ကာကွယ်သင့်သည်လား၊ သတ်ရန်ကြိုးစားရမည်လား မဝေခွဲတတ်တော့ဘဲ တွေဝေစပြုလာကြသည်။
လေထဲတွင်မူ ရွှယ်မေ့၏ မျက်လုံးများသည် အေးစက်စက်အလင်းရောင်များဖြင့် တောက်ပနေကာ သူမ၏ ညာဘက်လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော လက်ဝတ်တန်ဆာမှ အပြာရောင်အလင်း ဖျတ်ခနဲလက်သွားလေသည်။ ချက်ချင်းပင် အပြာရောင်အလင်းတန်းထွက်လာကာ ပိုင်ရှောင်ချန်းဆီသို့ ပို့လွှတ်တော့မည့်အချိန်တွင် စုန့်ကျင်းဝမ်က သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ စွမ်းအင်ထုတ်လွှတ်၍ တားဆီးလိုက်သည်။
ရွှယ်မေ့သည် စုန့်ကျင်းဝမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “စုန့်ကျင်းဝမ်။ သူ့မှာ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ။ နင်အဲ့ဒါကို မမြင်နိုင်အောင်ဖြစ်နေတာ မယုံနိုင်စရာပဲ။”
စုန့်ကျင်းဝမ်သည် မည်သို့မျှ ပြန်မပြောဘဲ နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။
ရွှယ်မေ့သည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ပိုင်ရှောင်ချန်းကို ဘာမှမလုပ်နိုင်အောင် တားလျှင် သူမ၏ စွမ်းအားကို စုန့်ကျင်းဝမ်အပေါ်တွင် အပြည့်အဝ ထုတ်သုံးနိုင်မည်ဖြစ်သည်။ ထို့နောက်တွင် သူတို့နှစ်ယောက်သည်လျှို့ဝှက်လက်နက်များ အပါအဝင် ရှိသမျှ အကုန်ထုတ်သုံးကာ တိုက်ခိုက်ကြတော့သည်။
တချိန်တည်းမှာပင် လူသတ်မည့် အငွေ့အသက်များမှာ စတင်မြင့်တက်လာပြီး ပိုင်ရှောင်ချန်း၏ အသည်းအသန် သွေးရောင်အလင်း စုပ်ယူခြင်းကြောင့် သူ့ခန္ဓာကိုယ်ထဲမှ ကွဲကြေသည့် အသံများပင် ထွက်ပေါ်လာလေသည်။ ထာဝရကောင်းကင်ဘုရင်သည် ထည့်သွင်းလိုက်သော အာဟာရကြောင့် အရှိန်အပြည့်ဖြင့် လှုပ်ရှားလျက်ရှိသည်။ အပြင်အားသည် လျင်မြန်စွာ ဖြစ်တည်လျက်ရှိရာ ပိုင်ရှောင်ချန်းသည် ဝိညာဥ်ရိုင်း၆ကောင်အဆင့်မှ ၇ကောင်အဆင့်သို့ လျင်မြန်စွာ ဖောက်ထွက်သွားနိုင်ခဲ့သည်။
လူသတ်လိုစိတ်အပြည့်နှင့်လူများက နောက်မှလိုက်နေသော်လည်း သူ၏ အပြင်အားမှာ အလွန်လျင်မြန်စွာ တိုးတက်လာနေသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်အားတက်ကြွလာသည်။ သူ၏ စွမ်းအင်များ မြန်ဆန်စွာ တိုးတက်လာပြီး တိုက်ပွဲစွမ်းရည်များလည်း မြင့်တက်လာ သည်ကို ခံစားသိရှိနေရသည်။
“ငါ တကယ်လို့ ထာဝရကောင်းကင်ဘုရင်ရဲ့ ဒုတိယအဆင့်ကို ပြီးမြောက်အောင် လုပ်ပြီး ကောင်းကင်နတ်ဆိုးခန္ဓါကိုယ် ဖော်ဆောင်နိုင်မယ်ဆိုရင် အစွမ်းထက်မှော်ရတနာတွေ ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်နဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်တောင်မှ ငါသူတို့ကို ရင်ဆိုင်တိုက်နိုင်လောက်ပြီ။”
“ငါ့ရဲ့ သရုပ်အမှန်ကို ဖော်ပြလို့မရတာ အတော်ဆိုးတာပဲ။ မဟုတ်လို့ကတော့ ဟိုအခြေခိုင်မာခြင်းအဆင့် ကျွမ်းကျင်သူ အဖိုးကြီးတွေကို သေချာပေါက်နိုင်ပြီးသားပဲ။
“အခု ဖြစ်ပျက်နေတဲ့ကိစ္စတွေကို တွေးကြည့်ရင် ငါဘာလုပ်ရပါ့မလဲ။” စောစောက သူသည် ရွှယ်မေ့ထုတ်လွှတ်လိုက်သည့် အတော်လေး အန္တရာယ်ကြီးသည့် အရာကို ခံစားလိုက်ရသည်။ ရလဒ်ကြောင့် သူသည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့ကို ခဏမျှ ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်လေသည်။ သူသည် ခေါင်းကိုက်စပြုလာသည်။
အခြေအနေကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဥ်းစားကြံစည်နေဆဲတွင် အန္တရာယ်ကျရောက်တော့မည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင်မူ ရွှယ်မေ့ဆီမှ ထွက်လာခြင်းမဟုတ်ဘဲ သူ့နောက်မှ ထွက်လာခြင်း ဖြစ်သည်။ ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများထဲမှ တစ်ယောက်သည် သူ့နောက်သို့ တိတ်တဆိတ်လိုက်ပါလာခြင်းဖြစ်သည်။
ထိုသူမှာ ရန်ဟုန်ဝူမှ လွဲ၍ အခြားမဟုတ်ပေ။ သူ၏ မျက်လုံးများသည် အေးစက်ကြမ်းတမ်းသော အလင်းများဖြင့် တဖျပ်ဖျပ်လက်နေပြီး လက်တွင်လည်း လောင်မြိုက်နေသော အမွှေးတိုင်တစ်ခုကို ကိုင်စွဲထားသည်။