ဘုရင်ခံမှာ ဝမ်ပေါင်လဲ့၏ အဓိပ္ပါယ်မရှိသော တောင်းဆိုမှုကြီးကို ကြားလိုက်ရသောအခါ ဆွံ့အသွားရ၏။ သို့သော် လျော်ကြေးပေးရမည့်လူမှာ သူမမဟုတ်ပေ။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့အား သူ၏တောင်းဆိုမှုကို ပြည်ထောင်စုကြီးဆီသို့ တင်ပြပေးမည်ဟု ကတိပေးလိုက်၏။ အောင်မြင်နိုင်ခြေ ရှိမရှိကိုမူ သူမက ကတိပေးနိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာလည်း ကံစမ်းခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဘုရင်ခံက သူ၏ တောင်းဆိုမှုအား ငြင်းဆန်ခြင်းမရှိသည်ကို သိလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားရပြီး မျှော်လင့်ချက်များ ကြီးမားလာတော့သည်။ သူသည် အကြောင်းပြန်စာပြန်လည်ရရှိရန် စောင့်ဆိုင်းနေစဉ် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာမု ရူးသွပ်လုမတတ် ဖြစ်နေရပြီဖြစ်သည်။ အထူးသဖြင့် ချန်းမိသားစု မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် သူတို့၏ အိမ်ရာထဲ၌ ယမ်းပုံမီးကျ ပေါက်ကွဲနေပြီဖြစ်သည်။ သူသည် ဒေါသစိတ်များကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေရ၏။
” ဓားပြတွေကွာ။ ဓားပြတွေ ”
” မျိုးမစစ်ကောင် လင်းယုံ။ သူ့သားက ဓမ္မလက်နက် အခုသုံးဆယ်အထိ ဖောက်ခွဲခဲ့တာဆိုပဲ။ သွားသေလိုက်ပါလား။ သူ့သားဆီမှာ ဘယ်လိုလုပ်ပြီးတော့ ဓမ္မလက်နက်တွေ အဲ့လောက်အများကြီး ရှိနိုင်မှာလဲ ”
” ပြီးတော့ အခုအထိ မသေနိုင်သေးတဲ့ အဘိုးကြီးကျင့်လည်း ပါသေးတယ်။ သူ့ရဲ့သား ကျင့်သိုမင်က နဝမအဆင့်ဓမ္မလက်နက် ခုနစ်ခုကို ဖျက်ဆီးခဲ့တာတဲ့။ ငါက အရူးမလို့ ယုံရမှာလားကွ။ နဝမအဆင့်ဓမ္မလက်နက်တွေကို ဘယ်နေရာမှာမဆို လွယ်လွယ်နဲ့ ရှာတွေ့နိုင်တယ်လို့ ထင်နေတာလား ”
” အင်္ဂါဂြိုဟ်စစ်တပ်ကလည်း သူတို့အတိုင်းပဲ အရှက်ကိုလုံးဝမရှိဘူး။ ခုန်းတောက်က ဓမ္မလက်နက် အခုနှစ်ဆယ်တိတိ ဖောက်ခွဲခဲ့တာဆိုပြီးတော့ လိမ်နေသေးတာ။ အဲလောက်နဲ့တင် မပြီးသေးဘူး ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ် ကိုယ်တိုင်ကိုက ခုန်းတောက်က အဲ့လောက်အများကြီး မဟုတ်ဘဲနဲ့ ခြောက်ခုလောက်ကိုပဲ ဖောက်ခွဲခဲ့တာပါဆိုပြီးတော့ ဝင်ပြောထားသေးတာ သူ့လို ရာထူးအဆင့်အတန်းနဲ့ လူကပါ တခြားသူတွေနဲ့ ပေါင်းပြီးတော့ မီးလောင်ရာ လေပင့်နေရတယ်လို့ကွာ ”
” ဝမ်ပေါင်လဲ့လည်း အတူတူပဲ။ သူက အဋ္ဌမဆင့် ဓမ္မလက်နက် ဆယ်ခုတိတိ ဖျက်ဆီးပစ်ခဲ့တာဆိုပြီးတော့ ပြောရဲသေးတယ် ” ချန်းမိသားစု ခေါင်းဆောင်ကြီးမှာ အမျက်ချောင်းချောင်းထွက်နေရပြီဖြစ်သည်။ သူသည် ထိုလက်နက်များအားလုံးကို ပြန်လျော်ပေးနိုင်မည် မဟုတ်ပေ။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု တစ်ခုလုံးပင်လျှင် ပြန်လျော်နိုင်မည် မဟုတ်ချေ။ သူ ထိုကဲ့သို့ အမျက်ချောင်းချောင်းထွက်နေရစဉ်တွင် သူ၏ အသံလွင့်လက်စွပ်မှာ တုန်ရီသွားပြီး ယွီဟွားရှန်ထျန်းဂိုဏ်းမှ လျော်ကြေးတောင်းသည့် အကြောင်းကြားစာတစ်စောင် ထပ်၍ ရောက်ရှိလာပြန်သည်။ သူတို့မှာလည်း ဓမ္မလက်နက်များ အလျော်တောင်းနေကြခြင်း ဖြစ်၏…
ထို့ကြောင့် ချန်းမိသားစု ခေါင်းဆောင်ကြီးမှာ နောက်ဆုံးတွင် ဒေါသစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု အမည်ဖြင့် သူ့ဆီသို့ ရောက်ရှိလာသည့် တောင်းဆိုမှုများကို အင်္ဂါဂြိုဟ်အစိုးရနှင့် ပြည်ထောင်စုဥက္ကဋ္ဌကြီးဆီသို့ ပေးပို့လိုက်၏။ ထို့နောက် သူသည် နောက်ဆုံးမေးခွန်းတစ်ခု မေးမြန်းလိုက်သည်။
” အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်လေးတစ်ခုကို နှိမ်နင်းဖို့ နဝမအဆင့် ဓမ္မလက်နက်သုံးခု၊ အဋ္ဌမအဆင့် ဓမ္မလက်နက် ဆယ်ခုကျော်နဲ့ သတ္တမအဆင့် ဓမ္မလက်နက် အခုတစ်ရာကျော်အထိ လိုလို့လား ”
ထို တောင်းဆိုမှုများအား လူသိရှင်ကြား ထုတ်ပြန်ကြေညာလိုက်သည်ကို မြင်လိုက်ရသောအခါ သွမ့်မုချွယ်၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရ၏။ အင်္ဂါဂြိုဟ်ဘုရင်ခံမှာလည်း မျက်တောင်တဖျတ်ဖျတ် ခပ်နေမိတော့သည်။ သူတို့မှာ အခြားအဖွဲ့အစည်းများ၏တောင်းဆိုမှုများကို မသိထားကြပေ။ ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ နိုင်ငံရေးအင်အားစုအကုန်လုံး သိသွားအောင် ကြေညာလိုက်ချိန်တွင် လူတိုင်း၏ အသိစိတ်ထဲ၌ ထိုကဲ့သို့သော အတွေးများ ပေါ်ပေါက်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ဘုရင်ခံဆီမှတစ်ဆင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ကြေညာချက်ကို ရရှိလိုက်၏။ သူသည် အခြားအဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်း ရှူမိလိုက်တော့သည်။
” ရက်စက်လှပါလားဟ။ သူတို့ရဲ့ ဓမ္မလက်နက်တွေ တစ်ခုမှ ပေါက်ကွဲမသွားခဲ့ပါဘူး။ ငါ့ရဲ့ ဓမ္မလက်နက်ပဲ ပေါက်ကွဲသွားခဲ့တာပါ ” ဝမ်ပေါင်လဲ့မှာ အခြားသူများနှင့် ယှဉ်လိုက်ပါက သူသည် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အပြစ်ကင်းစင်နေသည်ဟု ခံစားလိုက်ရ၏။
လက်ရှိတွင် ခုန်းတောက်၊ ကျင့်သိုမင်နှင့် လင်းတျန်ဟောက်တို့အားလုံးမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေကြရပြီဖြစ်သည်။ သို့သော် နိုင်ငံရေးအင်အားစုများမှာမူ အလျှော့ပေးလိုက်ခြင်း မရှိပေ။ ထိုလွန်ဆွဲပွဲကြီးမှာ အချိန်အတော်အတန်ကြာအောင် ဆက်လက်ဖြစ်ပွားနေခဲ့၏။ နောက်ဆုံးတွင် သွမ့်မုချွယ်ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးလိုက်သောအခါမှ ထိုပြဿနာကြီးမှာ ပြေလည်သွားရတော့သည်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ မြို့တော်အသစ်အတွက် ငွေအရင်းအနှီးအမြောက်အမြား လျော်ကြေးပေးဆောင်ရမည်ဖြစ်သည်။ ၎င်းမှာ ချန်းမုကြောင့် ဖြစ်ပျက်သွားခဲ့ရသည့် ပျက်ဆီးမှုများအတွက် လျော်ကြေးဖြစ်သည်။ ထို့အပြင် သူတို့မှာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုနှင့် သတ္တမအဆင့် ဓမ္မလက်နက် ဆယ့်ငါးခုတိတိကိုလည်း ပေးအပ်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအဋ္ဌမအဆင့် ဓမ္မလက်နက်ကို ရရှိလိုက်ပြီး ကျန်ရှိနေသည့် သတ္တမအဆင့် ဓမ္မလက်နက်များကိုမူ အခြားသူများက ခွဲဝေယူလိုက်ကြ၏။ ထိုသို့ဖြင့် ထိုကိစ္စကြီးမှာ အဆုံးသတ်သွားတော့သည်။
ချန်းမု၏ ကံကြမ္မာကိုလည်း စီရင်ပြီးသွားပြီ ဖြစ်သည်။ သူသည် ပြည်ထောင်စုကြီး၏ ခုံရုံးတင် စစ်ဆေးခြင်းကို ခံလိုက်ရပြီးနောက် သေဒဏ်ပေးခံလိုက်ရ၏။
သူနှင့် လီဝမ်အာတို့၏ လက်ထက်ထိမ်းမြားမှုမှာလည်း ပျက်ပြယ်သွားခဲ့ရ၏။ မည်သူကမှ ထိုအကြောင်းကို ပြောမနေကြတော့ပေ။
ချန်းမု၏ မြို့တော်ဝန်ရာထူးမှာ လစ်လပ်သွားခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကိုအမိအရအသုံးချ၍ ထိုရာထူး၌ ကျိုးရိဖန်းအား ခန့်အပ်ရန် အကြံပေးလိုက်၏။ သူ၏ တောင်းဆိုမှုမှာ ထောက်ခံချက် ချက်ချင်းမရပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုရာထူးကို အပိုင်စားရထားပြီးသား ဖြစ်နေ၏။ လီရီနှင့် ချန်းမုတို့မှာ ရှေ့မှ ဥပမာများအဖြစ် ရှိနေကြသောကြောင့် နိုင်ငံရေးအင်အားစုအသီးသီးမှာ ဝမ်ပေါင်လဲ့အား ပို၍ နားလည်လာကြတော့သည်။ ဝမ်ပေါင်လဲ့ဘက်မှ သဘောမတူသရွေ့ သူတို့မှာ မည်သည့် အစားထိုးပုဂ္ဂိုလ်ကိုပင် စေလွှတ်ခဲ့စေကာမူ ထိုပုဂ္ဂိုလ်မှာ သူ၏ရှေ့မှ မြို့တော်ဝန်ဟောင်းများ၏ လမ်းစဉ်ကိုသာ လိုက်သွားရနိုင်ခြေရှိကြောင်း သူတို့က သိထားကြသည်။
ထိုသို့ဖြင့် နတ်ဘုရားလက်နက် မြို့တော်အသစ်ကြီးမှာ ယခင်တုန်းကနှင့် မတူလောက်အောင် တည်ငြိမ်အေးချမ်းသွားတော့သည်။ အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် ပြည်ထောင်စုကြီးတို့မှာ စစ်ဆေးရေးမှူးများစေလွှတ်ကာ မြည်းလေးအား စစ်ဆေးကြည့်ရှုခဲ့ကြ၏။ သူတို့မှာ မြည်းလေး၏ ခန္ဓာကိုယ်၌ အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား ယှဉ်နိုင်လောက်အောင် အားကောင်းသည့် စွမ်းအင်များကို ရှာဖွေတွေ့ရှိခဲ့ပါသော်လည်း ထိုမြည်းလေးမှာ ဆန္ဒရှိသလို ပြောင်းလဲနိုင်စွမ်းမရှိပေ။ ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများမှာ အိပ်မောကျနေသကဲ့သို့ပင်။
နောက်ဆုံးတွင် တာအိုလေးကျောင်းမှာ မြည်းလေးအတွက် အာမခံပေးခဲ့၏။ ထို့ကြောင့်လည်း မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ဘေး၌ ဆက်၍ နေခွင့်ရှိနေပြီး အဖမ်းမခံလိုက်ရခြင်းဖြစ်သည်။
မြည်းလေးကြောင့် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်အဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရနေပြီဖြစ်သည်။ သူသည် ထိုအဖွဲ့ထဲသို့ တရားဝင် မရောက်သေးပါသော်လည်း လမ်းတစ်ဝက်အထိ ခရီးပေါက်နေပြီ ဖြစ်၏။
ကိစ္စအားလုံး ပြီးဆုံးသွားချိန်တွင် မြို့တော်အသစ်ကြီးမှာ ယခင်တုန်းကအတိုင်း ပြန်၍ တည်ငြိမ်အေးချမ်းသွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အဋ္ဌမအဆင့် ဓမ္မလက်နက်ကြီးကို ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဆီမှ လက်ခံရရှိလိုက်၏။ ၎င်းမှာ လက်နက်တစ်ခုမဟုတ်ဘဲ ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်နေသည်။ ၎င်းအား ဆင်မြန်းလိုက်မည်ဆိုပါက အစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ကွက်များကို ခုခံတွန်းလှန်နိုင်စွမ်းရှိသော အကာအကွယ်ဒိုင်းကာတစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။
အဋ္ဌမအဆင့် ဓမ္မလက်နက်များထဲတွင် တိုက်ခိုက်ရေးသုံး လက်နက်များမှာ ချပ်ဝတ်တန်ဆာများထက် ပို၍တန်ဖိုးကြီးပါသော်လည်း ကာကွယ်ရေးသုံး ချပ်ဝတ်တန်ဆာများမှာ အလွန်အင်မတန်မှ ရှားပါး၏။ အဋ္ဌမအဆင့်၏ အထက်သို့ရောက်လျှင် ၎င်းတို့မှာ ပို၍ပင်ရှားပါးသေးသည်။ ထို့ကြောင့် မည်သည့်လက်နက်က ပို၍တန်ဖိုးရှိသည်ကို အလွယ်တကူဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ အသုံးပြုသူ၏ လိုအပ်ချက်များအပေါ်တွင်သာ မူတည်ပေသည်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ တိုက်ခိုက်ရေးသုံးလက်နက်များကို ထုတ်ပေးရန် လုံးဝ ဆန္ဒမရှိပေ။ ထို့ကြောင့် သူတို့မှာ ထို ချပ်ဝတ်တန်ဆာအား ပေးပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့ကမူ စောဒကတက်နေခြင်းမရှိပေ။ အမှန်အတိုင်းဆိုရလျှင် သူသည် ထိုချပ်ဝတ်တန်ဆာကိုပင် ပို၍နှစ်သက်နေ၏။
” အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခုကို အနိမ့်ဆုံး အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကပဲ အစွမ်းအပြည့် ထုတ်သုံးနိုင်တာ။ အဲ့တာမလို့ သူတို့က ငါ့ကို တိုက်ခိုက်ရေးသုံးလက်နက်တစ်ခု ပေးခဲ့မယ်ဆိုရင် ငါက အဲဒီလက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မှာမဟုတ်ဘူး။ သတ္တမအဆင့် ဓမ္မလက်နက်လောက် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မှာ မဟုတ်တာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ ထိုချပ်ဝတ်တန်ဆာကို လက်ခံရရှိလိုက်သောအခါ ၎င်းအား ချက်ချင်းပင် စစ်ဆေးကြည့်ရှုလိုက်၏။ သူသည် အဆောင်သန့်စင်ခြင်းပညာရပ်၌ ကျွမ်းကျင်နေသောကြောင့် ထိုချပ်ဝတ်တန်ဆာထဲ၌ မည်သည့် အပြစ်အနာအဆာမှ ရှိမနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုချပ်ဝတ်တန်ဆာအား ချက်ချင်းဝတ်ကြည့်လိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးကို လက်ဖြင့်ပုတ်ရင်း ကျေနပ်အားရနေတော့သည်။
” ငါ့ရဲ့ ဓားရှည်ကြီး ပျက်စီးသွားတာ နှမျောစရာပဲ…. ရသမျှအချိန်ကို အကျိုးရှိရှိအသုံးချပြီးတော့ ငါ့ရဲ့ အော်လံဓမ္မလက်နက်ကြီးကို မြန်မြန်လေး သန့်စင်မှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ ဓားရှည်ကြီးအကြောင်း တွေးမိလိုက်တိုင်း နှလုံးသားထဲ၌ နာကျင်နေရဆဲပင်။ ၎င်းမှာ သူနှင့်အတူ ရှိနေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီ မဟုတ်ပါလော။ သူသည် လပေါ်၌ ၎င်းကိုအသုံးပြု၍ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ၎င်းမှာ သူ၏နှလုံးသားထဲ၌ နေရာယူထားပြီဖြစ်သည်။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ ဓားရှည်ကြီးတစ်လက် ဆုံးရှုံးလိုက်ရသည့်တိုင်အောင် သတ္တမအဆင့် ဓားပျံတစ်လက် ပိုင်ဆိုင်ထားဆဲပင်။ သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်ကာ သူ၏ တံခါးပိတ်ကျင့်စဉ်ကို ပြန်၍စတင်လိုက်၏။ သူသည် မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းကို နားလည်အောင်လုပ်ရန် အဆင်သင့်ပြင်လိုက်တော့သည်။ သူသည် မိုးကောင်းကင် စိတ်ဆန္ဒများကို ထိန်းချုပ်ကာ သူ၏ကိုယ်ပိုင် ဓမ္မလက်နက်ကြီးအော်လံကြီးကို ဖန်တီးတော့မည်ဖြစ်သည်။
” နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေကို ဆင့်ခေါ်နိုင်တဲ့ နတ်ဘုရားရတနာတစ်ခုခု ဖန်တီးနိုင်ရင် အကောင်းသား… အဲ့တာဆိုရင် ငါ အဲဒီရတနာကို အသုံးပြုလိုက်တာနဲ့ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေကို ငါ့ဆီရောက်လာအောင် ဆွဲငင်ပေးနိုင်မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ ၎င်းမှာ မဖြစ်နိုင်ကြောင်း သူက ပေးထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် နှစ်ကြိမ်တိတိ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ ထို့နောက် သူသည် လျှို့ဝှက်အခန်းထဲ၌ မျက်လုံးများမှိတ်လိုက်တော့သည်။ သူသည် ဓမ္မလက်နက် ဓားပျံနှင့် သူ၏ချပ်ဝတ်တန်ဆာတို့၏ ကူညီလမ်းပြပေးမှုဖြင့် သူ၏ အသိစိတ်အား ပျံ့လွင့်သွားစေလိုက်၏။ ထိုသို့ဖြင့် သူ၏အသိစိတ်မှာ နတ်ဘုရားများ၏ စိတ်ဆန္ဒများကို လိုက်လံရှာဖွေနေတော့သည်။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး တစ်လတိတိ ကုန်ဆုံးသွား၏။ ထိုတစ်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏အသိစိတ်အား အကြိမ်ပေါင်းများစွာ ပျံ့လွင့်သွားစေခဲ့ပြီး နတ်ဘုရားများ၏ စိတ်ဆန္ဒများကို လိုက်လံရှာဖွေနေခဲ့၏။ သူသည် ထိုစိတ်ဆန္ဒတစ်ခုခုနှင့် ကြုံလိုက်ရသည့်အခါတိုင်း ၎င်းတို့အား သူ့ဆီသို့ရောက်လာအောင် ဆွဲငင်ရန် ကြိုးပမ်းခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။
သူသည် ထိုသို့ကြိုးစားခဲ့သည့် အကြိမ်တိုင်းနီးပါးတွင် အင်္ဂါဂြိုဟ်၏ အတွင်းပိုင်းထဲရှိ ချစ်ချစ်တောက်ပူနေသော ဝိညာဉ်ကြီးတစ်ခုကို အာရုံခံမိခဲ့၏။ ၎င်းမှာ နေမင်းကြီးကဲ့သို့ ကြီးမားကျယ်ပြောနေပြီး ဤဂြိုဟ်ပေါ်ရှိ အခြား နတ်ဘုရားစိတ်ဆန္ဒအကြွင်းအကျန်အားလုံးထက် အဆပေါင်းများစွာပို၍ အားကောင်းနေသည်။ ဝမ်ပေါင်လဲ့မှာ ထိုစိတ်ဆန္ဒအား သူ့ဆီသို့ရောက်လာအောင် လုပ်နိုင်မည်ဆိုပါက သူသည် နဝမအဆင့် ဓမ္မလက်နက်တစ်ခုအား ဖန်တီးနိုင်သွားလိမ့်မည်ဟု ခံစားနေရ၏။
သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသောကြောင့် သူသည် ၎င်း၏အနားသို့ မသွားရဲခဲ့ပေ။ တစ်ကြိမ်တုန်းကဆိုလျှင် သူသည် သူ၏ သိချင်စိတ်များကို မထိန်းချုပ်နိုင်တော့သဖြင့် ၎င်းဆီသို့ အနည်းငယ်ခန့် ချဉ်းကပ်သွားလိုက်သည့်အချိန်တွင် သူ၏ဝိညာဉ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ချက်ချင်းပင်ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ကြောက်လန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာလာခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် ၎င်းထက် အားနည်းသော နတ်ဘုရားစိတ်ဆန္ဒများအပေါ်၌သာ အာရုံပြန်စိုက်ထားလိုက်တော့သည်။
သူသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီးနောက် တမူထူးခြားလောက်အောင် အစွမ်းထက်နေခြင်းမရှိပါသော်လည်း အလွန်အင်မတန်မှ ဖျတ်လက်တက်ကြွနေသည့် စိတ်ဆန္ဒတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ၎င်းမှာ ဧရာမကျားကြီးတစ်ကောင်နှင့် ဆင်တူနေသောကြောင့် သူ၏ အဆောင်ဝိညာဉ်အဖြစ် အသုံးပြုရန် သင့်တော်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်ပြီး ၎င်းအား ဆွဲငင်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းလိုက်၏။ သို့သော် ထိုဝိညာဉ်မှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့်ပုံပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏အနားသို့ ချဉ်းကပ်လာပြီးလျှင် တုန်ခါမှုလှိုင်းများအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ၎င်း၏အနားသို့ ရောက်လာသည့်လူတိုင်းကို တစ်စစီ ခြေမွဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်သာဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင်ဖြစ်လာရပြီး ထိုဝိညာဉ်မှာ အသိစိတ်ကပ်မနေသည့် ယောက်ျားကြီးတစ်ယောက်နှင့် ဆင်တူပြီး သူသည် ချောမောလှပပြီး ညို့ဓာတ်ပြင်းသော အမျိုးသမီးတစ်ယောက် ဖြစ်နေသကဲ့သို့ ခံစားနေရ၏။ သူသည် ထိုလူကြီးအား မည်မျှပင် သွေးဆောင်ဖြားယောင်းစေကာမူ ထိုလူကြီးမှာ သူမအား လျစ်လျူရှုထားသည်သာ ဖြစ်သည်။ အကယ်၍ သူမမှာ သူ့အား ဒေါသထွက်အောင်လုပ်မိပါက သူသည် သူမကိုပင် ပြန်၍ ရိုက်နှက်ရန် ဟန်ပြင်တတ်သေးသည်…
” ဒီဥပမာကြီးက တစ်ခုခုတော့ လွဲနေပြီ… ” ဝမ်ပေါင်လဲ့မှာ မျက်နှာစူပုပ်နေရ၏။ သူသည် ထိုဝိညာဉ်အား ဆွဲငင်နိုင်မည့် နည်းလမ်းများကိဦးနှောက်အခြောက်ခံ၍ စဉ်းစားနေချိန်တွင် လူအချို့မှာ ဝမ်ပေါင်လဲ့အား ပစ်မှတ်ထားသည့် အစီအစဉ်ကြီးတစ်ခုကို တိတ်တဆိတ် ရေးဆွဲနေကြပြီဖြစ်သည်။
ထိုအစီအစဉ်အား အစပြုခဲ့သူမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ လူများဖြစ်ကြသည်။ သူတို့မျိုးနွယ်စုနှင့် ဝမ်ပေါင်လဲ့၏ ကြားရှိ ပဋိပက္ခများမှာ ရှုပ်ထွေးလွန်းလှသောကြောင့် လုံးဝပြေလည်နိုင်တော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့မှာ ဝမ်ပေါင်လဲ့အား နှိမ်နင်းမှ ရတော့မည်ဖြစ်သည်။ ယခုအကြိမ်မှာမူ ယခင်တုန်းကနှင့် တူတော့မည်မဟုတ်ပေ။ ယခင်တုန်းက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ လူငယ်များကသာ ဝမ်ပေါင်လဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည် ဖြစ်သည်။ ယခုတွင်မူ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ စဉ်းလဲကောက်ကျစ်သော အကြီးအကဲများကိုယ်တိုင် ထိုအစီအစဉ်ကို ရေးဆွဲနေကြသည်ဖြစ်သည်။
သူတို့မှာ ဆည်းစာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့ကိုပင် လှမ်း၍ဆက်သွယ်ခဲ့သေးသည်။ ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲ၌ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကြောင့် ယွီဟွားရှန်ထျန်းဂိုဏ်းမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ပဋ်ပက္ခဖြစ်နေရပါသော်လည်း သူတို့မှာ သူတို့အတွက် အကျိုးရှိနိုင်မည့် ကမ်းလှမ်းချက်များကို ငြင်းဆိုမည်မဟုတ်ပေ။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု ရေးဆွဲထားသည့် အစီအစဉ်ကြီးမှာ ယုတ်မာရက်စက်လွန်းနေ၏။ ၎င်းမှာ အောင်မြင်နိုင်ခြေ အလွန်အင်မတန်မှ မြင့်မာရုံသာမက ပေါ်တင်ပူးပေါင်းကြံစည်မှုကြီးတစ်ခုလည်း ဖြစ်နေ၏။
ပေါ်တင်ပူးပေါင်းကြံစည်မှုဆိုသည်မှာ လူတစ်ယောက်အား မကောင်းကြံတော့မည်ဖြစ်ကြောင်း ပေါ်တင်ကြေညာခြင်းကို ဆိုလို၏။ သူတို့မှာ အဆင့်တိုင်းအဆင့်တိုင်းကို ကြေညာပြီးမှ ဆောင်ရွက်မည် ဖြစ်ပါသော်လည်း ထိုကဲ့သို့ ပစ်မှတ်ထားခံရသည့်သူမှာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိမည်မဟုတ်သလို မည်သည့်အရာကိုမှလည်း တားဆီးနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့အပြင် သူသည် မည်သည့်နည်းနှင့်မှ ပြန်လည်တုံ့ပြန်နိုင်မည် မဟုတ်ပေ။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကောက်ကျစ်စဉ်းလဲသည့် အကြီးအကဲကြီးအချို့ စီစဥ်ရေးဆွဲထားသော ထို ပေါ်တင်ပူးပေါင်းကြံစည်မှုကြီးမှာ…. မြို့တော်အသစ် ဆောက်လုပ်ရေးလုပ်ငန်းထဲ၌ ကူညီပေးရန်ပင်ဖြစ်သည်။ သူတို့မှာ အရင်းအနှီးများကို အပြည့်အဝထောက်ပံ့ပေးပြီး လက်ရှိတွင် တတိယအဆင့်၌သာ ရှိနေသော မြို့တော်ကြီးအား ဒုတိယအဆင့် အထူးဒေသတစ်ခုအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။
ပြည်ထောင်စုမြို့တော်ကြီးနှင့် ပင်မအင်္ဂါဂြိုဟ်မြို့တော်ကြီးပင်လျှင် ထိုမြို့တော်အသစ်ကြီးမှာ အရေးအပါဆုံး ဖြစ်နေမည်ဖြစ်သည်။ ၎င်းမှာ ပြည်ထောင်စုကြီးထဲရှိ အခြားမြို့ဆယ့်ရှစ်မြို့နှင့် အဆင့်အတန်း တူညီသွားတော့မည့် အထူးဒေသတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။