သူ၏ လက်တစ်လှမ်းအကွာရှိ အလင်းတန်း၏ အလယ်တည့်တည့်တွင် သော့တစ်ချောင်း ပျံဝဲနေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
သူက အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူ ကြုံရာကျပန်း ရွေးကာ ပြေးထွက်ခဲ့သည့် နေရာမှာ ပထမသော့ချောင်းပေါ်လာမည့် နေရာဖြစ်လိမ့်မည်ဟု သူက လုံးဝမတွေးထားမိပေ။
တပြိုင်နက်ထဲတွင် ထိုအလင်းတန်း၏ ပေါ်ထွက်လာမှုကြောင့် ရွှယ်မေ့နှင့် စုန့်ကျင်းဝမ် တို့မှာ တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြပြီး လှမ်းကြည့်လိုက်ကြလေသည်။ နေရာမျိုးစုံသို့ရောက်နေသည့် နှစ်ဖက်စလုံးမှ ဓမ္မစောင့်ရှောက်သူများမှာလည်း ရောက်သည့်နေရာတွင်ရပ်ကာ လှမ်းကြည့်လိုက်ကြလေသည်။
ဤ နတ်မီးလျှံစမ်းသပ်ပွဲအတွက် ရွေးချယ်ထားသည့် ဓမ္မစောင့်ရှောက်သူအားလုံးမှာ ထူးချွန်ကြသော လူများသာဖြစ်သည်။ ပထမသော့ချောင်းကို ရရှိသွားသောလူသည် ဘေးကြပ်နံကြပ်အခြေအနေထဲသို့ အလိုလို ရောက်သွားမည်ဖြစ်ကြောင်း သူတို့က သိပေသည်။ သူတို့အားလုံးမှာ အနည်းငယ်မျှ တွန့်ဆုတ်သွားကြသော်လည်း ခဏအကြာတွင် ထိုအလင်းတန်းဆီသို့ အရှိန်ကုန်တင်ကာ သတ်ဖြတ်လိုသော အခိုးအငွေ့များဖြင့် ပျံသန်းသွားကြတော့သည်။
” ငါနဲ့ပြိုင်ပြီး အဲ့သော့ကို လာလုတဲ့ကောင်။ ငါသတ်မိရင် အဆိုးမဆိုနဲ့ဟေ့။”
စုန့်ချွဲက မြေစီးကြောင်း ဒီရေလှိုင်း ရှစ်ခု၏ တိုက်ပွဲစွမ်းရည်များကိုထုတ်ကာ အော်ဟစ်လိုက်လေသည်။
” တခြားလူတွေက မင်းကိို ကြောက်ရင်ကြောက်လိမ့်မယ်။ အေး ကျိုးဟွာဆိုတဲ့ ငါကတော့ မကြောက်ဘူးဟေ့။”
” အဲ့သွေးသော့ချောင်းကို ယူကြဟေ့။”
ထိုသို့ ထွက်ပေါ်လာသည့် ဓမ္မစောင့်ရှောက်သူများ၏ အသံပေါင်းစုံမှာ သွေးမြေရိုင်းထဲတွင် ဖြစ်ပေါ်တော့မည့် ကြောက်မက်ဖွယ် တိုက်ပွဲကြီး၏ ရှေ့တော်ပြေး သံတော်ဆင့်အလား ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းက ထိုအသံများကို ကြားလိုက်ရသောအခါ အသားများ တဆတ်ဆတ်တုန်သွားပြီး ရေရွတ်လိုက်လေသည်။
” အခြေအနေ မဟန်ဘူးဟေ့။ ဒီနေရာကနေ မြန်မြန်လစ်မှ။”
ထိုအချိန်တွင် လူရိပ်ပေါင်း တစ်ဒါဇင်ကျော်မှာ သူ့ဆီသို့ ဦးတည်လာနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ မှင်တက်သွားပြီး နောက်သို့ဆုတ်ရန် ပြင်လိုက်တော့သည်။
သို့သော်လည်း သူလှုပ်ရှားရန်ပြင်လိုက်စဥ်တွင် သွေးသော့ကြီးမှာ မယုံကြည်နိုင်လောက်အောင်ပင် သူ့ဆီသို့ တည့်တည့်ပျံသန်းလာတော့သည်။
” ဘုရားရေ။ ဘယ်လိုလုပ်ပြီး သော့က လှုပ်ရှားနိုင်ရတာတုံးဟ။”
ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ပင် ဖြစ်နေသည်။ ထိုအချိန်တွင် ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူတစ်ယောက်က သူနှင့်နီးကပ်နေပြီဖြစ်ရာ သူက ထိုသွေးသော့ချောင်းကိုမြင်လိုက်ရသောအခါ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ထွက်ပေါ်လာတော့သည်။ သူ၏ ပထမဆုံးပန်းတိုင်မှာ သော့ကိုယူရန်မဟုတ်ပဲ ပိုင်ရှောင်ချန်းကိုသတ်ရန်ဖြစ်သည်မှာ အသိအသာပင်ဖြစ်သည်။
သူက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် သို့ ရောက်နေပြီဖြစ်ပြီး လက်ထဲတွင် သွေးရောင် ဓားကြီးတစ်ချောင်းကို ကိုင်ထားလေသည်။
ထိုသူ၏ ကြောက်မက်ဖွယ် ဓားကြီးနှင့် စက်ဆုပ်ဖွယ် သတ်ဖြတ်လိုစိတ်များကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ထိုလူက သူ့ကိုသတ်ချင်နေကြောင်းကို သိလိုက်တော့သည်။ ပိုင်ရှောင်ချန်းက ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
“မင်း..မင်း…မင်း တော်တော်တရားလွန်နေပြီပဲ။ ငါက သော့ကိုမြင်ရုံလေးမြင်ပြီး ထိတောင်မထိရသေးတာ။ မင်းက ငါ့ကို သတ်ဖို့တောင် လုပ်နေပြီပေါ့။”
သူ၏မျက်ဝန်းမှာ မှေးသွားပြီး အေးစက်စွာ တောက်ပနေတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူက အများကြီး မတိုက်ခိုက်ရသေးပါသော်လည်း သူ၏တိုက်ပွဲစွမ်းရည်မှာ ကြောက်မက်ဖွယ်အဆင့်တစ်ခုထိအောင် တိုးတက်သွားခဲ့ပြီဖြစ်သည်။ ဓားကြီးက သူ့ပေါ်သို့ ရောက်လာသောအခါ သူက ညာခြေကို မြေကြီးပေါ်သို့ချလိုက်ပြီး အရှိန်ကုန်တင်ကာ ရှေ့သို့ ပြေးလိုက်လေသည်။ သူက ရိပ်ခနဲလှုပ်ရှားလိုက်သဖြင့် ဓားမကြီးမှာ သူ၏ပုံရိပ်ယောင်များကိုသာ ခုတ်မိလေတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူက ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူကို တည့်တည့်ကြီး ဝင်တိုက်လိုက်လေတော့သည်။
ထိုသိုင်းကွက်မှာ… တောင်ဖြိုသိုင်းပင်ဖြစ်လေတော့သည်။
ထိုသိုင်းကွက်တွင် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်နှင့် ပုံဆောင်ခဲအသွင် စိတ်စွမ်းအင်ပင်လယ်သုံးစင်းတို့၏ စွမ်းအင်ပါသည်ဖြစ်ရာ သူက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ထာဝရ ကောင်းကင်ဘုရင်၏ ဒုတိယအဆင့်နှင့် ဝိညာဥ်ရိုင်းခြောက်ကောင်တို့၏ အပြင်အားလည်း ပါသေးသည်ဖြစ်သည်။ တောင်ဖြိုသိုင်းသည် ထာဝရကျမ်းထဲမှ လျှို့ဝှက်မှော်သိုင်းတစ်ခုဖြစ်သဖြင့် ထိုကဲ့သို့သော စွမ်းအားများစွာဖြင့် ပေါင်းစပ်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်မက်ဖွယ် သားရဲတစ်ကောင်အလားဖြစ်နေတော့သည်။
အသံနိမ့်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အုန်းခနဲအသံကြီးတစ်သံမှာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားတော့သည်။ လူနှစ်ယောက်တိုက်မိသည့်နေရာမှာ ဤသို့ဆိုးရွားလှသည့် အသံထွက်လာမည်ဟု မည်သူမှ ထင်မိမည်မဟုတ်ပေ။.
ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူမှာ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးနောက် သူ၏ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးနီးပါးမှာ တုန်ရီနေပြီဖြစ်သော်လည်း ကိစ္စများမှာ အဆုံးမသတ်သေးချေ။ သူ၏ နောက်ကျောကြီးမှာ ဖောင်းထွက်လာပြီး သူ၏ မျက်နှာမှာ ခရမ်းရောင်ပြောင်းသွားကာ သူ၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။
သူက အသက်မဲ့နေသည့် အမူအရာဖြင့် နောက်ဘက်သို့ လွင့်ထွက်သွားကာ မည်သည့်အရာကိုမှ မတွေးနိုင်လောက်အောင် ဖြစ်သွားလေသည်။
တချိန်ထဲမှာပင် ထိုနေရာသို့ စုပြုံလာနေကြသည့် အခြားသော ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ ပိုင်ရှောင်ချန်း ဝင်တိုက်သည်ကို ခံလိုက်ရသည့် ဓမ္မစောင့်ရှောက်သူက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်ကိုကြည့်ကာ ဦးခေါင်းခွံများပင် ထုန်ကျဥ်နေကြတော့သည်။
အရိုး၊ အသားနှင့် သွေးစက်များမှာ အရပ်မျက်နှာ ပေါင်းစုံသို့ လွင့်စင်သွားကာ ထိုလူ၏ ဝိညာဥ်မှာ ပြာပုံအဖြစ်သို့ ရောက်သွားတော့သည်။
သူ၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်နေသေးပါသော်လည်း သူသည်ကား ခန္ဓာရော ဝိညာဥ်ပါ အသတ်ခံလိုက်ရပြီဖြစ်သည်။
အခြားဂိုဏ်းတွင်ဆိုလျှင် ယခုဖြစ်ရပ်ကြောင့် လူတိုင်းမှာ ဘာကိုမှမလုပ်န်ိုင်လောက်အောင် ‘ဆွံ့အ’ နေကြမည်ဖြစ်သည်။ သို့သော်လည်း ဤဂိုဏ်းသည်ကား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်ပြီး ကျင့်ကြံသူများမှာ ရက်စက်ကြမ်းကြုတ်ကာ သနားညှာတာစိတ်မရှိကြချေ။ ရွှယ်မေ့၏ အခြား ဓမ္မစောင့်ရှောက်သူများက အံ့အားသင့်နေသည်ကို အလျင်အမြန် ချုပ်တည်းလိုက်ကာ သူတို့ထဲက သုံးယောက်မှာ ပိုင်ရှောင်ချန်းဆီသို့ အရင်ဆုံး ပျံသန်းလာတော့ကြသည်။
သူတို့ထဲက နှစ်ယောက်မှာ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်နေပြီဖြစ်ပြီး တစ်ယောက်မှာ အခြေခိုင်မာခြင်းအဆင့် စက်ဝန်းထဲသို့ ရောက်နေပြီဖြစ်သည်။ သူတို့က ရှေ့သို့ပျံထွက်လာကြသောအခါ သွေးဓားသုံးချောင်းပေါ်ထွက်လာပြီး ထိုနေရာရှိ အရာအားလုံးမှာ တုန်ရီလာတော့သည်။ ထိုအုပ်စုထဲမှ ကြောက်စရာအကောင်းဆုံးသူမှာ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်တွင်ရှိသည့် မုဆိတ်ရှည်ရှည်နှင့် သက်လတ်ပိုင်းလူဖြစ်သည်။ သူ၏ လက်ထဲတွင် ကြောက်မက်ဖွယ် ပုံရိပ်ယောင် အမွှေးတိုင်တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။
ထိုအမွှေးတိုင်မှာ လောင်ကျွမ်းနေပြီဖြစ်ပြီး ၎င်းဆီမှထွက်လာသည့် အခိုးအငွေ့များကြောင့် ပိုင်ရှောင်ချန်းမှာ အန္တရာယ်များစွာကို ခံစားလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ သူ၏ အသားစိုင်နှင့် သွေးစက်များ၏ လက်မတိုင်းမှာ ဤအမွှေးတိုင်က အလွန်အန္တရာယ်များကြောင်း သူ့ကိုအော်ဟစ်သတိပေးနေသကဲ့သို့ ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုသို့ အမူအရာဖြစ်နေသည်တော့မဟုတ်ချေ။ ထိုနေရာရှိ အခြားလူများ၏ မျက်နှာများမှာလည်း ပျက်နေကြတော့သည်။
” အဲ့တာ ရန်ဟုန်ဝူလေ။ စုန့်ကျင်းဝမ်က သတိထားဖို့ပြောတာ သူပဲ။”
ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ သို့သော်လည်း နောက်ထပ် ထပ်ဖြစ်သည့်အရာကြောင့် သူ၏ ဦးရေခွံများပင် ပေါက်ကွဲလုမတတ်ဖြစ်သွားရတော့သည်။ ဤ လျှို့ဝှက်ဆန်းကြယ် အမွှေးတိုင်၏ လှုံ့ဆော်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်မှဖြစ်စေ သူတို့၏ အိတ်များထဲမှဖြစ်စေ ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေကြသူ လေးယောက် ငါးယောက်လောက် ပေါ်လာခြင်းဖြစ်သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းကို ဝိုင်း၍ တိုက်ခိုက်ရန် ပြင်နေကြတော့သည်။
ပိုင်ရှောင်ချန်းတွင် နက်နဲသော ကျင့်ကြံခြင်းအခြေခံရှိသဖြင့် နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တောင်ဖြိုသိုင်းကွက်တစ်ကွက်ထဲဖြင့် သတ်နိုင်ပါသည်။ သို့သော်လည်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ကို တပြိုင်နက်ထဲ ရင်ဆိုင်ရပြီး သူတို့ထဲကတစ်ယောက်မှာ အခြေခိုင်မာခြင်းအဆင့်၏ စက်ဝန်းထဲတွင်ရှိနေပြီး ကြောက်မက်ဖွယ် မှော်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားသည့်အခါတွင်မူ ပိုင်ရှောင်ချန်းက ထိတ်လန့်ကြောက်ရွံ့နေတော့လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဝါရင့်ဂိုဏ်းဝင်များက ကြောက်မက်ဖွယ်ကောင်းကြောင်း သူက ယခင်ကထက်ပင် ပို၍ ခံစားနေရတော့သည်။
ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့ က ဓမ္မစောင့်ရှောက်သူများအဖြစ် ရွေးချယ်ထားသည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအားလုံးမှာ သူတို့၏ မျိုးဆက်ထဲတွင် လက်ရွေးစင်များဖြစ်ကြပြီး အချို့မှာ အရင်တုံးက ထင်ရှားကျော်ကြားခဲ့သူများဖြစ်လေသည်။
စုန့်ကျင်းဝမ်က သတိထားရန် ပြောခဲ့သည့် ရှောင်ချင်းဆိုသူမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ လျှို့ဝှက်ဆန်းကြယ်သည့် အကြောင်းများကြောင့် သူက အမြုတေအစီအဆင့်သို့ မဖောက်ထွက်ရသေးချေ။
မှော်ရတနာများဆိုလျှင်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက ဓားပြတိုက် လုယူရသည်ကို နှစ်ခြိုက်သည့်အတွက် အခြားဂိုဏ်းမှ လူများထက် သူတို့က ပို၍ ရှိပေသည်။
သူရင်ဆိုင်နေရသော အန္တရာယ်ကြောင့် ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့တုန်လှုပ်ကာ ဦးရေခွံများပင် ထုံကျဥ်နေရသည်မှာ မဆန်းကျယ်ပေ။ သို့သော်လည်း သူ၏ မျက်နှာတွင် တုန်လှုပ်နေသည့် အမူအရာတစ်စက်ကလေးမျှ မပေါ်လွင်နေပေ။ အေးစက်စက်အမူအရာဖြင့် နောက်ဆုတ်လိုက်ကာ သူက အော်ပြောလိုက်လေသည်။
” ညမုဆိုးဆိုတဲ့ငါက မင်းတို့လို ကောင်တွေနဲ့ ဟေးလားဝါးလားလုပ်နေဖို့ မအားဘူးဟေ့။ မင်းတို့ကို ငါသတိပေးတယ်နော်။ ငါ့ကို ရန်လာမစနဲ့။”
သူက အေးစက်စက် ကြမ်းကြုတ်သည့် အမူအရာနှင့်ပြောလိုက်သည်ဖြစ်ရာ ထိုစကားလုံးများက ကြောက်မက်ဖွယ်ကောင်းနေမည်ဟု ပိုင်ရှောင်ချန်းက ထင်လိုက်လေသည်။ ထို့နောက် သူကနောက်သို့လှည့်ကာ တဟုန်ထိုးပြေးထွက် ပျောက်ကွယ်သွားတော့သည်။
သူထို့သို့ ပြေးထွက်သွားချိန်တွင် သွေးဓားသုံးချောင်းမှာ သေမင်း ပိုက်ကွန်တစ်ခုအလား ကျဆင်းလာတော့သည်။ ထိုဓားများက ပိုင်ရှောင်ချန်းကို မထိလိုက်သော်လည်း အမွှေးတိုင်မှထွက်လာသည့် မီးခိုးများက ဝဲဂယက်ထသွားပြီး ထိုနေရာတစ်ခုလုံးမှာ ကြောက်မက်ဖွယ် အခိုးအငွေ့များဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအငွေ့အသက်များကို အနည်းငယ်ခံစားမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ အရှိန်ပို၍ပင် တင်လိုက်တော့သည်။ ပထမဆုံးသော့ချောင်းကို နောက်တွင်ထားခဲ့ချိန်တွင် သူ၏နောက်တွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားနေတော့သည်။
သို့သော်လည်း လူတိုင်းက ဝင်ရောက်တိုက်ခိုက်သည်တော့ မဟုတ်ပေ။ အချို့က ဘေးသို့ထွက်ကာ ကြည့်နေပြီး အချို့မှာ ပိုင်ရှောင်ချန်းတွေးသည့်အတိုင်း ပထမသော့ချောင်းကို လုယူရန်မှာ အန္တရာယ်အလွန်များကြောင်း တွေးကာ ထွက်ခွာသွားကြလေသည်။
ပိုင်ရှောင်ချန်းက နောက်သို့ မကြာခဏ လှည့်ကြည့်ရင်း ခပ်ဝေးဝေးသို့ ပျံသန်းသွားလေသည်။ လူတိုင်းက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်နှင့် ထိုအဆင့်၏အထက်တွင်ရှိနေသည်ဖြစ်သဖြင့် တိုက်ပွဲကြီးမှာ သေရေးရှင်ရေးကိစ္စကဲ့သို့ပင် ဖြစ်နေမည်မှာ အသေအချာပင်။ တိုက်ခိုက်ရာတွင် မည်သူကမှ တွန့်ဆုတ်မနေပဲ အချို့လူများဆိုလျှင် အသက်ကယ်မှော်ပစ္စည်းများကိုပါ ထုတ်သုံးနေကြပြီ ဖြစ်သည်။ ကောင်းကင်ကြီးကို တုန်ခါစေနိုင်ပြီး ကမ္ဘာမြေကြီးကို အက်ကွဲစေနိုင်သည့် ပေါက်ကွဲမှုများက ထိုနေရာကို လွှမ်းခြုံထားပြီး အမြုတေအဆင့်ရှိသော အခိုးအငွေ့များထွက်လာသည်ကို ခံစားလိုက်ရ၍ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေတော့သည်။
” ထာဝရကောင်းကင်ဘုရင် နဲ့ဆိုရင် သူတို့ကို တစ်ယောက်ချင်းတော့ ယှဥ်ချနိုင်လောက်တယ်။ ဒါပေမဲ့ လူအများကြီးကို တချိန်ထဲချရင်တော့ ငါ့ရဲ့ သနားစရာ အသက်လေးပါ ပျောက်သွားနိုင်တယ်ဟေ့။ ”
သူက သူ့ရှေ့တည့်တည့်တွင် တိုက်ဆိုင်စွာပင် သော့ချောင်းပေါ်လာခဲ့သည့် ဖြစ်ရပ်ကိုပြန်တွေးကာ သက်ပြင်းချရင်း အရှိန်တင်လိုက်တော့သည်။ သူက ယခုလို ပျံသန်းနေပြီ ဖြစ်သဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်များ ထပ်ဖြစ်နိုင်တော့မည်မဟုတ်ဟု ယူဆလိုက်လေသည်။
တိုက်ပွဲကြီးဖြစ်ပွားနေသည်ကိုကြည့်ရင်း စတုတ္ထမြောက်သော့ချောင်းပေါ်လာမှသာ ဝင်ရောက်တိုက်ခိုက်လျှင် အနည်းငယ်ပို၍ ဘေးကင်းနိုင်ကြောင်း ပိုင်ရှောင်ချန်းက တွေးလိုက်လေသည်။ နှစ်နာရီကြာမျှ ပျံဝဲနေပြီးနောက်တွင် သူက ယခင်နေရာနှင့် အနည်းငယ် ကွာဝေးသွားပြီဖြစ်သဖြင့် ဘေးဘီဝဲယာကိုကြည့်ကာ တစ်ခဏမျှ တရားထိုင်ရန် ဆုံးဖြတ်လိုက်သည်။
” ငါဒီလောက်တောင် အဝေးကြီးပျံလာတာပဲ။ ဘယ်သူနဲ့မှ ထပ်မတိုးလောက်တော့ပါဘူး။ သော့ကတော့ကွာ။ လုချင်တဲ့ကောင် လုကြစမ်းပါ။”
သူ၏ လိမ္မာပါးနပ်မှုကို သူက ကျေနပ်နေပြီး သွေးမြေရိုင်းထဲတွင် တတိယမြောက်နာရီရောက်လာသည်အထိ သူက စမြုံပြန်နေတော့သည်။
ထိုအချိန်တွင် ပ်ိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး လန့်ဖြန့်ကာ ထအော်လိုက်လေသည်။ သူ၏ရှေ့တည့်တည့်တွင် တောက်ပသည့် အနီရောင် အလင်းပျောက်တစ်ပျောက် ပေါ်ထွက်လာ၏။
အသက်ရှူကြိမ်အနည်းငယ်အတွင်း ထိုအလင်းပျောက်လေးမှာ စူးရှစွာ တောက်ပလာပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းကာ ကောင်းကင်ဆီသို့ မြင့်တက်သွားတော့သည်။ သွေးမြေရိုင်းထဲရှိ လူတိုင်းက ထိုအလင်းတန်းကို မြင်လိုက်ရပေသည်။
ထိုဖြစ်ရပ်မှာ ထူးဆန်းလွန်း၍ ရုတ်တရက်ဆိုသလိုပင် ပိုင်ရှောင်ချန်းက အဆုံးမဲ့သွေးကမ္ဘာထဲရှိ ဖြစ်ရပ်များကို ပြန်တွေးမိသွားတော့သည်။
” မဖြစ်နိုင်တာ။ ငါက သွေးသခင်ဖြစ်အောင် ကြိုးစားနေတာမှ မဟုတ်ပဲ။ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ ”
ပိုင်ရှောင်ချန်းမှာ အလင်းတန်းထဲရှိ သော့ချောင်းကိုကြည့်ရင်း သက်ပြင်းချကာ ထိုနေရာမှ ထွက်ခွာရန် နောက်သို့လှည့်လိုက်ပါသော်လည်း ထိုသော့ချောင်းက သူ့ဆီသို့ ပျံဝဲလာနေသည်ကို မြင်လိုက်ရတော့သည်။
” ငါနဲ့ ဝေးဝေးသွားစမ်း။ ငါ့နောက်မလိုက်ခဲ့နဲ့။”
စောစောက လူအုပ်ကြီး၏ တိုက်ခိုက်နေပုံကို ပြန်တွေးမိလိုက်သောအခါ သူ ငိုချင်သွားမိသည်။ ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အငွေ့အသက်များကြောင့် သူက ဆန့်ကျင်ဘက်လားရာသို့ပင် ထွက်ပြေးနေလေတော့သည်။
သို့သော်လည်း သူ၏နောက်ရှိ သော့ချောင်း၏ အရှိန်က မြန်လာပြီး သွေးမြေရိုင်းတစ်လျှောက် ပိုင်ရှောင်ချန်းနောက်သို့ အဆက်မပြတ် လိုက်နေတော့သည်။
မကြာမီတွင် နှစ်ဘက်လုံးရှိ ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားကြသဖြင့် မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးသွားကြတော့သည်။
ပထမဆုံး သော့ချောင်းက ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ပေါ်ထွက်ခဲ့သည်မှာ တိုက်ဆိုင်၍ ဖြစ်သည်ဟု ယူဆနိုင်ပေသည်။
သို့သော်လည်း ဒုတိယသော့ချောင်းမှာလည်း ထိုသို့ပင်ဖြစ်နေတော့လေသည်။ သူတို့က အံကြိတ်ရင်း နောက်ထပ် တိုက်ဆိုက်မှုတစ်ခုသာ ဖြစ်နိုင်ကြောင်း ယူဆလိုက်လေသည်။ သို့သော်ငြားလည်း ပိုင်ရှောင်ချန်းနောက်သို့ ထိုေသာ့ချောင်းက လိုက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ ကြောင်အန်းအန်းဖြစ်ကုန်ကြတော့လေသည်။